← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

“နန်မန်မိသားစုမှ ညီအစ်မကိုးဦး”

ထိုမိန်းမပျိုသည် စွန်းလင်အာ ကို ဆွဲခေါ်ကာ လူအုပ်အတွင်း တိုးဝှေ့ဝင်ရောက်သွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

“အစ်မတို့ကြည့်လိုက်စမ်း... ငါ ဘယ်သူ့ကို ခေါ်လာတာလဲဆိုတာ…”

“သူမက ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုက လင်အာနတ်သမီးလေးလေ… ငါ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်…”

“လင်အာ က ဒီလောကထဲကို လှည့်ပတ်သွားလာတဲ့အခါ သူ့ကိုယ်သူ ရုပ်ဆိုးအောင် ပြောင်းလဲ ပစ်နေကြပဲ… အခုလို သူမရဲ့ အစစ်အမှန် မျက်နှာကို မြင်ခွင့်ရဖို့ဆိုတာက တော်တော်ကံကောင်းမှ ဖြစ်လိမ့်မယ်…”

ရွှေရည်စိမ်ထားသော ခေါက်ယပ်တောင်တစ်ချောင်းကို တဖျတ်ဖျတ် လှုပ်ရမ်းနေသည့် လူငယ်တစ်ဦးက ရယ်ရယ်မောမော ပြောဆိုလာသည်။

“နန်မန်သခင်မလေး ကိုးဦးနဲ့ အတူတူရှိနေတာကတင် ကျုပ်တို့အတွက် တကယ်ကံကောင်းနေပါပြီ… ဒီထက်ပိုပြီး ကံကောင်းခြင်းကို ကျုပ်တို့ မခံယူဝံ့ပါဘူး…”

“ကျုပ်က လျိုရှန်းရွာက လျူချီ ပါ … လင်အာနတ်သမီးလေးနဲ့ တွေ့ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်…”

လျူချီ ၏ စကားဆုံးသည်နှင့် ကျယ်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

ခါးတွင် ဓားရှည်တစ်လက်နှင့် ပန်းပေါင်းစုံနံ့သာအိတ်ကို တွဲလျက် ချိတ်ဆွဲထားကာ နဖူးတွင် အနက်ရောင် ကြိုးတစ်ချောင်း စည်းထားသော လူငယ်တစ်ဦး သူတို့စကားဝိုင်းအတွင်း ဝင်ရောက်လာသည်။

“ကျွန်တော်က ဝေချီဟန် ပါ… တော်ဝင်နန်းတော် အစောင့်တပ်ရဲ့ ရာထူးသေးသေးလေးဖြစ်တဲ့ ကျားအစောင့် ခေါင်းဆောင် တစ်ယောက်ပါ… ဒီနေ့ လင်အာနတ်သမီးလေးနဲ့ ဆုံရတာက သိပ်ကို ကံကောင်းလွန်းလို့ပါ…”

လူငယ်လေး ဆယ်ဦးကျော်သည် တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြပြီး ၎င်းတို့၏ နောက်ခံ၊ ဂိုဏ်းအမည်များနှင့် နာမည်များကို မိတ်ဆက်ကြသည်။

ထိုနေရာသည် စကားသံများဖြင့် ချက်ခြင်းပင် စည်ကားသိုက်မြိုက်သွားတော့သည်။

စွန်းယန်ဝမ် သည် ထိုဘက်မှ စည်ကားနေမှုကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့အစ်ကိုကြီးကို ပြန်ကြည့်လိုက်သည်။

“အစ်ကိုကြီး ဘာဖြစ်လို့ စကားမပြောဘဲ ငြိမ်သွားတာလဲ…”

နန်မန်ညီအစ်မကိုးဦးနှင့် အခြားသူများအားလုံးသည် သူတို့ညီအစ်ကိုနှစ်ဦးကို လေဟာနယ်လို သဘောထားနေကြသည်။

စွန်းယန်ဝမ် သည် ထိုကဲ့သို့ အထင်အမြင်သေးမှုများကို အနည်းငယ်မျှ ဂရုစိုက်သူ မဟုတ်ပေ။ ထိုကဲ့သို့ လှပသော မိန်းကလေးတိုင်းတွင် အလှဂုဏ်မောက်သော စိတ်နေစိတ်ထားများ ပိုင်ဆိုင်ထားတတ် သည်က သဘာဝသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ၎င်းတို့အဖွဲ့အတွင်း သွားရောက်ရန် စိတ်မဝင်စားသောကြောင့် ၎င်းတို့၏ လျစ်လျူရှုမှုနှင့်ပတ်သက်ပြီး လူတိုင်းကို အထင်မသေးသင့်ကြောင်း တစ်နေ့ကျလျှင် မည်သူမဆို နဂါးတစ်ကောင် ဖြစ်လာနိုင်ကြောင်း သွားရောက်ပြောဆို၍ မရပေ။

အစ်ကိုကြီးသည် သူ့ဘဝတွင် ထိုကဲ့သို့ လျစ်လျူရှုခြင်းကို တစ်ကြိမ်တစ်ခါမျှ ခံစားဖူးသူ မဟုတ်သောကြောင့် အနည်းငယ် စိတ်ဝင်စားစရာ ကောင်းလာပြီဟုလည်း တွေးနေမိသည်။

သူက အနည်းငယ် သွေးတိုးစမ်းသလို မေးလိုက်၏။

“သူတို့တွေကတော့ တစ်ကွက်တည်းနဲ့ ပွဲမသိမ်းလောက်ဘူး မဟုတ်လား…”

ကျန်းချင်းရှီ က ဖြေသည်။

“ဆယ်ကွက်လောက်တော့ လိုမှာပေါ့…”

စွန်းယွမ်ဟဲ သည် ကျန်းချင်းရှီ ၏ သိုင်းပညာအဆင့်အတန်း အလွန်မြင့်မားသည်ကို သိသော်လည်း ထိုစကားကို ကြားသောအခါ “ဟက်”ခနဲ ရယ်လိုက်မိသည်။

“ဒီစကားကတော့ တော်တော်လေး ချိုးနှိမ်လိုက်သလိုပဲ…”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီမိန်းကလေးတွေက နန်မန်မိသားစုက သခင်မလေး ကိုးယောက်နော်…”

“တချို့ကောလဟလတွေရဲ့ အဆိုအရ နန်မန်မိသားစုရဲ့ သခင်မလေးကိုးယောက်မှာ အကြီးဆုံး ခုနှစ်ယောက်က စေ့စပ်ထားပြီးသား ဒါမှမဟုတ် သက်ဆိုင်သူတွေ ကိုယ်စီရှိတယ်လို့ ပြောကြတယ်…”

“ဒီစကားက အမှန်ဆိုရင် သူတို့ဆီမှာ အငယ်ဆုံး ညီအစ်မနှစ်ယောက်ပဲ ကျန်လိမ့်မယ်…”

“ရှစ်ယောက်မြောက် ညီမရဲ့ နာမည်ကို နန်မန်ကုန်း လို့ခေါ်ပြီး အငယ်ဆုံး ညီမရဲ့ နာမည်ကတော့ နန်မန်ကျူ လို့ခေါ်တယ်…”

“သူတို့ကတော့ လက်ရှိအချိန်ထိ လွတ်လပ်တဲ့ဘဝမှာ အချုပ်အနှောင်ကင်းကင်းနဲ့ နေနေကြတဲ့ မိန်းမပျိုလေးတွေပဲ… ပြီးတော့ ညီအစ်မတွေ အကုန်လုံးကလည်း နတ်သမီးလေးတွေလို ချောမောလှပကြတယ်…”

“အစောပိုင်းက လင်အာ ကို လာခေါ်သွားတဲ့ တစ်ယောက်က နန်မန်ကျူ ပဲ…”

“သူတို့နဲ့ အတူတူရှိနေတဲ့ လူငယ်လေးတွေကတော့ မိသားစုကြီးတွေ ဒါမှမဟုတ် ထိပ်သီးဂိုဏ်းကြီးတွေက အတော်ဆုံး ပါရမီရှင် တပည့်တွေချည်းပဲ…”

“သူတို့တွေထဲမှာ သိုင်းပညာ အမြင့်ဆုံးသူက နန်မန်ဒုတိယ အစ်မရဲ့ ခင်ပွန်းလောင်းလို့ ပြောနေတဲ့ နဂါးဟိန်းဟောက်သူ ကျန်းရှင်းယွမ်ပဲ… သူပြီးရင် လေးယောက်မြောက်အစ်မရဲ့ တာအိုလက်တွဲဖော် ကြွေမင်းသား ဆူးဟုန်… နောက်ပြီးတော့ ဝမ်ပုယန် နဲ့ ဝမ်ပုယွီ တို့ ညီအစ်ကို နှစ်ယောက်…”

“သူတို့အားလုံးက ဆဌမအဆင့်နဲ့အထက် ကျင့်ကြံသူတွေ ဖြစ်ကြတယ်… ကျန်းရှင်းယွမ် ဆိုရင် ပဉ္စမအဆင့်ကိုတောင် ထိုးဖောက်နိုင်နေပြီ…”

စွန်းယန်ဝမ် အတွက်တော့ ဤလောက၏ ထင်ရှားကျော်ကြားသူများ အကြောင်းကို လုံးဝသိရှိခြင်း မရှိသောကြောင့် စွန်းအဘိုးအို ရှင်းပြသည်ကို နားထောင်ရင်း ဤလူငယ်များသည် အမှန်ပင် နောက်ခံအင်အား တောင့်တင်းသူများဖြစ်ကြောင်း စဉ်းစားနေမိသည်။

၎င်းတို့ တစ်ဦးချင်းစီတိုင်းသည် သူဖတ်ခဲ့ဖူးသည့် ဝတ္ထုများအတွင်းမှ ဇာတ်ကောင်များနှင့် များစွာ မကွာခြားဟုလည်း ခံစားရသည်။ သူက မနေနိုင်စွာ ပါးစပ်ဆော့လိုက်ပြန်၏။

“အဲဒါကြောင့် အစ်ကိုကြီး အနေနဲ့တောင် ဆယ်ကွက်လောက် လိုမယ်လို့ ခန့်မှန်းခဲ့တာကို…”

စွန်းယွမ်ဟဲ က တဟဲဟဲ ရယ်မောရင်း ပြောသည်။

“ဒီလူတွေထဲမှာ ဘယ်သူ့ကိုပဲရွေးရွေး မင်းအစ်ကိုကြီးက ဆယ်ကွယ်လောက်နဲ့… အင်း… အကွက်နှစ်ဆယ်ထားဦးကွာ…”

“အဲဒီအတောအတွင်းမှာ အနိုင်ရသွားမယ်ဆိုရင် မင်းတို့ညီအစ်ကိုနှစ်ယောက်ကို လုံးဝပေါက်ကရ မပြောတတ်ဘူးလို့ ငါ ယုံကြည်ပေးလိုက်မယ်…”

“အဲဒီလူငယ်လေးတွေကို အသာထားလိုက်ပါဦး… နန်မန်မိသားစုရဲ့ ညီအစ်မကိုးယောက်ထဲမှာ လေးယောက်မြောက် အစ်မနဲ့ ခုနှစ်ယောက်မြောက်ညီမလေးတို့က ကျင့်ကြံခြင်း လမ်းစဉ်ကို အပေါ်ယံလောက်သာ လေ့လာထားတဲ့အတွက် တခြားညီအစ်မတွေထက် ပိုပြီး စွမ်းအားနည်းတယ်…”

“ကျန်တဲ့ ခုနှစ်ယောက်အတွက်တော့ ဆောင်ယန်ဂိုဏ်းရဲ့ မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲကို ဝင်ပြိုင်တဲ့အခါ အဆင့်တစ်ခု သေချာပေါက် ရလိမ့်မယ်…”

“အကြီးဆုံး အစ်မကြီး နန်မန်တန် ဆိုတာ ဆောင်ယန်ဂိုဏ်းရဲ့ တတိယမျိုးဆက်က တစ်ဦးတည်းသော အမျိုးသမီး ဂိုဏ်းချုပ်ဧကရီဝေရဲ့ တပည့်ပဲ…”

“ရှစ်ယောက်မြောက်ညီမ နန်မန်ကုန်း ကတော့ အော်မေနဂါးနှိမ်နင်းသူရဲ့ အငယ်ဆုံး တပည့် ဖြစ်ပြီးတော့ နန်မန်မိသားစုနဲ့ အော်မေဂိုဏ်း နှစ်ခုလုံးရဲ့ ပညာရပ်တွေကို ကျင့်ကြံနေတဲ့သူပဲ… သူမနဲ့ သူမရဲ့ ဆရာတူအစ်မ စီမာကျိယန် တို့ဟာ အော်မေဂိုဏ်းရဲ့ ပါရမီရှင် တပည့်တွေဖြစ်ကြသလို နှစ်ယောက်စလုံးက ပဉ္စမအဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေပဲ…”

“လူငယ်လေး… မင်းရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်က မဆိုးဘူးဆိုတာ ငါသိတယ်… ဒါပေမဲ့ မင်းဆီမှာ ဒီလောကရဲ့ အတွေ့အကြုံက မရှိသလောက်ကို နည်းပါးနေသေးတယ်… မင်းအနေနဲ့ ရှစ်ယောက်မြောက် နန်မန်မိန်းကလေးနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် ဆယ်ကွက်ပြည့်အောင် ခုခံနိုင်ရင် ကံကောင်းလို့ပဲ…”

“သူတို့ကို အနိုင်ယူချင်တယ် ဆိုရင်တော့ မင်း အိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်…”

ကျန်းချင်းရှီ က မည်သည့်စကားမျှ ခွန်းတုံ့ပြန်ခြင်း မရှိဘဲ စွန်းယန်ဝမ် ကို ပြောသည်။

“ညီလေး… ငါတို့ ခရီးဆက်ရအောင်…”

စွန်းယန်ဝမ် သည် အကြီးအကဲယွမ်ဟဲကို လက်ပြနှုတ်ဆက်ရင်း အပြုံးနှင့် ပြောလိုက်သည်။

“ဆောင်ယန်တောင်ကို ရောက်လာတဲ့အခါကျရင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က အဘိုးစွန်းတို့ မြေးအဘိုးနှစ်ယောက်ကို အကောင်းဆုံး ဧည့်ခံပါမယ်…”

ထို့နောက် သူ့မြင်းကို အသာအယာပုတ်လိုက်ပြီး ကျန်းချင်းရှီ နောက်သို့ လိုက်ပါသွားတော့သည်။

စွန်းယွမ်ဟဲ သည် အသာအယာ ပြုံးနေပြီး လက်တွင်းမှ ဆေးတံကို ဖွာရှိုက်နေလိုက်သည်။ သူသည် မျက်စိအောက်မှ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားသော လူနှစ်ဦးကို တားဆီးလိုစိတ် အလျဉ်းမရှိခဲ့ပေ။ သို့သော် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။

“သူတို့နှစ်ယောက်စလုံးက ဆောင်ယန်ဂိုဏ်းက ဘယ်ဆရာရဲ့ တပည့်တွေလဲ မသိဘူး… သူတို့ အသက်အရွယ်အရ ဆိုရင်တော့ ဖုန်းဘိုးဘေးကြီးရဲ့ တပည့်ခုနှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့ တပည့် လုံးဝဖြစ်နိုင်စရာ မရှိဘူး… သူတို့ တပည့်ရဲ့ တပည့်မျိုးဆက်တွေထဲကပဲ ဖြစ်လောက်တယ်…”

“အစ်ကိုကြီးဆိုတဲ့ သူက ကြည့်ရတာ အေးဆေးသလို ထင်ရပေမယ့် တကယ်တမ်းကျ တော်တော်လေး မာနကြီးတယ်… ညီလေး ကျတော့ ပွင့်လင်းမှုရှိပေမယ့် သူ့စိတ်သူ ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး…”

“ယေဘုယျကျကျ သုံးသပ်ရမယ်ဆိုရင် ဒီနေရာမှာရှိနေတဲ့ မိသားစုကြီးတွေက လူငယ်တွေ လောက်တောင် အဖြစ်ရှိမယ့်သူတွေ မဟုတ်လောက်ဘူး…”

စွန်းအဘိုးအိုသည် သူ့မြေးမလေးအား စွန်းယန်ဝမ် မ သွားမည့်အရေးကို အလွန် စိုးရိမ်ပူပန် နေခဲ့မိသည်။ သို့သော် နောက်ဆုံးတွင် သူတို့အား သာသာနှင့်နာနာ ပြောဆိုကာ မောင်းထုတ် နိုင်ခဲ့ခြင်းကြောင့် သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသော အပူလုံးကြီးကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူသည် ပျော်ရွှင်လွန်းသဖြင့် ဂျွမ်းများပင် ထိုးချင်သလို ဖြစ်နေ၏။

ထိုအချိန်တွင် စွန်းလင်အာ သည် စွန်းယန်ဝမ် ရှိနေသောနေရာကို ရုတ်တရက် လှမ်းကြည့် လိုက်သောအခါ ညီအစ်ကိုနှစ်ဦးစလုံး မရှိတော့သောကြောင့် စိတ်ထဲတွင် အနည်းငယ် လစ်ဟာသွားသလို ခံစားလိုက်ရသည်။

သို့သော် သူမ၏ ပတ်ပတ်လည်တွင် အခြားသူများ ဝိုင်းရံနေသဖြင့် ထိုကိစ္စကို အချိန်ကြာကြာ စဉ်းစားနိုင်ခဲ့ခြင်း မရှိပေ။ ဆောင်ယန်တောင်သို့ ရောက်လျှင် သေချာပေါက် ပြန်တွေ့ရမည် ဖြစ်ကြောင်း စဉ်းစားမိသောအခါ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ထို့အပြင် သူမ အဘိုးသည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး အလွန်ပျော်ရွှင်နေသည့် ပုံစံကို မြင်သောအခါ သူမ အနည်းငယ် ထူးဆန်းသွားသည်။

“အဘိုးက ဘာဖြစ်လို့ သူတို့ကို ခေါ်မထားတာလဲ မသိဘူး… သူတို့သာ ရှိနေရင် ပိုပြီး ပျော်စရာကောင်းမှာ…”

သူမ တိတ်တိတ်ကလေး ရေရွတ်လိုက်မိသည်။ နန်မန်ကျူ သည် သူမတို့ထံ ဝိုင်းအုံလာသော လူငယ်များကို အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိဘဲ စွန်းလင်အာ ကို ဆွဲခေါ်ကာ သူမ၏ အစ်မများဘက်သို့ ဆက်လျှောက်သွားသည်။

နန်မန်မိသားစုမှ မိန်းမပျိုတစ်ဦးချင်းစီတိုင်းသည် နူးညံ့သိမ်မွေ့သည့် အထက်တန်းလွှာ အလှအပကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူမတို့၏ အသေးစိတ် အမူအရာ တစ်ခုချင်းစီမှအစ အလွန် အဆင့်အတန်း မြင့်မားသောကြောင့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်သည် မွေးရာပါ စွမ်းရည် တစ်ခုကဲ့သို့ ဖြစ်သွားသည်။

သူမတို့ထံတွင် အပြစ်ဟူ၍ မြူတစ်မှုန်စာမျှပင် မရှိသလို ထင်ရသည်။

နန်မန်မိသားစုမှ မိန်းမပျိုလေးများသည် စွန်းလင်အာ ကို မြင်သောအခါ တရင်းတနှီး နှုတ်ဆက် ကြသည်။ ရေခဲနတ်သမီးဟု နာမည်ကြီးသော ရှစ်ယောက်မြောက်ညီမ နန်မန်ကုန်း ပင်လျှင် ပြုံးပြုံးရယ်ရယ်နှင့် စကားများ ပြောဆိုလာခဲ့သည်။

နန်မန်ကျူ သည် အစောပိုင်းက ကိစ္စအား ရုတ်တရက် ပြန်အမှတ်ရသွားပြီး တခစ်ခစ် ရယ်ရင်း ပြောသည်။

“လိပ်ပြာလေး… ခုနက လူနှစ်ယောက်က ဘယ်သူတွေလဲ… ဆောင်ယန်ဂိုဏ်းက ဘယ်ဆရာရဲ့ တပည့်တွေလဲ…”

စွန်းလင်အာ သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း မည်သည့် အရာအား ဆိုလိုချင်သည်ကို “ဒက်”ခနဲ သိလိုက်ပြီး သူမ၏ နဖူးပြင်လေးကို အသာအယာပွတ်သပ်ရင်း ဖြေသည်။

“ငါက သူတို့နောက်ကြောင်းကို လိုက်စုံစမ်းနေတာ မဟုတ်တော့… ညီဖြစ်သူရဲ့ နာမည်က စွန်းယန်ဝမ် လို့ ခေါ်တယ် ဆိုတာကိုပဲ သိခဲ့တယ်… ကျန်တာတော့ ငါလည်း မေးမထားဘူး…”

နန်မန်ကျူ က သဘောကျစွာ ရယ်ပြီး ပြောသည်။

“မမတို့ကို တစ်ခုပြောပြမယ်… အဲဒီဘုန်းတော်ကြီးနဲ့ လူငယ်လေးပြောတဲ့ စကားလုံးတွေက ဘယ်လောက်အထိ ကြောက်ဖို့ကောင်းလဲဆိုရင်….”

“ညီလုပ်တဲ့သူ မေးတာက… ညီမတို့ကို သူ့အစ်ကိုကြီးနဲ့ တိုက်ခိုက်ရင် တစ်ကွက်တည်းနဲ့ ပွဲပြီးသွားမယ့် သူတွေလားတဲ့…”

“နောက်ပြီးတော့… အစ်ကိုကြီး သူတို့အားလုံးရဲ့ သိုင်းပညာအဆင့်အတန်းက ဘယ်လောက်လဲ… မွေးရာပါ ပါရမီရှင်တွေ ဟုတ် မဟုတ် ခွဲခြားပေးလို့ရမလားတဲ့…”

(မွေးရာပါ ပါရမီရှင်များသာ ရှန်ထျန်းအဆင့်ကို ရောက်နိုင်ပါသည်)

နန်မန်ကျူ ၏ အသံသည် ကြည်လင် ပြတ်သားပြီး ပုလဲလုံးလေးများ လိမ့်နေသကဲ့သို့ နားထောင်ရသူ အပေါင်းကို အလွန် နားဝင်ပီယံ ရှိလှသည်။ ကျန်သည့် ညီအစ်မများအားလုံး သဘောကျစွာ ရယ်မောလိုက်ကြ၏။

အကြီးဆုံးအစ်မ နန်မန်တန် က ချက်ခြင်းပင် ပြောဆိုလာသည်။

“သူက မွေးရာပါ ပါရမီရှင်ဆိုတာကို ဂေါ်ဖီထုပ်လိုမျိုး ထင်နေတာလား… ဒါမှမဟုတ် ကျင့်ကြံခြင်း အဆင့်ကိုးဆင့်က ဘာဆိုတာကို တကယ်ပဲ မသိတာလား…”

စတုတ္ထအစ်မကလည်း နူးညံ့သည့် လေသံဖြင့် ဖြည့်စွက်ပေးသည်။

“ကျင့်ကြံခြင်းလောကထဲကို အခုမှ ခြေချကာစ လူငယ်တိုင်းက ဒီလိုချည်းပဲ မဟုတ်လား… သူတို့ မျက်လုံးထဲမှာ တတိယအဆင့်တွေ… စတုတ္ထအဆင့်တွေ ဆိုတာက ဘာမှ မဟုတ်တဲ့သူတွေလို့ ထင်တတ်ကြတယ်…”

“ပထမအဆင့်… ဒုတိယအဆင့်တွေကိုတောင် သိပ်ဂရုစိုက်ကြတာ မဟုတ်ဘူး… သူတို့ မျက်စိထဲမှာ ရှန်ထျန်းအဆင့်လောက်ကို ရောက်မှပဲ လူရာဝင်တယ်လို့ သတ်မှတ်ပြီး ကျန်တာကတော့ သူတို့ ဆရာတွေကိုပဲ လူလို့ သတ်မှတ်ထားကြတာလေ…”

“ဒါပေမဲ့ အဲဒီလိုလူတွေက သူတို့ဘာသာ ဘယ်လောက်ပဲ ကြိုးစားကျင့်ကြံသည် ဖြစ်စေ တစ်သက်လုံး အဌမအဆင့်နဲ့ နဝမအဆင့်လောက်ကနေ တက်နိုင်တော့တာ မဟုတ်ဘူး… ကျင့်ကြံခြင်းလောကမှာ နာမည်တစ်လုံး ရဖို့ဆိုတာက အဆပေါင်း ထောင်သောင်းချီပြီး ခက်ခဲပါတယ်…”

နန်မန်ကျူ က သဘောကျစွာ ရယ်လိုက်ပြီး ပြောသည်။

“အဲဒီအစ်ကိုကြီးဆိုတဲ့သူရဲ့ မျက်နှာက နည်းနည်းတော့ ပျက်နေတယ်နော်…”

“သူက ညီဖြစ်သူထက် အသက်နည်းနည်း ပိုကြီးတာကြောင့် ငါတို့ မိသားစုနောက်ခံကို သိနေလို့ နေမှာပေါ့…”

စွန်းလင်အာ စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ချက်ခြင်းပင် ပြောလိုက်သည်။

“အစ်ကိုစွန်းက စွမ်းအားနည်းပါးပေမယ့်… သူ့ရဲ့စာပေပါရမီက တခြားဘယ်သူမှ လိုက်ပြီး တုပနိုင်တဲ့ အရာမျိုး မဟုတ်ဘူး…”

သူမသည် ညီအစ်ကိုနှစ်ဦးဘက်မှ ချက်ခြင်း ကာကွယ်ပြောဆိုလာသောအခါ နန်မန်ညီအစ်မ အားလုံး သူမ၏ မျက်နှာကို ‌ထောက်ထားပြီး ထိုကိစ္စကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။

စွန်းယန်ဝမ် သည် ယနေ့ သူမြင်ခဲ့ရသူများ အားလုံးကို မိုဝူရွှယ် နှင့် တိုက်ခိုက်ခိုင်းမည်ဆိုလျှင် မည်ကဲ့သို့ ရှိမည်ကို စဉ်းစားနေစဉ် ကျန်းချင်းရှီ ၏ တည်ငြိမ်သော အသံကို ကြားလိုက်ရသည်။

“ညီလေး… ငါ ခုနက ဆယ်ကွက်လိုတယ်လို့ ပြောတာကို မှတ်မိသေးလား…”

“အဲဒါက သူတို့တစ်ယောက်ချင်းစီအတွက် ပြောတာမဟုတ်ဘူး… သူတို့အားလုံး တစ်ပြိုင်တည်း တက်လာတဲ့ အခြေအနေကို ပြောတာ…”

All Chapters