← Chapters

နတ်ဘုရင်အသစ်

Vol. 141 Ch. 1809

နတ်ဘုရင်အသစ်

Vol. 141 Ch. 1809

ကောင်းကင်နတ်အရှင်ဟောင် မျက်လုံးများ ပြာသွားပြီး ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူ၏ မျက်လုံးထဲမှ ကိန်းဂဏန်းများကို အခြားသူများ လုံးဝ မသိသော်လည်း ခိုင်ဧကရာဇ်ချင်ယဲ့ကမူ မြင်နေရသည့်အလားပင်။ အလွန်တရာ ထူးဆန်းသည်။

သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ သူ၏ မျက်လုံးရှေ့မှ ကိန်းဂဏန်းများက သုညအဖြစ်သို့ ရောက်သွားပြီးနောက်၌ သုညသင်္ကေတများ မရပ်မတန့်နိုင်အောင် ဆက်တိုက်ပေါ်လာနေခြင်းပင်။

သူ အမှန်တကယ်ယ် သေဆုံးရမည့်အချိန်သို့ ရောက်သွားပြီလော။

"မင်းက သေပြီးသားသူပဲ…. သေပြီးသား သူတစ်ယောက်ကို သတ်ဖို့ ငါ စိတ်မဝင်စားဘူး"

ခိုင်ဧကရာဇ်ချင်ယဲ့က ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး သူ့ကို ကျောခိုင်းလှည့်ထွက်ကာ ကျန်စစ်မြေပြင်များဆီသို့ လျှောက်သွားသည်။ "တစ်ချိန်က လောကမှာ သူရဲကောင်းဆိုလို့ ယဲ့ နဲ့ဟောင် နှစ်ယောက်ပဲ ရှိတယ် ငါ ထင်ခဲ့ဖူးတယ်… ငါ အင်အားကြီးမားလာတဲ့ အချိန်မှာ မင်းက ဒီလောက်တောင် အသုံးမကျတဲ့အဆင့်‌ ရောက်နေမမယ် မထင်ခဲ့မိဘူး… ငါ မင်းကို ကိုယ်တိုင်သတ်ပစ်ချင်တဲ့ အချိန်မှာ မင်းက သေပြီးသားလူ ဖြစ်နေပြီ"

ကောင်းကင်နတ်အရှင်ဟောင် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ "ဘာကို သေပြီးသားလူ ဖြစ်နေပြီလဲ… ချင်ယဲ့၊ ငါ အကောင်းကြီး ရှိသေးတယ်ကွ"

သူ၏ စကားသံ မဆုံးမီမှာပင် ကောင်းကင်နတ်သိုင်းတစ်ကွက်က မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

ဤကောင်းကင်နတ်သိုင်း၏ စွမ်းအားမှာ အလွန် ကြီးမားလှပြီး ဆိုင်းမဆင့် ဗုံမဆင့် ထွက်လာခဲ့၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိဘဲ လွန်ခဲ့သော ၉၃ နှစ်က ချင်မူ ချန်ထားခဲ့သော သူ၏ နဖူးတည့်တည့်ရှိ ဓားဒဏ်ရာကို တန်းထိမှန်သွားသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းသည် ဘုန်းခနဲ ပေါက်ကွဲသွားတော့၏။ သူကား ခွန်အားဖြင့် တာအိုရထားသည်သာမက ဤနှစ်များအတွင်း ဇွဲလုံ့လဝီရိယရှိစွာဖြင့် ကျင့်ကြံခဲ့သည်။ မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ၏ ကမ္ဘာဦးဖရိုဖရဲသင်္ကေတမှတ်တမ်းများကိုလည်း လေ့လာထားသည့်တိုင် ဤတိုက်ကွက်၏ စွမ်းအားကို မတားဆီးနိုင်ခဲ့ပေ။

ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းမှာ စိစိညက်ညက် ကြေမွသွားပြီး မူလဝိညာဉ်မှာ ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်ထွက်သွားသည်။ သူ၏ မူလဝိညာဉ်မှာလည်း ဒဏ်ရာရသွားလေသည်။

သို့သော် သူကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် ဤမျှ လွယ်ကူစွာ သေဆုံးသွားနိုင်မည်လော။

မဟာခြုံလွှမ်းကောင်းကင်ဘုံ ပေါ်ထွက်လာပြီး တာအိုသစ်ပင်နှင့် တာအိုသစ်သီးများလည်း ဖွဲ့တည်လာကြသည်။ ဤတိုက်ကွက်က အလွန် အစွမ်းထက်သော်လည်း သူ၏ အသက်ကို နှုတ်မယူနိုင်သေးချေ။

"သခင်လေးခုနစ်က ဒီလောက်ပဲ စွမ်းတာလား"

သူ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းရန် ပြင်လိုက်စဉ် မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိသော ကောင်းကင်နတ်သိုင်းများက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။ တာအိုသိုင်းပညာရှင်မျိုးစုံ၏ ကောင်းကင်နတ်သိုင်းနှင့် တာအိုကျင့်စဉ်များ ထောင်သောင်းပေါင်းများစွာ ပါဝင်နေ၏။ ၎င်းတို့က အဆက်မပြတ် ပြောင်းလဲလျက် သူ့ကို လွှမ်းခြုံသွားချေပြီ။

ဤကောင်းကင်နတ်သိုင်းများက ထပ်နေခြင်း မရှိချေ။ ကောင်းကင်နတ်သိုင်းတစ်ခုစီတိုင်းတွင် မဟာတာအို၏ ပြိုင်ဘက်ကင်းသော အောင်မြင်မှုများ ကိန်းအောင်းနေသည်။ မဟာတာအိုများကား များပြားလွန်းသဖြင့် ကောင်းကင်နတ်အရှင်ဟောင် မဆိုထားနှင့်၊ မီလော့နန်းတော်မှ သခင်လေးများပင် မှတ်မိနိုင်မည် မဟုတ်ပေ။

ဝုန်း

ကောင်းကင်နတ်အရှင်ဟောင်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ ပျက်စီးသွားပြီး တာအိုသစ်သီးများ ကြေမွသွားကာ တာအိုသစ်ပင် ပြိုလဲသွားသည်။ မူလဝိညာဉ်သည် ပြာကျသွားပြီး ရုပ်ခန္ဓာမှာလည်း ကောင်းကင်နှင့်မြေကြီးအား ဖုံးလွှမ်းထားသည့် ကောင်းကင်နတ်သိုင်းများထဲတွင် အစအနပင် မကျန်ခဲ့‌ချေ။

ထိုကောင်းကင်နတ်သိုင်းများသည် ချင်မူ၏ ကောင်းကင်နတ်သိုင်းများ မဟုတ်ဘဲ အနန္တအဘိုးအိုထံမှ လာခြင်း ဖြစ်သည်။

လွန်ခဲ့သော ၉၃ နှစ်က အဆုံးသတ်မြို့ပျက်တိုက်ပွဲတွင် အနန္တအဘိုးအိုသည် ချင်မူ့ကို တိုက်ခိုက်ခဲ့၏။ သူ၏ မဟာကောင်းကင်နတ်သိုင်းများ ချင်မူ့ကို တိုက်ခိုက်လာသောအခါ ချင်မူ၏ မပြည့်စုံသော တာအိုအဆင့် ကောင်းကင်ဘုံ ၃၆ ဘုံဖြင့် တားဆီးခံလိုက်ရ‌သောကြောင့် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းထဲသို့ ကျရောက်သွားခဲ့သည်။

အနန္တအဘိုးအို၏ မဟာကောင်းကင်နတ်သိုင်းများသည် ဖရိုဖရဲမြစ် တစ်စင်းပြီးတစ်စင်းအား ဖြတ်သန်းလျက် အချိန်စီးကြောင်းကို ဖြတ်ကျော်ပြီးနောက်မှ ချင်မူ့ဆီသို့ တစ်ခုပြီးတစ်ခု ရောက်လာကြမည် ဖြစ်၏။

သို့သော် ချင်မူမှာ ၎င်းတို့ကို တစ်ခုချင်း ရင်ဆိုင်နေရန် စိတ်မရှည်ချေ။ ထို့ကြောင့် ဖရိုဖရဲကျောက်တုံးများဖြင့် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို တည်ဆောက်စဉ် သခင်လေးလင်းရှောင်ကို ထိုးစိုက်လိုက်သော ဓားချက်နှင့်အတူ အနန္တအဘိုးအို၏ ကောင်းကင်နတ်သိုင်းများကို ၉၃ နှစ်အကြာ ယနေ့ခေတ်သို့ ကူးပြောင်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ဖြင့် အနန္တအဘိုးအို၏ ထိုကောင်းကင်နတ်သိုင်းများက ၉၃ နှစ်အကြာ သခင်လေးလင်းရှောင်၏ ဓားဒဏ်ရာနေရာတွင် ပေါ်ထွက်လာပေမည်။

သခင်လေးလင်းရှောင်သာ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ကို ဆက်လက် ထိန်းချုပ်ထားမည် ဆိုပါက အလွယ်တကူ ရင်ဆိုင်နိုင်မည် ဖြစ်၏။ လွန်ခဲ့သော ၉၃ နှစ်က အနန္တအဘိုးအိုမှာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် ပိတ်မိနေခဲ့ပြီး ကျင့်ကြံခြင်းအခြေခံမှာ အတော်လေး ယုတ်လျော့နေသဖြင့် အန္တရာယ်မမြင့်မားချေ။

သို့သော် ကောင်းကင်နတ်အရှင်ဟောင် ဆိုပါက သူ့အတွက် အမှန်တကယ် သေဆုံးရတော့မည့်အချိန် ဖြစ်လာတော့သည်။

သူ၏ ပါရမီက မြင့်မားသော်လည်း အနန္တအဘိုးအို၏ ပြီးပြည့်စုံသော ကောင်းကင်နတ်သိုင်းတစ်ကွက်ကိုမှ မတားဆီးနိုင်ခဲ့ပေ။

သခင်လေးလင်းရှောင်နှင့် မီလော့နန်းတော်သားအားလုံး ချင်မူ၏ ဓားကွက်ထဲတွင် လျှို့ဝှက်ထားသော အသတ်အဖြတ်စိတ်ဆန္ဒကို မမြင်တွေ့ခဲ့ရခြင်းမှာ ဤသို့ကောင်းကင်နတ်သိုင်းမျိုးကို ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သဖြင့် နက်နဲဆန်းကြယ်မှုများကို နားမလည်နိုင်သောကြောင့်ပင်။

ခိုင်ဧကရာဇ်ချင်ယဲ့မှာမူ လန်ယွီတျန်းနှင့် အခြားသူများနှင့်အတူ ချင်မူ၏ တာအိုအဆင့် ကောင်းကင်ဘုံ ၃၆ ဘုံကို ပြီးပြည့်စုံအောင် ကူညီပေးခဲ့ဖူးသဖြင့် ဤကောင်းကင်နတ်သိုင်း၏ နက်နဲဆန်းကြယ်မှုကို သိမြင်နားလည်ထားသည်။

ထို့ကြောင့် ခိုင်ဧကရာဇ်ချင်ယဲ့သည် ကောင်းကင်နတ်အရှင်ဟောင်အား ရင်ဆိုင်ရာ၌ ဟောင် သေဆုံးရမည့်အချိန် ရောက်နေပြီဖြစ်ကြောင်း ချက်ချင်း မြင်တွေ့လိုက်ရ၍ ယှဉ်ပြိုင်လိုစိတ် မရှိတော့ခြင်းဖြစ်၏။

ခိုင်ဧကရာဇ်ချင်ယဲ့ နောက်လှည့် ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားသည်ကို တွေ့မြင်လိုက်ရသည်။ သူ၏ နှလုံးသားမှာ ဝမ်းမြောက်မည့်အစား လေးလံနေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ သေဆုံးမှုနှင့်အတူ ခေတ်တစ်ခေတ် အဆုံးသတ်သွားခဲ့ချေပြီ။

ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ သမိုင်း၌သာ ကျန်ရစ်ခဲ့လေပြီ။

အတိတ်တုန်းက သူသည် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် လက်ရုံးရည်၊ နှလုံးရည်တို့ ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာလောကကို အနိုင်ယူရန် ကြိုးစားခဲ့၏။ ယခုမူ ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး ပြာကျသွားချေပြီ။

သူ့အရှေ့တွင် ချင်မူက သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ တာအိုလက်နက်များကို ရင်ဆိုင်တိုက်ခိုက်နေသည်။ လန်ဝူ၊ ထိုက်ရှီ၊ ခိုင်ဧကရာဇ်တီရီယွဲ့နှင့် အခြားသူများကလည်း သွေးသံတရဲရဲ တိုက်ခိုက်နေကြသည်။

ချင်ယဲ့ ဓားဆွဲထုတ်၍ စစ်မြေပြင်ထဲသို့ ပြေး၀င်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရန်သူမှာ ကောင်းကင်နတ်အရှင်ဆယ်ပါး မဟုတ်တော့ပေ။ ယခုရန်သူများမှာ ပို၍ အင်အားကြီးမားပြီး ရင်ဆိုင်ရန် ခက်သည်။ သို့သော် သူသည် ဓားကို ကိုင်စွဲ၍ ရှေ့ဆက်နေဦးမည်သာ.. အခြားအကြောင်းကြောင့် မဟုတ်။ သူ့နှလုံးသားထဲမှ ရွှင်ပျော်ပျော်ကျေးရွာကို ကာကွယ်ရန်သာ...။

ကောင်းကင်နတ်အရှင်ဟောင်၏ သေဆုံးမှုသည် ဘိုးဘေးနန်းတော် သားရဲလှောင်အိမ်တိုက်ပွဲအတွင်း၌ မထင်မရှား လှိုင်းလုံးလေးတစ်ခုမျှသာ ဖြစ်သည်။ သူ၏ သေဆုံးမှုက မီလော့နန်းတော် သခင်လေးသုံး၊ သခင်လေးလေးတို့ကို နှမြောတသ သက်ပြင်းတစ်ချက်သာ ချ၍ မေ့လျော့သွားစေသည်။

ဤတိုက်ပွဲမှာလည်း ဘိုးဘေးနန်းတော် သားရဲလှောင်အိမ်တိုက်ပွဲထဲမှ သာမန် တိုက်ပွဲတစ်ခုမျှသာ ဖြစ်သည်။

နောက်ထပ် နှစ်သုံးထောင် ကြာပြီးနောက် ဘိုးဘေးနန်းတော်တွင် ချင်ဖုန်းကျင့်နှင့် ရှင်းအန်တို့ တာအိုရရှိသွားသည်။ ထို့ကြောင့် လန်ယွီတျန်းက ဘိုးဘေးနန်းတော်မှ ထွက်ခွာသွားပြီး ကျူစန်းထုံလည်း သူနှင့်အတူ ကမ္ဘာဦးဘုံသို့ ပြန်လိုက်သွားသည်။ မကြာမီ ကျူစန်းထုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်တစ်သုတ်ကို ခေါ်ဆောင်လာပြီး ဘိုးဘေးနန်းတော်သို့ ဝင်ရောက်လာကာ ဆက်လက် စူးစမ်းလေ့ကျင့်စေ၏။

အချိန်ကြာလာသည်နှင့်အမျှ ဘိုးဘေးနန်းတော်၏ အခြေအနေမှာ ပိုပို၍ ရှုပ်ထွေးကာ ဒုက္ခပေးလာသည်။ အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ ပေါ်ထွက်လာပြီး ဘိုးဘေးနန်းတော်၏ အခြေအနေကို နှောင့်ယှက်ကြလေသည်။

ချင်မူ၏ ကျင့်ကြံခြင်းအခြေခံက ပိုမိုခိုင်မာလာသည့်အလျာက် ဘိုးဘေးနန်းတော်ကို ထောက်ပံ့ထားသော အဓိကကျောရိုး ဖြစ်လာသည်။

နောက်ထပ် နှစ်သုံးထောင် ကြာပြီးနောက် ကုန်းစွန်းယန်၊ မင်းသားယိုမင်းနှင့် တာအိုဘိုးဘေးကြီးတို့လည်း တာအို ရရှိသွားကြ၏။ ခိုင်ဧကရာဇ်ချင်ယဲ့က ဘိုးဘေးနန်းတော်မှ ထွက်ခွာပြီး မွေးရပ်မြေသို့ ပြန်သွားသည်။ ကျူစန်းထုံကလည်း သူနှင့်အတူ ကမ္ဘာဦးဘုံသို့ လိုက်ပါသွားသည်။

မင်းသားယိုမင်းသည် တာအို ရရှိပြီးနောက် ကမ္ဘာဦးဘုံသို့ သွားရောက်၍ သူ၏ မိဘလူဝင်စားများကို ရှာဖွေသည်။ သူက နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့အား ကောင်းမွန်စွာ သင်ကြားပေးပြီးနောက် ဘိုးဘေးနန်းတော်သို့ ပို့ဆောင်လိုက်သည်။

နောက်ထပ် နှစ်သုံးထောင် ကြာပြီးနောက် မင်ဧကရာဇ်နှင့် ချိဧကရာဇ်တို့ ဘိုးဘေးနန်းတော်တွင် တာအို ရရှိသွားကြသည်။

နောက်ထပ် နှစ်သုံးထောင် ကြာပြီးနောက် ခိုင်ဧကရာဇ်တိရီယွဲ့၊ ရွာသူကြီး စုမူကျဲနှင့် အဘွားစစ်တို့ တာအို ရရှိသွားကြ၏။

ထို့နောက် နှစ်သုံးထောင်အတွင်း တာအိုရရှိသူ တစ်ယောက်ပြီးတစ်ယောက် များပြားလာကြသည်။ ဥပမာအနေဖြင့် တောင်နတ်မင်း၊ ဟွာရွှမ်းရှို့၊ ဝေစွေ့ဖုန်း၊ ကျန်းယွင်ကျန့်တို့ ဖြစ်ပြီး နောက်ပိုင်းတွင် ကျူစန်းထုံ၊ တုံးယန်နှင့် အခြားသူများလည်း တာအိုရသွားကြသည်။

ချင်မူ၏ ဘေးမှ လူများ အပြောင်းအလဲ ဖြစ်သွားကြသည်။ သူတို့ထဲမှ အတော်များများက ဘိုးဘေးနန်းတော်သို့ ပြန်ကာ သူတို့ သင်ယူထားသည်များကို ဖြန့်ဝေကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု ရလဒ်များကို လေ့လာကာ နောက်မျိုးဆက်များကို ပညာသင်ပေးကြသည်။

ထွက်ခွာမသွားသူများ ဟူ၍ လင်ယွိရှို့နှင့် လန်ဝူတို့သာ ကျန်သည်။

ထို့နောက်တွင် နဂါးချီလင်လုံပိ ရောက်လာသည်။ အချိန်တစ်ခုကြာပြီးနောက် လုံပိလည်း ထွက်ခွာသွား၏။

နောက်ထပ် နှစ်တချို့ကြာပြီး‌နောက် လူဝင်စား ရှန့်ကျွင်း ရောက်လာသည်။ ဧကရာဇ်ယန်ဖုန်းလည်း ရောက်လာ၏။ သူတို့သည် ရောက်လာပြီးနောက် ထွက်ခွာသွားခြင်း မရှိချေ။

လူ၀င်စား ရှန့်ကျွင်းသည် အတိတ်ဘဝမှ ဒုက္ခဆင်းရဲများကို မေ့လျော့သွားပြီး မှတ်ဉာဏ်များကို ပြန်လည်မနိုးထခဲ့ချေ။ ယခုအခါတွင် အလွန်ပျော်ရွှင်တက်ကြွသော လူငယ်တစ်ဦး ဖြစ်ပြီး လေးစားဖွယ်ကောင်းလောက်အောင် အကောင်းမြင်တတ်သည်။

နောက်ဆုံးတွင် လန်ဝူက ချင်မူ့အား နှုတ်ဆက်သည်။ “အထွတ်အမြတ်ကလေးငယ်၊ ငါ ထွက်သွားတော့မလို့ ပြင်ဆင်ထားတယ်"

ချင်မူသည် အဆုံးသတ်မြို့ပျက် ကြာပလ္လင်ကို ကျင့်ကြံနေရာမှ ထိုစကားကို ကြားလျှင် ခေါင်းမော့လိုက်သည်။ သူမကို သံသယမကင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အထွတ်အမြတ်ကလေးငယ်၊ ငါ အတိတ်က လောဘကတက်ပြီး မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဥ်ကို ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်… ဒီ ရှည်လျားတဲ့ နှစ်တွေအတွင်းမှာ လူပေါင်းများစွာ တာအို ရရှိသွားကြတာကို ငါ တွေ့ခဲ့ရတယ်… သူတို့ ကိုယ်ပိုင်လမ်းစဉ်တွေ ရှာတွေ့ပြီး တာအိုပန်းပွင့်တွေ တာအိုသစ်သီးတွေ ဖွဲ့တည်နိုင်ခဲ့တယ်… ဒါပေမဲ့ ငါ့ရဲ့ လမ်းက ဆုံးသွားပြီ … ရှေ့ဆက် တိုးတက်နိုင်တော့မှာ မဟုတ်ဘူး"

လန်ဝူက နူးညံ့ညင်သာသော အသံလေးဖြင့် ဆက်ပြောသည်။ " ဒီတစ်ခေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်သွားပြီးရင် ဘဝပြန်ဝင်စားတော့မယ်… ဖန်ဆင်းရှင်မျိုးနွယ်က သိပ်မရှိတော့ ဖန်ဆင်းရှင်မျိုးနွယ်ထဲ လူဝင်စားဖြစ်မှာ မဟုတ်ဘူး… တောထဲက မကောင်းဆိုး၀ါးတစ်ကောင်လည်း ဖြစ်သွားနိုင်တယ်… ရေထဲက ငါးလေးလည်း ဖြစ်သွားနိုင်တယ်… ဒါမှမဟုတ် လူသားမျိုးနွယ်ရဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်သွားနိုင်တယ်… ရှန့်ကျွင်းလိုပဲ အတိတ်ဘဝ မှတ်ဉာဏ်တွေကိုတော့ မနိုးထတော့ဘူး… မဟုတ်ရင် ဖန်ဆင်းရှင်မျိုးနွယ်က ငါ တာအိုရမယ့် လမ်းပေါ်က ဆူးညှောင့်ခလုတ် ဖြစ်သွားလိမ့်မယ်"

ချင်မူ ထရပ်လိုက်ပြီး ရှုပ်ထွေးနေသော အကြည့်ဖြင့် မေးသည်။ "ပြန်လာဦးမှာလား"

"မလာဖြစ်လောက်တော့ဘူး ထင်ပါရဲ့"

လန်ဝူက ပြုံး၏။ "အထွတ်အမြတ်ကလေးငယ်၊ ငါ့အတွက် ပန်းချီတစ်ချပ် ထပ်ဆွဲပေးနိုင်ဦးမလား"

ချင်မူက စက္ကူ၊ မှင်၊ စုတ်တံနှင့် မှင်တုံးတို့ကို ထုတ်လိုက်သည်။ တစ်ချိန်က သူ တိတ်တခိုး မြတ်နိုးခဲ့ရသော အမျိုးသမီးကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ မရေးဆွဲနိုင်ဖြစ်နေသည်။

နောက်ဆုံးတွင် လန်ဝူ ပန်းချီတစ်ချပ်ကို ယူကာ ထွက်ခွာသွားသည်။ သူမ ဖန်ဆင်းရှင်မျိုးနွယ်သို့ ပြန်ရောက်ပြီးနောက် နှစ်နှစ်အကြာတွင် ကလေးတစ်ယောက် မွေးဖွားခဲ့ပြီး စစ်ချင်ဟု အမည်ပေးခဲ့လေသည်။

သို့သော် သူမသည် ချင်မူ့ကို ပြောခဲ့သလို ဘဝပြန်ဝင်စားခဲ့ခြင်း မရှိချေ။ စစ်ချင်ကို ဂရုတစိုက် ပျိုးထောင်ကာ ဖန်ဆင်းရှင်မျိုးနွယ်၏ မျိုးဆက်သစ် နတ်ဘုရင် ဖြစ်လာရန် သင်ကြားပေးခဲ့သည်။

ကျန်းပိုင်ကွေ့က သူမကို လာရောက် တွေ့ဆုံပြီး စစ်ချင်ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် မေး၏။ "သူ့အဖေက ဘယ်သူလဲ"

လန်ဝူက ပြုံးကာ မဖြေချေ။ "ဖန်ဆင်းရှင်တွေရဲ့ မွေးဖွားနိုင်စွမ်းက သိပ်ကို နိမ့်တယ်… ဒါကြောင့် အတိတ်တုန်းက ကောင်းကင်နတ်ဧကရီကို ကိုးကွယ်ပြီး သားသမီးတွေ အများကြီး ရအောင် ဆုတောင်းခဲ့ကြတာ… ဒါပေမဲ့ စစ်ချင်က ထူးခြားတဲ့သူ ဖြစ်လာလိမ့်မယ်… သူက ဖန်ဆင်းရှင်မျိုးနွယ်ကို သန်မာအား‌ကောင်းစေပြီး သမိုင်းထဲကနေ ပျောက်ကွယ်မသွားအောင် လုပ်ဆောင်ပေးလိမ့်မယ်"

ကျန်းပိုင်ကွေ့ ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းခါသည်။ "နတ်ဘုရင် ခင်ဗျားမှာ ခံစားချက်တွေ ရှိလာပြီ… ကျင့်စဉ် ပျက်သွားပြီ…. ခင်ဗျားရဲ့ ကျင့်စဉ်က ခံစားချက်ကင်းမဲ့ပြီး တပ်မက်မှု မရှိရဘူး… ခင်ဗျားမှာ ခံစားချက် ရှိလာတဲ့အခါ ကျင့်စဉ် ပျက်သွားပြီး ကျင့်ကြံအခြေခံ ပြန့်ကြဲသွားလိမ့်မယ်… အသိစိတ်အလျဥ်ရော၊ ချီစွမ်းအင်ပါ အဆက်မပြတ် အားနည်းလာလိမ့်မယ်… ခင်ဗျားရဲ့ ကျင့်ကြံခြင်းတွေ တိုးတက်မလာဘဲ နောက်ပြန် ဆုတ်နေတာကို ကျွန်တော် သတိထားမိတယ်… ဖန်ဆင်းရှင်တွေရဲ့ သက်တမ်းက ရှည်လျားပေမယ့် ခင်ဗျာရဲ့ ကျင့်ကြံခြင်းတွေ တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး အိုမင်းလာလိမ့်မယ်… ခင်ဗျား လူဝင်စားသင့်တယ်… ကျွန်တော် စီစဉ်ပေးပါ့မယ်"

“ဟင့်အင်း"

လန်ဝူက ပြုံးကာ ပြောသည်။ "ငါ့တစ်ဘ၀လုံး ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အနာဂတ်အတွက် ကြိုးစားခဲ့တာ… ကိုယ်ဝန် ရှိလာပြီးနောက်ပိုင်း ခံစားချက်မျိုးစုံ ခံစားခဲ့ရတယ်… အဲ့ဒီအချိန်မှသာ ကိုယ့်ကိုယ်ကို သာမန်လူတစ်ယောက်လို တွေးလာမိတယ် … စစ်ချင်ကို အဖေရော အမေပါ မသိတဲ့သူ မဖြစ်စေချင်ဘူး… သူ ကြီးပြင်းလာတဲ့အထိ စောင့်ကြည့်ချင်တယ်"

ကျန်းပိုင်ကွေ့သည် မျက်လုံးများတွင် ရှုပ်ထွေးနေသော အရိပ်အယောင်များ ပြည့်နှက်လာသည်။ သူက နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

လန်ဝူက သူ့ကို ဖန်ဆင်းရှင်မျိုးနွယ်၏ နယ်မြေအပြင်အထိ လိုက်ပို့၏။ ကျန်းပိုင်ကွေ့က နောက်လှည့်၍ ဤထူးဆန်းသော အမျိုးသမီးကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ "သူ့အဖေက တကယ်ပဲ ဘယ်သူလဲ… ခင်ဗျား ကျွန်တော့်ကို မပြောချင်ဘူးဆိုရင်‌တောင် ဖန်ဆင်းရှင်တွေ ကိုယ်ဝန်ဆောင်တာကနေ မွေးဖွားတဲ့အထိ ဘယ်လောက် ကြာလဲဆိုတာတော့ ပြောပြလို့ ရမလား"

လန်ဝူက ပြုံးလျက် ခေါင်းခါမြဲပင်။ သူမက လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်၏။ "သူ့အဖေက သာမန်လူတစ်ယောက်ပါပဲ"

ကျန်းပိုင်ကွေ့လည်း ထွက်ခွာသွားတော့သည်။ သူ အနည်းငယ် ခန့်မှန်းမိသော်လည်း မသေချာပေ။

လန်ဝူ၏ ရုပ်ရည်မှာ အိုမင်းသွားလာချေပြီ။ သူမ ‌မြေကြီးထဲသို့ ခေါင်းချသည့်အချိန်အထိ ဤလျှို့ဝှက်ချက်ကို မည်သူမျှ သိနိုင်မည်မဟုတ်ချေ။

ကျန်းပိုင်ကွေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လာသည့်အချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို သူ ကိုယ်တိုင် ဦးဆောင်ရန် မလိုအပ်တော့ချေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် တိုးတက်ကြီးပွားလိုသော ဆန္ဒများ ပြင်းထန်နေချေပြီ။ ယခု ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အတိတ်ကနှင့် လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။

"နှစ်ပေါင်း လေးသောင်း ကြာသွားပြီ… သူ ဘိုးဘေးနန်းတော်ထဲမှာပဲ ရှိနေသေးလား" ကျန်းပိုင်ကွေ့ ကောင်းကင်သို့ မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

ကောင်းကင်အပြင်ဘက်တွင် ကြယ်တာရာများ ပိုမို များပြားလာသည်။ ၎င်းမှာ ဝိညာဉ်ချီနှင့် ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ပေါများလာသဖြင့် ဖြစ်ပေါ်လာသော ပြန့်ကားမှုပင်။ ဘိုးဘေးနန်းတော်မှ ယိုဖိတ်လာသော ဝိညာဉ်ချီနှင့် ဝိညာဉ်စွမ်းအင်များက လောကအားလုံးတွင် ကြီးထွားနေသည်။

ထိုလူမှာ ယခုအချိန်အထိ ပြန်လာခဲ့ခြင်း မရှိသေးပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်တွင် တောက်ပကြည်လင်နေသော လမင်းကြီးက ဝိုးတဝါး တောက်ပနေသည်။ လနန်းတော်ထဲမှ အမျိုးသမီးတစ်ဦးကလည်း ဘိုးဘေးနန်းတော်ရှိရာ အရပ်သို့ မကြာခဏ လှမ်းကြည့်နေ၏။

All Chapters