အနန္တကို အမြစ်ဖြုတ်
Vol. 141 Ch. 1811
ဘိုးဘေးနန်းတော်
ကျန်းပိုင်ကွေ့တို့အားလုံး အဝေးသို့ လှမ်းကြည့်လိုက်ရာ ကမ္ဘာလောကများ ကျယ်ပြန့်လာသည့်အချိန်တွင် ဘိုးဘေးနန်းတော်မှာမူ ကျုံ့ဝင်သွားသည်ကို တွေ့လိုက်ရသည်။
နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်အတွင်း ဘိုးဘေးနန်းတော်ကား မူလအရွယ်အစား၏ တစ်ရာခိုင်နှုန်းမျှသာ ကျန်တော့သည်။ အဝေးမှ ကြည့်ပါက ဘိုးဘေးနန်းတော်မှာ ဧရာမ ဒယ်အိုးကြီးတစ်လုံးနှင့် ပိုပို၍တူလာသည်။ မှန်ပါသည်။ မူလအရွယ်အစား၏ တစ်ရာခိုင်နှုန်းမျှသာ ကျန်တော့သော်လည်း ဒယ်အိုးကြီးမှာ စိတ်ကူးဖြင့် မှန်းဆ၍မရအောင် ကြီးမားနေသေးသည်။
အားလုံး ခပ်သုတ်သုတ် ချီတက်သွားကြသည်။ ထိုစဉ် မီးတောက်သဖွယ် တောက်လောင်နေသော ဧရာမသားရဲကြီးတစ်ကောင် ဘိုးဘေးနန်းတော်မျက်နှာပြင်မှ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ အဝေးမှ ကြည့်လျှင် အင်မတန် သေးငယ်သော်လည်း အနားရောက်လာလေလေ ပိုမို ကြီးမားလာလေပင်။
သားရဲကြီးကား နဂါးချီလင်မျိုးနွယ် ဖြစ်သည်။ သားရဲကြီးက အားလုံးအရှေ့သို့ ရောက်လျှင် ချီလင်ဦးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော ယောက်ျားတစ်ဦးအဖြစ် ဖြည်းညင်းစွာ အသွင်ပြောင်းသွားသည်။
သူက အားလုံးကို နှုတ်ဆက်အရိုအသေပေးသည်။"အားလုံးပဲ ကျေးဇူးပြုပြီး ခွင့်လွှတ်ကြပါ… ကျွန်တော် အပျင်းတစ်နေတာနဲ့ ကမ္ဘာဦးဘုံဆီ လာမတွေ့ဖြစ်တာပါ"
"ယဉ်ကျေးနေစရာ မလိုပါဘူး… သားရဲကမ္ဘာရဲ့ အရှင်သခင်”
ရှုရှန်းဟွာက မေး၏။ "ဘိုးဘေးနန်းတော် ကျုံ့ဝင်သွားတာက သားရဲကမ္ဘာအပေါ် သက်ရောက်မှု မရှိဘူးလား"
နဂါးချီလင်က သူနှင့် ဘေးချင်းယှဉ် လျှောက်ရင်း ဖြေသည်။ "သက်ရောက်မှုက မသေးဘူး… ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဘိုးဘေးနန်းတော်က ပိုပိုပြီး ထူးဆန်းလာတယ်… မြေကြီး၊ တောင်တန်းနဲ့ မြစ်ချောင်းတွေအားလုံး သိပ်ကို မာကျောကျစ်လစ်ပြီး တည်ငြိမ်လာတယ်… မြစ်တွေ၊ အင်းအိုင်တွေနဲ့ ပင်လယ်တွေကလည်း ထူးဆန်းလာတယ်… ကောင်းကင်ပေါ်က လေနဲ့ မိုးတောင် ပြောင်းလဲသွားတာ… ရတနာတစ်မျိုးမျိုးနဲ့ တူသလိုပဲ…. ဒါပေမဲ့ မဟာတာအိုသွေးကြောတချို့နဲ့လည်း တူလာတယ်… ခြုံပြောရရင်တော့ ကျွန်တော့် သားရဲမျိုးနွယ် ရှင်သန်နိုင်ပါသေးတယ်… ဒါပေမဲ့ စိတ်ချရအောင် သားရဲမျိုးနွယ်တွေကို ဘိုးဘေးနန်းတော်ကနေ ပြောင်းရွှေ့ပြီး သားရဲကမ္ဘာထဲက တခြားနယ်မြေတွေဆီ ပို့လိုက်ပြီ… ဘိုးဘေးနန်းတော်ထဲမှာ ကျွန်တော်တစ်ယောက်ပဲ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို စောင့်ရင်း ဒီနေရာကို စောင့်ကြပ်ဖို့ ကျန်ခဲ့တာ"
သူ၏ မျက်နှာကြီးက ရဲလာသည်။ "ကျွန်တော် နည်းနည်း စိတ်ပူနေတုန်းပဲ… ခင်ဗျားတို့လောက် စိတ်ငြိမ်မှာ မဟုတ်ဘူး"
လန်ယွီတျန်းက မေးသည်။ "သားရဲကမ္ဘာရဲ့ အရှင်သခင်က တာအို၊ မှော်စွမ်းအင်နဲ့ ကောင်းကင်နတ်သိုင်းမျိုးစုံကို ကျွမ်းကျင်တယ်မလား… တစ်ခုခုများ ထူးဆန်းတာ သတိထားမိသေးလား"
နဂါးချီလင် တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဘိုးဘေးနန်းတော်က အင်အားကြီးမားတဲ့ စွမ်းအားတစ်ရပ်နဲ့ ချုပ်နှောင်ခံထားရတယ်… အခြေခံအားဖြင့်တော့ လုံးဝ သန့်စင်ပြီးသွားပြီ…. ကျွန်တော် ဒီရက်ပိုင်း ဘိုးဘေးနန်းတော် ပတ်ဝန်းကျင်က အရာအားလုံးကို လေ့လာကြည့်ရင်း သဲလွန်စတွေ အများကြီး တွေ့ခဲ့တယ်… ဘိုးဘေးနန်းတော်ထဲက အရာအားလုံးရဲ့ အခြေခံဖွဲ့စည်းပုံတွေ ပြောင်းလဲနေတယ်… အသေးဆုံး အရာ၀တ္ထုလေးတွေမှာတောင်မှ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေနဲ့ ပြည့်နှက်နေပြီ"
သူတို့ ဘိုးဘေးနန်းတော်အနီးသို့ ရောက်လာသည်နှင့် နဂါးချီလင်က ဘိုးဘေးနန်းတော်၏ ကုန်းမြေပေါ်တွင် မြောလွင့်နေသော တိမ်တိုက်တစ်ဆုပ်ကို လှမ်း၍ ဆွတ်ခူးလိုက်သည်။ သူက တိမ်တိုက်ထဲမှ ရေစက်တစ်စက်ကို ညှစ်ထုတ်ကာ ပြောသည်။ "အားလုံးပဲ ကျေးဇူးပြုပြီး ကြည့်ကြပါဦး"
အားလုံး ထိုရေစက်တစ်စက်ကို ကြည့်လိုက်ကြသည်။ နဂါးချီလင်က ရုတ်တရက် လက်နှစ်ဖက်ကို အပြင်သို့ ဖြန့်ကားလိုက်၏။ ထိုရေစက်မှာ အင်မတန် ကျယ်ပြန့်လာပြီး ကောင်းကင်တွင် ချိတ်ဆွဲနေသော ကြယ်တာရာတစ်စင်းအရွယ်ပင် ရှိလာသည်။
နဂါးချီလင်က အလွန်တရာ ကျယ်ပြန့်လာသော ထိုရေစက်ကြီးထဲမှ ရေစက်တစ်စက်ကို ထပ်မံ ထုတ်ယူလိုက်သည်။ စောစောက ကြီးမားလာသော "ရေစက်" မှာမူ ဘိုးဘေးနန်းတော်သို့ ပြန်ကျသွား၏။ ၎င်းက လျင်မြန်စွာ ကျုံ့ဝင်ကာ ရေစက်တစ်စက်အဖြစ် ပြန်ပြောင်းလဲသွားပြီး ဘိုးဘေးနန်းတော် ကောင်းကင်ထက်ရှိ တိမ်တိုက်များအထဲသို့ စုပ်ယူခံလိုက်ရသည်။
နဂါးချီလင်က လက်ထဲမှ ရေစက်ကို ထပ်မံ ဖြန့်ကားလိုက်ရာ အလွန်တရာ ကြီးမားသွားပြန်၏။ ၎င်းထဲမှ ရေစက်တစ်စက် ထပ်မံထုတ်ယူ၍ ဖြန့်ကားလိုက်ပြန်သည်။ ဤသို့ အကြိမ်တစ်ရာကျော် ပြုလုပ်လိုက်၏။
နောက်ဆုံးတွင် ဤရေစက်တစ်စက်ထဲတွင် ကိန်းဝပ်နေသည့် တာအိုသံကြိုးဖွဲ့စည်းပုံကို အားလုံး တွေ့မြင်လိုက်ကြရရာ အတော်လေး တုန်လှုပ်သွားကြသည်။
နဂါးချီလင် ဆက်လက်ခွဲထုတ်နေသည်။ နောက်ထပ် အကြိမ်ဒါဇင်ပေါင်းများစွာ ခွဲထုတ်ပြီးနောက် ရေစက်ထဲမှ တာအိုသံကြိုး ဖွဲ့စည်းပုံထဲမှ တာာအိုအမှတ်အသားဖွဲ့စည်းပုံနှင့် သင်္ကေတဖွဲ့စည်းပုံများ ပေါ်ထွက်လာသည်။
နဂါးချီလင် ဆက်လက် ခွဲထုတ်သွားရာ သင်္ကေတဖွဲ့စည်းပုံမှာ ဆက်လက်၍ အသေးစိတ် ကွဲထွက်လာသည်။ သင်္ကေတဖွဲ့စည်းပုံ၏ ပုံသဏ္ဌာန်အမျိုးမျိုးက ဆက်လက် ပြောင်းလဲကာ ပိုမို အသေးစိတ်ကျစွာ ခွဲထုတ်ခံနေရသည်။
နောက်ဆုံးတွင် ဤရေစက်တစ်စက်မှာ ထပ်မံ ခွဲထုတ်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်သွား၏။ အားလုံးအရှေ့တွင် နှိုင်းယှဉ်မရနိုင်အောင် သေးငယ်သော သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။
ကမ္ဘာဦးဖရိုဖရဲ သင်္ကေတ
နဂါးချီလင် လက်လွှတ်လိုက်ရာ ကမ္ဘာဦးဖရိုဖရဲ သင်္ကေတသည် ပျံသန်းသွားပြီး ဘိုးဘေးနန်းတော်၏ ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျောက်ကွယ်သွားသည်။
အချိန်အတော်ကြာပြီးနောက် လန်ယွီတျန်းမှာ လေပူတစ်ချက် မှုတ်ထုတ်ကာ ဘိုးဘေးနန်းတော် မျက်နှာပြင်ရှိ ကျယ်ပြန့်သော တောင်တန်းများနှင့် မြစ်ချောင်းများဆီသို့ ကြည့်လိုက်၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "တိမ်တိုက်ထဲက ရေစက်တစ်စက်တောင် ဒီလိုဆိုရင် တခြား အရာတွေအားလုံးလည်း ဒီအတိုင်းပဲလား"
ရှုရှန်းဟွာလည်း ဘိုးဘေးနန်းတော်၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ခါးကိုင်းကာ မြက်တစ်ပင်နှင့် သစ်ရွက်နုတစ်ရွက်ကို ခူးယူလိုက်သည်။ သူက အသေအချာ လေ့လာပြီးနောက် ဖြေသည်။ "ဒီနေရာက ပန်းတွေ၊ အပင်တွေနဲ့ သစ်ပင်တွေက ပြောင်းလဲမသွားဘူး… အသက်ရှိတဲ့အရာမှန်သမျှ သန့်စင် မခံခဲ့ရတာ ဖြစ်နိုင်တယ်”
ချင်မူကား ထိုအသက်များကို လေးစားသမှုထား၍ မပြောင်းလဲခဲ့ခြင်း ဖြစ်မည်။
ချင်မူသာ ဘိုးဘေးနန်းတော်ထဲမှ သက်ရှိများကိုပါ သန့်စင်ခဲ့ပါက ပန်းပွင့်များ၊ အပင်များ၊ သစ်ပင်များ၊ ငှက်များ၊ သားရဲများ၊ ပိုးမွှာများနှင့် ငါးတို့၏ သက်ရှိဖွဲ့စည်းပုံများတွင် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။ စွမ်းအားကြီးသော ဆန်းကြယ်မျိုးစိတ်ပေါင်းများစွာကိုပင် မွေးထုတ်ပေးလာနိုင်၏။
ရှုရှန်းဟွာက ခေါင်းမော့၍ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်တစ်ခုလုံးကို သန့်စင်ရန် လိုအပ်သော စွမ်းအင်နှင့် မှော်စွမ်းအင်ပမာဏမှာ အလွန်တရာ ကြီးမားလှသဖြင့် စိတ်ကူးဖြင့် မှန်းဆ၍ပင် မရနိုင်ပေ။
ချင်မူ၏ ကျင့်ကြံခြင်းအဆင့်ကိုတော့ သူ မခန့်မှန်းနိုင်သလို ခန့်မှန်းရန် နည်းလမ်းလည်း မရှိချေ။
သူတို့ ဘိုးဘေးနန်းတော် အတွင်းပိုင်းသို့ ဝင်ရောက်သွားကြပြီး ပတ်ဝန်းကျင်အား ကြည့်နေကြသည်။ ဖရိုဖရဲပင်လယ်သည် ကောင်းကင်အပြည့် ဖုံးလွှမ်းထား၏။ ဖရိုဖရဲပင်လယ်မျက်နှာပြင်တွင် ဖရိုဖရဲကျောက်တုံးများဖြင့် သွန်းလုပ်ထားသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများက ဇောက်ထိုးလည်ပတ်နေကြသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ကောင်းကင်တွင် မြောလွင့်နေပြီး လောကသစ်ပင်သည်လည်း မူလနေရာတွင် အမြစ်တွယ်ထားဆဲပင်။
ကောင်းကင်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များစွာ ရှိနေသေးသည်။ ၎င်းတို့က ပိတ်ပိတ်ပုန်း မည်းမှောင်နေသော တွင်းနက်များအလား အရပ်လေးမျက်နှာတွင် မျောလွင့်နေကြ၏။
ဘိုးဘေးနန်းတော်အတွင်းရှိ နေရာဟင်းလင်းပြင်တွင် စုတ်ပြဲမှုများ၊ ထူးဆန်းသော အရာများနှင့် အန္တရာယ်များ ပြည့်နှက်နေသည်။
တာအိုသိုင်းပညာရှင်စစ်တပ်ကြီး ဘိုးဘေးနန်းတော်အတွင်းပိုင်းသို့ ရောက်လာသည်နှင့် ချက်ချင်းပင် အင်အားစုအသီးသီးက သတိပြုမိသွားကြသည်။ မကြာမီ လောကပေါင်းကူးရွှေသင်္ဘောတစ်စင်း ပျံသန်းလာသည်။ သင်္ဘောပေါ်တွင် လင်ယွိရှို့၊ ထိုက်ရှီ၊ ဧကရာဇ်ယန်ဖုန်းနှင့် အခြားသူများ ပါရှိ၏။ သူတို့သည် စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ပြီး တစ်ခါမျှ ထွက်ခွာသွားခြင်း မရှိခဲ့ပေ။
"အားလုံး သင်္ဘောပေါ် တက်ကြပါ"
လင်ယွိရှို့က ပြောသည်။ "ကျွန်မမောင်ကြီးက သခင်လေးသုံးနဲ့ သခင်လေးလေးတို့နဲ့ ဆွေးနွေးဖို့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ သွားတယ်… ရက်အနည်းငယ်တော့ ကြာပြီ… မကြာခင် ပြန်ရောက်လာမှာပါ"
ခိုင်ဧကရာဇ်ချင်ယဲ့ မေးလိုက်မိ၏။ "ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ဘာများ သွားဆွေးနွေးတာလဲ"
လင်ယွီရှို့က ဖြေသည်။ "ကျွန်မမောင်ကြီး ပြောတာတော့ သခင်လေးနှစ်နဲ့ အနန္တကို ဖယ်ရှားဖို့ ပြင်ဆင်နေတာတဲ့… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ဘေးကနေပဲ ကြည့်နေဖို့ တောင်းဆိုထားတယ်… အနန္တနဲ့ နှစ်တို့ကို ဖယ်ရှားပြီးမှ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်နဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲမယ်တဲ့"
သူမ ထိုသို့ ပြောလိုက်သောအခါ အားလုံး ကြက်သေသေသွားကြသည်။
ရှုရှန်းဟွာက ခေါင်းခါသည်။ "သခင်လေးလင်းရှောင်နဲ့ သခင်လေးကျစ်ရှောင်တို့က ဘယ်လိုလုပ် သဘောတူမှာလဲ… ပြီးတော့ ကျုပ်တို့မှာ အနန္တအဘိုးအိုနဲ့ သခင်လေးနှစ်ကို ဖယ်ရှားနိုင်တဲ့ စွမ်းအား တကယ်ရှိလို့လား"
လင်ယွိရှို့ တုံ့ပြန်သည်။ "ဒါတော့ ကျွန်မလည်း မသိဘူး"
အားလုံးမှာ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာများ ဖြစ်သွားကြ၏။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ဖရိုဖရဲခန်းမက ကျယ်ပြန့်သော ဖရိုဖရဲချီများအကြား မြောလွင့်နေသည်။ ချင်မူက ခန်းမရှေ့တွင် ထိုင်နေပြီး သူ့အရှေ့တွင် လင်းရှောင်၏ ခန်းမနှင့် ကျစ်ရှောင်၏ ခန်းမတို့ ရှိနေ၏။ နတ်ကောင်းကင်ခန်းမထဲတွင် သခင်လေးလင်းရှောင်၏ ခန္ဓာကိုယ်အထက်ပိုင်းက ကမ္ဘာဦးခရမ်းရောင်ချီများအကြား ပေါ်ထွက်နေပြီး တာအိုလှံကို ကိုင်ထားသည်။
ခရမ်းရောင်ကောင်းကင်ဘုံခန်းမထဲတွင် သခင်လေးကျစ်ရှောင်၏ ခန္ဓာကိုယ်အထက်ပိုင်းလည်း ပေါ်ထွက်နေပြီး ဗျပ်စောင်းနှင့် တာအိုဓားတို့က သူ့ပတ်ပတ်လည်တွင် ပျံဝဲနေသည်။
ထိုတာအိုခန်းမသုံးခုအပြင် ပလ္လင်ခန်းမများလည်း နေရာအနှံ့တွင် တည်ရှိနေကြသည်။ ခန်းမသခင် နှစ်ဆယ့်ရှစ်ဦးနှင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ရာပေါင်းများစွာက တောအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
"ခုနစ်… ငါ မင်းရဲ့ စွမ်းအားကို ခံစားမိတယ်"
သခင်လေးလင်းရှောင်က ခပ်အေးအေး ပြောသည်။ "နှစ်ပေါင်း သုံးကုဋေနဲ့ တစ်၀က်က မင်းအတွက်တော့ သိပ်ရှည်ကြာလွန်းတယ်… ဒါပေမဲ့ ငါတို့အတွက်တော့ ရှည်တယ် သတ်မှတ်လို့မရဘူး… ငါတို့တွေ အချိန်အကြာကြီး စောင့်ခဲ့ပြီးပြီ…. မင်း နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ငါတို့ကို လာရှာပြီပဲ"
သခင်လေးကျစ်ရှောင်က ပြော၏။ "မင်း ဒီနှစ်တွေအတွင်း ဘိုးဘေးနန်းတော်ကို နှိမ်နင်းပြီး ငါတို့ကို ဖိနှိပ်ခဲ့တာက ၁၇ စင်းမြောက် စကြ၀ဠာ ဖွံ့ဖြိုးတိုးတက်အောင် အချိန်ဆွဲပေးဖို့ဖြစ်ခဲ့တယ် .. ဒါပေမဲ့ ဒီ နှစ်ပေါင်း သုံးကုဋေနဲ့တစ်၀က်က မင်းအတွက် တိုလွန်းသေးတယ်… ၁၇ စင်းမြောက်စကြ၀ဠာရဲ့ နှစ်ပေါင်း သုံးကုဋေနဲ့ တစ်၀က်က အတိတ်က နှစ်ပေါင်းကုဋေကဋာချီတဲ့ စုဆောင်းမှုတွေကို ယှဉ်နိုင်လို့လား… ငါတော့ မထင်ဘူး"
ချင်မူ မဲ့သလို ပြုံးကာ အေးဆေးစွာ တုံ့ပြန်သည်။ "ကျွန်တော်ကတော့ ယှဉ်နိုင်တယ် ထင်တယ်…. ဒီတစ်ခေါက် ကျွန်တော်တို့ နှစ်ဖက်လုံး အပစ်အခတ် ရပ်စဲဖို့ အဆိုပြုချင်တယ်… နှစ်နဲ့ အနန္တကို ရှင်းလင်းပြီးမှ အနိုင်အရှုံး ဆုံးဖြတ်ကြမယ်… အဲ့ဒီအချိန်ကျရင် မီလော့နန်းတော် နိုင်မလား၊ ထာဝရငြိမ်းချမ်းရေး နိုင်မလား အဖြေထွက်လာလိမ့်မယ်…. ပြီးတော့..."
သူက မှင်သေသေ ဆက်ပြောသည်။ "ကျွန်တော် နောင်တော်တို့နှစ်ယောက်ကို အကျိုးအမြတ်တစ်ခု ပေးမယ်…. အနန္တနဲ့ နှစ် သေရင်၊ သူတို့ရဲ့ စွမ်းအင်တွေကို ကျွန်တော် တစ်စက်မှ မယူဘူး… နောင်တော်တို့နှစ်ယောက် သွေးယဇ်ပူဇော်ပြီး ဆင်းသက်နိုင်အောင် ခွင့်ပြုပေးမယ်… နှစ်နဲ့ အနန္တနဲ့ဆို မီလော့နန်းတော်တစ်ခုလုံးက တာအိုသိုင်းပညာရှင်တွေနဲ့ ခန်းမသခင်တွေအားလုံး ဆင်းသက်လာနိုင်တယ်မလား"
သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ အတော်လေး စိတ်လှုပ်ရှားသွားကြသည်။ အခြား ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များလည်း တစ်ယောက်နှင့်တစ်ယောက် ခေါင်းချင်းဆိုင်ကာ တီးတိုးဆွေးနွေးနေကြလေသည်။
သခင်လေးကျစ်ရှောင်က ပြောသည်။ "ခုနစ်၊ မင်းက ဘယ်တုန်းကမှ ကတိမတည်ဘူး… ငါ မင်းကို ဘယ်လို ယုံကြည်ရမှာလဲ"
ချင်မူ ဟားတိုက် ရယ်မောလိုက်မိသည်။ "ဘိုးဘေးနန်းတော်တစ်ခုလုံးက ဧရာမယဇ်ပလ္လင်ကြီးတစ်ခုပဲလေ… ယဇ်ပလ္လင်ထဲမှာ သေသွားတဲ့သူအားလုံး သွေးယဇ်ပူဇော်ခြင်းစွမ်းအင်အဖြစ် ပြောင်းလဲသွားတာပဲ… ကျွန်တော့်ဘက်မှာ ထိုက်ရှီ ရှိလို့ တစ်စိတ်တစ်ပိုင်းကို တားဆီးထားနိုင်တယ်… ဒါပေမဲ့ အများကြီး မဟုတ်ဘူး…. အနန္တအဘိုးအို တစ်ယောက်တည်းပဲ ခင်ဗျားတို့ဆီကနေ အများစုကို ခိုးယူနိုင်တာ… အနန္တသာ သေသွားရင် ဘယ်သူကများ နောင်တော်လင်းရှောင်ဆီက တစ်၀က်တောင် ခိုးယူနိုင်တော့မှာလဲ"
သခင်လေးကျစ်ရှောင်လည်း လင်းရှောင်ကို ကြည့်လိုက်ရာ လင်းရှောင်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သခင်လေးကျစ်ရှောင်က ပြော၏။ "ဒါဆိုရင် မင်း အနန္တနဲ့ နှစ်ကို တိုက်ခိုက်နေတဲ့အချိန်မှာ ငါတို့ကို မပါစေချင်တာမလား …. မင်းကို မကူညီသလို နှောင့်လည်း မနှောင့်ယှက်ဘူး… ငါတို့ သွေးယဇ်ပူဇော်ခြင်း စွမ်းအားကိုပဲ စောင့်နေရမယ်… ငါတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်နဲ့ ကျောက်စိမ်းမြို့တော်တစ်ခုလုံးတောင် ဆင်းသက်လာနိုင်လိမ့်မယ်…. ငါ နားလည်တာ မှန်လား"
ချင်မူ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ်"
သခင်လေးကျစ်ရှောင်က သူ့ကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် ပြော၏။ "မင်းရဲ့ အပြုံးက ငါ့ကို ကြက်သီးထစေတယ်… မင်းနဲ့ မင်းရဲ့ ပြုပြင်ပြောင်းလဲရေး သိုင်းပညာရှင်တွေရဲ့ စွမ်းအားကို အားကိုးပြီး မီလော့နန်းတော်ရဲ့ စကြဝဠာ ၁၇ စင်း စုပေါင်းမှုကို ရင်ဆိုင်တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာလား"
ချင်မူက ခေါင်းမော့၍ ပြုံးကာ ဖြေသည်။ "ဆရာက မီလော့နန်းတော်ကို တည်ထောင်ပြီး အင်အားစုကြီးတစ်ခု ဖန်တီးခဲ့တယ်… နောက်ဆုံးမှာ ဒီအင်အားစုကြီးက သူ့ရဲ့ အမိန့်ကို နားမထောင်တော့ဘူး… ကျွန်တော်လည်း ကောင်းကင်မဟာမိတ်လို့ ခေါ်တဲ့ အင်အားစုကြီးကို ဖန်တီးခဲ့ဖူးတယ်…. နောက်တော့ ကျွန်တော် ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့တယ်…. ဆရာ့က လမ်းစဉ် မှားလျှောက်ခဲ့ပေမယ့် မီလော့နန်းတော်ကို မဖျက်ဆီးရက်ခဲ့ဘူး… သူ့ရဲ့ နောက်ဆုံး တပည့်အနေနဲ့ ကျွန်တော် ဖျက်ဆီးပစ်မယ်… ထာဝရငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှုက ယိုယွင်းပျက်စီးနေတဲ့ အရာအားလုံးကို ဖြိုလှဲပစ်ဖို့ပဲ… နောင်တော်တို့၊ တာအိုမိတ်ဆွေတို့ ခင်ဗျားတို့အားလုံး ယိုယွင်းပျက်စီးနေကြပြီ"
သခင်လေးကျစ်ရှောင်က သူ့အား စိုက်ကြည့်နေသည်။
အခြား ခန်းမသခင်များနှင့် မီလော့နန်းတော် တာအိုသိုင်းပညာရှင်တို့ကလည်း သူ့ကို စိုက်ကြည့်နေကြ၏။
ချင်မူက အပြုံးမပျက်ဘဲ နူးညံ့စွာ ပြောသည်။ "ဒီခေတ်မှာ ခင်ဗျားတို့ကို ရှင်းပြီးရင် ကျွန်တော် အတိတ်ကို ပြန်သွားပြီး ဆရာ့နဲ့ တွေ့မယ်… သူ့တပည့် ဖြစ်လာမယ်…. ကျွန်တော် ခင်ဗျားတို့အားလုံးနဲ့လည်း တွေ့ဆုံပြီး အတူတူ သောက်စားစကားပြောရင်း မိတ်ဆွေဖွဲ့မယ်…. ဒီတိုက်ပွဲမှာသာ ကျွန်တော် ရှုံးခဲ့ရင် ခင်ဗျားတို့အားလုံးကို အတိတ်မှာ သတ်ပစ်မယ်… ခင်ဗျားတို့ကို မသတ်နိုင်ခဲ့ရင်တောင် နိုင်ဖဲတွေ အများကြီး ထားခဲ့မယ်"
သူက ရယ်မောလိုက်သည်။ "ကျွန်တော် နိုင်ခဲ့ရင် ခင်ဗျားတို့ အခုအချိန်အထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေကြလိမ့်မယ်… ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားတို့ကို ရင်ဆိုင်ဖို့ စိတ်မဝင်စားတော့လို့ပဲ…. ခင်ဗျားတို့ ကြောက်နေတယ်ဆိုရင် ဆရာ ပြောခဲ့တဲ့ အေးစက်ဆိတ်ငြိမ်နေမယ့် အန္တိမဟင်းလင်းပြင် ပေါ်လာတဲ့အချိန်ထိ အချိန်ဆွဲသွားလို့ရတယ်…. ခင်ဗျားတို့ရဲ့ တာအိုကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းအားလုံး ဟင်းလင်းပြင်အဖြစ် ပြိုကွဲသွားတဲ့အထိပေါ့"
သခင်လေးကျစ်ရှောင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
အခြားခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များလည်း ရင်ဒိန်းခနဲ ခုန်သွားကြသည်။
အတိတ်တွင် ချင်မူနှင့် သူတို့ တွေ့ဆုံခဲ့ဖူးသည်။ သခင်လေးခုနစ်ဖရိုဖရဲ ဆိုသည့် ချင်မူ၏ စိတ်နေစိတ်ထားမှာ ထူးဆန်းသော်လည်း မီလော့နန်းတော်မှ အခြားသူများနှင့် တစ်ခါမျှ ရန်စောင်ခဲ့ခြင်း မရှိသလို တိုက်ခိုက်ခဲ့ခြင်းလည်း မရှိပေ။
၎င်းအဓိပ္ပာယ်က အနာဂတ်တိုက်ပွဲတွင် သူတို့ ရှုံးနိမ့်ခဲ့ပြီး ဤနေရာတွင် သေဆုံးခဲ့သည်ဟု ဆိုလိုခြင်းလော။
"အားလုံး တကယ်ကြီး ကြောက်နေကြပါလား" ချင်မူက ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ၏။
"ခုနစ်၊ ဒီတိုက်ပွဲက ငါတို့ မီလော့နန်းတော်ရဲ့ အတွင်းပိုင်းတိုက်ပွဲပဲ"
ရုတ်တရက် သခင်လေးလင်းရှောင်က စကားစလိုက်သည်။ "ဒါက ငါတို့ ဆရာ့တပည့်တွေကြားက လမ်းစဉ်မတူတဲ့ အတွင်းပိုင်းတိုက်ပွဲ… ဒါပေမဲ့ ငါတို့မှာ ကိုယ်ပိုင်ခံယူချက်တွေ ရှိတယ်မလား”
ချင်မူ၏ အကြည့်က သူ့အပေါ် ကျရောက်လာပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။
သခင်လေးလင်းရှောင်က မျက်လုံးမှိတ်လိုက်သည်။ "ကောင်းပြီ… ငါ မင်းကို ကတိပေးတယ်… မင်း အနန္တနဲ့ အစ်မတော်နှစ်ကို သွားရှင်းလင်းလို့ ရပြီ… ငါတို့က အတိတ် စကြ၀ဠာ ၁၆ စင်းရဲ့ အင်အားကို ထုတ်ဖော်ပြီး မင်းက အနာဂတ်ကို အာရုံစိုက်လိမ့်မယ်….ဒီလို ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ဆက်ထားလို့ မရတော့ဘူး… အတွင်းပိုင်းတိုက်ပွဲဆိုတော့ ဘယ်သူ နိုင်နိုင် နောက်ဆုံး နိုင်တဲ့သူက ဆရာပဲ…. မင်း သွားလို့ ရပြီ"
ချင်မူ ထရပ်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။ "နောင်တော်တို့နဲ့ တာအိုမိတ်ဆွေတို့၊ ကျွန်တော် အရင်ဆုံး အနန္တကို သွားသတ်မယ်… အနန္တ သေပြီးရင် သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို ဘယ်သူ ခိုးယူမလဲဆိုတာ စိုးရိမ်စရာ မလိုတော့ဘူး… ခင်ဗျားတို့အားလုံး ဆင်းသက်နိုင်ပြီ"
သခင်လေးကျစ်ရှောင်က မျက်မှောင်ကြုတ်၍ လင်းရှောင်ကို ကြည့်နေ၏။
လင်းရှောင်က အင်္ကျီလက်စကို ခါ၍ ခန်းမတံခါးအား ပိတ်လိုက်သည်။ "သူ့ကို သွားခွင့်ပေးလိုက်ပါ"
ချင်မူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ ထွက်ခွာလာပြီး လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ပြန်ရောက်လာသည်။ ရွှေသင်္ဘောပေါ်တွင် ရင်းနှီးသော မျက်နှာများကို ပြန်တွေ့လိုက်ရ၏။ သူက အားလုံးကို ပြုံးပြလိုက်သည်။ အချို့မှာ သူ့ထက် ဝါကြီးသူများဖြစ်၏။ အချို့က သူနှင့် မျိုးဆက်တူများ ဖြစ်ကြပြီး အချို့မှာမူ ဘိုးဘေးနန်းတော်သို့ ဝင်ရောက်လာပြီး တာအိုရရှိသွားသော မျိုးဆက်သစ်များ ဖြစ်ကြသည်။
သူတို့၏ မျက်နှာအမူအရာများမှာ စိတ်လှုပ်ရှားနေကြပြီး သူ့ကို ပြောစရာ စကားများစွာ ရှိနေပုံပင်။
"အားလုံးပဲ"
ချင်မူ ပြုံးလိုက်၏။ "အနန္တကို နင်းချေပြီး လောကသစ်ပင်ကို အမြစ်ဖြုတ်ဖို့ ကျုပ် ခင်ဗျားတို့ကို ခေါ်သွားမယ်"