ဘိုးဘေးနန်းတော်၏ ဆင့်ခေါ်သံ
Vol. 141 Ch. 1810
အချိန်ကုန်လွန်လာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့သော သူရဲကောင်းသုံးဦး ဆိုသည်မှာ သမိုင်းထဲက ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာခဲ့ချေပြီ။
ဧကရာဇ်ယန်ဖုန်းနှင့် ကျန်းပိုင်ကွေ့တို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှုကို နေရာသေးသေးမှ စတင်ခဲ့၏။ ချင်မူက မဟာမြို့ပျက်မှ ထွက်ခွာကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်လာခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်ခဲ့သည်။ ကောင်းကင်မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း၊ အထက်ကောင်းကင်မှ လာရောက်တိုက်ခိုက်ခြင်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပထမဆုံးကပ်ဘေး စသဖြင့် သမိုင်းကြောင်းသည် နှစ်ပေါင်း ထောင်သောင်းချီ ကြာခဲ့ပြီဖြစ်၍ ဖြတ်သန်းခဲ့ရသူများ၏ မှတ်ဉာဏ်ထဲတွင်ပင် ဝါကျင့်နေခဲ့ချေပြီ။
ထိုအဖြစ်အပျက်များသည် စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သော်ငြား ထိုလူများ၏ အသံ၊ အပြုံးနှင့် ပုံရိပ်များမှာ ဝိုးတဝါးဖြစ်ကာ မထင်ရှားတော့ချေ။
ဧကရာဇ်ယန်ဖုန်းက ပထမမျိုးဆက် ကောင်းကင်နတ်ဧကရာဇ်အဖြစ် ဘိုးဘေးနန်းတော်သို့ ထွက်သွားခဲ့သည်။ သူတော်စင်တန်ခိုးရှင် ကျန်းပိုင်ကွေ့ကိုလည်း မတွေ့မြင်ရချေ။ တန်ခိုးရှင်ခန်းမမှာ မြို့တော်၏ အထက်ကောင်းကင်တွင် မားမားမတ်မတ် ရှိနေဆဲ ဖြစ်သော်လည်း ခန်းမထဲတွင် တန်ခိုးရှင်၏ အရိပ်အယောင်ကို တွေ့ရခဲလှ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို တစ်ဦးတည်း ဦးဆောင်ခဲ့သော ကောင်းကင်နတ်အရှင်မူမှာမူ ဘိုးဘေးနန်းတော်သို့ ဝင်ရောက်ပြီး ချိပ်ပိတ်ခဲ့ချိန်မှစ၍ တစ်ခါမျှ ပြန်မလာခဲ့တော့ပေ။
အချိန်တစ်ခုကြာတိုင်း ဘိုးဘေးနန်းတော်မှ ပြန်လာသူများ ရှိတတ်သည်။ တာအိုရရှိသူများလည်း ရှိသလို၊ တာအိုမရရှိနိုင်သူများလည်း ရှိ၏။ သူတို့က ဘိုးဘေးနန်းတော်မှ စိတ်နှလုံးတုန်လှုပ်ဖွယ်ရာ တိုက်ပွဲများအကြောင်းအား ဇာတ်လမ်းတစ်ပုဒ်သဖွယ် ပြောပြကြသည်။
အစပိုင်းတွင် ပြည်သူများသည် ဤတိုက်ပွဲများကို အသစ်အဆန်းအဖြစ် စိတ်ဝင်စားကြ၏။ အချို့ဆိုလျှင် သွေးတို့ ဆူပွက်လာပြီး ရှေးလူကြီးများနှင့်အတူ ချက်ချင်း ပျံသန်း၍ သတ်ဖြတ်တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာကြသည်။ အချို့မှာမူ တိုက်ပွဲတွင် ကျဆုံးသွားသူများအတွက် နှမြောတသ သက်ပြင်းချတတ်ကြသည်။
သို့သော် နောက်ပိုင်းတွင် ဇာတ်လမ်းများ ကြားရဖန်များလာသောအခါ ဂရုမစိုက်ကြတော့ပေ။
မည်သို့ပင်ဖြစ်စေ ဘိုးဘေးနန်းတော်၏ စစ်ပွဲကား အဆုံးမသတ်သေး။ ရှေးဒဏ္ဍာရီခေတ်မှစ၍ တိုက်ခိုက်လာခဲ့ပြီး ယခုအချိန်အထိ ရလဒ် မထွက်ပေါ်သေးပေ။ အနာဂတ်တွင်လည်း ဆက်လက် တိုက်ခိုက်နေဦးမည် ဖြစ်၏။
ဘိုးဘေးနန်းတော်၏ စစ်ပွဲမှာ သူတို့နှင့် မသက်ဆိုင်ဟု ခံစားရလေသည်။ ညစာစားပြီးနောက် ရံဖန်ရံခါ စကားစမြည် ပြောစရာအဖြစ်သာ သတ်မှတ်ကြတော့သည်။
လူ့အသက်သည် ကောင်းကင်ထက် မြင့်မြတ်၏။ နတ်ဘုရားတို့သည် လူတို့အား အလုပ်အကျွေး ပြုရမည်။ သာမန်လူတို့၏ နိစ္စဓူဝ လှုပ်ရှားမှုများကား တာအို ဖြစ်သည်။ ဤသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အခြေခံမူဝါဒ ဖြစ်သော်လည်း ဤအချိန်အတောအတွင်း အတက်အကျများ ရှိခဲ့လေသည်။
နှစ်တစ်သန်းစာ သမိုင်းတစ်ခေတ် ကုန်ဆုံးသွားပြီးနောက် ဆက်ခံသူ မျိုးဆက်သစ်လူငယ်များမှာ အတိတ်က ရှေးလူကြီးများ အဘယ်ကြောင့် ဤသို့သော ပြုပြင်ပြောင်းလဲမှု အခြေခံမူ၀ါဒအား ချမှတ်ခဲ့သည်ကို မမှတ်မိကြတော့ပေ။ အချို့မှာ အာဏာ၏ ဝါးမြိုခြင်း ခံရပြီး လိုအင်ဆန္ဒများဖြင့် တပ်မက်ကာ ယိုယွင်းပျက်စီးလာကြသည်။
ကောင်းကင်နတ်ဧကရာဇ် တစ်ဦးပြီးတစ်ဦး နန်းစွန့်ကာ ဘိုးဘေးနန်းတော်သို့ သွားရောက်ကြသည်။ သုံးဆယ့်နှစ်ဆက်မြောက် ကောင်းကင်နတ်ဧကရာဇ်လက်ထက်တွင် အာဏာကို မျိုးရိုးစဉ်ဆက် ဆက်ခံလိုသည့် လက္ခဏာများ ပေါ်ပေါက်လာ၏။ လေးဆယ့်ငါးဆက်မြောက် ကောင်းကင်နတ်ဧကရာဇ် လက်ထက်တွင်မူ သက်ဦးဆံပိုင် အုပ်ချုပ်မှုစနစ်ကို ပြန်လည် ကျင့်သုံးရန် ကြိုးပမ်းလာသည်။
နောက်ဆုံးတွင် ဧကရာဇ်ယန်ဖုန်း အပါအဝင် အနားယူသွားသော ကောင်းကင်နတ်ဧကရာဇ် ဒါဇင်ကျော်က ဘိုးဘေးနန်းတော်မှ ပြန်လည်ရောက်ရှိလာပြီး ဤပြဇာတ်ကို အဆုံးသတ်ပေးခဲ့သည်။
ထိုအချိန်မှစ၍ နတ်ဘုရားဆိုသည်မှာ ရာထူးတစ်ခုသာ ဖြစ်သွားခဲ့သည်။
အထက်တွင် ကောင်းကင်တာအို လည်ပတ်နေပြီး အောက်တွင် မြေအောက်ဘုံအရှင်သခင်နှင့် လမ်းစဉ်ခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းသံသရာ ရှိသည်။ တာအိုသိုင်းပညာရှင်များနှင့် ကောင်းကင်နတ်ဧကရာဇ်များက စကြ၀ဠာရှိ ကမ္ဘာလောကအားလုံးကို စနစ်တကျ စီမံအုပ်ချုပ်၏။
ဤမတော်တဆမှုပြီးနောက် ဘိုးဘေးနန်းတော်၏ ဒဏ္ဍာရီမှာ တစ်ဖန် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။ ဒဏ္ဍာရီထဲမှ ဧကရာဇ်ဒါဇင်ကျော်က ဘိုးဘေးနန်းတော်မှ ပြန်လာပြီး ပုန်ကန်မှုကို နှိမ်နင်းခြင်းမှာ အလွန်တရာ ခမ်းနားကြီးကျယ်ပြီး တုန်လှုပ်စရာကောင်းပေသည်။
အနန္တလောကများတွင် အင်အားကြီးပုဂ္ဂိုလ်တို့ ပေါများစွာ ရှိကြသည်။ သူတို့က ဘိုးဘေးနန်းတော်၏ တည်နေရာသို့ သွားရောက်ရှာဖွေကြ၏။ သို့သော် ထိုနေရာတွင် မယုံနိုင်ဖွယ်ရာ အဖြစ်အပျက်များကို တွေ့မြင်ခဲ့ရကာ ဘိုးဘေးနန်းတော်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
နောက်ထပ်နှစ်အနည်းငယ် ကြာပြီးနောက် ဘိုးဘေးနန်းတော်ကို လူများ တဖြည်းဖြည်း မေ့လျော့သွားကြပြန်သည်။ မျိုးဆက်သစ်ပါရမီရှင်များ တစ်သုတ်ပြီးတစ်သုတ် ပေါ်ထွက်လာကြပြီး အနန္တကမ္ဘာလောကများတွင် သူတို့၏ သတ္တိစွမ်းပကားများကို ပြသကြသည်။
ဘိုးဘေးနန်းတော်နှင့် ကမ္ဘာဦးဘုံတို့၏ ဆက်သွယ်မှုမှာလည်း တဖြည်းဖြည်း ပပျောက်လာသည်။ အတိတ်က နှစ်သုံးထောင်လျှင် ဘိုးဘေးနန်းတော်မှ တာအိုသိုင်းပညာရှင်တစ်ဦး ပြန်လာခဲ့ရာမှ နောက်ပိုင်းတွင် နှစ်လေးထောင်၊ ငါးထောင် ဖြစ်လာပြီး ထို့နောက် နှစ်တစ်သောင်း၊ နှစ်သောင်းအထိ ကြာမြင့်လာခဲ့၏။
နှစ်တစ်ကုဋေ ကြာမြင့်သွားပြီးနောက် ကြယ်တာရာများက ပိုမို ကျယ်ပြန့်ကာ အဆုံးမရှိတော့ပေ။ ကောင်းကင်ဘုံအသစ်များ ပေါ်ထွက်လာကာ လောကအားလုံး ပိုမို ဝေးကွာသွား၏။ ကမ္ဘာဦးဘုံမှာလည်း ပိုမို ကြီးမားလာကာ ဘိုးဘေးနန်းတော်သို့ သွားရောက်ရန် ပို၍ ခက်ခဲလာသည်။
ဘိုးဘေးနန်းတော်၏ တိုက်ပွဲများကား လူများနှင့် မသက်ဆိုင်တော့ပေ။ လူအများစုမှာ ထိုနေရာတွင် သွေးချောင်းစီးတိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်ကိုပင် မသိကြတော့ချေ။ စိတ်ဝင်စားခြင်းလည်း မရှိတော့။ ထိုလူများ အဘယ်ကြောင့် တိုက်ခိုက်သတ်ဖြတ်၍ ကျဆုံးနေကြသည်ကို မသိကြပေ။ ထိုနေရာမှ စစ်သည်တော်များ သေသည်၊ ရှင်သည်ကိုပင် ဂရုမစိုက်ကြတော့ချေ။
ထိုရှေးလူကြီးများမှာ ညကောင်းကင်မှ ကြယ်တာရာများသဖွယ် အလွန် မြင့်မားဝေးကွာသော နေရာတွင် ရှိနေကြ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ သီးသန့်နေထိုင်ကြသော ပုဂ္ဂိုလ်များ သို့မဟုတ် တာအိုသိုင်းပညာရှင်များသာ ဘိုးဘေးနန်းတော်၏ တိုက်ပွဲများကို စိတ်ဝင်တစား ရှိနေကြသေးပြီး ဘိုးဘေးနန်းတော်မှ ပြန်လာသူများအား ‘ထိုလူ’ ၏ သတင်းကို မေးမြန်းနေကြသေးသည်။
"သူ အဲ့ဒီနေရာမှာ နေတာ နှစ်တစ်သန်း ရှိနေပြီ မဟုတ်လား… အဲ့ဒီနေရာကို ဘာလို့ ဆက်ပြီး စောင့်ကြပ်နေရတာလဲ"
"ဟုတ်ပါတယ်… နှစ်တစ်သန်းဆိုတာ နဂါးဟန်၊ ချိမင်၊ ချုံဧကရာဇ်၊ ခိုင်ဧကရာဇ်နဲ့ ထာဝရငြိမ်းချမ်းရေးခေတ်တွေရဲ့ သမိုင်းပဲ… သူ ဒီလောက် ကြာအောင် တောင့်ခံထားနိုင်တာ အံ့ဩဖို့ ကောင်းတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာက တာအိုသိုင်းပညာရှင်တွေ အရေအတွက် တစ်ခုအထိ ရောက်လာရင် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာမယ်လို့ သူ ပြောတယ်… အဲ့ဒီအချိန်ကျရင် သူ ပြန်လာခဲ့မယ်တဲ့"
...
"သူ ဘိုးဘေးနန်းတော်ကို စောင့်ကြပ်နေတာ နှစ်သန်းပေါင်းများစွာ ရှိနေပြီ မဟုတ်လား… ဘိုးဘေးနန်းတော်က တိုက်ပွဲတွေကို ဖြေရှင်းလို့ မပြီးသေးဘူးလား"
"အင်း… ဘိုးဘေးနန်းတော်မှာ လျှို့ဝှက်ကိန်းအောင်းနေတဲ့ အန္တရာယ်က သိပ်ကြီးတယ်… သူ အခု ထွက်လာလို့ မရသေးဘူး… နှစ်ရဲ့ ခွန်အားက ပိုသန်မာလာတယ်… အနန္တအဘိုးအိုရဲ့ စွမ်းဆောင်ရည်တွေကလည်း တိုးတက်လာတယ်… ဘိုးဘေးနန်းတော်မှာ တခြား ပြောင်းလဲမှုတွေ ရှိသေးတယ်… သခင်လေးတွေရဲ့ ရတနာခန်းမတွေ ဆင်းသက်လာပြီ… ပြီးတော့ ခန်းမသခင် အသစ်တချို့လည်း ထပ်တိုးလာတယ်… သူ ပြန်လာခဲ့မှာပါတဲ့"
...
"နှစ်သန်းတစ်ရာ ကြာသွားပြီ… လောကကြီး လုံးဝ ပြောင်းလဲသွားပြီ… သူ အဲ့ဒီနေရာမှာပဲ စောင့်ရှောက်နေတုန်းလား"
"ဟုတ်တယ်… သူ အဲ့ဒီနေရာမှာ စောင့်ရှောက်နေတုန်းပဲ… နှစ်နဲ့ အနန္တကို ဖိနှိပ်ထားတယ်… ပြီးခဲ့တဲ့ တစ်ခေါက်က သူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ သွားပြီး လင်းရှောင်ရဲ့ ခန်းမထဲအထိ ဝင်ရောက်ခဲ့တယ်… သူ့ရဲ့ ခွန်အားက ပိုသန်မာလာပြီ… သူ ပြန်လာမယ့်ရက် မဝေးတော့ဘူး ဆိုပြီး ဝမ်းသာအားရ ပြောနေတာ"
...
"နှစ်တစ်ကုဋေ ကြာသွားပြီ… သူ ဘယ်တော့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲမှာလဲ… ဘယ်တော့ ပြန်လာမှာလဲ"
"နည်းနည်း ထပ်စောင့်ကြတာပေါ့… အနန္တကို စိုးရိမ်စရာ မလိုတော့ဘူး… သခင်လေးနှစ်ယောက်လည်း အပြည့်အဝ ဆင်းသက်မလာနိုင်ဘူး… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုသိုင်းပညာရှင်က နည်းနေသေးတယ်… သူတို့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး… ထပ်စောင့်ကြတာပေါ့"
...
နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က် ကြာမြင့်သွားပြီးနောက် လောက၏ အခြေအနေများမှာ အတော်အတန် ပြောင်းလဲသွားခဲ့သည်။ ပြောင်းလဲမှုများက ကြီးမားလွန်းသဖြင့် တာအိုကို သိမြင်နားလည်နေသော တာအိုသိုင်းပညာရှင်များပင် သီးသန့်နေရာမှ နိုးထလာပြီးနောက် အစိမ်းသက်သက် ဖြစ်နေကြသည်။
ကြယ်တာရာကောင်းကင်မှာ ပိုမို ကျယ်ပြန့်လာပြီး ၀င်ရိုးစွန်းလေးခုက ကမ္ဘာဦးဘုံနှင့် အနန္တလောကထံမှ ပိုမို ဝေးကွာနေသည်။ ရွှမ်တုမှာ ပိုမို မြင့်မားသွားပြီး ယိုတု လွှမ်းခြုံထားသော ဧရိယာက ပိုမို ကျယ်ပြန့်လာ၏။ မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်နှင့် ကောင်းကင်နတ်အရှင်ရုံတို့အတွက်ပင် ဤမျှ ကျယ်ပြန့်သော ယိုတုစကြဝဠာကို အုပ်ချုပ်ရန် ခက်ခဲလာသည်။
အစပိုင်းတွင် ယိုတုစကြဝဠာကို နယ်မြေလေးခုအဖြစ် ခွဲခြားပြီး နောက်ထပ် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးလေးခုနှင့် မဟာတာအိုခန်းမလေးခုကို တည်ဆောက်ခဲ့၏။ နောက်ပိုင်းတွင် ယိုတုစကြဝဠာမှာ ပိုမိုကျယ်ပြန့်လာသောကြောင့် နယ်မြေလေးခုဖြင့် အုပ်ချုပ်ရန် ခက်ခဲလာသည်။
ခန်းမလေးခုမှ တဖြည်းဖြည်း ဆယ်ခုထိ တိုးပွားလာသည်။ အနာဂတ်တွင် စကြဝဠာ ကြီးထွားလာသည်နှင့်အမျှ နောက်ထပ်တာအိုခန်းမများ ထပ်မံ တည်ဆောက်ရဦးမည် ဖြစ်သည်။
ယနေ့တွင် ဘိုးဘေးနန်းတော်မှ သံတမန်တစ်ဦး ကမ္ဘာဦးဘုံသို့ ရောက်လာပြီး ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ကို လာရောက် တွေ့ဆုံ၏။ သူက လျှောက်တင်သည်။ "ကောင်းကင်နတ်အရှင်တို့၊ ကျေးဇူးပြုပြီး တာအိုသိုင်းပညာရှင်အားလုံး စုစည်းပြီး ဘိုးဘေးနန်းတော်ဆီ ပြန်လာခဲ့ကြပါ"
ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ ပြောမပြတတ်အောင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ တာအိုနှလုံးသားများမှာ ကောင်းကင်ဘုံ ၄၀ ဘုံ အဆင့်သို့ ရောက်နေသော်လည်း စိတ်ငြိမ်အောင် မထိန်းနိုင်ကြပေ။
တာအိုဘိုးဘေးကြီးနှစ်ဦးက ရှေးဟောင်းတာအိုခန်းမထဲမှ ထွက်လာကြသည်။ တာအိုလှိုင်းဂယက်များက ခန်းမထဲမှ ပျံ့နှံ့သွားသည်။ လှိုင်းဂယက်များမှာ နေရာဟင်းလင်းပြင် တုန်ခါနေသည့် အလား ကြောက်မက်ဖွယ်ကောင်းလှသော်လည်း တစ်လောကလုံး လုံး၀ မခံစားမိကြပေ။
မဟာတာအိုလှိုင်းဂယက်များက ကမ္ဘာဦးဘုံနှင့်၊ အခြား ကမ္ဘာလောကများအနှံ့ ဖြန့်ကျက်သွားသည်။ ကမ္ဘာဦးဘုံ၊ ရွှမ်တု၊ ယိုတု၊ ဝင်ရိုးစွန်းလေးခုနှင့် စကြဝဠာ၏ လောကအားလုံးအထိ ရောက်သွား၏။ အိပ်စက်နေသူများ နိုးထလာကြသည်။ တောင်တန်းများတွင် သီးသန့်နေထိုင်ကြသူများ၊ ဈေးထဲမှ သာမန်လူများ၊ လှည်းသမားများ၊ စက်ရုံများမှ အလုပ်သမားများစသဖြင့် စုံလင်၏။ အားလုံး ခေါင်းမော့လိုက်ကြပြီး တာအိုအဘိုးအိုနှစ်ဦး၏ ခေါ်သံကို အာရုံခံလိုက်မိကြသည်။
အာဏာရှိသူများသည် အာဏာကို စွန့်လွှတ်ပြီး ဆက်ခံသူများထံ ပေးအပ်ကြ၏။ မိသားစု ရှိသူများက စီစဉ်ပြီး အထုပ်အပိုးများ ပြင်ဆင်ကြသည်။ တစ်ကိုယ်တည်းသမားများက ရာထူးများ စွန့်လွှတ်ပြီး ရာထူးတံဆိပ်ကို အိမ်တော်၏ တံခါးတွင် ချိတ်ဆွဲထားလိုက်ကြသည်။
အများစုက ဘိုးဘေးနန်းတော်ကို မေ့လျော့သွားကြသော်လည်း သူတို့ မမေ့ကြပေ။ သူတို့သည် ဘိုးဘေးနန်းတော်၏ တိုက်ပွဲများကို ကောင်းကောင်းသိကြပြီး ထိုနေရာတွင် ကျန်ရစ်ခဲ့သူများ၏ ပေးဆပ်မှုများကိုလည်း နက်နက်နဲနဲ သိကြသည်။
ထိုလူ သူတို့ကို ဆင့်ခေါ်နေချေုပြီ။ အရာအားလုံးကို စွန့်လွှတ်ပြီး ဘိုးဘေးနန်းတော်သို့ သွားကြမည် ဖြစ်၏။
စကြ၀ဠာ အနန္တကမ္ဘာလောကများမှာ အလွန် ဝေးကွာလှသည်။ စွမ်းအင်အကူးအပြောင်းတံတားမှ သွားလျှင်ပင် နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ ထိုတာအိုသိုင်းပညာရှင်များက သူတို့၏ တာအိုအရှိန်အဝါများကို ထုတ်ဖော်ကာ ကိုယ်ပိုင်တာအိုဖြင့် စကြဝဠာဟင်းလင်းပြင်အား ဖြတ်သန်းကာ ကမ္ဘာဦးဘုံသို့ သွားရောက်ကြ၏။ သူတို့၏ တာအိုမိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ကြသည်။
လမ်းတလျှောက်ရှိ စကြဝဠာ၏ အနန္တကမ္ဘာလောကများတွင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။
လူများ အံ့ဩတုန်လှုပ်နေကြသည်။ အချင်းချင်း အပြေးအလွှား သွားရောက်သတင်းပို့နေကြ၏။ သူတို့သည် ဒဏ္ဍာရီများထဲမှ ပုဂ္ဂိုလ်များကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ မဟုတ်လော။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က တိတ်ဆိတ်စွာ စောင့်နေကြသည်။ နှစ်ရက်ကြာပြီးနောက် သူတို့ ရှိနေသော တာအိုခန်းမ ပတ်ပတ်လည်တွင် လောကသစ်ပင်တို့က မြေကြီးထဲမှ ထိုးထွက်လာပြီး အရောင်အသွေးစုံသော တာအိုသစ်သီးများသည် ကမ္ဘာဦးဘုံ ကောင်းကင်အား ထွန်းလင်းသွားစေ၏။
ရက်တစ်ရာ ကြာပြီးနောက် လောကသစ်ပင်များမှာ တောအုပ် ဖွဲ့သွားချေပြီ။
တစ်နှစ် ကြာပြီးနောက် တာအိုခန်းမ ပတ်ပတ်လည်တွင် လောကသစ်ပင်များဖြင့် ဖွဲ့စည်းထားသော သစ်တောကြီး ဖြစ်ပေါ်လာ၏။
လောကသစ်ပင်များအောက်တွင်တော့ အထွတ်အမြတ် ပုဂ္ဂိုလ်များ ရှိကြသည်။ နှစ်ပေါင်း သုံးကုဋေနှင့်တစ်ဝက်အတွင်း အနန္တကမ္ဘာလောကများ၌ ငုပ်လျှိုးနေခဲ့သော အထွတ်အထိပ်ပုဂ္ဂိုလ်များပင်။
သူတို့၏ မဟာတာအိုမျိုးစုံက ကမ္ဘာဦးဘုံတစ်ခုလုံးကို စကြဝဠာထဲမှ အတောက်ပဆုံး ကျောက်မျက်ရတနာသဖွယ် အရောင်အသွေး စုံလင်နေစေသည်။
ဘိုးဘေးနှစ်ဦး နှစ်တစ်ရာတိုင်တိုင် စောင့်နေခဲ့ပြီးနော် အနန္တကမ္ဘာလောကများမှ တာအိုသိုင်းပညာရှင်အားလုံး ဤနေရာသို့ စုစည်းရောက်လာချေပြီ။ လန်ယွီတျန်းမှာ ဤမျှ ခမ်းနားသော မြင်ကွင်းကို ကြည့်ရှုရင်း ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
ဤသည်မှာ ’ထိုလူ’ နှစ်ပေါင်းသုံးကုဋေနှင့်တစ်၀က် အချိန်အား ပေးဆပ်၍ ၁၇ စင်းမြောက် စကြဝဠာအတွက် တိုက်ခိုက်ပေးနေခြင်းမှ ရလဒ် မဟုတ်လော။
နောက်ဆုံးတွင် လန်ယွီတျန်း၏ ရင်ထဲမှ စကားလုံး ထောင်ပေါင်းများစွာမှာ စကားတစ်ခွန်းအဖြစ်သာ ထွက်ပေါ်လာ၏။
"ဘိုးဘေးနန်းတော်ဆီ သွားကြမယ်"
တာအိုသိုင်းပညာရှင် စစ်တပ်ကြီးသည် လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ နောက်မှ လိုက်ပါ၍ ဘိုးဘေးနန်းတော်သို့ ကြီးကျယ်ခမ်းနားစွာ ချီတက်သွားတော့၏။
"နှစ်ပေါင်း သုံးကုဋေနဲ့ တစ်၀က်တောင် ကြာသွားပြီလား" လန်ယွီတျန်းက ရှုရှန်းဟွာကို မေးလိုက်သည်။
"အင်း"
ရှုရှန်းဟွာက ခေါင်းညိတ်လိုက်ပြီး ယခင်ကဲ့သို့ပင် မှင်သေသေ ဖြေသည်။ "နှစ်ပေါင်း သုံးကုဋေနဲ့တစ်၀က် ကြာသွားပြီ"
သူ၏ မျက်လုံးထဲတွင်မူ စိတ်လှုပ်ရှားမှုများ ပြင်းထန်နေပြီး မထိန်းချုပ်နိုင် ဖြစ်နေ၏။
"သူ အဲ့ဒီနေရာမှာပဲ ရှိနေသေးလား" လန်ယွီတျန်းက မေးလိုက်သည်။
ရှုရှန်းဟွာ ဖြေ၏။ "အဲ့ဒီနေရာမှာပဲ"
ချင်ဖုန်းကျင့်က သူတို့နောက်မှ လိုက်လာသည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် မေး၏။ "ဒါ နောက်ဆုံး တိုက်ပွဲလား"
"ဖြစ်နိုင်တယ်"
ရှုရှန်းဟွာက ပြောသည်။ "နောက်ဆုံး တိုက်ပွဲ ဖြစ်နိုင်သလို အခုမှ စတာလည်း ဖြစ်နိုင်တယ်… ငါတို့အတွက်တော့ နောက်ဆုံး တိုက်ပွဲပဲ… သူ့အတွက်တော့ အခုမှစတာ ဖြစ်မှာ"
သူက ခဏ ရပ်လိုက်ပြီး ပြုံးနေသည်။ "သူက ငြိမ်ငြိမ် မနေနိုင်တဲ့သူလေ… လူတွေက သူ့ကို သမင်ပေါက်လေးလို့ ခေါ်ကြတယ်… မိုက်မဲပြီး ဘာကို မဆို စူးစမ်းချင်နေလို့ပေါ့… သူ ဘိုးဘေးနန်းတော်မှာ ငြိမ်ငြိမ်နေပြီး ဒီလောက် ကြာအောင် ဖိနှိပ်ထားနိုင်တာ ငါ အံ့ဩမိတယ်… တခြားလူတွေက သူ့ကို စိတ်မရှည်ဘူးလို့ ပြောကြတယ်… တကယ်လည်း စိတ်မရှည်ဘူး… ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ့ရဲ့ စိတ်ရှည်မှုက ဘယ်သူ့ထက်မဆို ပိုပြီး ရှည်လျားခဲ့တယ်"
"သူ ဒီနှစ်တွေအတွင်း ဘယ်လို ဖြတ်သန်းခဲ့ရလဲ"
ခိုင်ဧကရာဇ်ချင်ယဲ့သည် သူတို့နောက်မှ လိုက်လာပြီး မေးလိုက်၏။ "ငါ ဘိုးဘေးနန်းတော်ကနေ ပြန်လာပြီးနောက်ပိုင်း သူ့ကို သိပ်မတွေ့ရတော့ဘူး… မင်းတို့ ဘိုးဘေးနန်းတော်ဆီ သွားခဲ့ကြသေးလား"
"သူ ကျွန်တော်တို့ကို ပြန်မလာခိုင်းဘူး… ရန်သူ သတိထားမိသွားမှာစိုးလို့တဲ့"
ရှုရှန်းဟွာက ခေါင်းခါကာ ပြောသည်။ "ကျွန်တော်တို့လည်း မပြန်ဖြစ်ခဲ့ကြဘူး"
ရှင်းအန်းသည် သေတ္တာကို သယ်၍ လျှောက်လာ၏။ "ဒီလောကကြီးမှာ ငါတို့တွေက လွဲရင် သူ့ကို သိတဲ့လူ သိပ် မရှိတော့ဘူး"
ကျန်းပိုင်ကွေ့လည်း လျှောက်လာပြီး မှင်သေသေ ပြောသည်။ "ကျုပ်တို့တွေ သိရင် လုံလောက်ပါပြီ"
ရှင်းအန်း သူ့ကို တစ်ချက် ကြည့်လိုက်၏။ တန်ခိုးရှင်နှစ်ဦးမှာ အချင်းချင်း မတည့်ကြချေ။
ကျန်းပိုင်ကွေ့၏ အကြည့်သည် တာအိုသိုင်းပညာရှင်များအထဲတွင် ရှာဖွေနေပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို ရှာတွေ့သွားသည်။ သူက ရှေ့သို့ တိုးသွားပြီး မေးလိုက်လေသည်။ "ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ ခေါင်းဆောင် စစ်ချင်လား… မင်း အမေရော"
"အမေက ကျွန်တော် တာအို ရတဲ့နှစ်မှာပဲ သက်တမ်းကုန်သွားခဲ့ပါတယ်"
ခေါင်းဆောင်စစ်ချင်မှာ မျက်နှာညှိုးငယ်သွားသည်။ "ကျွန်တော် သူ့ကို လူဝင်စားဖို့ စီစဉ်ပေးခဲ့တယ်… သူက အတိတ်ဘဝကို ပြန်မမှတ်မိချင်ဘူးတဲ့ … ဘ၀အသစ်နဲ့ နေချင်တယ်တဲ့လေ… ကျွန်တော် သူ့ကို မကြာမကြာ သွားတွေ့ပါတယ်… သူ အခု ကောင်းကောင်းမွန်မွန် နေထိုင်နေပါပြီ… ကျွန်တော့်ကိုတော့ မမှတ်မိတော့ဘူး"
သူက ကျောတွင် ပန်းချီတစ်ချပ်ကို လွယ်ထား၏။ ဤပန်းချီသည် လန်ဝူ မကွယ်လွန်မီက ဘိုးဘေးနန်းတော်မှ ထိုလူကို သွားရောက် တွေ့ဆုံသည့်အခါ ယူသွားပေးရန် ပေးခဲ့သော ပန်းချီဖြစ်ကြောင်း ပြောသည်။
"ငါ ကြည့်လို့ ရမလား" ကျန်းပိုင်ကွေ့ မေးလိုက်၏။
ဖန်ဆင်းရှင်ခေါင်းဆောင်စစ်ချင်က ပန်းချီအား သူ့ထံ ပေးလိုက်သည်။
ကျန်းပိုင်ကွေ့ ထိုပန်းချီကို ဖြန့်လိုက်၏။ ပန်းချီထဲတွင် နဂါးသွဲရေကန် ရှိပြီး ရေကန်ထဲတွင် ပန်းများ ပွင့်လန်းနေကြသည်။ ဘေးတွင် အသိစိတ်အလျဥ်ဖြင့် ပုံဖော်ထားသော မြွေစိမ်းကြီးတစ်ကောင် ရှိ၏။ မြွေစိမ်း၏ ဦးခေါင်းမှာ အလွန်ကျယ်ပြန့်သည်။
လန်ဝူက မြွေခေါင်းပေါ်တွင် ရပ်နေ၏။ သူမ၏ အမူအရာမှာ အေးစက်နေခြင်း မရှိဘဲ မိန်းကလေးငယ်တစ်ဦးအလား ရှက်သွေးဖြာနေသည်။
သူမ၏ ဘေးတွင် လူငယ်တစ်ဦးက ပန်းပွင့်တစ်ပွင့်ကို မြင်ယောင်ဖန်ဆင်း၍ သူမအား ပန်ပေးနေသည်။
ကျန်းပိုင်ကွေ့က ပန်းချီကို လိပ်လိုက်ပြီး ခေါင်းဆောင်စစ်ချင်ဆီ ပြန်ပေးလိုက်သည်။ ခဏကြာပြီးနောက် ကျန်းပိုင်ကွေ့က ခေါင်းမော့၍ ရေရွတ်လိုက်သည်။ "ကောင်းကင်လည်း ချစ်မေတ္တာကို ခံစားမိရင် အိုမင်းတတ်တယ် … နတ်ဘုရင်ဟာ အိုမင်းသွားဖို့ ရွေးချယ်ခဲ့မှတော့ သူ့ကို မနှောင့်ယှက်သင့်တော့ဘူး”