← Chapters

ရေဘဝဲမိစ္ဆာ

Vol. 1 Ch. 72

ရေဘဝဲမိစ္ဆာ

Vol. 1 Ch. 72

ကျန်းရီသည် ညကို ဂူငယ်လေး တစ်ခုအတွင်း ကုန်ဆုံးခဲ့ပြီး နောက်တစ်နေ့တွင် စောစော နိုးလာခဲ့သည်။ သူသည် နှစ်နာရီနီးပါး လမ်းလျှောက် လိုက်ပြီးနောက် နတ်ဆိုး သားရဲများကို စတင်၍ ရှာဖွေလိုက်သည်။

ယနေ့သည် အံ့အားသင့်စရာ ကောင်းအောင် ငြိမ်းချမ်းနေသည်။ သူအမဲလိုက် နေချိန်တွင် အခြားသော ပြိုင်ပွဲဝင်များနှင့် တွေ့သော်လည်း သူတို့သည် လုယူရန် မပြုမူခဲ့ကြပေ။ ကျန်းရီသည်လည်း တံဆိပ်ပြားတစ်ခုမှ လုယူရန် မလိုတော့ပေ။ ထို့ကြောင့် ယနေ့သည် အတော်လေး ငြိမ်းချမ်း နေခဲ့သည်။

ကျန်းရီသည် ယနေ့တွင် သားကောင် မရှားပါးတော့ပေ။ သူသည် နတ်ဆိုးသားရဲ ဆယ့်နှစ်ကောင်ခန့် သတ်လိုက်နိုင် ခဲ့သော်လည်း သုံးခုမှာ အနက်ရောင် တံဆိပ်ပြားသာ ဖြစ်သည်။ ယခု သူ့တွင် စုစုပေါင်း တံဆိပ်ပြား နှစ်ဆယ့်လေးခု ရှိနေခဲ့ပြီး ရှစ်ခုမှာ အနက်ရောင် ဖြစ်သည်။

ငါ့မှာ တံဆိပ်ပြားက အရောင်ရှစ်မျိုးပဲ ရှိသေးတယ်။ နောက်ဆုံး တစ်ရောင်က တံဆိပ်ပြား တစ်ခုလောက်တောင် ငါမရနိုင်တော့ဘူးလား။

ကျန်းရီသည် အတော်လေး စိတ်ပူနေခဲ့သည်။ တစ်ရက်သာ အချိန်ရတော့ရာ သူသာ တံဆိပ်ပြား အလုံအလောက် မရခဲ့လျှင် သွေးရှင်းတမ်း ပြိုင်ပွဲကို ကျရှုံးလိမ့်မည် ဖြစ်သည်။

တတိယမြောက်နေ့တွင် ကျန်းရီသည် နေမထွက်ခင်ကပင် နိုးလာခဲ့သည်။ လူတိုင်း နီးပါး နိုးနေကြသည်ကိုလည်း သူတွေ့ရသည်။ တံဆိပ်ပြား အလုံအလောက် မရသေးသူများမှာ အများကြီး ဖြစ်ကြောင်း ထင်ရှားသည်။ သူတို့သည် အစွမ်းကုန် ကြိုးစားရန် ပြင်ဆင် နေကြသည်။

"ဟေး ...  အစ်ကိုလေး ...  စောင့်ပါဦး"

တောင်၏ လမ်းတစ်ခုပေါ်တွင် ကျန်းရီသည် ခပ်ဝဝလူငယ် တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ကျန်းရီ၏ မျက်လုံးများသည် အေးစက် သွားခဲ့သည်။ သူသည် ထိုလူငယ်မှာ သူ့တံဆိပ်ပြားများကို လုယူရန် ကြံစည်နေသည်ဟု ထင်လိုက်သည်။ ကျန်းရီသည် ထိုလူငယ်၏ တံဆိပ်ပြားများကို ပြန်လုယူရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ထိုဝတုတ်သည် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင် ထားသော်လည်း သူ့ကိုယ်သည် သူ့အဝတ်အစားများ၏ တန်ဖိုးကို ဖျက်ဆီး နေလေသည်။ သူသည် မကောင်းသည့် ရည်ရွယ်ချက် မရှိကြောင်း လက်နှစ်ဖက် မြှောက်ပြ လာခဲ့သည်။ သူသည် ကျန်းရီနှင့် ပေသုံးဆယ်ခန့် အကွာတွင် ရပ်တန့်လိုက်ပြီး ရယ်မော၍ စကားဆို လာခဲ့သည်။

"ဟီးဟီး ...  အစ်ကိုလေးမှာ တံဆိပ်ပြားတွေ ရှိလား။ ကျွန်တော် အဲဒါတွေကို ဈေးကောင်းပေးပြီး ဝယ်ချင်လို့ပါ''

"တံဆိပ်ပြားတွေကို ဝယ်တာ''

ကျန်းရီသည် ဆွံ့အ သွားသော်ငြား အမြန်ပင် တွေးမိသွားခဲ့သည်။ သူတို့သည် တံဆိပ်ပြားများကို လုယူ၍ ရနေမှတော့ ဝယ်လို့လည်း ရမည် ဖြစ်သည်။ သင်တန်းကျောင်းသည် ကျောင်းသို့ ဘယ်လိုဝင်ရောက် လာသည်ကို ဂရုစိုက်နေမည် မဟုတ်ပေ။ တံဆိပ်ပြား လုံလုံလောက်လောက် ရှိနေသရွေ့ ကျောင်းသို့ ဝင်ရောက်နိုင်ပေသည်။ ကျန်းရီ၏ နှုတ်ခမ်းများသည် တွန့်ကွေး သွားခဲ့ပြီး ပြန်ပြောလိုက်သည်။

"ငါ့မှာ မရှိဘူး။ ငါတောက် အလုံအလောက် မရှိသေးလို့ ဝယ်ချင်နေတာ မင်း တခြားတစ်ယောက်ကို ရှာတာ ပိုကောင်းလိမ့်မယ် ''

ဝတုတ်သည် ပါးများ မို့တက်သွားပြီး မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးလိုက်သည်။

"ဒီက အစ်ကိုလေး ...  ကျွန်တော့်မှာ တံဆိပ်ပြား အပိုတွေ ရှိပါတယ်။ အဲဒါတွေကို ရောင်းပေးရမလား။ တံဆိပ်ပြား တစ်ခုကို ခရမ်းရောင်ရွှေ ဘယ်လောက်ပေးနိုင်လဲ''

"အမ်''

ကျန်းရီသည် ဆွံ့အ သွားခဲ့သည်။ ထို့နောက် သူသည် အသာအယာပင် မေးလိုက်သည်။

"မင်းမှာ ဘယ်အရောင်တွေ ရှိလဲ။ တစ်ခုကို ဘယ်လောက်လဲ''

ဝတုတ်သည် ရယ်မောလိုက်သည်။

"အစ်ကိုလေးကို ရိုးရိုးသားသား ပြောရရင် ကျွန်တော်က တံဆိပ်ပြားတွေ အများကြီး ဝယ်နေတာက ပြန်ရောင်းဖို့ပဲ။ ဘယ်တွေလိုတာလဲ။ ရွှေရောင်တံဆိပ်ပြားက လွဲရင် ကျွန်တော့်မှာ ကျန်တာအားလုံး ရှိတယ်။ တစ်ခုကို ခရမ်းရောင်ရွှေ တစ်ရာတေးလ် ကျမယ်''

ကျန်းရီသည် ဆွံ့အ သွားခဲ့ပြီး တစ်ချိန်တည်း၌ ရယ်ချင်နေခဲ့သည်။ သူ့တွင် ခရမ်းရောင်ရွှေ အလုံအလောက် မရှိသည့်အတွက် မျက်မှောင်ကြုတ် လိုက်မိသည်။ သူသည် ခဏလောက် တွေးတောပြီးနောက် မေးမြန်း လိုက်သည်။

"ငါ့မှာ ခရမ်းရောင်ရွှေတွေ အများကြီး မရှိဘူး။ အရောင်းအဝယ် လုပ်ဖို့ မြေကမ္ဘာအဆင့် ဆေးလုံးတွေကို သုံးလို့ရလား။ ပြီးတော့ ...  ရွှေရောင် တံဆိပ်ပြားတွေ ဘာလို့ မရှိတာလဲ''

"မြေကမ္ဘာအဆင့် ဆေးလုံးတွေ၊ ကောင်းတာပေါ့"

ဝတုတ်သည် မျက်လုံးများ တောက်ပသွားကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

"ကောင်းပြီ ...  တံဆိပ်ပြား တစ်ခုကို မြေကမ္ဘာအဆင့် ဆေးတစ်လုံး၊ အစ်ကိုလေး  ...  ဘယ်အရောင် မရှိတာလဲ။ ဒါနဲ့ ရွှေရောင် တံဆိပ်ပြား အကြောင်းကို မသိဘူးလား အဲဒါတွေက အရမ်းရှားတယ်။ စုစုပေါင်းမှ အခုတစ်ရာပဲ ရှိတာ၊ ဒီသွေးရှင်းတမ်း ပြိုင်ပွဲမှာ နတ်ဆိုးသားရဲတွေ ထောင်ချီပြီး ရှိတယ်။ ကံမကောင်းဘူး ဆိုရင် သုံးရက်မပြောနဲ့ ဆယ်ရက် ကြာရင်တောင် တစ်ခု မရနိုင်ဘူး''

ငါထင်တဲ့အတိုင်းပဲ …

ကျန်းရီသည် ချက်ချင်း သဘောပေါက်သွားကာ သူ့တံဆိပ်ပြားများကို အမြန်ထုတ်၍ လိုနေသော အရောင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် မြေကမ္ဘာအဆင့် ဆေးလုံးများကို တူညီသော ပမာဏအတိုင်း ထုတ်ယူလိုက်ပြီး ဝတုတ်နှင့် လဲလှယ်လိုက်သည်။

"အစ်ကိုလေးက တကယ့်ကို ဖြောင့်မတ်တဲ့ လူပဲ သင်တန်းကျောင်းကို ဝင်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ကျွန်တော့်နာမည်က ချမ်ဝမ်ကွမ်ပါ၊ရှောင်ဝမ်လို့ ခေါ်လို့ရပါတယ်။ အစ်ကိုလေးက သင်တန်းကျောင်းကို ဝင်ခွင့်ရခဲ့ရင် ကျွန်တော့်ကို ကြည့်ရှုပေးပါဦး''

ဝတုတ်သည် ကျန်းရီထံမှ မြေကမ္ဘာအဆင့် ဆေးလုံးများကို လက်ခံပြီးသည်နှင့် ပို၍ပင် ဖော်ရွေ လာခဲ့သည်။ သူသည် ကျန်းရီ သွားသင့်သော လမ်းကိုတောင် ညွှန်ပြ ပေးလိုက်သေးသည်။ သူသည် ကျန်းရီနှင့် စကားပြော နေချိန်တွင် အခြားလူ တစ်အုပ်သည် ချည်းကပ် လာခဲ့သည်။ သူသည် ကျန်းရီကို ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြကာ လူအုပ်ထံ ဦးတည် သွားခဲ့သည်။ အဝေးမှပင် ကျန်းရီသည် သူ့စကားများကို ကြားနေရပေသည်။

"အစ်ကိုတို့ ...  တံဆိပ်ပြား အပိုများ ရှိကြလား။ ဒီက ညီလေးက ဈေးကောင်းပေးပြီး ဝယ်ချင်လို့ပါ''

ချမ်ဝမ်ကွမ် ...  မွေးရာပါ စီးပွားရေး ပညာရှင်ပဲ။

ကျန်းရီသည် ကြိတ်၍ သက်ပြင်း ချလိုက်သော်လည်း အတော်လေး ကျေနပ်နေခဲ့သည်။ သူသည် မြေကမ္ဘာအဆင့် ဆေးလုံး အနည်းငယ်ကို သုံး၍ သူ့တွင် မရှိသော တံဆိပ်ပြားများဖြင့် လဲခဲ့သည်။ ယခု သူသည် ရွှေရောင် တံဆိပ်ပြားကို ရှာရန်သာ လိုတော့သည်။

ရွှေရောင် တံဆိပ်ပြားက တစ်ရာပဲ ရှိတာလား။ ဒါတွေက ကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲ တွေမှာပဲ ရှိမယ်ထင်ရတယ်။

ကျန်းရီသည် ခဏလောက် စဉ်းစားနေခဲ့ပြီး ပြေးထွက်သွား ခဲ့သည်။ တစ်နာရီခန့် ကြာပြီးနောက် သူသည် လျှိုမြောင်တစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုလျှိုမြောင်သည် အတော်လေး မတ်စောက်ကာ ငုံ့ကြည့်လိုက်လျှင် အမှောင်ထုကြီး ကိုသာ တွေ့ရသည်။ အောက်တွင် ဘယ်လို နတ်ဆိုးသားရဲ အမျိုးအစား ပုန်းအောင်း နေသည်ကို မသိနိုင်ပေ။ ကျန်းရီသည် တစ်ချက် ကြည့်လိုက်ရုံဖြင့် အောက်တွင် အားကောင်းသော နတ်ဆိုးသားရဲများ ရှိနေမည် ဖြစ်ကြောင်း မသိစိတ်က အလိုလို သိလိုက်သည်။

ကျန်းရီသည် ခဏမျှ စဉ်းစားလိုက်ပြီး အနီးတစ်ဝိုက်ကို ရှာဖွေ ကြည့်လိုက်လေသည်။ မကြာခင်မှာပင် သူသည် လျှောစောင်းလေး တစ်ခုကို တွေ့လိုက်ရ၍ ဂရုတစိုက် ဆင်းလိုက်သည်။ လမ်းတစ်ဝက်ခန့်တွင် အပုပ်နံ့တို့သည် အန်ချင်စရာ ကောင်းလောက်အောင် ထွက်ပေါ် လာခဲ့သည်။

သူဆက်ဆင်းလာ လေလေ မှောင်လာ လေလေ ဖြစ်သည်။ ကျန်းရီသည် သွေးညှီနံ့ များကိုပါ ရလာခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို မျက်လုံးထံ ပို့ဆောင်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်တွင် လုံးဝ မည်းမှောင် နေခဲ့သော်လည်း သူသည် မြင်ကွင်း တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်။

"ဝေါ့ ... ''

မြင်ကွင်းသည် ကျန်းရီကို ထိုးအန်လုနီးပါး ဖြစ်သွား စေသောကြောင့် သူသည် အလျင်အမြန် ပြန်တက်လာ လိုက်ရသည်။ သူသည် လျှိုမြောင်အောက်တွင် ရေဘဝဲပုံ နတ်ဆိုးသားရဲ တစ်ကောင်ကို တွေ့လိုက်ရသည်။ ပို၍ အရေးကြီးသည်ကား အောက်တွင် လူသေအလောင်း လေးခု ရှိနေခဲ့သည်။ ထိုရေဘဝဲပုံ နတ်ဆိုး သားရဲသည် အလောင်းတစ်ခုကို သူ့လက်များကို သုံး၍ ရစ်ပတ်ကာ ဆွဲယူနေခဲ့သည်။ လျှိုမြောင် ကြမ်းပြင်တွင် ခြေပြတ်၊ လက်ပြတ်များ၊ အူများက နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ ကျန်းရီသည် အတော်လေး စိတ်ထိန်း နိုင်သော်လည်း သူ့နေရာတွင်သာ အခြားတစ်ယောက် ဆိုပါက ရူးလောက်အောင် ကြောက်လန့် သွားပေလိမ့်မည်။

"ရှဲ ... ရှဲ"

အပေါ်မှ အသံများသည် နတ်ဆိုးသားရဲကို အသိပေး လိုက်သလို ဖြစ်သွားကာ သူ့လက်များသည် နွယ်ပင်များကဲ့သို့ အပေါ်သို့ အလျင်အမြန် ဆန့်ထွက် လာခဲ့သည်။ ၎င်းသည် ကျန်းရီကို ချက်ချင်းမီလာပြီး ရစ်ပတ်ရန် ပြင်လိုက်သည်။

သေချင်နေတာလား။

ကျန်းရီ၏ လက်တွင်းမှ အစိမ်းရောင်ဓားသည် လှုပ်ရှား သွားခဲ့သည်။ သူသည် ကိုယ်ကို တစောင်း လှည့်လိုက်ကာ သူ့နောက်ရှိ ရေဘဝဲလက် တစ်ချောင်းကို ရက်ရက်စက်စက် ပိုင်းချ လိုက်လေသည်။

"ဘန်း"

ရေဘဝဲလက်သည် အလွယ်တကူ ပြတ်တောက် သွားသောအခါ ကျန်းရီသည် ဆွံ့အ သွားရလေသည်။ ဒီနတ်ဆိုးသားရဲက ကြမ်းတမ်းပုံ ပေါ်ပေမဲ့ ပြင်ပခုခံအားက အားနည်းလွန်း နေတာလား။

"ရှဲ … ရှဲ"

ကျန်လက်များသည် သူ့ထံသို့ တိုးဝင် လာခဲ့ပြန်သည်။ ကျန်းရီသည် လက်ရှိ အခြေအနေကို သေချာ မစဉ်းစားနိုင်သေးပဲ နောက်လက်နှစ်ချောင်းကို အမြန်ပိုင်းချ လိုက်ရသည်။ ရလဒ်သည်ကား အလားတူပင်။ ကံတရား၏ ဓားစိမ်းသည် လက်နှစ်ချောင်းကို လွယ်ကူစွာ ပိုင်းဖြတ် သွားခဲ့ပြန်သည်။

တစ်ခုခုက မူမမှန်ဘူး။

သူ့နောက်ကျောမှ အေးစိမ့် သွားသည်ကို ခံစားလိုက်ရသော် ကျန်းရီသည် သူဘာမှား နေသည်ကို သဘောပေါက် သွားခဲ့ပြီး ဆွံ့အ သွားရလေသည်။ သူလှည့်ကြည့် လိုက်သောအခါ သူစောစောက ပိုင်းဖြတ် ထားခဲ့သော လက်သည် အသစ်ပေါက်နေခဲ့ပြီ ဖြစ်သည်။ ထို့နောက် ၎င်းသည် သူ့ကိုယ်ကို ရစ်ပတ်ကာ အောက်သို့ ဆွဲချသွားခဲ့သည်။

ဒီရေဘဝဲမိစ္ဆာက တကယ်ကြီး လက်တွေ ပြန်ပေါက်လာနိုင်တာပဲ။ ကျန်းရီသည် လှည့်ကြည့်လိုက်သော် အခြား လက်နှစ်ချောင်းသည်လည်း ပြန်ပေါက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဘာဆက်ဖြစ်တော့မည်ကို သဘောပေါက် သွားခဲ့သည်။

သို့သော် သူအသိ နောက်ကျ သွားခဲ့လေသည်။ သူ့ကိုယ်သည် လျှိုမြောင်အောက်သို့ ဆွဲချခံနေရပြီ ဖြစ်သည်။ ထိုရေဘဝဲမိစ္ဆာသည် သူ၏ ကြောက်စရာ ပါးစပ်ကြီးကို ဟလိုက်ရာ လွှသွားပုံ သွားကြီးများ ပေါ်လာခဲ့လေသည်။ ကျန်းရီသာ ထိုပါးစပ်ကြီးဖြင့် အကိုက်ခံလိုက်ရပါက အကျိုးဆက်သည် သူတစ်ပိုင်း ပြတ်သွား ပေလိမ့်မည်။

ငါလုပ်ရမယ်။

ကျန်းရီသည် မခုခံခဲ့ပေ။ သူသည် ရုန်းကန် ဟန်ဆောင်ကာ ထိုလက်များဖြင့် ပါးစပ်ထဲသို့ ဆွဲယူခြင်းကို ခံလိုက်သည်။

သုံးပေ ...  နှစ်ပေ ...  အခုပဲ ...  သေစမ်း ...

ကျန်းရီသည် အော်ဟစ်လိုက်ပြီး ချုပ်နှောင် ခံထားရသော ဘယ်ဘက်လက်ကို လိမ်ကာ ဘယ်လက်ကို ချုပ်ထားသော ရေဘဝဲ၏ လက်ကို ဆုပ်ကိုင်ထားသော ဓားဖြင့် ဖြတ်တောက်လိုက်သည်။ ထိုလက်သည် ပြတ်တောက် သွားသည်နှင့် သူ့ဘယ်ဘက်လက်သည် လွတ်မြောက်သွားကာ ကျန်ရေဘဝဲ လက်ချောင်းများကို ဖြတ်တောက် နေလိုက်သည်။ တစ်ချိန်တည်း၌ သူ့ညာဘက် လက်သည် အနက်ရောင်နှင့် အပြာရောင် အတွင်းအားကို ပေါင်းစပ် စုစည်းလိုက်ပြီး ရေဘဝဲ၏ ပါးစပ်ကြီးထံ ရိုက်ချလိုက်သည်။

"ဗုန်း"

ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ကျန်းရီသည် မည်သည့် အင်အားကိုမှ အသုံးမပြုနိုင်ပဲ သူ၏ အတွင်းအား ပေါက်ကွဲ လက်ဝါးကိုသာ အင်အားကုန် အသုံးပြုလိုက် ရသည်။ လျှိုမြောင် တစ်ခုလုံးသည် တုန်ခါသွားခဲ့ပြီး တောက်ပသော အလင်းရောင်တို့ ဖြာထွက် လာခဲ့သည်။ ဘေးဘက် နံရံများမှ ရွှံ့လွှာများ သည်လည်း ပေါက်ကွဲ တုန်ခါမှုကြောင့် ကွာကျလာခဲ့သည်။ ကျန်းရီ၏ နားစည်များသည် ကွဲထွက်လု မတတ်ပင် ခံစားနေရပြီး သွေးများပါ စီးကျ လာခဲ့သည်။

ကျန်းရီသည် ရင်ဘတ်ထံမှလည်း စူးရှရှ နာကျင်မှုကို ခံစားနေခဲ့ ရသည်။ သူ မတ်တတ် ရပ်လိုက်သည်နှင့် ပါးစပ်မှ သွေးအပြည့် ထွက်ကျ လာခဲ့လေသည်။ သူသည် ရေဘဝဲ မိစ္ဆာကြီးကို ချက်ချင်း လှမ်းကြည့် လိုက်သောအခါ ဆွံ့အ သွားရလေသည်။

သူ့လက်ဝါး ရိုက်ချက်သည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်လူ၏ အားအပြည့်နှင့် ရိုက်ချက်ကို ယှဉ်နိုင်လေသည်။ အဲဒါတောင် ဒီရေဘဝဲမိစ္ဆာကို မသတ်နိုင်သေးဘူးလား။ ၎င်း၏ ကိုယ်တစ်ခုလုံးသည် တစ်စစီ ဖြစ်နေသော်လည်း လျင်မြန်စွာ ပြန်လည် အသစ်ဖြစ်ပေါ် လာနေသည်ကို ကျန်းရီ မြင်နေရသည်။

အဲဒီ အစိမ်းရောင်ပုလဲ …

ကျန်းရီသည် ရေဘဝဲမိစ္ဆာ၏ ကိုယ်တွင်းမှ အစိမ်းရောင်ပုလဲ တစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းသည် အစိမ်းရောင် ဖျော့ဖျော့ ဖြာထွက် နေခဲ့သည်။ ၎င်းသည် သာမန် ပစ္စည်းတစ်ခု မဟုတ်သည်မှာ ထင်ရှားသည်။

ဒီမိစ္ဆာရဲ့ ပြန်လည် အစားထိုး ဖြစ်တည်နိုင်စွမ်းက ပုလဲနဲ့ ဆက်စပ် နေလောက်တယ်။ အဲဒါက အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်ရမယ်။

ကျန်းရီ၏ မျက်လုံးများသည် တောက်ပ သွားခဲ့သည်။ သူသည် ကိုယ်မှ နာကျင်မှုနှင့် အားနည်းနေမှု တို့ကို လျစ်လျူရှု လိုက်သည်။ ထို့နောက် သူသည် ကံတရား၏ ဓားစိမ်းကို သေချာ ဆုပ်ကိုင်လိုက်ကာ ရေဘဝဲမိစ္ဆာထံ ပစ်သွင်းလိုက်သည်။

*****

All Chapters