← Chapters

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

Vol. 4 Ch. 41

“ဓားနတ်ဘုရားငယ်လေး”

စွန်းယန်ဝမ် မြင်းပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားသည်။

သူသည် နောက်သို့ ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သောအခါ အစောပိုင်းက အလွန်ကြီးကျယ် ခမ်းနားသည်ဟု အထင်ရှိခဲ့သော ထိုလူငယ်အုပ်စုသည် ချက်ခြင်းပင် လမ်းဘေးမြက်ပင်များ၊ သို့မဟုတ် ကြက်များ၊ ဝက်များဘဝသို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

သူ့အနေဖြင့် သူ့အစ်ကိုကြီးအပေါ် လုံးဝသံသယဝင်ခြင်း မရှိပေ။ သူ့ကိုယ်သူ မည်သို့မျှ မယုံကြည်နိုင်သလို ခံစားနေရခြင်းသာ ဖြစ်သည်။

“ငါ အမြင်က ဒီလောက်တောင် ကန်းသွားပြီလား… ဘယ်လိုဖြစ်လို့ အဲဒီလူတွေကို သွားပြီး အထင်ကြီးစိတ် ဝင်မိရတာလဲ…”

သူက အပြစ်တင်သည့် လေသံနှင့် မကျေမချမ်း ပြောလိုက်သည်။

“အဲဒါကို အစ်ကိုကြီးက ဘာဖြစ်လို့ အခုမှ လာပြောရတာလဲ… စောစောကတည်းက ပြောပါလား..”

“အဲဒီစွန်းအဘိုးကြီး အံ့ဩလွန်းပြီး လက်ကမချတဲ့ ဆေးတံကြီးကို ဖင်နဲ့ခေါင်း ပါးစပ်ထဲ မှားထည့်လိုက်တာကို ကျွန်တော်က ကြည့်ချင်နေတာ…”

ကျန်းချင်းရှီ သဘောကျစွာ ရယ်လိုက်ရင်း အစောပိုင်းက အနည်းငယ် ထွက်နေသော ဒေါသခံစားချက် များလည်း ချက်ခြင်း လွင့်စင်သွားတော့သည်။ သူ့ ညီလေးသည် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလွန်းသည်ဟု ခံစားရသည်။

ညီအစ်ကိုနှစ်ဦး သဘောကျစွာ ရယ်မောနေရင်း ရုတ်တရက် စွန်းယန်ဝမ် ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတချို့ ဖြစ်ပေါ်လာ၏။

“အစ်ကိုကြီး… တစ်ခုခုတော့ မှားနေသလိုပဲ… စွန်းအဘိုးကြီးရဲ့ ကျင့်ကြံမှု အဆင့်အတန်းက…”

ကျန်းချင်းရှီ က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“မှန်တယ်… သူ့မှာ ဘယ်လိုအတွင်းဒဏ်ရာမျိုး ရထားလည်းတော့ မသိဘူး… အခုဆိုရင် သူ့ရဲ့ ရှန်ထျန်းအဆင့်က ဆက်မထိန်းထားနိုင်တော့ဘဲ အောက်ကို သုံးလေးဆင့် ပြန်ပြုတ်ကျသွားပြီ…”

စွန်းယန်ဝမ် အံ့အားသင့်စွာ မေးလိုက်သည်။

“ကျင့်ကြံခြင်းအဆင့်က အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ပြန်ကျသွားတာမျိုးရှိလား…”

ကျန်းချင်းရှီ တဟားဟား ရယ်လိုက်သည်။

“လူတစ်ယောက်ရဲ့ စွမ်းအားနဲ့ ကောင်းကင်တာအိုတွေကို ဘယ်လိုလုပ်ပြီး လွန်ဆန်လို့ရမှာလဲ…”

“ကျင့်ကြံခြင်း အဆင့်ကိုးဆင့်က လောကဓမ္မတာကို လုံးဝမလွန်ဆန်နိုင်ဘူး… အသက်ကြီး လာတာနဲ့အမျှ အကြောတွေ… အရွတ်တွေ… အရိုးတွေ… အကုန်လုံးကလည်း လိုက်ပါ ပျက်စီးလာတာကြောင့် ကျင့်ကြံခြင်းအဆင့် ပြန်ကျသွားတာက သဘာဝပဲ…”

“ရှန်ထျန်းအဆင့်နဲ့ အဲဒီအထက်အဆင့်တွေကို ရောက်နေမှသာ အသက်စွမ်းအင်ကို ထိန်းသိမ်းနိုင်ပြီး ရုပ်ခန္ဓာကလည်း လူငယ်တစ်ယောက်လို အမြဲတမ်း တက်ကြွနေလိမ့်မယ်… အိုမင်းရင့်ရော်မှုကိုလည်း တားဆီးထားနိုင်တယ်… သူသေသွားတဲ့အချိန်အထိ ကျင့်ကြံခြင်းအဆင့် ပြန်ကျသွားမှာ မဟုတ်ဘူး… သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်သွားမှသာ အသက်စွမ်းအင်တွေ ဆုတ်ယုတ်သွားပြီး အိုမင်းတဲ့ရုပ်ကို ပြောင်းလဲသွားတယ်…”

“တကယ်လို့ စွန်းအဘိုးကြီးက ရှန်ထျန်းအဆင့် ကျင့်ကြံသူဆိုရင် သူ့ရုပ်က ဒီလောက်အိုမင်းနေစရာ အကြောင်းမရှိဘူး…”

“ငါ သူ့အပေါ်ကို အမြဲတမ်း ထင်နေခဲ့တာက စွန်းအဘိုးကြီးဟာ ရုပ်ဖျက်ပြီးတော့ လူအိုကြီးအဖြစ် ဟန်ဆောင်ထားတယ်ပေါ့…. ဒါပေမယ့် သူနဲ့အတူတူ ခရီးသွားတဲ့အခါ သူ့ကို အသေးစိတ် လေ့လာကြည့်တော့…”

ကျန်းချင်းရှီ သည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ပြောသည်။

“သူက တကယ်ပဲ အိုစာနေတာ ဖြစ်ပါလိမ့်မယ်…”

စွန်းယန်ဝမ် သည် အနည်းငယ် သနားစိတ်ဖြစ်သွားရသည်။ ရှန်ထျန်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ အကဲဖြတ်နိုင်စွမ်းသည် ဤမျှလောက်အထိ ညံ့ဖျင်းစရာ အကြောင်းမရှိဟုလည်း သူက စဉ်းစားမိသည်။

ကျန်းချင်းရှီ ၏ အစစ်အမှန်စွမ်းရည်ကို သူကဲ့သို့ ဘာမျှမဟုတ်သူ တစ်ဦး မသိနိုင်သည်က သဘာဝကျသည်။ သို့သော် ရှန်ထျန်းအဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးက မမြင်နိုင်ဟုဆိုလျှင်တော့ အနည်းငယ် စဉ်းစားစရာ ဖြစ်သွားသည်။

ယခု ကျန်းချန်းရှီ က ရှင်းပြသည့်အခါမှသာ အကြောင်းအရာအားလုံးကို သဘောပေါက်သွားပြီး ခွက်ပျောက်နေသူ အချင်းချင်း ကိုယ်ချင်းစာမိသလို ခံစားလိုက်ရသည်။

သူသည် အိုမင်းရင့်ရော်ခြင်းကို မကြုံခဲ့ရသော်လည်း တစ်ကြိမ် သေခဲ့ဖူးပြီး ဖြစ်သည်။ ဘဝနှစ်ခုကို ဖြတ်သန်းဖူးသူ တစ်ဦးအနေဖြင့် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဝမ်းနည်းမှု၊ ဆင်းရဲဒုက္ခနှင့် ရောဂါဝေဒနာတို့အပေါ်တွင် တစ်ကြိမ် ရှင်သန်ဖူးသူများ မခံစားတတ်သည့် နက်နဲသော ခံစားချက်များ ရှိသည်။

ခုနှစ်ယောက်မြောက်ညီမ နန်မန်ကျီ သည် အနည်းငယ် မရွှင်မလန်း ဖြစ်နေပြီး နေမကောင်းသည့်ပုံစံ ဖြစ်နေသောကြောင့် အခြားညီအစ်မများနှင့် စွန်းလင်အာတို့ စကားဝိုင်းအတွင်း ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

အခြားညီအစ်မများက ဆောင်ယန်ဂိုဏ်းသို့ ရောက်သည့်အခါ မည်သူနှင့် တွေ့ဆုံနိုင်ကြောင်း ပြောဆိုသည့် အချိန်တွင်တော့ သူမလည်း စကားဝိုင်းအတွင်းကို ဝင်ရောက်လာသည်။

“ဒီတစ်ခေါက် ဓားနတ်ဘုရားငယ်လေးလည်း ပြန်ရောက်လာမလား မသိဘူးနော်…”

နန်မန်တန် က ရုတ်တရက် ရယ်လိုက်ပြီး ပြောသည်။

“ငါ့ ညီမလေးက ဓားနတ်ဘုရားငယ်လေးကို အခုထက်ထိ မမေ့နိုင်သေးဘူးပဲ…”

“ဒါပေမဲ့ ဝမ်းနည်းစရာက သူနဲ့ ကျန်းဂိုဏ်းချုပ်ကြီးက ဂိုဏ်းကနေခွဲထွက်ပြီး ဂိုဏ်းအသစ်တစ်ခုကို ထူထောင်လိုက်ပြီ… အခုအချိန်ထိ သူတို့ဆရာတပည့်နှစ်ယောက် ဘယ်နေရာမှာ အခြေချနေလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိသေးဘူး…”

“ဓားနတ်ဘုရားငယ်လေးဟာ အရင်တုန်းကတောင် နဂါးတစ်ကောင်လို ဦးခေါင်းကိုသာ မြင်ရပြီး အမြီးပိုင်းကို မမြင်နိုင်သလို လူစားမျိုးမို့လို့ သူ့မျက်နှာ အစစ်အမှန်ကို မြင်တွေ့ဖူးသူက သိပ်ကို နည်းလွန်းတယ်…”

“ကံမကောင်းတာက ငါ ဆောင်ယန်ဂိုဏ်းကို ဝင်ရောက်တဲ့ အချိန်ကလည်း အရမ်းကို နောက်ကျသွားတယ်…. ဂိုဏ်းတွင်း ယှဉ်ပြိုင်ပွဲတွေမှာ သူ့ရဲ့ ပါရမီကို ပြသခဲ့တဲ့ နှစ်တွေတုန်းက အစ်မက အဲဒီကို မရောက်သေးဘူး… အဲဒါကြောင့် ကျန်းသခင်လေးနဲ့ တစ်ကြိမ်တစ်ခါမှ ဆုံခွင့်မရလိုက်တာပဲ…”

သူမတို့ ညီအစ်မများနှင့် စွန်းလင်အာ တို့ စကားပြောဆိုနေချိန်တွင် လူငယ်ဆယ်ဦးကျော်သည် သူမတို့ဘက်သို့ အဆက်မပြတ် အကဲခတ်နေပြီး သူတို့ မည်သည့်အကြောင်းအရာများအား ပြောဆိုနေသည်ကို နားစွင့်နေကြသည်။

ဓားနတ်ဘုရားငယ်လေး အကြောင်း ပြောဆိုနေသည်ကို ကြားသောအခါ ဝေချီဟန် သည် ရုတ်တရက် ရယ်လိုက်ပြီး သူ့အသံကို အနည်းငယ်မြှင့်ကာ လျှို့ဝှက်ချက်များ ရှိနေသကဲ့သို့ ပုံစံဖြင့် ပြောသည်။

“ကံကောင်းချင်တော့ အဲဒီကိစ္စကို ကျွန်တော် သိနေတာပဲဗျ…”

နန်မန်စူး က မနေနိုင်တော့ဘဲ အံ့အားသင့်သည့် အမူအရာနှင့် မေးသည်။

“ရှင်က ဘယ်လိုလုပ် သိနေတာလဲ…”

ဝေချီဟန် က အနည်းငယ် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်ပြီး ရှင်းပြသည်။

“ကျွန်တော့်ရဲ့ ညီအစ်ကိုဝမ်းကွဲ ဝေချီဝူကုန်း ဟာ မကြာသေးခင်က ကျန်းယွမ်ချောင် ဂိုဏ်းချုပ်ကြီးကို သွားရောက်ဂါရဝပြုခဲ့ပါတယ်…”

“အဲဒီတုန်းက ဓားနတ်ဘုရားငယ်လေးကို တွေ့ခဲ့တာပါ… ဒါပေမဲ့…”

“မင်းတို့အားလုံး သူ့ကို ဓားနတ်ဘုရားငယ်လေးလို့ မခေါ်သင့်တော့ဘူး… ဓားနတ်ဘုရားလို့ပဲ ခေါ်သင့်တယ်…”

ထိုစကားကို ကြားလိုက်ရသောအခါ အကြည့်အားလုံး သူ့အပေါ်သို့ စုပြုံကျရောက်လာကြသည်။ နန်မန်တန် ၏ တာအိုလက်တွဲဖော် နဂါးဟိန်းဟောက်သူ ကျန်းရှင်းယွမ် က အနည်းငယ် မာကျောသော အသံမျိုးဖြင့် ပြောလိုက်သည်။

“ဒါက နောက်ပြောင်ရမယ့် ကိစ္စ မဟုတ်ဘူးနော်…”

“မင်းသိထားရမှာက ဓားနတ်ဘုရားဆိုတဲ့ နာမည်က ဘယ်သူမဆို ယူသုံးလို့မရတဲ့ နာမည်မျိုးပဲ…”

ဝေချီဟန် က ပြန်ဖြေသည်။

“ကျုပ်လည်း သိပါတယ်… ဓားနတ်ဘုရားငယ်လေးဆိုတာ အရင်ခေတ် အထွဋ်အထိပ် ကျင့်ကြံသူ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဓားတောင်ထိပ်က ဂိုဏ်းချုပ် မူရှန်ယွမ် ရဲ့ ငယ်နာမည်ဖြစ်တယ်ဆိုတာ…”

“ဒါပေမဲ့ ခင်ဗျားတို့ မသိတာက အဲဒီအဖိုးကြီး မူရှန်ယွမ် က ဓားနတ်ဘုရားငယ်လေး ဆိုတဲ့အမည်ကို ဆရာသခင်လေး ကျန်းချင်းရှီ ဆီကို လွှဲပြောင်းပေးလိုက်တာ ကြာပြီဆိုတာကိုပဲ…”

ထိုစကားက ဤနေရာတွင် ရှိနေသူ အားလုံးကို အကြီးအကျယ် အံ့အားသင့်သွားစေသည်။

လေးယောက်မြောက်အစ်မ နန်မန်စူး သည် စွမ်းအားနည်းပါးသူ တစ်ဦးဖြစ်သော်လည်း ဉာဏ်ရည် ဉာဏ်သွေး အလွန်မြင့်သောကြောင့် နန်မန်သခင်မကြီး၏ အကြံပေးသူ နေရာကို ရရှိထားသည်။

ထိုစကားကို ကြားသောအခါ သူမ က မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီး ပြောသည်။

"ဓားနတ်ဘုရား ဆိုတဲ့ ဘွဲ့က အဘိုးကြီး ဟူချင်းတိ ဆီကနေ အရင်ဆုံး ပေါ်ပေါက်လာခဲ့တာပဲ… သူက အရင်မျိုးဆက်က ခေတ်ဟောင်း ကျင့်ကြံသူ တစ်ယောက်လည်းဖြစ်တယ်…”

“အဘိုကြီး မူရှန်ယွမ် ကျင့်ကြံခြင်းလောကမှာ ထင်ရှားလာတဲ့အချိန် ဓားနတ်ဘုရားဆိုတဲ့ ဘွဲ့ကို လိုချင်တဲ့အတွက် ဟူမိသားစုကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သွားခဲ့တယ်…”

“ဒါပေမဲ့ အကြိမ်တိုင်းမှာ အနိုင်အရှုံး အဖြေမပေါ်ခဲ့ဘူး…”

“အဲဒီအချိန်တုန်းက အဘိုးကြီး မူရှန်ယွမ် ရဲ့ အသက်က ငယ်သေးတော့ သိပ်ကိုချောမောခန့်ညားပြီး အင်မတန် ယဥ်ကျေးသူ တစ်ယောက်လည်း ဖြစ်ခဲ့တယ်…”

“သူ့ကို ဟူချင်းတိ ကိုယ်တိုင် ဓားနတ်ဘုရားဆိုတဲ့ ဘွဲ့ကို လွှဲပြောင်းပေးခဲ့တယ်….”

“အဲဒီနောက်ပိုင်း အဘိုးကြီးမူ အသက်အရွယ်လေး ရလာတဲ့ အချိန်မှာ သူ့လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီး ဓားနတ်ဘုရား ဟူချင်းတိ ကို အလွန်လေးစားသွားခဲ့တယ်…”

“သူဟာ ဓားနတ်ဘုရားဆိုတဲ့ ဘွဲ့ကို သူကိုယ်တိုင်ပဲ ပြန်စွန့်လွှတ်ခဲ့တယ်…”

“ဒါပေမဲ့ အခုကျမှ ဆရာသခင်လေး ကျန်းချင်းရှီ ကို ရုတ်တရက်ကြီး ဘာဖြစ်လို့ ဒီဘွဲ့ကို လွှဲပေး လိုက်ရတာလဲ…”

ဝေချီဟန် က ခေါင်းခါပြီး ပြန်ဖြေသည်။

“အဲဒီကိစ္စကို ကျုပ်လည်း သေသေချာချာ မသိပါဘူး…”

“ကျုပ်သိထားတာ တစ်ခုက အဘိုးကြီးမူ ဒီဘွဲ့ကို လွှဲပြောင်းပေးစဥ် အချိန်တုန်းက ကျုပ်တို့ တာ့လန်အင်ပါယာရဲ့ ဘိုးဘေးကြီးကိုယ်တိုင် အသိသက်သေအဖြစ် ရှိနေခဲ့တယ်…”

အကြောင်းအရာအပေါ် တိတိကျကျ သိလိုက်ရသောအခါ လူငယ်အဖွဲ့၏ စကားဝိုင်းသည် ပို၍ပင် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသည်။

သူတို့တစ်ယောက်ချင်းစီတွင် ခန့်မှန်းချက် တစ်ခုစီရှိပြီး သူတို့မိသားစုမှ ရရှိထားသော သတင်းများကို ပြန်လည် ဝေမျှရင်း ငြင်းခုံနေကြ၏။

ဓားနတ်ဘုရားငယ်လေး ဆိုသော အမည်တွင် အဆုံးမဲ့ ညှို့ဓာတ်များ ပါနေပြီး လူငယ်အားလုံးကို ဖမ်းစားထားနိုင်ခဲ့သည်။

မာနအကြီးဆုံးဖြစ်သော နန်မန်ကျူ ပင်လျှင် နှစ်သက်သဘောကျသော အရိပ်အယောင်များ ပြသနေပြီး ပြောဆိုလိုက်သည်။

“အဲဒီ ဒဏ္ဍာရီဆန်ဆန် ဓားနတ်ဘုရားငယ်လေးနဲ့သာ ဆုံခွင့်ရမယ်ဆိုရင် ဒီတစ်ခေါက် ဆောင်ယန်တောင်ကို လာရတာက တကယ်တန်လွန်းသွားပြီ…”

စွန်းလင်အာ သည် အကြောင်းပြချက် မရှိဘဲ စွန်းယန်ဝမ် ၏ မျက်နှာကို မြင်ယောင်နေမိသည်။ သူမ ချက်ခြင်းခေါင်းကိုရမ်းကာ စိတ်ထဲတွင် ရယ်လိုက်မိ၏။

"သူက ဘယ်လိုလုပ် ဓားနတ်ဘုရားငယ်လေး ဖြစ်နိုင်မှာလဲ… သူ့အစ်ကိုဆိုရင်တောင် သူ့ထက် ဖြစ်နိုင်ချေ အဆတစ်ရာလောက် ပိုရှိသေးတယ်…”

ဤအကြောင်းအရာသည် အလွန်စွဲဆောင်မှု အားကောင်းနေသောကြောင့် စွန်းယွမ်ဟဲ ပင်လျှင် မနေနိုင်တော့ဘဲ သူတို့စကားဝိုင်းထဲကို ရောက်ရှိလာသည်။

သူသည် ကျင့်ကြံခြင်းလောက၏ အလွန်ဝါရင့်နေသူ တစ်ဦး ဖြစ်သောကြောင့် သူ့၏ စကားအနည်းငယ် ဝင်ရောက်ပြောဆိုမှုက စကားဝိုင်း၏ အရှိန်ကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေတော့သည်။

ထိုသူများအားလုံး သူ့အစ်ကိုကြီးအကြောင်း ဆွေးနွေးနေသည်ကိုတော့ စွန်းယန်ဝမ် သိနိုင်ခြင်း မရှိပေ။

ကျန်းချင်းရှီ သည် ဓားနတ်ဘုရားငယ်လေး သို့မဟုတ် ဓားနတ်ဘုရား ဖြစ်သည်ဟူသော ကြီးကျယ်ခမ်းနားမှုကိုလည်း သူနားမလည်ပေ။

လက်ရှိတွင် သူ့၌ အလွန်စိတ်ရှုပ်စရာကောင်းသော ပြဿနာ တစ်ခုကို ရင်ဆိုင်နေရသည်။

လူတစ်ဦးသည် သူတို့ညီအစ်ကိုနှစ်ဦး သွားနေသည့် လမ်းပေါ်တွင် ပိတ်ရပ်နေပြီး သူစီးနေသော မြင်းကို မရမက လိုက်ဝယ်နေသည်။

ထိုသူသည် ဆောင်ယန်ဂိုဏ်းမှ တပည့်မဟုတ်သလို သိုင်းပြိုင်ပွဲသို့ လာရောက်သော ပရိတ်သတ်လည်း မဟုတ်ချေ။

၎င်း၏ အရပ်သည် အနည်းငယ်ပုပြီး ခန္ဓာကိုယ်က ဖောင်းကားနေကာ မျက်နှာမှာ အလွန်ကြမ်းတမ်း သည်။

၎င်းက စိတ်မရှည်တော့သည့် လေသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ငွေဒင်္ဂါးဆယ်ပြားပေးမယ် အဲ့ဒီမြင်း ငါ့ကိုပေးစမ်း… ဒါမှ ဆက်ငြင်းနေဦးမယ်ဆိုရင် ငါ့လက်ထဲမှာ ကိုင်ထားတဲ့ နဂါးနက်တုတ်က လူမှုရေးတွေဘာတွေ နားလည်တာမဟုတ်ဘူး…”

စွန်းယန်ဝမ် သူ့ခေါင်းကို တဗျင်းဗျင်း ကုတ်နေမိ၏။

သူသည် အာပေါက်မတတ် ရှင်းပြထားပြီး ဖြစ်သော်လည်း ဤဝက်တစ်ကောင်ကဲ့သို ဝဝပုပုနှင့်လူသည် လူစကားကို နားမလည်သလို ပို၍ပင် ရိုင်းစိုင်းကြမ်းတမ်းလာခဲ့သည်။

၎င်းသည် စွန်းယန်ဝမ် သူ့မြင်းအား လုံးဝ မရောင်းသည်ကို သိသွားသောအခါ သူ့လက်ကို “ဆတ်”ခနဲ လှမ်းလိုက်ပြီး မြင်း၏ ဇက်ကြိုးကို ဆွဲယူရန် ကြိုးစားလိုက်သည်။

စွန်းယန်ဝမ် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။

“ဒီသောက်ရူးကတော့… ဒါက မင်းဘက်က အရင်စတာနော်…”

သူသည် ခါးတွင်ပတ်ထားသော လင်ရှီးဓားကို “ဆတ်”ခနဲ ပုတ်လိုက်သောအခါ ဓားသည် ရှေ့ကို တရှိန်ထိုး ထိုးထွက်လာသည်။

ဟူမိသားစု၏ နတ်ဆိုးသတ်ဓားကွက်များသည် စိတ်ထင်တိုင်း အသုံးချ၍ မရသလို ဟွမ်ယွမ်ဓားကွက် မှာလည်း အသုံးပြုရန် စွမ်းအားအလွန်အကျွံ လိုအပ်ခြင်းကြောင့် ယင်းတို့အား လက်လွတ်စပယ် အသုံးပြုရန် မဖြစ်နိုင်ပေ။

ထို့ကြောင် ရိုးရှင်းသော ဓားကွက်တစ်ခုကိုသာ သူက ထုတ်ဖော်လိုက်သည်။ ထို့အပြင် ဤဓားကွက်သည် သာမန်ဂိုဏ်းငယ်လေးများတွင်ပင် အသုံးပြုကြသည့် အခြေခံ အကျဆုံး ဓားကျင့်စဉ် တစ်ခုလည်း ဖြစ်သည်။

သို့သော် ဓားပညာကို လပေါင်းများစွာ ကြိုးစားပမ်းစား လေ့ကျင့်ထားခြင်းကြောင့် သာမန်ဓားချက် ဖြစ်သော်လည်း လွန်စွာမြန်ဆန်မှုရှိသည်။

ဓားအလင်းတန်းတစ်ခု “လက်”ခနဲ တောက်ပသွားပြီး ထိုသူ၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

“ကောင်းတယ် လာခဲ့စမ်း..”

အရပ်ပုပုနှင့်လူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်ကျောမှ နဂါးနက်တုတ်ကို ဆွဲထုတ်ကာ သူ့ဆီသို့ ဝင်ရောက်လာသော ဓားရှည်ကို အားကုန် ရိုက်ထုတ်ပစ်လိုက်၏။

All Chapters