အနာဂတ်အတွက် အတိတ်မှာ ပြန်ဆုံကြမယ်
Vol. 141 Ch. 1807
ဖရိုဖရဲခန်းမထဲမှ ဗျပ်စောင်းသံ ပျံလွင့်လာသည်။
သခင်လေးကျစ်ရှောင်၏ မျက်လုံးများသည် အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကြောင့် မီးဝင်းဝင်းတောက်နေခဲ့၏။ သို့သော် ကျစ်ရှောင် တာအိုအောင်မြင်ခြင်းသံစဉ်၏ တေးသံ ပျံ့လွင့်လာသောအခါ သူ၏ မျက်လုံးထဲမှ အသတ်အဖြတ်စိတ်ဆန္ဒများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အမှတ်တရများနှင့် လွမ်းဆွတ်မှုများသာ ကျန်ရစ်တော့သည်။
ခံစားချက်တို့ နက်ရှိုင်းပြင်းထန်သူသည် မေတ္တာအကြီးဆုံးဖြစ်တတ်၏။
သို့သော် အလွန်တရာ ခံစားချက်ပြင်းထန်ပြီး မေတ္တာကြီးမားပါကလည်း အခြားသူများ အခွင့်ကောင်းယူရန် လွယ်ကူစေသည်။
သခင်လေးကျစ်ရှောင် ယခု အဆင့်အထိ ရောက်လာပြီး မီလော့နန်းတော်၏ သခင်လေး ဖြစ်လာရခြင်းမှာ လေးနက်သော ခံစားချက်များပိုင်ဆိုင်ထား၍ပင်။ သို့သော် ဤ အားသာချက်မှာ သူ၏ အားနည်းချက်ဆိုလည်း မမှားပေ။
"ငါ ဒီမိန်းမကို ကိုယ်တိုင် သတ်ဖို့ မစွမ်းနိုင်သေးဘူး..."
သခင်လေးကျစ်ရှောင်မှာ ကျစ်ရှောင်တာအိုအောင်မြင်ခြင်းသံစဉ်ကို နားထောင်မနေချင်တော့ချေ။ ကောင်းကင်နတ်အရှင်ယွဲ့ကို ဗျပ်စောင်းသံဖြင့် ချက်ချင်း သတ်ပစ်ချင်နေသည်။ သို့သော် မလှုပ်ရှားနိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ ကွယ်လွန်သူဇနီးအပေါ် လွမ်းဆွတ်မှုများက ပိုပို၍ နက်ရှိုင်းပြင်းထန်လာခဲ့သည်။
ထိုသို့ လွမ်းဆွတ်နေခြင်းက သူ့အတွက် အလွန် အန္တရာယ်များမှန်း သိသော်လည်း သူ မစွန့်လွှတ် မပစ်ပယ်ရက်ပေ။ စွန့်လွှတ်ပစ်ပယ်လိုက်ပါက သူသည် ကျစ်ရှောင် မဟုတ်တော့။
"လင်းရှောင်..." သခင်လေးကျစ်ရှောင်က ခက်ခက်ခဲခဲ ခေါ်လိုက်သည်။
အမှန်တွင် သူ သတိမပေးခင်မှာပင် သခင်လေးလင်းရှောင်ကား တိုက်ခိုက်လိုက်ပြီ ဖြစ်၏။
သခင်လေးလင်းရှောင်၏ တိုက်ကွက်က ပြင်းထန်ပြတ်သားလှသည်။ ချင်မူ၏ နောက်ကျောရှိ ဖရိုဖရဲခန်းမရှေ့သို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကာ အပြင်းထန်ဆုံး အသက်နှုတ်တိုက်ကွက်ကို ထုတ်ဖော်၍ ကောင်းကင်နတ်အရှင်ယွဲ့ကို တိုက်ခိုက်လိုက်ချေပြီ။
ကောင်းကင်နတ်အရှင်ယွဲ့သည် သူ၏ ပြိုင်ဘက် မဟုတ်ပေ။ သူ အသုံးပြုနေသည်မှာ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ် ဖြစ်သော်လည်း ကောင်းကင်နတ်အရှင်ယွဲ့အနေဖြင့် သူ၏ တိုက်ကွက်တစ်ကွက်ကိုပင် ခုခံနိုင်မည် မဟုတ်။
ချင်မူက သူ၏ခန္ဓာကိုယ်ဖြင့် ၀င်ကာလိုက်ရာ ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းသည် သူ့ပတ်ပတ်လည်တွင် လည်ပတ်၍ လင်းရှောင်၏ တိုက်ကွက်ကို တားဆီးလိုက်၏။
"ခုနစ်၊ မင်းရဲ့ ဒီတိုက်ကွက်က မပြည့်စုံသေးဘူး…. အများကြီး လိုသေးတယ်"
သခင်လေးလင်းရှောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရင်း ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းထဲသို့ ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က လှံတံတစ်ချောင်းပမာ လှိုင်းလုံးများကို ခွင်းကာ တည့်တည့်မတ်မတ် ဦးတည်ပြေးဝင်နေ၏။
သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ လှံအရိပ်များ ဖြာဆင်းသွားပြီး မြစ်များထဲသို့ ထိုးစိုက်ကာ မလည်ပတ်နိုင်အောင် အေးခဲစေလိုက်သည်။
အနန္တအဘိုးအိုသည် ချင်မူ၏ ဤတိုက်ကွက်ကို ရင်ဆိုင်ရစဉ်က ကူကယ်ရာမဲ့ခဲ့သော်လည်း သူကမူ အေးဆေးနေသည်။ အနန္တအဘိုးအို၏ မည်သည့်ကောင်းကင်နတ်သိုင်းကမှ ချင်မူကို မထိခိုက်စေနိုင်သော်လည်း သူကမူ ချင်မူ၏ လမ်းစဥ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများထဲမှ အားနည်းချက်ကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိသည်။
ဘုန်း
သခင်လေးလင်းရှောင်က ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ထိုးဖောက်ဝင်ရောက်လာကာ ချင်မူအား ထိပ်တိုက်တိုက်ခိုက်၏။ ချင်မူက လက်ကို ဓားပမာ အသုံးပြုလျက် တျန်းတုလောကဖန်ဆင်းဓားအား ထုတ်ဖော်လိုက်သည်။ သခင်လေးလင်းရှောင်ကမူ မီလော့နန်းတော်အရှင်သခင် တျန်းတုအရှင်သခင်ကို ရှင်းလင်းရန် ဖန်တီးခဲ့သော မဟာကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ သူတို့နှစ်ယောက်သား ဖရိုဖရဲခန်းမရှေ့တွင် လျင်မြန်စွာ တိုက်ခိုက်လိုက်ကြပြီး ခန္ဓာကိုယ်များ ဖြတ်ခနဲ ပျောက်ကွယ်သွားကြသည်။
ဖောက်… ဖောက်… ဖောက်
ချင်မူ၏ တစ်ကိုယ်လုံး အပေါက်များ ပေါက်ထွက်ကာ သွေးများ ပန်းထွက်လာသည်။ လောကဖန်ဆင်းဓားမှာ ဖျက်စီးခံလိုက်ရချေပြီ။
ဒင်
အနန္တအဘိုးအိုအပေါ် ဖိနှိပ်ထားသော စကြဝဠာခေါင်းလောင်းကြီးသည် ပျံသန်းလာပြီး ခေါင်းလောင်းသံတစ်ချက်နှင့်အတူ သခင်လေးလင်းရှောင်အား လွင့်ထွက်သွားစေ၏။ သူ၏ခန္ဓာကိုယ် လွင့်ထွက်သွားသည်နှင့် သခင်လေးနှစ်၏ ရင်ဘတ်တွင် စိုက်ဝင်နေသော တာအိုလှံက ပျံသန်းလာပြီး စကြဝဠာခေါင်းလောင်းကြီးကို ထိုးစိုက်လိုက်ရာ ခေါင်းလောင်းကြီးမှာ ထုတ်ချင်းပေါက်မတတ် ဖြစ်သွားသည်။
ခေါင်းလောင်းကြီး လည်ပတ်သွားပြီး လှံတံက သခင်လေးလင်းရှောင်ထံ ပြန်လည်ဦးတည်သွား၏။
သခင်လေးလင်းရှောင်က နောက်သို့ လွင့်ထွက်နေရင်း လက်ဆန့်တန်းလိုက်သည်။ သူက လှံတံကို ဖမ်းဆုပ်လိုက်၍ အားကုန် ဝှေ့ယမ်းလိုက်ကာ ခေါင်းလောင်းကြီးကို လွင့်ထွက်သွားစေ၏။
လောကသစ်ပင်၏ အမြစ်များပေါ်တွင် အနန္တအဘိုးအိုက ကုန်းရုန်းထနေသည်။ ဤအခြေအနေကို မြင်သောအခါ သူက အံကြိတ်၍ လက်ကျန်မှော်စွမ်းအင်ကို အသက်သွင်းကာ သုံးယောက်လုံးကို သစ်ပင်ပေါ်မှ ခါထုတ်လိုက်သည်။ လောကသစ်ပင်၏ စွမ်းအားမှာ ယခင်ကဲ့သို့ မမြင့်မားတော့ပေ။ သစ်ပင်ကြီးကား အနန္တအဘိုးအိုကို သယ်ဆောင်ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် အပြင်ဘက်သို့ တဟုန်ထိုး ထွက်ပြေးသွားတော့သည်။
တစ်ချိန်တည်းမှာပင် အဆုံးသတ်မြို့ပျက် ကြာပလ္လင်ပေါ်တွင် သခင်လေးနှစ်လည်း နောက်ဆုံးတော့ ထရပ်လာနိုင်၏။ သူမလည်း ကျန်ရှိသော မှော်စွမ်းအင်များကို အသက်သွင်းလျက် ကောင်းကင်သို့ ပျံတက်ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် အပြင်ဘက်သို့ ပျံသန်းသွားသည်။
"ကျစ်ရှောင်"
သခင်လေးလင်းရှောင်က ဤအခြေအနေကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းရဲ့ အလွမ်းအတွေးတွေထဲ နစ်မြုပ်နေဦးမယ်ဆိုရင် ဘဝပျက်တော့မယ်ကွ"
သခင်လေးကျစ်ရှောင်မှာ သူ၏ အော်ဟစ်သံကြောင့် အတွေးကမ္ဘာထဲမှ နိုးထလာသည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့၏ ကျစ်ရှောင်တာအိုအောင်မြင်ခြင်းသံစဉ်မှာ အရေးကြီးဆုံးအချိန်သို့ ရောက်သွားသဖြင့် သူ၏ တာအိုနှလုံးသားကို တုန်လှုပ်လာစေ၏။ အရာအားလုံးကို လက်လွှတ်၍ နားထောင်ချင်စိတ်များ ထပ်မံပေါက်ဖွားလာသည်။
သခင်လေးကျစ်ရှောင် အံကြိတ်လိုက်ပြီး တာအိုဓားကို ဆွဲထုတ်လိုက်သည်။ ဘယ်လက်ဖြင့် ဓားကို ကိုင်ပြီး ညာလက်ညှိုးနှစ်ချောင်းဖြင့် တာအိုဓားသွားပေါ်သို့ ပွတ်ဆွဲလိုက်သည်။
ချွင်
တာအိုဓားပေါ်မှ သွေးရောင်အလင်းတန်းများ ဖြာထွက်သွားပြီး လက်ညှိုးနှစ်ချောင်းမှာ ပြတ်ရှသွား၏။ တာအိုသွေးများက ဓားသွားအတိုင်း စီးကျသွားပြီး ဖရိုဖရဲခန်းမဆီသို့ ပျံသန်းသွားချေပြီ။
သခင်လေးလင်းရှောင်လည်း အခြေအနေကို မြင်သောအခါ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ နောက်တွင် နတ်ကောင်းကင်ခန်းမ၏ အရိပ် ထွက်ပေါ်လာသည်။ တာအိုအဆင့် ကောင်းကင်ဘုံ ၄၀ ဘုံက နတ်ဘုရားအရိပ်များ အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်အပြည့် နေရာယူသွားသည်။ နတ်ဘုရားအားလုံးက သူ၏ ဤလှံချက်ကို အားဖြည့်ပေးလိုက်သည်။ လှံချက်တစ်ချက် ထိုးသွင်းလိုက်သည့်အချိန် အတိတ် စကြဝဠာခေတ်တစ်ဆယ့်ခြောက်ခေတ်မှ နတ်ဘုရားအားလုံး ပေါ်ထွက်လာသည့်အလား တာအိုသံများ ဟိန်းထွက်လာပြီး သူ၏ လှံကို အလွန်တရာ ပြင်းထန်အားကောင်းသွားစေ၏။
မီလော့နန်းတော်အရှင်သခင်သည် ခက်ထန်ကြမ်းတမ်းစွာ မပြုမူတတ်ပေ။ နူးညံ့သိမ်မွေ့သူဖြစ်၏။ စိတ်ဓာတ်မာကြောသည့်နေရာ၌ မီလော့နန်းတော်သခင်ပင် သခင်လေးလင်းရှောင်ကို မမီနိုင်ပေ။
သခင်လေးလင်းရှောင်က ခက်ထန်ကြမ်းကြုတ်နေသော အမူအရာဖြင့် တဟုန်ထိုး ဝင်ရောက်လာသည်။ ချင်မူက လက်မြှောက်၍ ရိုက်ထုတ်လိုက်သည်။ 'ခွမ်း'ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး စကြဝဠာခေါင်းလောင်းကြီး၏ နှုတ်ခမ်းဝက လင်းရှောင်ထံသို့ မျက်နှာမူလိုက်သည်။ ထိုက်ငါးပါး ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီး၏ တာအိုတစ်သောင်း ထွက်ပေါ်လာကာ စကြဝဠာတစ်ခု၏ ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းအဖြစ် အသွင်ပြောင်းသွားသည်။
ဒေါင်
သခင်လေးလင်းရှောင်၏ တာအိုလှံက ခေါင်းလောင်းကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး မရေမတွက်နိုင်သော နဂါးငွေ့တန်းများအား ဖောက်ထွင်းသွားသည်။ ခေါင်းလောင်းအတွင်းမှ ထိုက်ငါးပါး မဟာတာအိုများက နဂါးများသဖွယ် တာအိုလှံပေါ်သို့ ဖိနှိပ်ထားသည်။ သို့သော် ဤလှံချက်သည် ထိုက်ငါးပါးကို ထိုးဖောက်သွားပြီး နောက်ဆုံးတွင် ချင်မူ၏ လက်ဖဝါးထဲမှ ဖရိုဖရဲချီလုံးထဲသို့ ထိုးစိုက်သွား၏။
ဇွက်
ချင်မူ၏ လက်ဖမိုးတွင် လှံထိပ်ဖျား ပေါ်လာသည်။ တာအိုလှံက သူ၏ လက်ဖဝါးကို ဖိတွန်းကာ သူ၏ ရင်ဘတ်အထိ ထိုးစိုက်လာသည်။
သခင်လေးလင်းရှောင်က ရှေ့သို့ တိုးလာပြီး လှံဖြင့်် ချင်မူကို ထိုးသွင်းရင်း ဖရိုဖရဲပင်လယ်ပေါ်သို့ နင်းချလိုက်၏။ သူက အရှိန်ဖြင့် ပြေးလွှား၍ ချင်မူ့ကို ဖရိုဖရဲခန်းမရှေ့မှ တွန်းထုတ်သွားသည်။
ထိုအချိန်တွင် သခင်လေးကျစ်ရှောင်၏ တာအိုဓားဆီမှ သွေးရောင်အလင်းတန်းသည် သခင်လေးလင်းရှောင်ကို ဖြတ်ကျော်ပျံသန်းသွားပြီး ဖရိုဖရဲခန်းမဆီသို့ ဝင်ရောက်သွားချေပြီ။
တစ်ချိန်တည်းမှာပင် ချင်မူမှာ ရင်ထဲ ထိတ်လန့်သွားကာ ခန်းမတံခါးကို ကပျာကယာ ပိတ်လိုက်သည်။ တံခါးပိတ်ခါနီးဆဲဆဲတွင် သွေးရောင်အလင်းတန်းက တံခါးကြားမှ ပျံသန်း ဝင်ရောက်သွားသေး၏။
တချွင်ချွင် မြည်သံများ ထွက်ပေါ်လာပြီး ခန်းမထဲမှ ဗျပ်စောင်းသံ ရပ်တန့်သွားသည်။
သခင်လေးကျစ်ရှောင်၏ အသိစိတ်အလျဉ်မှာ ချက်ချင်း ကြည်လင်သွားသော်လည်း မျက်လုံးထဲတွင် ဝမ်းနည်းနေသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူက ကွယ်လွန်သူဇနီး၏ ရှေးဟောင်းဗျပ်စောင်းကို ကိုင်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ ဗျပ်စောင်းက သူ့အနောက်မှ ပျံသန်းလိုက်ပါသွားပြီး ထွက်ပြေးသွားသော အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့နောက်သို့ လိုက်သွားသည်။
"ညီ, လေးက တာအိုနှလုံးသားရဲ့ အရိပ်ကနေ မထွက်နိုင်သေးဘူး"
သခင်လေးလင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ ဖရိုဖရဲခန်းမထဲမှ မြင်ကွင်းကို မမြင်တွေ့ခဲ့ရသော်လည်း ဗျပ်စောင်းသံအရ ကျစ်ရှောင်၏ ဓားအလင်းတန်းသည် ကောင်းကင်နတ်အရှင်ယွဲ့ကို တန်းမသတ်ခဲ့ပေ။ ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးများကို ဖြတ်တောက်ပြီးမှ ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ဤသည်မှာ သူ၏ ကွယ်လွန်သူဇနီးအပေါ် လွမ်းဆွတ်မှုကြောင့် ကောင်းကင်နတ်အရှင်ယွဲ့အပေါ် ချက်ချင်း မတိုက်ခိုက်ရက်၍ပင်။ ဗျပ်စောင်းကြိုးများကို ဖြတ်တောက်ပြီး ကျစ်ရှောင်တာအိုအောင်မြင်ခြင်းသံစဉ်ကို မတီးခတ်နိုင်အောင် တားဆီးခဲ့မှသာ ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။
သခင်လေးလင်းရှောင်သည် ကျစ်ရှောင်၏ တာအိုနှလုံးသားအကြောင်း ရှင်းရှင်းလင်းလင်း သိထား၏။
ရုတ်တရက် ဘ၀ပြန်၀င်စားခြင်းအလင်းရောင်များ လှည့်ပတ်လာပြီး ချင်မူ၏ တာအိုကျင့်စဉ်များ အကြီးအကျယ် ပြောင်းလဲသွားသည်။ ကောင်းကင်လှည်ဘီးခြောက်ဘီးက ဖရိုဖရဲပင်လယ်ထဲမှ တဝုန်းဝုန်း တုန်ခါလျက် ပေါ်ထွက်လာသည်။
သခင်လေးနှစ်၏ ဖိနှိပ်မှု မရှိတော့သဖြင့် ဖရိုဖရဲပင်လယ်မှာ ချက်ချင်းပင် ချင်မူ၏ အဓိကစစ်မြေပြင် ဖြစ်သွားချေပြီ။ ကောင်းကင်လှည်းဘီးခြောက်ဘီး ပင်လယ်ထဲမှ ပေါ်ထွက်လာချိန်တွင် ဧရာမဖရိုဖရဲကျောက်တုံးကြီးများကလည်း ချင်မူ၏ ကောင်းကင်နတ်သိုင်းနှင့်အတူ ပျံတက်လာ၏။
ကောင်းကင်လှည်းဘီးခြောက်ဘီးမှာ ချင်မူ၏ ၃၃ ဘုံမြောက် ကောင်းကင်နတ်သိုင်း ဖြစ်သည်။ ဖရိုဖရဲကျောက်တုံးများက ကောင်းကင်လှည်းဘီးခြောက်ဘီးနှင့် ပေါင်းစပ်သွားပြီး ဘ၀ပြန်ဝင်စားခြင်လှည်းဘီးများအဖြစ် လျင်မြန်စွာ ပြောင်းလဲနေကြသည်။
သခင်လေးလင်းရှောင်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး ချက်ချင်း လှံကို ဆွဲထုတ်၍ ထွက်ပြေးတော့သည်။ တာအိုလှံက ကောင်းကင်ကို ဖောက်ထွက်၍ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး အပြည့်အဝ မဖွဲ့စည်းမီမှာပင် ဘ၀ပြန်၀င်စားခြင်းတာအိုအား ဖြတ်သန်းထွက်ခွာသွားသည်။
ရွှစ်
အောက်တွင် ချင်မူက အင်္ကျီလက်နှစ်ဖက်ကို ခါလိုက်ရာ ဖရိုဖရဲပင်လယ်သည် ကောင်းကင်သို့ မြင့်တက်လာပြီး သူ၏ နောက်သို့ လိုက်လာလေသည်။
သခင်လေးလင်းရှောင်၏ ဘေးနှစ်ဖက်တွင် အသူရာချောက်နက်ကြီးက လျင်မြန်စွာ ပြိုကျနေ၏။ ဧရာမ ဖရိုဖရဲကျောက်တုံးများက ဘေးနှစ်ဖက်မှ တဝုန်းဝုန်း ကျဆင်းလာသည်။ ကျောက်တုံးများမှာ မြင့်တက်လာနေသော လမ်းခြောက်သွယ်ကောင်းကင်လှည်းဘီး၏ စုပ်ယူခြင်းခံလိုက်ရသည်။
"ဒီကောင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဖြိုနေတာပဲ"
သခင်လေးလင်းရှောင် စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ နှစ်၏ ဖိနှိပ်မှု မရှိတော့သဖြင့် ချင်မူသည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ အရှင်သခင်ဟု ဆိုရမည်။ သူကား အဆုံးသတ်မြို့ပျက်အား အတင်းအဓမ္မ ဖြိုချနေချေပြီ။
လမ်းးစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး မြင့်တက်လာသည့် အရှိန်မှာ ပိုမိုလျင်မြန်လာပြီး လင်းရှောင်နှင့် ကပ်လာသည်။ အသူရာချောက်နက်ကြီး၏ ပြိုကျမှုအရှိန်မှာလည်း ပိုမိုမြန်ဆန်လာကာ ကောင်းကင်လှည်းဘီးများကို အဆက်မပြတ် အားဖြည့်ပေးနေ၏။
ဆုံးသတ်မြို့ပျက် အသူရာချောက်နက်မှ မလွတ်မြောက်နိုင်တော့ကြောင်း မြင်သောအခါ သခင်လေးလင်းရှောင်က လေထဲတွင် ချာခနဲ လှည့်၍ လှံအား လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးဆီသို့ ထိုးချလိုက်သည်။
ကောင်းကင်လှည်းဘီးထဲတွင် ချင်မူက ခေါင်းမော့လိုက်သည်။ ပင်လယ်ထဲမှ ဖရိုဖရဲကျောက်တုံးများ ပျံတက်လာပြီး သူ၏ လက်ထဲတွင် ကျောက်ဓားတစ်လက်အသွင် ဖွဲ့တည်လာသည်။ ဓားသည် အပေါ်သို့ ထိုးသွင်းလိုက်၏။
သခင်လေးလင်းရှောင်၏ လှံက ကောင်းကင်ဘုံဘီးခြောက်ဘီးကို ထိုးစိုက်လိုက်သော်လည်း ချင်မူ၏ ဖရိုဖရဲဓားရောင်က သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်သွားသည်။
သခင်လေးလင်းရှောင်မှာ ဗလုံးဗထွေး ညည်းညူလိုက်ရပြီး အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ လွင့်ထွက်သွား၏။
သူက လက်မြှောက်၍ မျက်ခုံးနှစ်ဖက်ကြားမှ သွေးထွက်နေသော ဒဏ်ရာကို သုတ်လိုက်သည်။ သို့သော် မည်သည့်ထူးခြားမှုကိုမှ မခံစားရပေ။
သူ၏ ခန္ဓာကိုယ်မှာ လွင့်ထွက်နေဆဲ ဖြစ်ပြီး အဆုံးသတ်မြို့ပျက် အသူရာချောက်နက်နှင့် ပိုမို ဝေးကွာနေသည်။
ကောင်းကင်ထက်၌ ပျံဝဲနေသော အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သည် ၎င်း၏အတွင်းသို့ ပြိုကျပျက်စီးလျက်ရှိ၏။
မကြာမီ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားစေသည့် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဖရိုဖရဲကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်လှည်းဘီးတစ်ခုသည် ပြိုကျနေသော အဆုံးသတ်မြို့ပျက်ထဲမှ ထွက်လာ၏။ ထို့နောက် တဘုန်းဘုန်း ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်လှည်းဘီးငါးဘီးကလည်း အဆုံးသတ်မြို့ပျက်အား ဖြတ်ကျော်ကာ အပြင်ရောက်လာသည်။
ဖရိုဖရဲပင်လယ်ကြီးကား ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။
ချင်မူက ဘ၀ပြန်၀င်စားခြင်းလှည်းဘီး၏ အောက်၊ ပင်လယ်ရေပြင်ပေါ်တွင် ရပ်နေသည်။ သခင်လေးလင်းရှောင်အမြင်တွင် ချင်မူမှာ ဇောက်ထိုးအနေအထား ဖြစ်နေသည်။ သို့သော် သူ၏အသွင်ကား မသက်မသာ ဖြစ်နေပုံမရပေ။
ချင်မူက သူ့ထံသို့ ပြေး၀င်မလာ။ ထိုအစား ဖရိုဖရဲပင်လယ်ကို စုစည်း၍ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ လက်ကျန်မဟာတာအိုကို အသုံးပြုကာ ဘိုးဘေးနန်းတော်၏ အန္တိမဟင်းလင်းပြင်ကို ဖယ်ရှားလိုက်သည်။
သခင်လေးလင်းရှောင်မှာ လှည့်ထွက်သွားပြီး ကောင်းကင်ကို ဖြတ်ကျော်ပျံသန်း၍ သခင်လေးကျစ်ရှောင်၊ အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့အား လိုက်လံရှာဖွေသည်။
‘ခုနစ်တော့ ရူးနေတာပဲ… အဆုံးသတ်မြို့ပျက်ကို အတင်း ဖြိုချပြီး ဘိုးဘေးနန်းတော်ကိုလည်း ချိပ်ပိတ်လိုက်တယ်… သူက သေချာပေါက် နှစ်နဲ့ အနန္တကို ဘိုးဘေးနန်းတော်ကနေ ထွက်ပြေးခွင့် ပေးမှာ မဟုတ်ဘူး…သူတို့ ဘိုးဘေးနန်းတော်ထဲမှာပဲ ရှိနေသေးတာ သေချာတယ်’
သူက စိတ်ထဲမှ တွေးလိုက်သည်။ ‘ငါ သူတို့ကို သတ်လိုက်ရင် ငါနဲ့ လေး ဆင်းသက်လာလို့ ရပြီ’
ချင်မူသည် ဘိုးဘေးနန်းတော်၏ ကောင်းကင်ကို အပြည့်အဝ ချိပ်ပိတ်ပြီးနောက် ဖရိုဖရဲခန်းမရှေ့သို့ ရောက်လာ၏။ တံခါးဝတွင် တွန့််ဆုတ်စွာ ရပ်နေပြီးနောက်မှ ဖရိုဖရဲခန်းမတံခါးကို တွန်းဖွင့်ကာ အထဲဝင်သွားသည်။
ဖရိုဖရဲခန်းမထဲတွင် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်း စီးဆင်းနေသည်။ သူ ဖရိုဖရဲတာအိုကို အောင်မြင်ရန် ဖြတ်သန်းရမည့် ကပ်ဘေးတစ်ဆယ့်ခြောက်ခု ဖြစ်သည်။ သူ ယခုအချိန်အထိ မဝင်ရဲသေးသော မြစ်များလည်း ဖြစ်၏။
ဆယ့်လေးစင်းမြောက် ဖရိုဖရဲမြစ်ရေပြင်ပေါ်တွင် ဗျပ်စောင်းတစ်လက်က တိတ်ဆိတ်စွာ မျောနေသည်။
ချင်မူ လက်မြှောက်လိုက်ရာ ဗျပ်စောင်းက ပျံသန်းလာသည်။ ဗျပ်စောင်းကြိုးအားလုံး ပြတ်တောက်နေပြီး သွေးရဲနေသည့် ဓားဒဏ်ရာတစ်ချက် ရှိနေသည်။
ချင်မူက ဆယ့်လေးစင်းမြောက် ဖရိုဖရဲမြစ်ထဲသို့ ကြည့်လိုက်သည်။ ထိုနေရာမှာ ၁၄ စင်းမြောက် စကြဝဠာ ဖြစ်သည်။
ကောင်းကင်နတ်အရှင်ယွဲ့ ဆယ့်လေးစင်းမြောက် ဖရိုဖရဲမြစ်ထဲသို့ ဆုတ်ခွာသွားချိန်တွင် သခင်လေးကျစ်ရှောင်၏ ဓားရောင်က လိုက်ပါသွား၍ ဗျပ်စောင်းကို ဖြတ်တောက်ကာ သူမကို "သတ်ဖြတ်" ခဲ့ခြင်း ဖြစ်လိမ့်မည်။
" ကျွန်တော် အတိတ်ကို ပြန်သွားတဲ့အခါ သခင်လေးကျစ်ရှောင် ဓားထုတ်လိုက်တဲ့ အချိန်ကို ပြန်သွားပြီး မမကြီးကို ကယ်တင်မယ်"
ချင်မူ ဗျပ်စောင်းကို သိမ်းဆည်းလိုက်ပြီး ဖရိုဖရဲခန်းမထဲမှ ထွက်လာသည်။ သူက အင်္ကျီလက်စများ လေထဲတွင် မြောလွင့်လျက် ဖရိုဖရဲပင်လယ်မှ ထွက်ခွာသွား၏။
"မမကြးယွဲ့၊ မမကြီးအတွက်တော့ မြစ်ထဲကို ပြုတ်ကျသွားတဲ့ အချိန်တခဏလေး ကြာပြီးတာနဲ့ ကျွန်တော့်ကို တွေ့ရမှာပဲ… ဒါပေမဲ့ ကျွန်တော်ကတော့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ မသိဘူး… မမကြီး စောင့်ရတဲ့အချိန်က တိုတောင်းပေမယ့် ကျွန်တော် စောင့်ရမယ့်အချိန်ကတော့ သိပ်ကို ရှည်ကြာလိမ့်မယ်"
ချင်မူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အကြည့်များက ပိုမိုလေးနက်သွားသည်။ "ဒါပေမဲ့ ကျွန်တော်တို့ ပြန်ဆုံကြမှာပါ”