← Chapters

ကဒ်ဆိုး

Vol. 171 Ch. 2440

ကဒ်ဆိုး

Vol. 171 Ch. 2440

ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ အဓိကခန်းမရှေ့တွင် နတ်ဘုရားရုပ်ကြွင်းက အော်မြည်နေခဲ့သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က နတ်ဘုရားရုပ်ကြွင်းထံ အာရုံစူးစိုက်ထားပြီး သူက ရုတ်တရက် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း သူ့ထံ တည့်မတ်စွာ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။

“ဟမ့်” အခြားထိပ်သီးကျင့်ကြံသူ သုံးယောက်၏ မျက်လုံးများက ပွင့်ဟလာပြီး ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်လိုက်သည်။ သူတို့သည် ဆန္ဒခြောက်ပါးအရှင်သခင်က ထိုရုပ်ကြွင်းကို အလျင် နားလည်သဘောပေါက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဗုဒ္ဓအသံက ပဲ့တင်ထပ်လာပြီး ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လာသည်။ ထိုအသံကို ကြားသည့် လူများသည် သူတို့၏ ကျောရိုးထဲမှပင် တုန်လှုပ်သွားခဲ့ကြသည်။ ကြီးမားလှသည့် ရွှေရောင်ဗုဒ္ဓလက်ဝါးက လေဟာနယ်အတွင်း ပေါ်ပေါက်လာပြီးနောက် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ရှိမေသည့် နေရာအား ချိပ်ပိတ်ကာ ဆန္ဒခြောက်ပါးအရှင်သခင်ထံ ရွေ့လျားသွားခြင်းမှ တားဆီးလိုက်သည်။

ယခင်က သူတို့ လေးယောက်လုံး ဤနေရာ၌ နတ်ဘုရားရုပ်ကြွင်းကို နားလည်သဘောပေါက်ရန် ကြိုးစားနေသော်လည်း သူတို့ထဲက မည်သူမှ ဉာဏ်အလင်းပွင့်မှု မရှိလေရာ သူတို့ကြားတွင် သေချာသည့် မျှခြေတစ်ခု ထိန်းသိမ်းထားနိုင်ပေသည်။

သို့သော် ယခု ဆန္ဒခြောက်ပါးအရှင်သခင်က နတ်ဘုရားရုပ်ကြွင်းကို နားလည်သဘောပေါက်ရန် လမ်းစပေါ်ပေါက်လာပြီး ၎င်းနှင့် ပေါင်းစပ်နိုင်တော့မည် ဖြစ်သည်။ သူက ၎င်းကို ထိန်းချုပ်၍ပင် ရနိုင်ပေတော့မည်။ ဤကဲ့သို့သော အချိန်မျိုးတွင် သူတို့က ထင်သလောက် တည်ငြိမ်မနေနိုင်တော့ပေ။ သူတို့က ချက်ချင်း လှုပ်ရှားကြရတော့မည် ဖြစ်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်ကလည်း တွန့်ဆုတ်နေလိမ့်တော့မည် မဟုတ်ပေ။ သူ့လက်ဝါးများက လေထဲတွင် တုန်ယင်နေခဲ့ပြီး ရုတ်တရက် လေဟာနယ်တွင် ပြင်းထန်သည့် ပေါက်ကွဲသံများနှင့် ပြည့်နှက်လာသည်။ အချို့သော လက်သီးအရှိန်အဝါတို့က လေထဲ၌ ပေါက်ကွဲထွက်လာပြီး ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးက ရိုက်ခတ်လာကာ ၎င်းကို ပွင့်ဟသွားစေခဲ့သည်။

တစ်ချိန်တည်းတွင် အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့ နှစ်ယောက်လုံးကလည်း လှုပ်ရှားလာကြသည်။

ရုတ်တရက် ကြောက်မက်ဖွယ် နက်​မှောင်သည့်လေဟာနယ်တစ်ခု ပေါ်ပေါက်လာကာ ဆန္ဒခြောက်ပါးအရှင်သခင်၏ ရှေ့၌ ပေါ်ပေါက်လာပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ် အနက်ရောင်လေပွေလှိုင်းတို့ဖြင့် ပြည့်နှက်သွားခဲ့ပေသည်။ အနက်ရောင်နတ်ဘုရားစစ်ပုဆိန်တစ်ခုက သူ့ခေါင်းထက် ကျဆင်းလာပြီး ကောင်းကင်ထက်တွင် ထိတ်လန့်ချောက်ချားဖွယ် ဖျက်ဆီးခြင်းလှိုင်းများ ရစ်သိုင်းလာ၏။

လွတ်လပ်မှုအရှင်သခင်၏ အနောက်တွင် ကြီးမားလှသည့် နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာကာ လက်ဝါးရိပ်ကြီးတစ်ခုက အောက်သို့ ရိုက်ခတ်လာသည်။ ၎င်းက ကောင်းကင်နှင့် နေမင်းကို လွှမ်းခြုံသွားကာ လောကတစ်ခွင်အား ဖိနှိပ်လာပေသည်။

ထိပ်သီးကျင့်ကြံသူသုံးယောက်က တစ်ချိန်တည်းတွင် တိုက်ခိုက်လာခဲ့သည်။

ဆန္ဒခြောက်ပါးအရှင်သခင်ကို နတ်အလင်းများ ဝန်းရံထားပြီး ကြောက်မက်ဖွယ် ရွှေရောင်ရောင်ဝါတို့အဖြစ် ပြောင်းလဲသွားကာ ခုခံမှုအကာအကွယ်တစ်ခု ဖြစ်တည်လာသည်။ သူ့အနီးမှ အရာအားလုံးက ဇောက်ထိုးမိုးမျှော်အခြေအနေသို့ ရောက်ရှိသွားပြီး အောက်ဘက်မြေပြင်ကလည်း အော်မြည်ကာ အက်ကွဲလာပေသည်။

ကောင်းကင်ထက်တွင် နက်မှောင်သော ဖျက်ဆီးခြင်းစစ်ပုဆိန်က နက်မှောင်သောအလင်းမျနှင့်အတူ မုန်တိုင်းလေပွေအတွင်း ပေါ်ပေါက်လာသည်။ ညနတ်ဘုရားတစ်ပါးကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ဖွယ် ပုံရိပ်တစ်ခုက လေဟာနယ်အတွင်း အနန္တိမဖျက်ဆီးခြင်းနတ်ဘုရားတစ်ပါးအဖြစ် ပေါ်ပေါက်လာသည်။

နတ်ဘုရားစစ်ပုဆိန်က စက္ကန့်ပိုင်းအတွင်း အောက်သို့ ကျဆင်းလာကာ ရွှေရောင်အလင်းလွှာပေါ်သို့ ရိုက်ခတ်လာကာ ဆန္ဒခြောက်ပါးအရှင်သခင် တည်ဆောက်ထားသည့် ခုခံမှုအကာအကွယ်ကို အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ကြောက်မက်ဖွယ်အလင်းတို့က အလင်းလွှာပေါ်တွင် လှည့်ပတ်နေကာ အနီးဝန်းကျင်မှ လေဟာနယ်အား အပြည့်အဝဖျက်ဆီးပစ်ခံရလုနီးနီး ဖြစ်လာခဲ့ပေသည်။ သို့သော် အနောက်ဘက်လောက၏ လေဟာနယ်က မူလဘုံနှင့် ကောင်းကင်ဒေသထက် ပို၍ တည်ငြိမ်သောကြောင့် အက်ကြောင်းများက အဝေးထိ ပျံ့နှံ့သွားခဲ့ခြင်း မဟုတ်ပေ။

သို့သော် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်က အခြေအနေဆိုးနေခဲ့သည်။ မုန်တိုင်းက အနီးဝန်းကျင်၌ စိမ့်ဝင်ပျံ့နှံ့နေသောအခါ မြေပြင်တွင် အက်ကြောင်းကြီးများ ပွင့်ဟလာပြီး အဆောက်အဦးများစွာ ပြိုကျသွားခဲ့သည်။​ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှ ကျင့်ကြံသူများသည် တိုက်ပွဲအစကတည်းက အဝေးသို့ ဆုတ်ခွာသွားခဲ့ကြပြီး ဖြစ်သည်။ သူတို့သည် ဤအဆင့်မှ တိုက်ခိုက်မှုများကြားတွင် တိုက်ကွက်တစ်ကွက်ကပင် သေဆုံးခြင်းကို ဦးတည်စေနိုင်သည်ကို သိရှိပြီး သူတို့ ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းမရှိသည်ကို အကြွင်းမဲ့ နားလည်သဘောပေါက်ပေသည်။

“မင်းတို့သုံးယောက် လွန်လွန်းသွားပြီ။” ဆန္ဒခြောက်ပါးအရှင်သခင်က ဖြေးညင်းစွာ မတ်တပ်ထရပ်ရင်း ပြောလိုက်သည်။ သူ့ကို ဝန်းရံထားသည့် ရွှေရောင်မုန်တိုင်းက ပိုမိုကြောက်မက်ဖွယ်ကောင်းလာပြီး သူက ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေခဲ့သည်။

သို့သော် သူတို့သုံးယောက်က ဆန္ဒခြောက်ပါးအရှင်သခင် ပြောသည့်စကားကို နားထောင်ရန် အလုပ်ရှုပ်မခံနေခဲ့ပေ။ သူတို့၏ မဟာလမ်းစဥ်စွမ်းအားတို့က မဟာအင်ပါယာရှန်ကျား နတ်ဘုရားရုပ်ကြွင်းထံ တိုးဝင်သွားကာ နတ်ဘုရားရုပ်ကြွင်းအား သူတို့ဘက်သို့ မျောလွင့်လာစေသည်။ သူတို့က ဆန္ဒခြောက်ပါးအရှင်သခင်ကို နတ်ဘုရားရုပ်ကြွင်းအား နားလည်သဘောပေါက်သွားမည်အား ခွင့်မပြုနိုင်ပေ။

ဘုန်း... သို့သော် ထိုအခိုက်အတန့်တွင် နတ်ဘုရားရုပ်ကြွင်းမှ ထောင်ချီသည့် သင်္ကေတအက္ခရာများကဲ့သို့ ထိတ်လန့်အံ့သြဖွယ် ရွှေရောင်နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ ကျင့်ကြံသူသုံးယောက်ကို တိုက်ခိုက်လိုက်သည်။ သူတို့ သုံးယောက်ကို ကြည့်ရသည်မှာ အလွန် တည်ငြိမ်နေပြီး သူတို့၏ ခန္ဓာကိုယ်များကို မဟာလမ်းစဥ်နတ်အလင်းတို့နှင့် ဝန်းရံထားကာ သူတို့၏ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်ကို ဤကျူးကျော်လာသည့် စွမ်းအားများမှ ကာကွယ်ပေးထားသည်။

သူတို့က အေးစက်စွာ သရော်လိုက်ပြီး သူတို့၏ မျက်လုံးများက ဆန္ဒခြောက်ပါးအရှင်သခင်ကို အာရုံစိုက်ထားခဲ့သည်။ တိုက်ခိုက်မှုများအလယ်မှ ဆန္ဒခြောက်ပါးအရှင်သခင်က ယခုထိ လက်မလျှော့သေးပုံရသည်။ သူက သူတို့ကို တိုက်ခိုက်ရန် နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

“ကျုပ်တို့ ဘာလုပ်သင့်လဲ။” အရှင်ယဲ့က တခြားလူနှစ်ယောက်ကို စိတ်ချင်းဆက်သွယ်ကာ မေးမြန်းလိုက်သည်။ ရှင်းလင်းစွာပင် ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ပတ်သတ်၍ ဖြေရှင်းရန် ဆွေးနွေးနေသည်မှာ ရှင်းလင်းပေသည်။ ယခု သူတို့က မီးကုန်ယမ်းကုန် တိုက်ခိုက်ရမည့် တူညီသော ရန်သူတစ်​ယောက် ဖန်တီးမိခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ဆန္ဒခြောက်ပါးအရှင်သခင်က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ဆက်သွယ်ကာ ထိန်းချုပ်နိုင်စွမ်း ရှိလာပုံရကာ သူတို့အတွက် အာရုံစိုက်စရာ ဖြစ်လာစေသည်။

သူတို့က ယနေ့ ဤနေရာ၌ ရပ်တန့်လိုက်လျှင် ဆန္ဒခြောက်ပါးအရှင်သခင်က နောက်ပိုင်းတွင် သေချာပေါက် ပြန်လည်ပေးဆပ်ရအောင် လုပ်ဆောင်ပေလိမ့်မည်။

“သတ်။” အေးစက်သောအသံတစ်ခုက သူတို့နှစ်ယောက် နားထဲသို့ ဝင်ရောက်လာပြီး ပြောလိုက်သူမှာ အရှင်ချူးချန် ဖြစ်ပေသည်။ သူက ထိုစကားကို ပြောလိုက်သော်လည်း သူ့အသံက တည်ငြိမ်ကာ မျက်နှာက အေးချမ်းနေဆဲ ဖြစ်သည်။ သူ့အနီးတွင် ဗုဒ္ဓ၏ အလင်းရောင်က လင်းလက်နေပြီး သူက အလွန် ဆုံးဖြတ်ချက် ပြတ်သားနေပုံရသည်။

“အဲဒါမှန်တယ်။ အနာဂတ်မှာ ပြဿနာမဖြစ်အောင် သေချာလုပ်ရမယ်။” လွတ်လပ်မှုအရှင်သခင်က ထိုစကားများကို ကြားသောအခါ သဘောတူလိုက်သည်။ သူတို့ သုံးယောက်လုံးက နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့က အလွန် ဆုံးဖြတ်ချက် ပြတ်သားသူများ ဖြစ်ကြပေသည်။ သူတို့က ထိုကဲ့သို့ ဆုံးဖြတ်ပြီးပြီဖြစ်ရာ တွေဝေနေလိမ့်မည် မဟုတ်သလို သူ့ကို လွတ်မြောက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

အချိန်တိုအတွင်း သူတို့က ဆန္ဒခြောက်ပါးကောင်းကင်၏ အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြပေသည်။

“ကောင်းပြီ။” အရှင်ယဲ့က ပြန်ဖြေလိုက်ပြီး သူတို့သုံးယောက်က ချက်ချင်း သဘောတူညီမှု ရသွားခဲ့ကြသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစွမ်းအားများက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်တစ်ခွင် လွှမ်းခြုံလာပြီး နတ်တောင်တန်းတစ်ခွင်ကိုပင် လွှမ်းမိုးသွားခဲ့ပေသည်။ ထိုအချိန်၌ သန်မာအားကောင်းသည့် သတ်ဖြတ်ခြင်းစွမ်းအားများက ပျံ့နှံ့လာပေသည်။

ထိုထိပ်သီးကျင့်ကြံသူသုံးယောက်ထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှ ကျင့်ကြံသူများ၏ အမူအရာတို့က ရုတ်တရက် အထိတ်တလန့် ဖြစ်သွားကြပေသည်။

ယခင်က ထိပ်တိုက်ရင်ဆိုင်မှုသည် သာမန် အငြင်းအခုန်ဖြစ်မှုသာ ဖြစ်ခဲ့သော်လည်း ယခု သူတို့က ပူးပေါင်းကာ ဆန္ဒခြောက်ပါးအရှင်သခင်ကို သတ်ဖြတ်ရန် ကြိုးစားနေကြောင်း သိသာလှပေသည်။

နတ်ဘုရားရုပ်ကြွင်းကို ရယူရန်အတွက် ထိုထိပ်သီးပုဂ္ဂိုလ်များက ကောင်းကင်အရှင်တစ်ယောက်အား သတ်ပစ်ဖို့ရာ မည်သည့်အရာဖြစ်စေ လုပ်ဆောင်ကြပေလိမ့်မည်။

ဆန္ဒခြောက်ပါးအရှင်သခင် သေဆုံးသွားခဲ့လျှင် နောက်ထပ် အကျိုးကျေးဇူးမှာ ရီဖူရှင်းကို သူတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်လာနိုင်ချေရှိပေသည်။

ဆန္ဒခြောက်ပါးအရှင်သခင်သည်လည်း ကျင့်ကြံသူသုံးယောက်ထံမှ ထွက်လာသည့် ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများကို သတိပြုမိပေသည်။ သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက ခေါင်းမော့ကာ လေဟာနယ်အတွင်းသို့ ကြည့်လိုက်ပြီး ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အထက် ကောင်းကင်သည် နတ်မြူများဖြင့် ဝန်းရံခံထားရသည့် သန့်စင်မြင့်မြတ်သော နယ်မြေ မဟုတ်တော့ပေ။ ယခုတွင် နတ်ဘုရားကပ်ဘေး၏ အနက်ရောင်တိမ်တိုက်များနှင့် ဖုံးလွှမ်းထားပြီး ဖျက်ဆီးခြင်းအနက်ရောင်အလင်းတို့ လင်းလက်လာကာ နတ်ဘုရားတောင်တန်းသို့ ကျဆင်းလာပြီး တောင်တန်းပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ထိုနတ်ဘုရားကပ်ဘေး၏ အနက်ရောင်အလင်းများတွင် ဝိုးတဝါးမျက်နှာတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ဖျက်ဆီးခြင်းနတ်ဘုရားနှင့် ဆင်တူပေသည်။ ၎င်းက ယဲ့မော်ကောင်းကင်၏ အရှင်ယဲ့ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးက အရှင်ယဲ့၏ ဖျက်ဆီးခြင်းလမ်းစဥ်တို့ဖြင့် လွှမ်းမိုးခံထားရသော အကြွင်းမဲ့နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။

တစ်ချိန်တည်းတွင် အခြားတစ်ဖက်၌ နတ်ဘုရားကဲ့သို့ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြန်ကာ ၎င်းက လွတ်လပ်မှုအရှင်သခင်မှလွဲ၍ အခြားမဟုတ်ပေ။

ဗုဒ္ဓ၏ အလင်းရောင်က အရှင်ချူးချန် ခန္ဓာကိုယ်ပေါ် လင်းလက်လာပြီး သူ့နောက်တွင် ရှေးဟောင်းဗုဒ္ဓတစ်ပါးကဲ့သို့ ပုံရိပ် ပေါ်ပေါက်လာသည်။ ၎င်းက ကောင်းကင်ကို ဖုံးလွှမ်းပြီး နေကို ပိတ်ကွယ်မိသွားလောက်အောင် အဆုံးမဲ့ ကြီးမားလှသည်။ အမှောင်ထုထဲမှ အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုထိပ်သီးကျင့်ကြံသူ သုံးယောက်၏ အရှိန်အဝါတို့က အလွန် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ထိုထိတ်လန့်ကြောက်ရွံ့ဖွယ် မုန်တိုင်းအောက်၌ တောင်ပေါ်မှ အားလုံးသော ကျင့်ကြံသူများက တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ ဤနေရာသည် တစ်ချိန်က ဆန္ဒခြောက်ပါးကောင်းကင်၏ အသန့်စင်အမြင့်မြတ်ဆုံး နယ်မြေဖြစ်ခဲ့သည့် နေရာက ယခုအချိန်တွင် ငရဲကဲ့သို့ ပြောင်းလဲသွားပုံရလေသည်။ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သည်ပင် အက်ကြောင်းများ ဖြစ်ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ​ဖြစ်သွားခဲ့သည်။

ထိုကျင့်ကြံသူသုံးယောက်က  သူတို့ကိုယ်သူတို့ ထိန်းချုပ်မထားတော့ဘဲ သူ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြပေသည်။

“မင်းတို့ သုံးယောက်က အရမ်း ရက်စက်တာပဲ။ ဒီနေ့ မင်းတို့ ကျုပ်ကို ဘာလုပ်ချင်လို့လဲ။” ကိစ္စက လက်ထဲမှ လွတ်ထွက်သွားပြီဖြစ်ရာ ဆန္ဒခြောက်ပါးအရှင်သခင်က သူ၏ ပြိုင်ဘက်သုံးယောက်ကို မကြောက်ရွံ့တော့ဘဲ အလွန် အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူက ထိုနတ်ဘုရားရုပ်ကြွင်းထံမှ တစ်ခုခုကို နားလည်သဘောပေါက်မိရုံနှင့် ထိုမျှ ပြင်းထန်သည့် တုန့်ပြန်မှုမျိုး ရလာလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ ဝိုးတဝါးနှင့် သူသည် ထိုအဖြစ်အပျက်၏ အလှည့်အပြောင်း၌ တစ်စုံတစ်ခုက အလွန် မှားယွင်းနေကြောင်း ခံစားမိခဲ့ပေသည်။ မည်သို့ဖြစ်၍ ထိုသို့ အနည်းငယ်မျှသော နားလည်သဘောပေါက်မှုက ထိုမျှထိ ပြင်းထန်သော တုန့်ပြန်မှုကို ဖြစ်နိုင်စေပါသည်လား။

သို့သော် သူက ထိုကိစ္စများကို တွေးနေရန်အတွက် အချိန်မရှိပေ။

ရီဖူရှင်း ရှိနေသည့် နေရာ ယန်ရှင်းတောင်တွင်လည်း ဖျက်ဆီးခြင်းနှင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခြင်းအလယ်တွင် ရှိနေခဲ့ပေသည်။  ရှေးဟောင်းတောင်ထိပ်တွင် ရီဖူရှင်းက ထရပ်လိုက်ပြီး သူ့ခြေထောက်အောက်မှ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်က လေထဲ၌ ရစ်ဝဲနေခဲ့ပြီး အဝေးသို့ ကြည့်နေခဲ့၏။ ထိုမျက်လုံးများထဲ၌ ရှင်းလင်းပြတ်သားသည့် အေးစိမ့်မှုတို့ ရှိနေခဲ့ပေသည်။

ဆန္ဒခြောက်ပါးအရှင်သခင်က သူ့ကို ဤနေရာ၌ ဆွဲထားကာ သူ့အသက်နှင့် နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်ချင်နေသည့်အတွက် ယခု သူက ဆန္ဒခြောက်ပါးအရှင်သခင်၏ ဆန္ဒကို ဖြည့်ဆည်းပေးရပေလိမ့်မည်။

All Chapters