← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

“အစ်ကိုကြီးက လူကို စိတ်ဓာတ်ကျစေတယ်”

လူနှစ်ယောက် ထပ်တိုးလာသော လမ်းခရီးသည် သိသိသာသာပင် ပိုမိုစည်ကား သက်ဝင်လာခဲ့သည်။

နံနက်စာ စားသောက်ပြီးသောအခါ သူတို့၏ ခရီးကို ပြန်လည်စတင်လိုက်ကြသည်။

စွန်းယွမ်ဟဲ သည် ရေပက်မဝင်သော မေးခွန်းပေါင်း သောင်းခြောက်ထောင်ဖြင့် စွန်းယန်ဝမ် ကို အလွန်အမင်း စိတ်များ ရှုပ်ထွေးစေရန် ဖန်တီးနေသည်။ သူသည် ၎င်းမေးမြန်းနိုင်သည့် အဆင့်မျိုးအထိ မရောက်သေးကြောင်း ရှင်းပြရန်ကလည်း ခက်နေ၏။

ခေတ်မီတိုးတက်သော အနာဂတ်ခေတ် တစ်ခုမှ လာခဲ့ခြင်း ဖြစ်သောကြောင့် စွန်းလင်အာ ၏ အလှအပသည် တိုင်းပြည်တစ်ပြည်ကိုပင် ပြိုလဲသွားစေနိုင်ကြောင်း သူ လက်ခံသည်။ ထိုမိန်းကလေးသည် သူ့အပေါ်တွင် အနည်းငယ် တိမ်းညွှတ်နေသည်ကိုလည်း သိနေသည့်တိုင် ကလေးနာမည်ပေးသည် အထိတော့ စိတ်ကူးမယဉ်မိသေးပေ။

သူက ဤအခြေအနေလေး အတိုင်းသာ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် မည်သည့် ရင်းနှီးကျွမ်းဝင်မှုမျှမရှိသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးသည် တစ်ခါတရံ ထမင်း အတူတူ စားခြင်း၊ အတူတူ ဈေးဝယ်ထွက်ခြင်းနှင့် ရုပ်ရှင် အတူတူကြည့်ခြင်းများကို လုပ်တတ်ကြသည်။

သူသည် ဤအဘိုးကြီးအား စိတ်မသက်မသာမှုကို မခံစားစေချင်သလို၊ မျက်နှာချိုသွေးရန်လည်း စိတ်ကူး မရှိပေ။ ထို့ကြောင့် အဘိုးကြီးထံမှ နောက်ထပ်မေးခွန်းများ မမေးမြန်းနိုင်ခင် ၎င်း၏ ပါးစပ်အား အရင်ဆုံး ပိတ်နိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။

ထိုသို့ရှိစဉ် မြင်းခွာသံများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ မြင်းစီးသူ အုပ်စု တစ်စုသည် သူတို့အနောက်မှနေကာ သူတို့အား အလျင်အမြန်ပင် ကျော်တက်သွားကြသည်။ မြင်းများပေါ်တွင် အမျိုးသား၊ အမျိုးသမီးများအပြင် ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ထားသူ အချို့လည်း ပါဝင်ပြီး အားလုံးက အလွန်ငယ်ရွယ်ကြသူများ ဖြစ်သည်။

လမ်းခရီးတစ်လျှောက် သူတို့၏ ငြင်းခုံပြောဆိုသံများဖြင့် ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ကို အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိဘဲ ရယ်မောပျော်ရွှင်နေကြ၏။

သူတို့လေးယောက်စလုံး လမ်းဘေးသို့ အနည်းငယ် ဆင်းပေးကာ လမ်းဖယ်ပေးလိုက်ကြသည်။ ထိုအဖွဲ့များအတွင်းမှ ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသော လူငယ်တစ်ဦးသည် ရုတ်တရက် သူ့မြင်းကို နောက်သို့ ပြန်လှည့်လိုက်ပြီး စွန်းယန်ဝမ် ၏ အနီးသို့ရောက်လာကာ သူ့၏ မြင်းနက်ကို လက်ညှိုးဖြင့်ထိုးရင်း မေးလိုက်သည်။

“အဲဒီမြင်းကို ပြန်ရောင်းမလား…”

ဤမြင်းသည် စီမာကျိယန် ၏ လက်ဆောင်ဖြစ်ပြီး အမှန်တကယ် ထူးခြားခန့်ညားသော ဝိသေသ လက္ခဏာကို ပိုင်ဆိုင်ထားသည်။ ဤလူငယ်မှာလည်း မြင်းအမျိုးအစားကို ကောင်းစွာခွဲခြားတတ်ဟန် ရှိပြီး မြင်းနက်၏ ထူးခြားမှုကို ချက်ခြင်းသိမြင်သွားကာ သူ့မျက်နှာပေါ်တွင် အားကျသည့် အရိပ်အယောင်များ အထင်းသား ဖြစ်ပေါ်နေသည်။

စွန်းယန်ဝမ် က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

“သူငယ်ချင်း လက်ဆောင်ပေးထားတာမို့လို့ ပြန်ရောင်းဖို့ မဖြစ်နိုင်ပါဘူး…”

လူငယ်သည် အငြင်းခံလိုက်ရသော်လည်း စိတ်ဆိုးခြင်း မရှိဘဲ လက်ပြနှုတ်ဆက်ကာ ရှေ့မှ သူငယ်ချင်းများနောက်သို့ အမှီပြန်လိုက်သွားသည်။

ကျန်းချင်းရှီ သည် ထိုသူများ သူတို့အနီးမှ ဖြတ်သန်းသွားချိန်တွင် ရထားလုံး၏ တစ်ဖက်တွင် တမင်တကာ ပုန်းကွယ်နေခဲ့သည်။ ထို့ကြောင့် ၎င်းတို့အားလုံး သူ့ကို သတိမထားမိဘဲ ဖြတ်ကျော်သွားခဲ့ကြသည်။ သူက ၎င်းတို့၏ နောက်ကျောများကို လှမ်းကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားနေမိ၏။

“အကုန်လုံးက ဆောင်ယန်ဂိုဏ်းက တပည့်တွေချည်းပဲ… ဒါပေမဲ့ နောက်မျိုးဆက် တပည့်တွေဆိုတော့ ဂိုဏ်းချုပ်တွေရဲ့ တပည့်တွေ တစ်ယောက်မှ မပါဘူး…”

ထိုလူငယ်အုပ်စု၏ မြင်းများကြောင့် ဖုန်များ ထောင်းထောင်းထ ကျန်ခဲ့သော မြင်ကွင်းကိုကြည့်ရင်း စွန်းယန်ဝမ် က မေးလိုက်သည်။

“အစ်ကိုကြီး သူတို့တွေ အကုန်လုံးက ဆောင်ယန်ဂိုဏ်းက တပည့်တွေလား…”

ကျန်းချင်းရှီ က အေးအေးဆေးဆေး ပြောသည်။

“ဟုတ်တယ်… ဒါပေမဲ့ ဘယ်သူ့ရဲ့ တပည့်တွေလဲ ဆိုတာတော့ ငါလည်း မသိဘူး… တစ်ယောက်ကိုပဲ မှတ်မိတယ်… သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ တာအိုမိန်းမပျိုလေးပဲ…”

ထိုစကားကို ကြားသောအခါ စွန်းလင်အာ က ကျန်းချင်းရှီ ကို အဓိပ္ပာယ်ပါသည့် အကြည့်များဖြင့် တစ်ချက် ကြည့်လိုက်သည်။ ကျန်းချင်းရှီ ၏ မျက်နှာသည် “ဖြန်း”ခနဲ ပူနွေးသွားပြီး အလျင်အမြန် ရှင်းပြသည်။

“ကျုပ် တောင်ပေါ်မှာ ပညာသင်နေတုန်းက အကြိမ်အနည်းငယ် ဆုံခဲ့ဖူးတာပါ… နောက်ပြီးတော့ ဂိုဏ်းတွင်း ပြိုင်ပွဲတချို့မှာလည်း လက်ရည်ချင်း ဖလှယ်ဖူးရုံပါ…”

ကျန်းချင်းရှီ သည် သူမတွေးထင်နေသလို မဟုတ်ကြောင်း ရှင်းပြချင်သော်လည်း သေချာပြန်စဉ်းစား ကြည့်သောအခါ ထိုကိစ္စမျိုးမှာ ရှင်းလေရှုပ်လေ ဖြစ်မည်ကို သိနေသည်။ သူသည် ထိုအဖြူရောင် ဝတ်ရုံနှင့် တာအိုမိန်းမပျိုလေးကို အနည်းငယ် မှတ်မိနေရုံလောက်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲအတွင်း သူသည် ထိုမိန်းမပျိုနှင့် ယှဉ်ပြိုင်ဖူးပြီး လက်သီး တစ်ချက်သာ ထိုးခဲ့ရသော်လည်း သူမသည် အမှန်တကယ် ငိုယိုသွားခြင်းကြောင့် မှတ်မိနေခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် မည်သို့မျှ မှတ်မိနေစရာ အကြောင်းမရှိပေ။

စွန်းယန်ဝမ် သည် သူ့အစ်ကိုကြီး၏ စိတ်နေသဘောထားကို ပို၍သိသူ ဖြစ်သောကြောင့် သူတို့ခရီး ဆက်ထွက်လာချိန်တွင် သူ့အနီးသို့ တိုးကပ်ကာ မေးလိုက်သည်။

“အစ်ကိုကြီး စောစောက မျက်နှာလည်း မကောင်းဘူးနော်… အရင်တုန်းက အစ်ကိုကြီး အဲဒီမိန်းကလေးကို ရိုက်နှက်ခဲ့သေးတယ် မဟုတ်လား…”

ကျန်းချင်းရှီ သည် စကားသံကျယ်သွားမည်ကို စိုးသောကြောင့် ပါးစပ်လှုပ်ရုံလောက်သာ လှုပ်သည်။

“မင်း ခန့်မှန်းတာက ကွက်တိပဲ…”

စွန်းယန်ဝမ် သည် အစောပိုင်းက အဖွဲ့ကို တစ်ချက်သာ ကြည့်ခဲ့သော်လည်း ထိုအဖြူရောင်ဝတ်ရုံနှင့် တာအိုမိန်းမပျိုလေးသည် လူပေါင်းများစွာ၏ ဝန်းရံခြင်းကို ခံနေရသောကြောင့် အဆင့်အတန်း အလွန်မြင့်မားကြောင်း ပေါ်လွင်နေသည်။ သူက သိချင်စိတ်ဖြင့် ထပ်မေးလိုက်၏။

“သူမရဲ့ သိုင်းအဆင့်က ဘယ်အဆင့်လောက်ရှိလဲ…”

ကျန်းချင်းရှီ သည် ခေတ္တမျှ စဉ်းစားနေပြီး ခပ်တိုးတိုး ပြန်ပြောသည်။

“ငါ သေချာ မခွဲတတ်ဘူး…”

သူ့အစ်ကိုကြီးကဲ့သို့ လူတစ်ယောက်အတွက် တစ်ကွက်တည်းနှင့် ပွဲသိမ်းနိုင်သော ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်ကို ခွဲခြမ်းစိတ်ဖြာနေစရာ မည်သည့် အကြောင်းမျှမရှိပေ။

ထို့အပြင် သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်းသည် မည်မျှပင် မြင့်မားသည်ဖြစ်စေ၊ သူ့အစ်ကိုကြီး၏ စွမ်းအားကို မယှဉ်နိုင်မှန်း သိသောကြောင့် ရှက်ရွံ့စွာ အရှုံးပေးလိုက်ခြင်းလား၊ သို့မဟုတ် ကလေးတစ်ယောက်လို တဝါးဝါးအော်ဟစ် ငိုယိုနေခြင်းလား ဆိုသည်ကိုတော့ သေချာ ပြောနိုင်ခြင်း မရှိပေ။

သူသည် နတ်ဘုရားတစ်ပါး မဟုတ်သောကြောင့် အရာရာကို မသိနိုင်ပေ။

စွန်းယန်ဝမ် သည် သူနှင့် ထိုအဖြူရောင်ဝတ်ရုံဝတ် တာအိုမိန်းမပျိုလေးတို့၏ ကျင့်ကြံခြင်းအဆင့်တွင် မည်သူက ပို၍မြင့်မားသည်ကို မေးမြန်းချင်သေးသော်လည်း ဤအခြေအနေက ထပ်မေးနေရန်ပင် မလိုအပ်တော့ချေ။

အစ်ကိုကြီးသည် သူ့အား အမှန်အတိုင်း ပြောနေခြင်း ဖြစ်သောကြောင့် ထပ်မေးမည်ဆိုလျှင် သူ့သိက္ခာသူ ပြန်ချသလို ဖြစ်တော့မည်ကို သိနေသည်။

သူတို့သည် ပုံမှန်အတိုင်း ခရီးဆက်နေစဉ် မကြာမီ ဘုန်းတော်ကြီးငယ်နှစ်ဦးလည်း သူတို့ကို မီလာသည်။ ထိုဘုန်းတော်ကြီးနှစ်ဦးသည် ရိုးရိုးခရီးသွားနေခြင်း မဟုတ်ဘဲ လက်ထဲတွင် ရှိနေသော ဓားများဖြင့် မြင်းများပေါ်တွင် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ကာ သွားနေခြင်း ဖြစ်သည်။

သူတို့ထံမှ ထွက်ပေါ်လာသော ဓားရောင်တလက်လက်နှင့် ပြင်းထန်သော အသံများကို ကြည့်ခြင်းအားဖြင့် ဟန်ပြတိုက်ခိုက်နေခြင်း မဟုတ်ကြောင်း သိသာသည်။

စွန်းယန်ဝမ် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး စိတ်ဝင်တစား မေးသည်။

“အစ်ကိုကြီး… သူတို့နှစ်ယောက်ရဲ့ ကျင့်စဉ်အဆင့်အတန်းကကော ဘယ်လိုလဲ…”

ကျန်းချင်းရှီ က မတတ်သာစွာ ခပ်တိုးတိုး ပြန်ဖြေသည်။

“တစ်ကွက်တည်းနဲ့ ပြီးသွားမယ့် ကိစ္စတွေချည်းပဲ…. ငါတကယ် မခွဲပေးတတ်ဘူး…”

စွန်းယန်ဝမ် အနည်းငယ် စိတ်အချဉ်ပေါက်လာပြီး ခပ်ရွတ်ရွတ်မေးလိုက်၏။

“ကျွန်တော်ဆိုရင်လည်း တစ်ကွက်ပဲလား….”

ကျန်းချင်းရှီ က ပြန်မဖြေဘဲ သူ့ပခုံးကို လက်နှင့် အသာအယာ ပုတ်လိုက်သည်။ သူဆိုလိုချင်သည့် အဓိပ္ပါယ်က စကားလုံးများနှင့် ဖော်ပြနေစရာပင် မလိုအပ်တော့ပေ။

စွန်းယန်ဝမ် နင် သွားသည်။ ထို့နောက် ကြက်ကြီးလည်လိမ် ခံထားရသလို အီလည်လည် မျက်နှာကြီးဖြင့် စွန်းအဘိုးအိုအနီးသို့ ပြန်ရောက်လာ၏။

စွန်းယွမ်ဟဲ သည် စိတ်ညစ်စရာ ကောင်းသည် မှန်သော်လည်း အစ်ကိုကြီးကတော့ စိတ်ဓာတ်ကိုပါ ဘုန်းဘုန်းလဲပြိုစေသည်။

သူတို့၏ လမ်းခရီးတွင် ဆောင်ယန်ဂိုဏ်း၏ တပည့်များကို ခပ်စိတ်စိတ်တွေ့လာရပြီး အများစုသည် လူငယ်များသာ ဖြစ်သည်။ ထို့အပြင် သူတို့သည်လည်း တဖြည်းဖြည်းနှင့် လူသိများ ထင်းရှားလာတော့သည်။

သို့သော် ထို့သို့ သိရှိကြသူများမှာ ဆောင်ယန်ဂိုဏ်းမှ တပည့်များ မဟုတ်သလို ထင်ရှားသူမှာလည်း ကျန်းချင်းရှီ မဟုတ်ဘဲ စွန်းလင်အာ ဖြစ်နေသည်။

သူတို့ရေကန်ကြီး တစ်ကန်အနီးမှ ဖြတ်သွားချိန်တွင် တပည့်အချိုသည် ကန်ဘေးတွင် အေးအေးဆေးဆေး ထိုင်ကာ အနားယူနေကြသည်။

ထိုတပည့်များထဲတွင် လူငယ်များနှင့် မိန်းမပျိုများ များစွာရှိနေသော်လည်း အထင်ရှားဆုံးက မိန်းမပျိုကိုးဦး ဖြစ်သည်။

သူမတို့ ကိုးဦးစလုံးသည် အလွန်အမင်း လှပပြီး တိုင်းပြည်တစ်ခုကိုပင် ယိမ်းထိုးသွားစေလောက်သော အလှပိုင်ရှင်များ ဖြစ်နေသည်။

ယဥ်ကျေးသိမ်မွေ့သော ဟန်ပန်အမူအယာ နှင့် အပြောအဆိုများကို ကြည့်ရုံဖြင့် အထက်တန်းလွှာ မိသားစုမှ မွေးဖွားလာသော သမီးပျိုများ ဖြစ်ကြောင်း၊ နောက်ခံအင်အား မသေးလှကြောင်း ထင်ရှားလှသည်။

ထိုမိန်းမပျိုကိုးဦး အနီးတွင် လူငယ်ဆယ်ဦးကျော် ရှိနေသည်။ ၎င်းတို့ တစ်ဦးချင်းစီတိုင်းသည် နဂါးများအနက်မှ တကယ့် နဂါးများဟု ဆိုနိုင်ပြီး ရုပ်ရည်အားဖြင့်လည်း ချောမောခန့်ညားကြသည်။

အချို့သည် ဓားရှည်များကို ချိတ်ဆွဲထားသလို အချို့က ဓားမြှောင်ကဲ့သို့ ဓားအတိုလေးများကို ကိုင်ဆောင်ထားသည်။ အချို့သူများဆိုလျှင် အစေခံများကိုပင် ခေါ်ဆောင်လာခဲ့သည်။

၎င်းတို့ တစ်ဦးချင်းစီ၏ ပြောပုံဆိုပေါက်နှင့် လေယူလေသိမ်းများက နူးညံ့သိမ်မွေ့နေပြီး ယဉ်ကျေးမှု ရှိသောကြောင့် သာမန်လူများနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။

အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် ရုတ်တရက် လမ်းပေါ်သို့ လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက ချက်ခြင်းဆိုသလို တလက်လက် တောက်ပသွားသည်။

သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးသည် ငှက်မွှေးတစ်ခုကဲ့သို့ ကောင်းကင်ထက်ကို ပျံတက်သွားပြီး ဆယ်ပေကျော် ဝေးကွာသော အကွာအဝေးကို ချက်ခြင်း ဖြတ်ကျော်သွားသည်။

ထိုပုံစံသည် အလွန်မျက်စိပသာဒ ဖြစ်စရာကောင်းနေပြီး သူမ၏ တိုက်ခိုက်ရေး စွမ်းရည်သည် မည်သည့် အဆင့်တွင်ရှိကြောင်း မသိနိုင်သော်လည်း ထိုအဆင့်အတန်း မြင့်မားသော လှုပ်ရှားမှုကို အခြေခံကာ ဆဌမအဆင့်နှင့် အထက်အဆင့်တွင်သာ ရှိကြောင်း ကောက်ချက်ချနိုင်သည်။

သူမက အားရဝမ်းသာဖြင့် အော်ဟစ်လိုက်သည်။

“ငါ အခုနက ဘာဖြစ်လို့ တီတီတာတာနဲ့ ငှက်ကလေးတစ်ကောင် အသံကို ကြားလိုက်ရလည်း မှတ်တယ်… လက်စသတ်တော့ လိပ်ပြာလေး ရောက်လာတာကို…”

ထိုမိန်းမပျိုသည် စွန်းမြေးအဘိုးနှစ်ဦး၏ရှေ့ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းလာပြီး စွန်းလင်အာ အနီးသို့ လျှောက်သွားသည်။ သူမက ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့ကိုလည်း အနည်းငယ် စူးစမ်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်က သူတို့ကို ထွက်သွားစေလိုသည့် သဘောမျိုး ဖြစ်နေသည်။

စွန်းလင်အာ က ဤသူငယ်ချင်းမလေးသည် အလွန်မာနကြီးပြီး သာမန်လူငယ် ကျင့်ကြံသူများကို လုံးဝ အထင်မကြီးတတ်ကြောင်း သိထားသည်။ သူမသည် စွန်းယန်ဝမ် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ဖြတ်ပြောလိုက်၏။

“သူတို့နှစ်ယောက်စလုံးက ဆောင်ယန်ဂိုဏ်းက တပည့်တွေပါ… သူက စွန်းယန်ဝမ်… နောက်တစ်ယောက်ကတော့… အင်း… ဟို… သူ့အစ်ကိုကြီး…”

သူမသည် ကျန်းချင်းရှီ ၏ နာမည်ကို မေးရန် သတိမရခဲ့သောကြောင့် ယခု မိတ်ဆက်ပေးသောအခါ အနည်းငယ် အခက်အခဲ ဖြစ်နေသည်။ ထိုမိန်းကလေးက သူမကို ချက်ခြင်းဆွဲခေါ်သွားပြီး ပြောသည်။

“တခြားသူတွေနဲ့ မိတ်ဆက်ပေးဖို့က အရေးမကြီးသေးပါဘူး… အရင်ဆုံး ငါ့အစ်မတွေနဲ့ နင့်ကို မိတ်ဆက်ပေးရဦးမယ်…”

“နင် တော်တော်ကံကောင်းတယ်… ငါတို့ ညီအစ်မ ကိုးယောက်စလုံး အတူတူ ခရီးထွက်တယ် ဆိုတာက မရှိသလောက်ပဲ… ပုံမှန်ဆိုရင် တစ်ယောက်ကို တွေ့ဖို့တောင် မလွယ်ဘူး…”

သူမသည် တောက်လျှောက်ပြောဆိုရင်း စွန်းလင်အာ ကို ဆွဲခေါ်သွားပြီး စွန်းယွမ်ဟဲ ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

“အဘိုးစွန်း… သမီးလိပ်ပြာလေးကို ခဏခေါ်သွားဦးမယ်နော်… အဘိုးလည်း ခဏလောက် လာခဲ့ပါလား… သမီးတို့ ညီအစ်မကိုးယောက်အပြင် တခြား ပါရမီရှင် လူငယ်တွေလည်း အများကြီး ကျန်သေးတယ်…”

သူမ၏ စကားများသည် အလွန်တည့်တိုးဆန်လွန်းသဖြင့် စွန်းလင်အာ မျက်နှာ “ကွက်”ခနဲ ပျက်သွားသည်။ သူမသည် စွန်းယန်ဝမ် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို အလွန် စိုးရိမ်သွားပြီး သူ့မျက်နှာကို တစ်ချက် လှမ်းအကဲခတ်လိုက်သည်။

ထိုမိန်းမပျိုလည်း အနည်းငယ် အံ့အားသင့်သွားကာ စွန်းယန်ဝမ် ကို နောက်တစ်ကြိမ် ကြည့်မိပြီး အသာအယာ ရယ်မောလိုက်သည်။

“ငါ့ ရင်ဘတ်ကြီးနဲ့ အာမခံနိုင်တာတစ်ခုက… တာ့လန်အင်ပါယာ တစ်ခုလုံးမှာ ပြည်နယ်ကြီး ဆယ့်ကိုးခုနဲ့ ဒေသသုံးဆယ့်ငါးခု ရှိတယ်…. အဲ့ဒီရဲ့ ထက်ဝက်လောက်က လူငယ်ပါရမီရှင်တွေဟာ အခု ဒီရေကန်ကြီးရဲ့ဘေးမှာ သေချာပေါက် ရှိနေတယ်…”

စွန်းယန်ဝမ် အလွန်အံ့အားသင့်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

“တာ့လန်အင်ပါယာရဲ့ ပြည်နယ်ဆယ့်ကိုးခုနဲ့ ဒေသသုံးဆယ့်ငါးခုက တပည့်တွေက ဒီနေရာကို ရောက်နေကြတာလား… ဒါဆိုရင် ဒီနေရာမှာ မျိုးဆက်သစ် ကျင့်ကြံသူ သုံးဆယ်ရာခိုင်နှုန်းလောက် အထိကို ရောက်နေကြတာပေါ့…. တကယ်မယုံနိုင်စရာပဲ….”

သူက အသံကို အနည်းငယ်နှိမ့်ပြီး အစ်ကိုကြီး ကို မေးသည်။

“အစ်ကိုကြီး အဲဒီလူတွေဆိုရင်တော့ တစ်ကွက်တည်းနဲ့ ပွဲမသိမ်းလောက်ဘူးမလား… သူတို့တွေက ဘယ်အဆင့်တွေလဲ… မွေးရာပါ ပါရမီရှင်တွေ ဟုတ် မဟုတ်ဆိုတာကော အစ်ကိုကြီး ခွဲခြားနိုင်လား…”

ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့ စကားမျိုးကို တိုက်ရိုက်မေးမြန်းခြင်းသည် အလွန်ပင် ရိုင်းစိုင်းသည်ဟု ယူဆထားရာ ဆွဲခေါ်နေသော မိန်းမပျိုကိုပါ ကြောင်အမ်းသွားစေခဲ့သည်။

သူမသည် ခဏကြာအောင် ငြိမ်သက်သွားပြီးမှ တခစ်ခစ်ရယ်လိုက်ပြီး စွန်းလင်အာ ကို ထပ်မံဆွဲခေါ်သွားတော့သည်။

သူမရောက်ရှိလာချိန်မှစ ပြန်ထွက်သွားချိန်အထိ သူတို့ညီအစ်ကို နှစ်ဦးကို ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် ထင်မှတ်မသွားပေ။

All Chapters