စစ်ခုန်ချင်းကိုရှာဖွေခြင်း
Vol. 26 Ch. 358
အခန်း (၃၅၈) စစ်ခုန်ချင်းကိုရှာဖွေခြင်း
သူ့ရှေ့မှလူငယ်ကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံးများတွန့်ချိုးကာ အလေးအနက်စဉ်းစားနေသည်။
သူ့ဘေးနားမှအားဟူမှာ အံ့သြလွန်းသဖြင့် လျှာပင်ကိုက်မိလုမတတ်ဖြစ်သွားပြီး...
“သခင်လေး... ဒါက ဘယ်လိုဖြစ်တာလဲ”
ရန်ကျောက်ကဲတို့ရောက်နေသည်က မြောက်ပင်လယ်မှ ကျွန်းငယ်လေးတစ်ခုပေါ်တွင် ဖြစ်သည်။
သူက လူငယ်ထံမှအကြည့်များကို ရုတ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။
ထို့နောက် ပေါ့ပေါ့ပါးပါး လေသံဖြင့်...
“သွားမေးကြည့်ရင် သိရမှာပေါ့”
ပြောပြီးသည်နှင့် သူက လူငယ်ရှေ့သို့ လျှောက်သွားလိုက်သည်။ ရန်ကျောက်ကဲကို တွေ့သည်နှင့် လူငယ်ကလည်း အနည်းငယ် သတိထားလိုက်ဟန် ရှိသည်။
ရန်ကျောက်ကဲက လူငယ်ရှေ့တွင် ပိတ်ရပ်လိုက်ရင်း...
“ဒီကမိတ်ဆွေကို ဘယ်လိုခေါ်ရမှန်းမသိလို့... ခုလို ရိုင်းပြမိတာ ခွင့်လွှတ်ပါ ၊ ဒါပေမဲ့ မင်းက ငါတို့မိတ်ဆွေတစ်ယောက်နဲ့ အတော်လေး ရုပ်ချင်းဆင်နေလို့ပါ ၊ သူကတော့ မိန်းကလေးတစ်ယောက်ပေါ့”
ထိုလူငယ်က ယောကျ်ားလေးတစ်ယောက်ဖြစ်သော်လည်း မိန်းကလေးဆန်သောကိုယ်နေဟန်ရှိပြီး စစ်ခုန်ချင်းနှင့်အလွန်ဆင်တူသည်။ ရန်ကျောက်ကဲစကားကိုကြားသည့်အခါ သူမျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။
သို့သော် သူက ရန်ကျောက်ကဲကို တစ်ချက်အကဲခတ်လိုက်ပြီး မေးသည့်မေးခွန်းကိုမဖြေဘဲ ပြန်လည်မေးခွန်းထုတ်သည်။
“အခု ငါက ဝါဒတောင်သခင်လေး ‘ရန်ကျောက်ကဲ’ ရှေ့ကို ရောက်နေတာလား”
ရန်ကျောက်ကဲက တည်ငြိမ်စွာ ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ ငါက ‘ရန်ကျောက်ကဲ’ ပါပဲ”
လူငယ်က...
“ငါ့နာမည်က ချွိယန်ချီပါ ၊ ပင်လယ်တစ်ဖက်မှာနေပါတယ် ၊ ဝါဒတောင်သခင်လေးရဲ့ နာမည်ကျော်ကြားမှုတွေကတော့ မိုးခြိမ်းသံလိုပဲ့တင်ထပ်ပြီး ငါတို့ဒေသအထိ သတင်းရောက်လာတာပါပဲ ၊ ဒီနေ့ နာမည်ကြီး ဝါဒတောင်သခင်လေးနဲ့ တွေ့ခွင့်ရတာ သုံးဘဝစာ ကံကောင်းတာပါပဲ”
“ချွိယန်ချီ...”
ရန်ကျောက်ကဲက ခပ်တိုးတိုးရေရွတ်လိုက်သည်။
လူငယ်က ရန်ကျောက်ကဲကို ကြည့်ရင်း...
“’ရန်’ သခင်လေးရဲ့ မိတ်ဆွေက ကျွန်တော်နဲ့ ရုပ်ချင်းအတော်ဆင်လို့လား”
မေးခွန်းထုတ်ပြီးမှ ချွိယန်ချီက လေသံခပ်အေးအေးဖြင့်...
“ပွင့်ပွင့်လင်းလင်းပြောရရင် ငါ ဒီကိုရောက်လာရတဲ့အကြောင်းရင်းကလည်း ငါနဲ့တူတဲ့သူတွေကြောင့်ပါပဲ ၊ ဒီနေရာမှာ ငါနဲ့တူတဲ့လူနှစ်ယောက် တိုက်ခိုက်နေတယ်လို့ သတင်းကြားလို့ စိတ်ဝင်စားလို့ လာကြည့်တာ ၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက မိန်းကလေးတွေတဲ့ဗျာ ၊ ရယ်စရာတော့ အကောင်းသား”
ရန်ကျောက်ကဲက စစ်ခုန်ချင်းနှင့်ဆင်တူသည့် လူငယ်၏မျက်နှာကို တိတ်တဆိတ် အကဲခတ်နေသည်။
မိန်းကလေးနှင့် ယောကျ်ားလေးကွဲပြားသည်မှလွဲပြီး ချွိယန်ချီသည် စစ်ခုန်ချင်းနှင့် အလွန်ဆင်တူသည်။
ပြီးတော့ ချွိယန်ချီ၏ ကိုယ်နေဟန်ထားက သက်တူရွယ်တူယောကျ်ားလေးများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်သွယ်လျသည်။
သူက စစ်ခုန်ချင်းနှင့် ရုပ်ချင်းဆင်တူလေရာ သူတို့နှစ်ယောက်၏ အရိုးတည်ဆောက်ပုံများကလည်း တူညီနေနိုင်သဖြင့် ထိုသို့ ခန္ဓာကိုယ်သွယ်လျခြင်း ဖြစ်နိုင်သည်။
သို့ပေသိ သူတို့နှစ်ယောက်၏ ဟန်အမူအရာနှင့် စကားပြောဆိုပုံက လုံးဝမတူညီသည့်အတွက် စကားပြောလိုက်သည်နှင့် စစ်ခုန်ချင်းမဟုတ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။
လူငယ်၏အသံက စစ်ခုန်ချင်းနှင့်အနည်းငယ်ဆင်တူသော်လည်း ယောကျ်ားလေးအသံဖြစ်သည့်အတွက် မိန်းကလေးတစ်ယောက်အသံနှင့်တော့ သိသိသာသာ ကွဲပြားသည်။
ထို့ပြင် သူတို့နှစ်ယောက်၏ လေသံ ၊ စကားပြေအမြန်နှုန်းများကလည်း လုံးဝ ကွဲပြားသည်။
ရန်ကျောက်ကဲက ချွိယန်ချီကိုကြည့်ရင်း ပြုံးလိုက်သည်။
“ကြားရတာ စိတ်မကောင်းစရာပဲ ၊ မင်းက ငါ့ရဲ့ ဂိုဏ်းတူညီမလေးနဲ့ အရမ်းတူနေတော့ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေများလားလို့တောင် ထင်မိတာ”
ချွိယန်ချီ၏မျက်ဝန်းများ အနည်းငယ်မှိန်ဖျော့သွားသော်လည်းသူက ပြုံးလိုက်ရင်း...
“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ် ၊ ငါ့မိဘတွေက ငယ်ငယ်ထဲက ဆုံးသွားကြပြီလေ ၊ အဲဒီတုန်းက အဖြစ်အပျက်တွေကိုတောင် မမှတ်မိတော့ပါဘူး”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးဟန်ဖြင့်...
“ဒါဖြင့် မင်းရဲ့ဆရာဘယ်သူလဲဆိုတာ သိခွင့်ရှိမလား ၊ ငါ သူ့အကြောင်း ကြားဖူးရင် ကြားဖူးမှာပေါ့”
ချွိယန်ချီက...
“ငါ့ဆရာက ပင်လယ်တစ်ဖက်မှာနေတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပါ ၊ ပြည်မကြီးမပြောနဲ့ ပင်လယ်ကုန်းတွင်းပိုင်းဒေသတွေမှာတောင် သူ့ကိုသိတဲ့သူ ခပ်ရှားရှားရယ် ၊ ဒါကြောင့် ‘ရန်’ သခင်လေး သူ့ကို သိမယ်မထင်ပါဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကောင်းပြီလေ ၊ ဒီလိုဆိုမှတော့... မင်း အချိန်ရရင် ဝါဒတောင်ကို လာရောက်လည်ပတ်နိုင်ပါတယ် ၊ အမြဲတမ်း ကြိုဆိုနေမှာပါ”
ချွိယန်ချီက လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“’ရန်’ သခင်လေးဆီက ခုလိုဖိတ်ကြားခံရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ”
သူက ဆက်ပြောသည်။
“အခုတော့ လုပ်စရာကိစ္စတွေရှိသေးလို့ တခြားကိစ္စမရှိရင် သွားခွင့်ပြုပါဦး ၊ ငါ့ဘက်က မယဉ်ကျေးမိတာရှိရင်လည်း စိတ်ထဲမထားပါနဲ့ ‘ရန်’ သခင်လေး”
ချွိယန်ချီ ထွက်ခွာသွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲက သိမ်မွေ့စွာဆိုသည်။
“အားဟူ ၊ သူ့နောက်ကိုလိုက်ကြည့်ပါ ၊ သူ့စကားတွေက ယုံစရာမရှိသလို သူက သေချာပေါက် ပြဿနာရှိနေတယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
ထို့နောက် အားဟူက ပန်ပန်ကိုအသာပွတ်သပ်ရင်း ခရီးထွက်ရန် အချက်ပြလိုက်သည်။
ရန်ကျောက်ကဲတစ်ယောက်သာ ပတ်ဝန်းကျင်ကိုလေ့လာအကဲခတ်ရင်း ကျွန်းငယ်လေးထက်တွင် ကျန်ရစ်ခဲ့သည်။
စစ်ခုန်ချင်းက အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်တစ်ယောက်ဖြစ်လေရာ ကြယ်တာရာချီစွမ်းအားကို အပြင်သို့ထုတ်လွှတ်ပြီး တုန်လှုပ်ဖွယ်ရာစွမ်းအားကို ပြသနိုင်ပြီဖြစ်သည်။ ကျွန်းငယ်တစ်ခုထက်တွင် ရန်သူတစ်ယောက်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ရင်ဆိုင်ရသည့်အခါ သေချာပေါက် တိုက်ပွဲသဲလွန်စများ ချန်ထားခဲ့မည် အမှန်ပင်။
အလားတူပင် သူမ၏ရန်သူကလည်း ရိုးရှင်းခြင်း မရှိနိုင်ပေ။ သူတို့နှစ်ယောက်က လက်ရည်ညီနေသည့်ပြိုင်ဘက်များဖြစ်နေလျှင်ပင် သေးငယ်သည့်ကျွန်းလေးထက်တွင် တိုက်ပွဲမီးပွားများ ကြွင်းကျန်ရစ်မည် ဖြစ်သည်။
ကြည့်ရသည်မှာ ချွိယန်ချီကလည်း ဤနေရာပတ်ဝန်းကျင်ကို လေ့လာနေဟန်ရှိသည်။
ရန်ကျောက်ကဲနှင့် အားဟူတို့က သူ့ထက်ကျင့်ကြံခြင်းအဆင့် မြင့်မားသောကြောင့် ချွိယန်ချီက တိုက်ပွဲအခြေအနေကို လေ့လာနေခြင်းဖြစ်ကြောင်း ရိပ်မိကြသည်။
ရန်ကျောက်ကဲ၏ ပိုင်းခြားသိမြင်နိုင်စွမ်းက မြင့်မားသည်ဖြစ်ရာ ချွိယန်ချီသည်လည်း စစ်ခုန်ချင်းချန်ထားခဲ့သော တိုက်ပွဲသဲလွန်စများကို လေ့လာနေခြင်းဖြစ်ကြောင်း အခက်အခဲမရှိ သိရှိခဲ့သည်။
စစ်ခုန်ချင်းက ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ယောက်ဖြစ်သောကြောင့် သူမကို အထူးသတိပြုမိလေသလား မပြောတတ်ပေ။
ရန်ကျောက်ကဲ ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း တောင်ကမူလေးတစ်ခုရှေ့သို့ ရောက်လာသည်။
တောင်ကမူထိပ်က ဇလုံအသေးစားလေးတစ်ခုပမာ ချိုင့်ဝင်နေပြီး ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့်အလား ပတ်ဝန်းကျင်မှ ကျောက်တုံးများ မြေကြီးများက မီးလောင်ကျွမ်းခံရသည့်ပမာ မဲနက်လျှက်ရှိသည်။
ရန်ကျောက်ကဲက မီးလောင်ကျွမ်းထားသော မြေသားအအချို့ကို လက်ဖြင့်ကိုင်ရင်း ကြယ်တာရာချီစွမ်းအားထည့်သွင်းကာ အာရုံခံကြည့်လိုက်သည်။
ထို့နောက် သူ့လက်ထဲမှ မီးလောင်ကျွမ်းနေသောမြေသားကို အသာဆုပ်ချေလိုက်ရာ တဖြည်းဖြည်းပြာမှုန့်အဖြစ်ပြောင်းလဲသွားပြီး လေနှင့်အတူ ပျောက်ကွယ်သွားသည်။
“မီးဒြပ်စင်လက်ဝါးသိုင်းရဲ့ မီးတောက်မိစ္ဆာဝိညာဉ်လား ၊ ဒါမှမဟုတ် နေမိစ္ဆာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ သိုင်းပညာတစ်ခုခုလား ၊ မြေပြင်လောင်ကျွမ်းချီစွမ်းအားလည်း ဖြစ်နိုင်တာပဲ”
ရန်ကျောက်ကဲ လျှင်မြန်စွာတွေးတောလိုက်သည်။
“အရမ်းထူးချွန်တဲ့ မီးစွမ်းအားသိုင်းပညာဆိုတော့... ကြီးမားတဲ့မီးတောက်ပေါက်ကွဲမှုနဲ့အတူ ရန်သူကိုပါ ပျက်ဆီးသွားစေတဲ့ သိုင်းပညာ ၊ ကြည့်ရတာ... မီးဒြပ်စင်လက်ဝါးသိုင်းရဲ့ မီးတောက်မိစ္ဆာဝိညာဉ်ပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ရင်း...
“တိုက်ပွဲမှာ ဂိုဏ်းတူညီမလေး’စစ်ခုန်’ က တဖြည်းဖြည်းအသာစီးရလာပြီး ရန်သူကို သေလုနီးပါး ချောင်ပိတ်တိုက်ခိုက်နိုင်ခဲ့ပုံရတယ် ၊ ဒါကြောင့် ရန်သူဆီကနေ ဒီလို လျှို့ဝှက်သိုင်းပညာမျိုး ထွက်ပေါ်လာရတာပဲ ၊ တိုက်ပွဲက ဘယ်လိုများအဆုံးသတ်သွားသလဲ သိချင်လိုက်တာ”
သူက ကျွန်းငယ်လေးအထက် လေထုထဲသို့ ပျံသန်းထွက်ခွာသွားပြီး ပတ်ဝန်းကျင်ပင်လယ်ပြင်ကို စူးစမ်းလေ့လာလိုက်သည်။
“ဒီနေရာက ပင်လယ်နဲ့ဝန်းရံထားတဲ့ ကျွန်းငယ်လေးဆိုတော့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ပြန်သွားတော့ ဘယ်လမ်းကြောင်းက ပြန်သွားလဲဆိုတာ ပြောရခက်တယ်”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက် အောက်ဘက်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
ချက်ချင်းပင် ကျွန်းငယ်လေးပြင်းထန်စွာ တုန်ခါသွားပြီး အလယ်မှထက်ပိုင်းကွဲထွက်ကာ ပင်လယ်ထဲ နစ်မြုပ်သွားတော့သည်။
သူက အနီးတစ်ဝိုက်တွင် အချိန်အတန်ကြာ အခြားအရာများကို ရှာဖွေနေခဲ့သော်လည်း ဘာတစ်ခုမှ သဲလွန်စမတွေ့ရပေ။
ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း ချွိယန်ချီနောက်သို့လိုက်သွားသော အားဟူနှင့်ပန်ပန်ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လိုက်သွားသည်။
သူ၏နောက်ကျောဘက်တွင် အမတကြိုးကြာတောင်ပံများ ထွက်ပေါ်လာပြီး လျှပ်စီးကဲ့သို့လျှင်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းထွက်ခွာသွားသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ ထိန်းချုပ်ထားသော ရေနယ်မြေမှ ထွက်ခွာလာပြီး မြောက်ပင်လယ်အပြင်ပိုင်းသို့ ရောက်ရှိသည်နှင့် အခြေအနေက အတော်လေးရှုတ်ထွေးပြီး ပရမ်းပတာဖြစ်လွန်းသည်။
မည်သည့်ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ အုပ်ချုပ်ခြင်းမရှိသဖြင့် ဥပဒေမဲ့လုပ်ရပ်များကို လုပ်ချင်တိုင်းလုပ်နေကြသော နယ်မြေဖြစ်သည်။
ဤနေရာတွင် လူတစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏နောက်ခံ မည်သူဖြစ်ကြောင်း ဖုံးကွယ်ထားလေ့ရှိသည်။
ဤသို့သောဒေသတွင် အသက်ရှင်နေထိုင်ကြသူများက...
“ဒီနေ့သေရည်ရှိလျှင် ဒီနေ့မူးအောင်သောက် ၊ တစ်နှစ်ပဲဖြစ်ဖြစ် တစ်နေ့ပဲဖစ်ဖြစ် တတ်နိုင်သမျှ ပျော်ပျော်နေ”
ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကြ၏။
ဤသို့နှယ်အခြေအနေမျိုးတွင် အယုံကြည်ရဆုံးအရာမှ လူတစ်ယောက်၏ သိုင်းစွမ်းအားသာလျှင် ဖြစ်သည်။
ဤဒေသမှလူအများသည် ဥပဒေမဲ့ပြုမူနေထိုင်ကြသော်လည်း အများစုမှာ အတွေ့အကြုံရင့်ကျက်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း မြင့်မားကြလေရာ သွားမထိသင့်သူများကို ရန်စခြင်း မပြုကြပေ။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲလို ဝါဒတောင်သခင်လေးကို လာရောက်တိုက်ခိုက်သော မျက်ကန်းများကလည်း ရှိနေစမြဲပင်။
အဆုံးသတ်မှာတော့ ရန်ကျောက်ကဲထံ ဓားပြတိုက်ရန် ချဉ်းကပ်လာသူများမှ ရန်ကျောက်ကဲက သူတို့ကို ဓားပြပြန်တိုက်သည်ကို ခံလိုက်ရပြီး ပင်လယ်ထဲ ငါးမန်းစာ ဖြစ်သွားခဲ့သည်ပင်။
နောက်ဆုံး ရန်ကျောက်ကဲ အားဟူကို မီလာသည်။
သူ့ကိုတွေ့တော့ အားဟူက ပြုံးရယ်နှုတ်ဆက်လေ၏။
“သခင်လေး... ဒီကောင်လေးက ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ကို မျှားခေါ်လာတာပဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဟက်... ဒါဆို ငါက ပိုပြီးစိတ်ဝင်စားတာပေါ့”
သူက ဆက်ပြောသည်။
“ဒီလိုနေရာမျိုးမှာ ငါတို့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ကို ရှာလို့မတွေ့အောင် သူက လှည့်စားချင်နေသေးတယ် ၊ အဲဒါကို ပြောင်းပြန်စဉ်းစားကြည့်လိုက်ရင် ဂိုဏ်းတူညီမလေး’စစ်ခုန်’ ဘယ်မှာရှိနေတယ်ဆိုတာ ဒီကောင်လေး သိနေလောက်တယ် ၊ ဒါကြောင့် ငါတို့ကို လမ်းလွှဲဖို့ မျှားခေါ်သွားတာပဲ”