← Chapters

သုည

Vol. 141 Ch. 1808

သုည

Vol. 141 Ch. 1808

အဆုံးသတ်မြို့ပျက်တိုက်ပွဲ၏ သက်ရောက်မှုမှာ အင်မတန် ကြီးမားလှသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သည် အလုံးစုံ ပျက်စီးသွားခဲ့ပြီး ဖရိုဖရဲကျောက်တုံးများဖြင့် တည်ဆောက်ထားသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးသာ ကောင်းကင်အထက်၊ ဖရိုဖရဲပင်လယ်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ကြပြီး သခင်လေးသုံးနှင့် သခင်လေးလေးတို့မှာ သူတို့နှစ်ဦးကို အပြတ်ရှင်းမပစ်နိုင်ခဲ့ပေ။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တိုက်ပွဲတွင် အဖွဲ့သုံးဖွဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး သေကြေပျက်စီးမှု များပြားခဲ့သည်။

ချင်မူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်သည့်အချိန်တွင် အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ကို လိုက်လံသတ်ဖြတ်နေသော ကျစ်ရှောင်နှင့် လင်းရှောင်တို့မှာ မတတ်သာတော့ဘဲ ထိုသူနှစ်ဦးကို ပစ်ထားကာ ကျောက်စိမ်းမြို့တော်သို့ ပြန်လာခဲ့ရသည်။

သူတို့တွင် အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ကို သတ်ဖြတ်နိုင်သည့် စွမ်းအား ရှိသော်လည်း သတ်လိုက်ပါက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ အင်အားစုများ ချင်မူ၏ လက်ချက်ဖြင့် အမြစ်ပြတ်ရှင်းလင်းခံရမည်မှာ သေချာသည်။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ကာကွယ်ရန်အတွက် ဤအခွင့်အရေးကောင်းကို စွန့်လွှတ်လိုက်ရ၏။

ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ အင်အားကြီး သိုင်းပညာရှင်များကို ဦးဆောင်၍ ကျောက်စိမ်းမြို့တော်မှ ဆုတ်ခွာခဲ့ပြီး တစ်ချိန်တည်းမှာပင် အနန္တအဘိုးအိုလက်အောက်မှ အင်အားစုများကို ကာကွယ်ပေးခဲ့သည်။ ယင်းက အနန္တအဘိုးအို လက်အောက်မှ သိုင်းပညာရှင်များကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။

"ခင်ဗျားတို့ သေသွားရင် မီလော့နန်းတော်က သခင်လေးသုံးနဲ့ သခင်လေးလေးတို့အတွက် အကျိုးအမြတ် ရသွားလိမ့်မယ်"

ခိုင်ဧကရာဇ်၊ ချင်မူနှင့် အခြားသူများက အနောက်မှ ကာကွယ်ပေးရင်း ထိုသူများကို ရှင်းပြသည်။ "ထိုက်ရှီက သွေးယဇ်ပူဇော်ခြင်းကို ချေဖျက်နိုင်ပေမယ့် စွမ်းအားတစ်စိတ်တစ်ပိုင်းကိုပဲ ချေဖျက်နိုင်သေးတယ်… ခင်ဗျားတို့ သေသွားရင် သခင်လေးသုံးနဲ့ သခင်လေးလေးတို့က စွမ်းအင်တွေ ပို စုမိသွားပြီး ဆင်းသက်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်… ဒါကြောင့် ခင်ဗျားတို့ အခု သေလို့ မဖြစ်သေးဘူး… ထိုက်ရှီ သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို အပြီးတိုင် ချေဖျက်နိုင်တဲ့ အချိန်ကျ သေလို့ရပြီ"

အနန္တအဘိုးအို၏ လက်အောက်မှ သိုင်းပညာရှင်များမှာ မူလက အနည်းငယ် ကျေးဇူးတင်မိသော်လည်း ဤစကားကို ကြားသောအခါ ကျေးဇူးတင်စိတ်လေးပါ ပျောက်ကွယ်သွားတော့သည်။

"ခုနစ်"

သခင်လေးလင်းရှောင်က သူတို့ကို မတားနိုင်မှန်း သိသဖြင့် လိုက်လံသတ်ဖြတ်နေခြင်းအား ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီး ချင်မူ့အား အဝေးမှ မျက်နှာချင်းဆိုင်ကာ အေးစက်စွာ သတိပေးသည်။ "အစ်မတော်နှစ် လွတ်မြောက်သွားပြီ… မင်း အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဖြိုလိုက်ရင်တောင် သူ အနှေးနဲ့ အမြန် အထွတ်အထိပ်အခြေအနေကို ပြန်ရောက်လာမှာပဲ… အဲ့ဒီအချိန်ကျရင် သက်ရှိအားလုံးအတွက် ကပ်ဘေး ကျရောက်လိမ့်မယ် …. ဒီ မကောင်းတဲ့ အကျိုးဆက်က မင်းအပြစ်ပဲ"

ချင်မူက စကြဝဠာခေါင်းလောင်းကြီးကို ပြန်လည်ဆင့်ခေါ်ကာ ဖရိုဖရဲခန်းမရှေ့တွင် ချိတ်ဆွဲလိုက်လိုက်သည်။ "အစ်ကိုသုံး၊ မီလော့နန်းတော် ဆင်းသက်လာတာကလည်း ကမ္ဘာလောကအားလုံးနဲ့ ၁၇ စင်းမြောက် စကြဝဠာကို ပြိုကွဲပျက်စီးသွားစေလိမ့်မယ်… မရေမတွက်နိုင်တဲ့ သတ္တဝါတွေ သေကြေကြရလိမ့်မယ်… ဒီ အကျိုးဆက်ကိုရော ဘယ်သူ့ကို အပြစ်တင်ရမလဲ… ဆရာက ခင်ဗျားတို့အားလုံးကို မွေးဖွားခဲ့တဲ့ စကြဝဠာဆီ ပြန်ဖို့ အမိန့်ပေးခဲ့တာ… ခင်ဗျားတို့က ဆရာ့အမိန့်ကို ဖီဆန်ခဲ့တယ်… ဒါကိုရော ဘယ်လို အပြစ်ယူရမလဲ"

သခင်လေးလင်းရှောင်က လှံကို ထောက်၍ အေးစက်စွာ နှာမှုတ်လိုက်သည်။ "ဆရာက သူ့ရဲ့ ခံယူချက်တွေကို သစ္စာဖောက်ခဲ့တယ်… တပည့်တစ်ယောက်အနေနဲ့ ငါက ဆရာ့ရဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသွားရမှာပဲ… ဒါမှ အစစ်အမှန် အမွေဆက်ခံသူ ဖြစ်မှာ… မီလော့နန်းတော် သခင်လေးခုနစ်ယောက်ထဲမှာ ငါနဲ့ ကျစ်ရှောင်ပဲ ဆရာ့ခံယူချက်ကို အမွေဆက်ခံတာ … ကျန်တဲ့သူတွေ… မင်း၊ နှစ်နဲ့ မဟာဥသျှောင်တို့က သစ္စာဖောက်တွေပဲ"

ချင်မူ ဟားတိုက် ရယ်မောလိုက်ပြီး အားလုံးကို ဦးဆောင်ကာ ထွက်ခွာသွား၏။

သခင်လေးလင်းရှောင်က သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် မီလော့နန်းတော်သို့ ပြန်လာခဲ့သည်။ သို့သော် သခင်လေးကျစ်ရှောင်ကို မတွေ့ရပေ။

"သခင်လေးလေး အတိတ်ကို ပြန်သွားပါတယ်"

သခင်လေးလေး ထိန်းချုပ်ခဲ့သော တာအိုသိုင်းပညာရှင်မှာ ယခုအခါ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်နေချေပြီ။ သူက ပြောသည်။ "သူ ထွက်ခွာသွားတဲ့ အချိန်မှာ သူ့ရဲ့ တာအိုနှလုံးသားထဲက ဝမ်းနည်းမှုနဲ့ လွမ်းဆွတ်မှုတွေကို ကျွန်တော် ခံစားမိပါတယ်"

သခင်လေးလင်းရှောင် တိတ်ဆိတ်သွားမိသည်။ ကျစ်ရှောင် ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်ပြီး ကျစ်ရှောင်တာအိုအောင်မြင်ခြင်းသံစဉ်ကို ဖြတ်တောက်ခြင်းက ကွယ်လွန်သူဇနီးအပေါ် လွမ်းဆွတ်တမ်းတမှုများကို ပြန်လည်ဖြစ်ပေါ်လာစေလိမ့််မည်။

"တာအိုမိတ်ဆွေဟောင်၊ ခင်ဗျားရဲ့ ဒီခန္ဓာကိုယ်က အဆုံးသတ်မြို့ပျက်တိုက်ပွဲကို ဖြတ်သန်းခဲ့ရပြီး အကြိမ်ကြိမ် ပျက်စီးခဲ့တယ်… ခုနစ်ရဲ့ ဓားချက်နဲ့ မျက်ခုံးနှစ်ဖက်ကြားကို ထိုးဖောက်ခံခဲ့ရသေးတယ်… ဒါပေမဲ့ ဒဏ်ရာ မရခဲ့တာက တော်တော် ထူးဆန်းတာပဲ”

သခင်လေးလင်းရှောင်က ခန္ဓာကိုယ်ကို ကောင်းကင်နတ်အရှင်ဟောင်ဆီ ပြန်ပေးလိုက်ပြီး ပြော၏။ "ခုနစ်က သိပ်ကို ကောက်ကျစ်စဉ်းလဲတယ်… သူ အဲ့ဒီဓားချက်ထဲမှာ လျှို့ဝှက်ချက်တွေ ဖွက်ထားလား မထားလားဆိုတာ ပြောရခက်တယ်… ဒါပေမဲ့ ငါ စစ်ဆေးကြည့်တာတော့ ဘာကောင်းကင်နတ်သိုင်း အကြွင်းအကျန်မှ မခံစားမိဘူး… ဒါပေမဲ့ ဒီကိစ္စကို ပေါ့ပေါ့တန်တန့် သဘောထားလို့ မဖြစ်ဘူး… မင်းက ငါတို့မီလော့နန်းတော်က တာအိုသိုင်းပညာရှင်ပဲ… မင်း ထိခိုက်တာကို ငါ ကြည့်မနေဘူး"

သူက မီလော့နန်းတော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်ပေါင်းများစွာကို ခေါ်ကာ အမိန့်ပေးသည်။ “တာအိုမိတ်ဆွေဟောင်ရဲ့ အခြေခံက တိမ်ကောတယ်… မင်းတို့ သူ့ကို မီလော့နန်းတော်ရဲ့ ကျင့်စဥ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ သင်ပေးလိုက်ကြ… တာအိုသိုင်းပညာရှင်ပဲ ဖြစ်ဖြစ်၊ ခန်းမသခင်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ငါတို့ သခင်လေးတွေရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေပဲ ဖြစ်ဖြစ် သူ့ကို ကြိုက်သလို လေ့လာခွင့် ပေးလိုက်… သူ့ မျက်ခုံးကြားက ဓားဒဏ်ရာကိုလည်း သေချာ လေ့လာကြည့်ရမယ်… ခုနစ် သိုင်းကွက်ထားခဲ့တာ ရှိ၊ မရှိ စစ်ဆေးကြည့်ပါ… ငါ လေးဆီ သွားကြည့်ရမယ်… သူ့ တာအိုနှလုံးသား ပျက်စီးသွားလို့မဖြစ်ဘူး"

အားလုံး သဘောတူလိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ အံ့ဩ ဝမ်းသာနေသည်။ ဤတစ်ကြိမ်တွင် အဆိုးထဲမှ အကောင်းဖြစ်ကာ မီလော့နန်းတော်၏ အသိအမှတ်ပြုမှုကို ရလိုက်ချေပြီ။

"မီလော့နန်းတော်ရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ… ကောင်းကင်နတ်အရှင်မူလည်း မီလော့နန်းတော်ရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို ထိတွေ့ပြီးမှ စပြီး အင်အားကြီးလာတာ… ကျင့်ကြံခြင်းအခြေခံနဲ့ ခွန်အားက ငါ့ကို အများကြီး ကျော်တက်သွားခဲ့တယ်… ငါသာ မီလော့နန်းတော်ရဲ့ အမွေအားလုံးကို ရမယ်ဆိုရင် ကျင့်ကြံတဲ့ အရှိန်က သူ့ထက် ပိုမြန်မှာပဲ… သူ့ထက် နှေးမှာ မဟုတ်ဘူး… ဒါက ကံကြမ္မာ တစ်ပတ်လည်လာတာပဲ… ကံဆိုးမှုတွေ ကုန်ဆုံးပြီး ကံကောင်းမှုတွေ ရောက်လာတာ"

သူသည် သူ့ကိုယ်သူ အခြားသူများထက် မညံ့ဟု ယုံကြည်ထား၏။ အခွင့်အရေးသာ လိုအပ်နေခဲ့ခြင်းပင်။ ယခု အခွင့်အရေးက သူ၏ ရှေ့မှောက်သို့ ရောက်လာခဲ့ချေပြီ။

ကျောက်စိမ်းမြို့တော်မှ တာအိုသိုင်းပညာရှင်များနှင့် ခန်းမသခင်များက ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးမှ ဓားဒဏ်ရာကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးကြသည်။ သို့သော် သခင်လေးလင်းရှောင်ပင် ကောင်းကင်နတ်သိုင်း အကြွင်းအကျန် တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့သဖြင့် သူတို့လည်း ဘာမှ မတွေ့ခဲ့ကြပေ။

အားလုံးက ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ကို ထပ်မံ စစ်ဆေးကြသော်လည်း ဖုံးကွယ်နေသော အန္တရာယ် တစ်စုံတစ်ရာမှ မတွေ့ကြချေ။ ထို့ကြောင့် တိတ်ဆိတ်စွာဖြင့် တတွတ်တွတ် ရွတ်လျက် တွေးတောနေကြသည်။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ "အားလုံး စိတ်မပူကြပါနဲ့… အဆုံးသတ်မြို့ပျက်တိုက်ပွဲမှာ ကျွန်တော် မပါဝင်ခဲ့ပေမယ့် တိုက်ပွဲတစ်ခုလုံးကို ကြည့်နေခဲ့ပါတယ်… အဲ့ဒီအချိန်တုန်းက သခင်လေးခုနစ် ချင်မူက သူ့ရဲ့ အစွမ်းအစရှိသမျှကို အဆုံးသတ်မြို့ပျက်ကို ဖြိုဖျက်ဖို့ အကုန် သုံးနေခဲ့တာ… သခင်လေးလင်းရှောင်ကို တိုက်ခိုက်ဖို့ စွမ်းအား မရှိတော့ဘူး… သူ့ရဲ့ အဲ့ဒီဓားချက်က ဟန်ဆောင် လုပ်ပြတာ သက်သက်ပဲ"

"ဒီလိုပဲ မျှော်လင့်ရတာပေါ့"

အားလုံးလည်း ဤကိစ္စကို ဘေးဖယ်ထားလိုက်ပြီး သူ့ကို မီလော့နန်းတော်၏ တာအိုရတနာဘဏ္ဍာတိုက်သို့ ခေါ်ဆောင်သွားကာ ကြည့်ရှုခွင့်ပေးလိုက်သည်။ "မီလော့နန်းတော်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ဘယ်သူမဆို လေ့လာခွင့် ရှိပါတယ်… တာအိုမိတ်ဆွေဟောင်၊ ဒီနေရာက ကျမ်းစာအုပ်တွေက ပင်လယ်တစ်စင်းလို ကျယ်ပြန့်တယ်… စိတ်ကြိုက် လေ့လာနိုင်ပါတယ်… နားမလည်တာ၊ မသိတာ ရှိရင် ငါတို့ လာမေးလှည့်ပါ"

ကောင်းကင်နတ်အရှင်ဟောင်မှာ အံ့ဩ ဝမ်းသာနေ၏။ အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုကာ မေးလိုက်သည်။ "မီလော့နန်းတော်အရှင်သခင်ရဲ့ ကျမ်းစာတွေကိုလည်း လေ့လာလို့ ရလား"

ဟွာတုခန်းမသခင်က ရယ်မောကာ ဖြေ၏။ "လေ့လာလို့ ရပါတယ်… မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေပဲ ဆရာ့ရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို လေ့လာလို့ ရတာ မဟုတ်ဘူး… တခြားသူအားလုံးလည်း လေ့လာလို့ ရတယ်… မီလော့နန်းတော်ရဲ့ ကျမ်းစာတွေက ဘယ်တုန်းကမှ လျှို့ဝှက်ချက် မဟုတ်ခဲ့ဘူး"

သူက ကောင်းကင်နတ်အရှင်ဟောင်ကို နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောသည်။ "ဒါပေမဲ့ ဘယ်လောက် လေ့လာနိုင်မလဲ… နက်နဲမှုတွေကို သိမြင်နားလည်နိုင်မလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ပါရမီနဲ့ သိမြင်နားလည်နိုင်စွမ်းအပေါ် မူတည်တယ်… တာအိုမိတ်တွေဟောင်ရဲ့ သိမြင်နားလည်နိုင်စွမ်းက ထူးကဲပါတယ်… ဒါပေမဲ့ အခြေခံက မခိုင်မာဘူး… ခန်းမသခင်တွေနဲ့ တာအိုသိုင်းပညာရှင်တွေရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကနေ စပြီး လေ့လာစေချင်တယ်… အခြေခံကို အရင် ခိုင်မာအောင် လုပ်လိုက်ပါ… အခြေခံ ခိုင်မာသွားမှ သခင်လေးတွေရဲ့ ကျင့်စဉ်တွေ လေ့လာပြီး နောက်ဆုံးမှ ဆရာ့ရဲ့ ကျင့်စဉ်တွေကို လေ့လာပါ… ဒီလိုဆိုရင် ပိုပြီး လွယ်ကူလိမ့်မယ်… ဆရာ့ရဲ့ အန္တိမကျင့်စဉ်တွေကို တိုက်ရိုက် လေ့လာမယ်ဆိုရင်တော့ သခင်လေးတွေလို ပါရမီနဲ့ သိမြင်နားလည်နိုင်စွမ်း ရှိမှပဲ ရလိမ့်မယ်"

ကောင်းကင်နတ်အရှင်ဟောင်က တည်ကြည်စွာ ပြောသည်။ "ဉာဏ်ထိုင်းတဲ့ ငှက်တွေက အရင် ပျံသန်းရတယ်… ကျွန်တော် နည်းနည်း ပိုကြိုးစားပြီး ဆရာ့ရဲ့ အန္တိမကျင့်စဉ်တွေကို အရင် လေ့လာချင်ပါတယ်"

အခြား ခန်းမသခင်များက တဟားဟား ရယ်လိုက်ကြပြီး မီလော့နန်းတော်အရှင်သခင် ချန်ထားခဲ့သော ကျမ်းစာများ‌ဆီ ခေါ်ဆောင်သွားကြသည်။ သူ့ကို ဤနေရာတွင် ထားခဲ့ပြီး ထွက်ခွာသွားကြလေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။ "နောက်ဆုံးတော့ ငါ့ ကံကောင်းပြီပဲ…. ကောင်းကင်နတ်အရှင်မူက ကမ္ဘာဦးဖရိုဖရဲ သင်္ကေတတစ်ခုကို နားလည်သွားရုံနဲ့ သခင်လေးခုနစ် ဖြစ်သွားတာ… ငါ မီလော့နန်းတော်အရှင်သခင်ရဲ့ အန္တိမကျင့်စဉ်ကို နားလည်သွားရင် အောင်မြင်မှုက သူ့ထက် အများကြီး သာလွန်သွားမှာ သေချာတယ်"

သူ ပထမဆုံး စာအုပ်တစ်အုပ်ကို ဖွင့်လိုက်သည်။ စာရွက်ကို လောကပေါင်းကူးရွှေသင်္ဘောကဲ့သို့သော နတ်သတ္တုဖြင့် သွန်းလုပ်ထား၏။ စာရွက်အပေါ်တွင် ကမ္ဘာဦးဖရိုဖရဲသင်္ကေတဖြင့် ရေးသားထားသော စာလုံးများ ထွင်းထားသည်။

ကောင်းကင်နတ်အရှင်ဟောင်က မျက်လုံးများ ဝိုင်းစက်သွားအောင် ပြူးကြည့်နေသည်။ ခေါင်းမူးကာ မျက်စိပြာသည်အထိ အချိန်အတော်ကြာ ကြည့်ရှုသော်လည်း နားကန်းတစ်လုံးမှ နားမလည်ပေ။

ဤစာရွက်ပေါ်မှ စာလုံးများကို နားလည်လိုပါက ကမ္ဘာဦးဖရိုဖရဲသင်္ကေတ၏ ပြောင်းလဲမှုတို့အား ဦးစွာ နားလည် သဘောပေါက်ရမည်။ ထို့နောက်မှ စာလုံးများထဲမှ နက်နဲမှုများကို နားလည်နိုင်ပေလိမ့်မည်။

ဤစာအုပ်ထဲရှိ စာလုံးတစ်လုံးချင်းစီတိုင်းတွင် ပါဝင်သော အချက်အလက်များမှာ မဟာတာအိုတစ်ခုတွင် ပါဝင်သော အချက်အလက်များနှင့် ယှဉ်နိုင်၏။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်မှာ ဤစာအုပ်ကို ချလိုက်ပြီး အခြားစာအုပ်များကို ဖွင့်ကြည့်သော်လည်း အလားတူပင်။

သူသည် အလွန်တရာ ဉာဏ်ကောင်းထက်မြတ်သော်လည်း တစ်လုံးမှ နားမလည်ခဲ့ပေ။

"မီလော့နန်းတော်အရှင်သခင်ရဲ့ စာအုပ်တွေကို နားမလည်နိုင်မှတော့ ဒုတိယအကောင်းဆုံး အနေနဲ့ မီလော့နန်းတော်က သခင်လေးတွေရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို ကြည့်တာပေါ့"

သူက စိတ်ကို တည်ငြိမ်စေပြီး သခင်လေးတစ် မဟာဥသျှောင် ချန်ထားခဲ့သော စာအုပ်များထဲမှ တစ်အုပ်ကို ဖွင့်လိုက်သည်။ သူ၏ မျက်နှာ ချက်ချင်း မည်းမှောင်သွား၏။

သခင်လေးတစ် မဟာဥသျှောင်သည် သူ၏ တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ရေးသားရာတွင် မီလော့နန်းတော်အရှင်သခင်နှင့် တစ်ထပ်တည်းတူသော စာလုံးများအား အသုံးပြုထားသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်ဟောင်က သခင်လေးနှစ်၏ စာအုပ်ကို ဖွင့်လိုက်ရာ မျက်နှာ ပိုမည်းမှောင်သွားပြန်၏။ သခင်လေးနှစ်၏ စာအုပ်တွင် စာလုံးများ မရှိဘဲ နားလည်ရခက်ခဲသော သင်္ကေတများသာ ရှိနေသည်။

သူက သခင်လေးသုံး လင်းရှောင် ချန်ထားခဲ့သော စာအုပ်များဆီ သွားပြီး တစ်အုပ် ဖွင့်လိုက်သည်။ အထဲတွင် လင်းရှောင်က မီလော့နန်းတော်အရှင်သခင်၏ တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား မှတ်သားထားသည့် မှတ်စုများဖြင့် ပြည့်နှက်နေသည်။

သို့သော် မှတ်စုများ ဖြစ်သော်လည်း နားမလည်နိုင်ပြန်ပေ။

အခြေခံအကျဆုံး ကမ္ဘာဦးဖရိုဖရဲသင်္ကေတကို နက်ရှိုင်းကျယ်ပြန့်စွာ သိမြင်နားလည်ထားမှသာ ဤမှတ်စုများကို နားလည်နိုင်မည် ဖြစ်၏။

ကောင်းကင်နတ်အရှင်ဟောင်က သခင်လေးလေး ကျစ်ရှောင်၏ ရှေးကျမ်းစာများထံ ရောက်လာပြန်သည်။ ကျစ်ရှောင်၏ ကျမ်းစာများသည်လည်း မီလော့နန်းတော်အရှင်သခင်၏ တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား ခွဲခြမ်းစိတ်ဖြာ၍ မှတ်သားထားခြင်းပင် ဖြစ်နေသည်။

သူ သခင်လေးငါး ၊ သခင်လေးခြောက်တို့၏ ကျမ်းစာများကို ဖွင့်ကြည့်သော်လည်း ထိုအတိုင်းပင်။

နောက်ဆုံးတော့ ကောင်းကင်နတ်အရှင်ဟောင်မှာ သခင်လေးခုနစ် ဖရိုဖရဲ၏ ကျမ်းစာများထံ ရောက်လာပြီး တွန့်သွား၏။ သူက တခဏ တွေးတောနေသည်။ 'တခြားတောင်က ကျောက်တုံးနဲ့ ကိုယ့်ကျောက်စိမ်းကို သွေးလို့ ရတယ်… ချင်မူက ငါ့ရဲ့ ရန်သူ ဖြစ်ပေမယ့် သူ့ရဲ့ ကျင့်စဉ်၊ လမ်းစဥ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို ငါ လေ့လာတာနဲ့ ဘာမှမဆိုင်ဘူး'

သူ ကျမ်းစာများကို ဖွင့်လိုက်သည့်အခါ ရွှေစာအုပ်ပေါ်မှ သင်္ကေတများမှာ တစ္ဆေသရဲများ ရေးခြစ်ထားသကဲ့သို့ ဖြစ်နေ၏။ သူ့မှာ လုံးဝ နားမလည်နိုင်ပေ။

ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာကြီးမည်းမှောင်သွားသည်။ ရုတ်တရက် ရွှေစာအုပ်ပေါ်မှ သင်္ကေတများသည် သူ နားလည်နိုင်သော စာလုံးများအဖြစ် ပြောင်းလဲသွား၏။ သို့သော် ကိန်းဂဏန်းများ ဖြစ်ပြီး နေရာအတိအကျ ယူထားကြသည်။

ထို့အပြင် ထိုကိန်းဂဏန်းများမှာ အဆက်မပြတ် ပြောင်းလဲနေလေသည်။

ကောင်းကင်နတ်အရှင်ဟောင်က ချင်မူ၏ ကျမ်းစာအုပ်ကို ပိတ်လိုက်ပြီး စိတ်ထဲတွင် နားမလည်နိုင် ဖြစ်သွားသည်။ "သခင်လေး ဖရိုဖရဲ… တကယ့်ကို ဖရိုဖရဲပဲ… နားလည်ရခက်တယ်… ဟ.. ထူးဆန်းလိုက်တာ”

သူ ရွှေစာအုပ်ကို ပိတ်လိုက်သော်လည်း မျက်လုံးရှေ့တွင် အဆက်မပြတ် လှုပ်ရှားနေသော ကိန်းဂဏန်းများ ပေါ်နေဆဲပင်။

ကောင်းကင်နတ်အရှင်ဟောင်က မျက်လုံးများကို ပွတ်သပ်လိုက်သော်လည်း ထိုကိန်းဂဏန်းများမှာ သူ၏ မျက်လုံးထဲတွင် တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ ဆက်လက်ရှိနေပြီး အဆက်မပြတ် ပြောင်းလဲနေသည်။

"ချင်မူက ငါ ဒီအချိန် ဒီနေရာမှာ သူ့ရဲ့ ကျမ်းစာတွေကို ကြည့်မယ်ဆိုတာ ကြိုသိနေလို့ စာအုပ်ထဲမှာ ကောင်းကင်နတ်သိုင်း ထားခဲ့ပြီး လုပ်ကြံထားတာလား… ဒါ မဖြစ်နိုင်ပါဘူး"

သူ စိတ်ထဲတွင် လန့်ဖြတ်သွားသည်။ အဆက်မပြတ် ပြောင်းလဲနေသော ကိန်းဂဏန်းများမှာ အချိန်ကို ရေတွက်နေပုံရပြီး အချိန်တိုင်းတာသည့် စံနှုန်းများ ဖြစ်နေပုံပင်။ ရှေ့ဆုံးမှာ 'နှစ်' ဖြစ်ပြီး နောက်မှာ 'လ' ဖြစ်သည်။ 'လ' မှ 'နှစ်' သို့ ၁၂ လ ရေတွက်သည့် စံနှုန်း ဖြစ်၏။ ထို့နောက် 'ရက်' ဖြစ်ပြီး 'ရက်' မှ 'လ' သို့ ရက် ၃၀ လျှင် တစ်လ ရေတွက်၏။

လ, ပြီးလျှင် နာရီ ရှိသည်။ နာရီပြီးသည့်အခါ မိနစ် စသဖြင့် ရှိနေလေသည်။

စာလုံးများ၏ လှုပ်ရှားမှုမှာ စည်းချက်မကျသယောင် ထင်ရသော်လည်း အမှန်တကယ်တွင် အဆင့်တိုင်း၌ မတူညီသော စံနှုန်းစနစ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်၏။

"ဒီဂဏန်းတွေက လျော့နေပါလား … အားလုံး သုည ဖြစ်သွားတဲ့အထိ စောင့်လိုက်ရင် ဘာဖြစ်မှာလဲ" ကောင်းကင်နတ်အရှင်ဟောင်မှာ ဇဝေဇဝါ ဖြစ်နေသည်။

'နှစ်' ၏ ကိန်းဂဏန်းမှာ ၉၃ တွင် ရှိနေသည်။ ဆိုလိုသည်မှာ ၉၃ နှစ် ကြာပြီးနောက် သူ၏ မျက်လုံးထဲမှ ကိန်းဂဏန်းအားလုံး သုညသို့ ရောက်သွားလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟောင်က ဤကိစ္စကို ခေတ္တ ဘေးဖယ်ထားလိုက်ပြီး ခန်းမသခင်များ၏ ပညာရပ်များကို သွားရောက် လေ့လာသော်လည်း နားမလည်ပြန်ပေ။ နောက်ဆုံးတွင် တာအိုသိုင်းပညာရှင်များ၏ သိုင်းပညာများကိုသာ လေ့လာရတော့သည်။

ဤအခိုက်အတန့်တွင် သခင်လေးလင်းရှောင်က ၁၀ စင်းမြောက် စကြ၀ဠာသို့ ရောက်သွားသည်။ ၁၀ စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးရှေ့တွင် ရပ်ကာ ဖရိုဖရဲမြစ်ထဲသို့ ကြည့်လိုက်သည်။

ဖရိုဖရဲမြစ်ထဲတွင် သခင်လေးကျစ်ရှောင်မှာ သူ၏ ဇနီး သေဆုံးခဲ့သည့်အချိန်သို့ ပြန်လည်ရောက်ရှိနေ၏။ ဤစကြဝဠာတွင် ပျက်စီးခြင်းလက္ခဏာများ ပေါ်ပေါက်နေပြီဖြစ်ပြီး ပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲတော့မည့်အချိန်တွင် သူနှင့် သူ၏ဇနီးက တင်းကြပ်စွာ ပွေ့ဖက်ထားကြသည်။

သခင်လေးလင်းရှောင်မှာ ဤမြင်ကွင်းကို ကြောင်ငေးကြည့်နေမိသည်။ ကျစ်ရှောင်မှာ ဤသို့ နောက်ဆုံးအကြိမ် နွေးထွေးမှုခံ စားရရန်က အကြိမ်ပေါင်းမည်မျှ ပြန်လည်ပွေ့ဖက်ခဲ့သည်လည်း သူ မပြောနိုင်ချေ။

သူ၏ ကွယ်လွန်သူဇနီးကို လွမ်းဆွတ်တိုင်း ဤနေရာသို့ ပြန်လာခဲ့ပြီး ပျက်စီးခြင်းကပ်ဘေးထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၀ စင်းမြောက် စကြ၀ဠာမှ သူကိုယ်တိုင်အဖြစ် ပြန်လည်ပြောင်းလဲပြီးနောက် အချစ်ရဆုံး ဇနီးကို ပွေ့ဖက်ကာ အရာအားလုံးကို ကယ်တင်နိုင်ရန် ကြိုးစားရုန်းကန်ခဲ့လိမ့်မည်။

သို့သော် အရာအားလုံး အချည်းနှီးသာ ဖြစ်ခဲ့သည်။

ဤတစ်ကြိမ်လည်း ထိုအတိုင်းပင်။

သခင်လေးလင်းရှောင်လည်း ဆက်မကြည့်တော့ဘဲ ကျစ်ရှောင်ကို နှစ်သိမ့်မည့် အစီအစဉ်ကိုလည်း လက်လွှတ်ကာ ထွက်ခွာလာခဲ့သည်။

အချို့သော နာကျင်မှုမျိုးကို သူ ကုသမပေးနိုင်ချေ။

"ကျစ်ရှောင်၊ ခုနစ်ကို အနိုင်တိုက်ပြီး ၁၇ စင်းမြောက် စကြ၀ဠာကို ဆင်းသက်ရမယ်... ဆရာ့ရဲ့ ခံယူချက်တွေကို ဆက်လက် လက်ဆင့်ကမ်းနိုင်မှ မင်းရဲ့ ဇနီးကို ကယ်တင်နိုင်မယ့် အခွင့်အရေး ရှိမှာ"

သခင်လေးလင်းရှောင်က စိတ်ထဲတွင် တွေးနေ၏။ "အခု မင်းရဲ့ တာအိုနှလုံးသား နှောင့်ယှက်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး… မင်း စိတ်ပြန်စုစည်းပြီး အနာဂတ်အတွက် တိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

"ကောင်းကင်နတ်အရှင်ယွဲ့ရော" လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် လန်ဝူက ကောင်းကင်နတ်အရှင်ယွဲ့ကို မတွေ့သဖြင့် နားမလည်နိုင်စွာ မေးလိုက်သည်။

သူမနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့၏ ဆက်ဆံရေးမှာ အကောင်းဆုံး ဖြစ်ပြီး သံယောဇဉ်ကလည်း အနက်ရှိုင်းဆုံး ဖြစ်သည်။ နှစ်ဦးသား မကြာခဏ ပူးပေါင်း၍ ရန်သူများအား တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ဤတစ်ကြိမ် တိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ယွဲ့ကို မတွေ့မိသဖြင့် စိတ်ထဲတွင် စိုးရိမ်နေမိသည်။

ချင်မူက နွေးထွေးစွာ ဖြေသည်။ "ကောင်းကင်နတ်အရှင်ယွဲ့က ၁၄ စင်းမြောက် စကြ၀ဠာကို သွားခဲ့တယ်… အနာဂတ်မှာ ကျွန်တော် အတိတ်ပြန်သွားပြီး အဲ့ဒီနေရာမှာ သူနဲ့ ပြန်ဆုံမယ်"

လန်ဝူက သူ့ကို လေးလေးနက်နက် ကြည့်နေသော်လည်း ဆက်မမေးတော့ချေ။

အခြားတစ်ဖက်တွင် အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့မှာ အနားယူရန် အခွင့်အရေး ရသွားသဖြင့် ဒဏ်ရာများကုသရန် ပုန်းအောင်းနေကြသည်။ အနန္တအဘိုးအိုမှာ လောကသစ်ပင် ဖြစ်သည့်အတွက် သူ မည်သည့်နေရာတွင် ရှိသည်ကို လူတိုင်း သိကြသော်လည်း နှစ်၏ တည်နေရာကိုတော့ မည်သူမှ မသိကြပေ။

ဤသို့ဖြင့် ၉၃ နှစ် ကြာမြင့်သွားချေပြီ။

ယနေ့တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပြည်သူများကို တိုက်ခိုက်‌နေသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား ကျင့်ကြံခြင်းအခြေခံ အကြီးအကျယ် တိုးတက်လာသောကြောင့် ယုံကြည်ချက်အပြည့်ဖြင့် ခိုင်ဧကရာဇ်ချင်ယဲ့ကို တစ်ယောက်တည်း ရင်ဆိုင်နေသည်။

ခိုင်ဧကရာဇ်ချင်ယဲ့က သူ့ကို ထူးဆန်းစွာ တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ "ဟောင်၊ မင်း သေရမယ့်အချိန် ရောက်ပြီ"

ကောင်းကင်နတ်အရှင်ဟောင်၏ မျက်လုံးရှေ့တွင် အဆက်မပြတ် ပြောင်းလဲနေသော ကိန်းဂဏန်းများကား ရုတ်တရက် သုညသို့ ရောက်သွား၏။

All Chapters