ယောက်ျားလေးလိုဝတ်ထားသည့် ‘စစ်ခုန်ချင်း’ များလား
Vol. 26 Ch. 357
အခန်း (၃၅၇) ယောက်ျားလေးလိုဝတ်ထားသည့် ‘စစ်ခုန်ချင်း’ များလား
“တကယ်ကြီး သူသေကိုယ်သေ စော်နေကြတာလား”
ရန်ကျောက်ကဲက စိတ်ဝင်တစားမေးလိုက်သည်။
အားဟူက ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ အဲဒီ ပင်လယ်လုပ်သားရဲ့စကားအရဆိုရင် တကယ့်ကို သူသေကိုယ်သေ အသက်စွန့်ပြီးတိုက်ခိုက်နေကြတာတဲ့ ၊ သူက ဒီအတိုင်းပဲဖြတ်သွားတာဆိုတော့ တိုက်ပွဲ ဘာဆက်ဖြစ်လဲ သေသေချာချာ မသိခဲ့ဘူးတဲ့”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“သူ့စကားအရဆိုရင်တော့ သူတို့နှစ်ယောက်က လက်ရည်ညီနေတဲ့သဘောပဲ”
အားဟူက...
“ပြီးတော့ အဲဒီပင်လယ်လုပ်သားက ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပါ ၊ အသက်လည်းမငယ်တော့သလို အတွေ့အကြုံလည်း ရင့်ကျက်တယ် ၊ သူ့ပိုင်းခြားသိမြင်နိုင်စွမ်းကတော့ မဆိုးဘူးထင်တာပဲ”
ရန်ကျောက်ကဲက...
“ဒါနဲ့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ နှစ်ယောက်ဖြစ်နေပြီး တူညီတဲ့သိုင်းပညာကိုပဲ အသုံးပြုနေကြတာလား”
အားဟူက...
“အဲဒီလိုတော့မဟုတ်ဘူး ၊ သူတို့နှစ်ယောက်က ရုပ်ချင်းတူကြပေမယ့် တစ်ယောက်က ဝါဒတောင်သိုင်းပညာအသုံးပြုပြီး ကျန်တဲ့တစ်ယောက်က ဘယ်ဂိုဏ်းက သိုင်းပညာအသုံးပြုနေလဲဆိုတာ ခွဲခြားမသိနိုင်ဘူး ၊ ဒါပေမဲ့ သူ့ရဲ့သိုင်းပညာကလည်း နက်နဲမှုနဲ့ စွမ်းအားပြင်းထန်တာမှာ ဝါဒတောင်သိုင်းပညာထက် မလျော့ဘူးတဲ့”
ရန်ကျောက်ကဲက...
“အားဟူရာ... ဒါဆိုရင်တော့ ပြဿနာရှိနေပြီ”
သူက ခေါင်းကိုမော့လိုက်ရင်း...
“အဲဒီမိန်းကလေးက ဂိုဏ်းတူညီမလေး’စစ်ခုန်’ နဲ့ အတိအကျ ရုပ်ချင်းဆင်တူနေတယ်ဆိုရင်... သူတို့က သက်တူရွယ်တူလို့ ပြောလို့ရတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ရဲ့ ကျင့်ကြံခြင်းအဆင့်က သူနဲ့သက်တူရွယ်တူတွေထက် အများကြီးသာလွန်တယ်ဆိုတာ ငါတို့နှစ်ယောက်လုံး သိတာပဲ မဟုတ်လား”
ရန်ကျောက်ကဲက ဖြည်းညင်းစွာဆက်ပြောသည်။
“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းလျှင်မြန်တယ် ၊ ငါတို့ ဝါဒတောင်မှာသာမက နေသူတော်စင်ဂိုဏ်း ၊ ကျောက်စိမ်းပင်လယ်မြို့တော် ၊ လှိုင်းနက်ဂေဟာ ၊ အဆုံးမဲ့တောင်တန်းက ပင်မတိုက်ရိုက်တပည့် ပါရမီရှင်တွေကြားမှာတောင် သာလွန်တဲ့သူပဲ ၊ သူက လက်ရွေးစင်တွေထဲက လက်ရွေးစင်ပါပဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာက သက်တူရွယ်တူတွေကြားမှာ သူမနဲ့ခြေရာတိုင်းနိုင်တဲ့သူ သိပ်မရှိဘူး ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’ က အတော်လေး ထူးခြားတဲ့သူတစ်ယောက်ပါ”
ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း...
“ဂိုဏ်းတူညီမလေး’စစ်ခုန်’ သိုင်းပညာရှင်တစ်ယောက်ဖြစ်လာတဲ့နောက်ပိုင်း သူ့ရဲ့အဆင့်တက်မှုက တစ်လောကလုံးကို တုန်လှုပ်စေတယ်လို့ ဆိုနိုင်တဘ် ၊ အခု သူနဲ့တိုက်ခိုက်တဲ့သူက ဂိုဏ်းတူညီမလေး’စစ်ခုန်’ နဲ့ ရုပ်ချင်းလည်းတူသလို ကျင့်ကြံခြင်းအဆင့်လည်း တူညီတယ် ၊ ဒါက ပုံမှန်ရောဟုတ်ရဲ့လား”
ထိုစကားကိုကြားတော့ အားဟူက အတန်ကြာ စဉ်းစားနေသည်။
ပြီးမှ...
“ပြီးတော့ အဲဒီမိန်းကလေးက တခြားထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ခုက တပည့်လည်း မဟုတ်ဘူး”
သူကဆက်ပြောသည်။
“မိန်းကလေး’စစ်ခုန်’ က ဝါဒတောင်မှာ ကောင်းကောင်းမွန်မွန် ကျင့်ကြံနိုင်ခဲ့တယ် ၊ ရင်းမြစ်ပစ္စည်းတွေ သိုင်းစွမ်းအခြေခံတွေ သူ့အတွက် အဆုံးမရှိ ပံ့ပိုးပေးထားတာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကျင့်ကြံခြင်းနဲ့ပတ်သက်ရင် ထိပ်သီးသိုင်းဂိုဏ်းကြီးတွေထက် သာတဲ့နေရာ ဘယ်မှာရှိလို့လဲ ၊ လောင်းတောင်လောင်းရဲတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း နှုတ်ခမ်းများအပေါ်သို့ တွန့်ကွေးသွားသည်။
“ဒီကိစ္စကို ငါ အတော်စိတ်ဝင်စားနေပြီ”
ဤကိစ္စက သာမန်ထက်ထူးခြားပြီး ရှုထောင့်မျိုးစုံ တွက်ချက်နိုင်သည်။
ထို့ပြင် စစ်ခုန်ချင်းက ထူးခြားစွာ ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာမြင့်တက်နေခြင်းနောက်ကွယ်မှ လျှို့ဝှက်ချက်က ဤကိစ္စနှင့် ဆက်စပ်နေနိုင်သည်။
သူက အခြားသူများ၏လျှို့ဝှက်ချက်များကို စပ်စုတတ်သူမဟုတ်သော်လည်း စစ်ခုန်ချင်းအကြောင်းကိုတော့ စိတ်ဝင်စားသည့်အတွက် အနည်းငယ် အာရုံစိုက်ခဲ့သည်။
ရန်ကျောက်ကဲ ရွှီဖေးကို နှုတ်ဆက်စကားဆိုပြီးနောက် တည်းခိုရာနေအိမ်မှ ထွက်ခွာလာသည်။
အားဟူက အတော်လေးစိတ်ချရသူဖြစ်၏။ သူက မြို့ထဲလျှောက်သွားရင်း စစ်ခုန်ချင်းနှင့်ဆုံတွေ့ခဲ့သည့် ပင်လယ်လုပ်သား၏ နေအိမ်ကို တစ်ခါတည်း စုံစမ်းထားသည်။
အားဟူက ဦးဆောင်ခေါ်လာသဖြင့် ထိုပင်လယ်လုပ်သားနှင့် ရန်ကျောက်ကဲ တွေ့ဆုံခွင့်ရခဲ့သည်။
စောစောက အားဟူပြောပြသည့် အသေးစိတ်အချက်အလက်များကို ထပ်မံအတည်ပြုပြီးနောက် ရန်ကျောက်ကဲက မေးခွန်းထုတ်သည်။
“ကျွန်တော်တို့ ဝါဒတောင်ကတပည့်အပြင်... တခြားတစ်ယောက်ရဲ့သိုင်းပညာက အဘိုးအို’မော့’ နဲ့များ ဆက်စပ်နေနိုင်သလား”
စွမ်းအားမြင့်မားသောသိုင်းပညာအမွေအနှစ်ကို ဆက်ခံထားပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက် ပင်လယ်ဒေသတွင်ထွက်ပေါ်လာသည်ဆိုကတည်းက ရန်ကျောက်ကဲက ဒဏ္ဍာရီပမာ စွမ်းအားမြင့်မားသူ ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ ကို ချက်ချင်းတွေးမိသည်။
ထိုပုဂ္ဂိုလ်က အလွန်ရှေးကျပြီး ယွမ်ကျန်းဖုန်းနှင့် ဟွမ်ကွမ်လီတို့ထက်ပင် အသက်အရွယ်ကြီးရင့်သူဖြစ်သည်။ သူက ကျန်းဒေါင်ဂီ ၊ ကျန်းရှီလော့ ၊ နေသူတော်စင်ဂိုဏ်းမှကျန်းချောင်တို့နှင့် မျိုးဆက်တူညီသူ ဖြစ်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထွတ်ထိပ်အဆင့် သိုင်းသူတော်စင်များအနက် အဘိုးအို’မော့’ က သက်တမ်းအရှည်ကြာဆုံး ဖြစ်သည်။
သို့ပေသိ အဘိုးအို’မော့’က ဂိုဏ်းတစ်ခုလည်းမတည်ထောင်ခဲ့သလို နယ်မြေတစ်ခု သိမ်းပိုက်ခြင်းလည်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ပင်လယ်နှင်းနီးကပ်သောဒေသများတွင်တော့ ဝါရင့်သိုင်းသူတော်စင်တစ်ယော်ကဖြစ်သော အဘိုးအို’မော့’ကို မည်သူမှ လျစ်လျူမရှုရဲကြပေ။
ပင်လယ်လုပ်သားက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး...
“ကျွန်တော်က ဒဏ္ဍာရီထဲက ပန်းချီဆရာအဘိုးအိုရဲ့ သိုင်းပညာကို တစ်ခါမှ မတွေ့ဖူးပါဘူး ၊ ဒါကြောင့် ကျွန်တော်ခန့်မှန်းမိသလောက် အဲဒီမိန်းကလေးရဲ့ သိုင်းပညာက ပန်းချီဆရာသူတော်စင်နဲ့ မပတ်သက်ဘူးလို့ ထင်ရပါတယ် ၊ ဒါပေမဲ့ ပန်းချီဆရာသူတော်စင်ဆိုတာက သိုင်းပညာအလုံးစုံကို သိရှိနားလည်တဲ့သူဖြစ်တဲ့အတွက် မဟုတ်ဘူးလို့လည်း မပြောရဲပါဘူး”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း...
“ကိစ္စမရှိပါဘူး ၊ ကျွန်တော်လည်း တွေးကြည့်မိတာပါ”
ဒဏ္ဍာရီထဲမှအဘိုးအို’မော့’ သည် ယခုနှစ်များတစ်လျှောက် လျှို့ဝှက်စွာပင် နေထိုင်ခဲ့သည်။ ပင်လယ်ဒေသတွင်နေထိုင်ရင်း လောကီရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပေ။ တစ်ခါတစ်လေ ပြင်ပလောကသို့ ထွက်လာလျှင်တောင်မှ ခဏမျှသာဖြစ်လေရာ အခြားသူများအနေဖြင့် သူ၏သိုင်းပညာအကြောင်း သိရှိနားလည်ရန် မဖြစ်နိုင်ပေ။
သို့သော် ယခင်အချိန်များက သူ ထုတ်ဖော်ပြသခဲ့သော သိုင်းပညာများကို ကြည့်ခြင်းအားဖြင့် အဘိုးအို’မော့’က သိုင်းပညာများစွာကို တတ်ကျွမ်းဟန်ရှိသည်။ အချို့သိုင်းပညာများက မဟာကပ်ဘေးကြီးမတိုင်ခင်က ကြွင်းကျန်ရစ်သည့် သိုင်းပညာများဖြစ်ပြီး အချို့ကတော့ မဟာကပ်ဘေးကြီးနောက်ပိုင်းမှ ပေါ်ပေါက်လာသော သိုင်းပညာများ ဖြစ်သည်။
အဘိုးအို’မော့’ က သူ့လက်တစ်ဖက်လုံး ထုတ်ပြသည်လား ၊ ထုတ်မပြဘူးလား မည်သူမှ သေသေချာချာ မသိနိုင်ပေ။
အားဟူက ရန်ကျောက်ကဲကို လှမ်းကြည့်ပြီး အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။
“တကယ်လို့ အဲဒီမိန်းကလေးက အဘိုးအို’မော့’ ရဲ့ မျိုးဆက်ဆိုရင် ပြဿနာမရှိဘူး ၊ ကျွန်တော်တို့ စိတ်အေးနိုင်ပါတယ် ၊ အခုကျတော့...”
ရန်ကျောက်ကဲက သူ့ကို မသိမသာ ခေါင်းခါယမ်းပြလိုက်သည်။
ထို့နောက် ပင်လယ်လုပ်သားကို မေးခွန်းအနည်းငယ်မေးပြီးနောက် နှုတ်ဆက်ပြီး ပြန်ခဲ့ကြသည်။
ရန်ကျောက်ကဲက ‘ကျောက်သားမြို့တော်’ တွင် ရုံးစိုက်သည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ပထမအဆင့် ထိပ်တန်းအကြီးအကဲကို အကြောင်းကြားပြီးနောက် ဆက်လက်ခရီးထွက်ခဲ့သည်။
ယခု သူတို့အုပ်စုတွင် အဖွဲ့ဝင်အသစ်တစ်ယောက်တိုးလာသည်။
ရွှီဖေးနှင့်အတူ လိုက်လာသော ‘ပန်ပန်’ ပင် ဖြစ်သည်။
ပန်ပန်က ရန်ကျောက်ကဲ၏လက်ကို လျှာမြင့်လှမ်းလျက်တော့ ရန်ကျောက်ကဲက လက်ကိုအသာမြှောက်ကာ ရှောင်တိမ်းရင်း နှုတ်ခမ်းများကိုမဲ့လိုက်သည်။
“စကားနားထောင်စမ်းပါ ၊ လျှာနဲ့လာလာ မလျက်စမ်းနဲ့”
ပန်ပန်က စိတ်ပျက်လက်ပျက် ညည်းညူသံတစ်ချက်ပြုရင်း ခန္ဓာကိုယ်ကိုတည့်မတ်လိုက်ပြီး ပင်လယ်ဘက်သို့ ထွက်သွားတော့သည်။
ရန်ကျောက်ကဲနှင့် အားဟူက ပန်ပန်ကျောပေါ်ခုန်တက်လိုက်ကြ၏။
ပန်ပန်၏ ခန္ဓာကိုယ်တစ်ဝိုက် အနက်ရောင်ချီစွမ်းအားများလှည့်ပတ်စီးဆင်းသွားပြီး သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးက ရေပြင်ထက်ခြေချလိုက်သည်။ ထို့နောက် မြေပြင်တွင်လမ်းလျှောက်သည့်အလား လျှောက်လှမ်းသွားတော့သည်။
ရန်ကျောက်ကဲနှင့်အားဟူက ပန်ပန်ကိုစီးနှင်ရင်း ‘ကျောက်သားမြို့တော်’ မှထွက်ခွာလာပြီး မြောက်ပင်လယ်ဒေသသို့ ထွက်ခွာလာကြသည်။
လမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲက တစ်ချက်မနားဘဲ ဆက်လက်ကျင့်ကြံခဲ့သည်။
ပန်ပန်ကိုလည်း ရေခဲနဂါးသွေးရည်အချို့ တိုက်ကျွေးလိုက်ရာ သူ့အတွက် ကြီးမားသောအကျိုးအမြတ်များ ရရှိခဲ့သည်။
သို့သော် နဂါးသွေးရည်များသောက်ပြီးနောက် ပန်ပန်ပုံစံက ထူးဆန်းလာသည်ဟု ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
သူ ဖင်ခုထိုင်နေသည့် ပန်ဒါကြီး၏ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ အဆက်မပြတ် လင်းလက်လာသည် မဟုတ်လား။
စစ်ခုန်ချင်းက ဝါဒတောင်နှင့် သူမ၏ဆရာဖြစ်သူ အကူအညီကိုမယူဘဲ အန္တရယ်ရှိသောနယ်မြေများတွင် အတွေ့အကြုံရှာဖွေချင်ခဲ့သည်။ ဝါဒတောင်က သူမ၏ဆန္ဒကိုလေးစားခဲ့ပြီး သူမ၏ကိုယ်ပိုင်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ခရီးထွက်ခွင့်ပြုခဲ့သည်။
သို့သော် အရေးပေါ်အခြေအနေများတွင် သူမကို ဆက်သွယ်နိုင်ရန် ပြင်ဆင်မှုအချို့လည်း ပြုလုပ်ထားခဲ့သည်။
ထို့ကြောင့် ဝါဒတောင်အနေဖြင့် စစ်ခုန်ချင်းတည်ရှိရာနေရာကို အတိအကျ မသိနိုင်သော်လည်း သူမမည်သည့်နေရာသို့ ရောက်ရှိနေကြောင်း ယေဘူယျ ခန့်မှန်းနိုင်မည်ပင်။
ရန်ကျောက်ကဲက အခြေအနေကို တောင်ပေါ်သို့လှမ်းအကြောင်းကြားပြီးနောက် စစ်ခုန်ချင်း ရှိနိုင်မည့်နေရာသို့ ပန်ပန်ကို စီးနှင်ရင်း ပင်လယ်ပြင်ခရီးထွက်ခဲ့သည်။
ခရီးထွက်လာရင်း စစ်ခုန်ချင်းတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို ပင်လယ်လုပ်သား တွေ့မြင်ခဲ့သောနေရာသို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲက တိုက်ပွဲအငွေ့အသက်များကို စမ်းစစ်လေ့လာရန် ထိုနေရာတွင် ခရီးတစ်ထောက် ရပ်နားလိုက်၏။
ထိုအချိန်...
သူတို့ရှေ့သို့ ခြေတစ်လှမ်းချင်းလှမ်းလာနေသူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူ၏မျက်နှာသွင်ပြင်ကိုတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်မိသည်။
သူ့ရှေ့မှလူက အခြားသူမဟုတ် ၊ “စစ်ခုန်ချင်း” ပင်။
သူမက ယောကျ်ားလေးတစ်ယောက်ပမာ ဝတ်ဆင်ထားပြီး အလွန်ထက်မြက်ကာ ချောမောလှပလွန်းသည်။
စစ်ခုန်ချင်း ယောကျ်ားလေးတစ်ယောက်ပမာ ဝတ်ဆင်ထားသည်ဟု ရန်ကျောက်ကဲ ရုတ်တရက် တွေးထင်လိုက်မိသည်။
သို့သော် ထိုသူကို သေသေချာချာ လေ့လာကြည့်ပြီးနောက် တကယ့်ယောကျ်ားလေးအစစ်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။
ယောကျ်ားလေး မိန်းကလေး မတူညီသည်မှလွဲပြီး ထိုလူငယ်က စစ်ခုန်ချင်းနှင့် တစ်ထေရာတည်း တူလွန်းလှလေသည်။