အကြွေးစာချုပ်
Vol. 141 Ch. 1812
လောကသစ်ပင်အောက်တွင် အနန္တအဘိုးအို မလှုပ်မယှက် ထိုင်နေသည်။ သူ၏ အကြည့်က သမိုင်းကြောင်းအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလား နက်ရှိုင်းနေသည်။
ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းက ရှေးဟောင်းသစ်ပင်ကြီးအား လှည့်ပတ်စီးဆင်းနေသည်။ လောကသစ်ပင်၏ အမြစ်များက ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းကို ဖြတ်သန်းနေ၏။ စကြဝဠာခေတ်တိုင်းမှ မရေမတွက်နိုင်သော သိုင်းပညာရှင်များက ဤရှေးဟောင်းသစ်ပင်ကြီး၏ အမြစ်များကို မှီခိုလျက် အသက်ရှင်နိုင်ရန် ကြိုးစားနေကြသည်။
သူတို့ အသက်ရှင်ခြင်း၊ မရှင်ခြင်းနှင့် ကပ်ဘေးမှ လွတ်မြောက်နိုင်ခြင်း ရှိ၊ မရှိမှာ အနန္တအဘိုးအို၏ အတွေးများတွင်သာ မူတည်နေသည်။
အနန္တအဘိုးအိုအတွက် စကြဝဠာနှစ်တစ်နှစ် ဖြစ်သည့်အတွက် မွေးဖွားလာသည့်အချိန်မှစ၌ ဆယ့်ခုနစ်နှစ်အရွယ်သာ ရှိသေးသည်။
ဤသည်က အနန္တအဘိုးအိုပင်။
ယခုနှစ်သည် သူ၏ ဆယ့်ခုနစ်နှစ်မြောက်နှစ် ဖြစ်ပြီး သမိုင်းကြောင်း၏ အတက်အကျများမှာ သူ့အတွက် ရုပ်ပုံကားချပ်များသာ ဖြစ်သည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့၏ ဝမ်းနည်းမှုနှင့် ဝမ်းသာမှုများမှာလည်း သဲမှုန်စများအလား သေးမွှားသည်။
သူသည် သူ့ကိုယ်သူသာ ဂရုစိုက်၏။
လွန်ခဲ့သော နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်က အဆုံးသတ်မြို့ပျက်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့်အချိန်မှစ၍ အနန္တအဘိုးအိုမှာ စိတ်ဓာတ်ကျနေခဲ့သည်။ ထိုအချိန်က ဒဏ်ရာများမှာ ထိုက်ယီသစ်ခုတ်သိုင်းထက်ပင် ပိုမို ပြင်းထန်ခဲ့သည်။ ချင်မူက သူ့ကို မသတ်ဘဲ ထွက်ပြေးလွတ်မြောက်စေခဲ့သော်လည်း ချင်မူ့အပေါ် ကျေးဇူးမတင်ချေ။
ချင်မူ သူ့ကို မသတ်ရဲသည့် အကြောင်းအရင်းမှာ သူ့ကို သတ်လိုက်ပါက သခင်လေးသုံးနှင့် သခင်လေးလေးတို့ ဆင်းသက်လာမည် ဖြစ်သောကြောင့်ပင်။
ထို့နောက် နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်အတွင်းတွင် ချင်မူက ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့သည်။ သို့သော် မီလော့နန်းတော်ကို ခုခံရန် အနန္တအဘိုးအိုကို မကြာခဏ ကူညီခဲ့သေးပြီး သခင်လေးနှစ်ကိုပင် ကူညီခဲ့၏။
သူတို့ကို သေအောင် ဖိနှိပ်ထားခဲ့သူမှာလည်း ချင်မူပင် ဖြစ်သည်။
ချင်မူ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဖြိုဖျက်ပြီး ဘိုးဘေးနန်းတော်၏ ဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်သည့် အချိန်မှစ၍ သခင်လေးနှစ်မှာ စွမ်းအားအရင်းအမြစ် ဆုံးရှုံးခဲ့ရသည်။ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလိုပါက ကိုယ့်ကိုယ်ကိုသာ အားကိုး၍ တစ်ဆင့်ချင်း ကျင့်ကြရမည် ဖြစ်သည်။
အနန္တအဘိုးအိုလည်း စွမ်းအားရင်းမြစ် ဆုံးရှုံးခဲ့ရ၏။ သူ၏ လက်အောက်မှ အတိတ်စကြဝဠာ သိုင်းပညာရှင်များထဲတွင် တာအိုသိုင်းပညာရှင်အသစ်များ မရှိတော့ပေ။
သူ တာအိုရလိုပါက လမ်းတစ်လမ်းသာ ရှိတော့သည်။ ၎င်းက ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ပင်။
သူ၏ လက်အောက်မှ အတိတ်စကြဝဠာ သိုင်းပညာရှင်များကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်အား ကျင့်ကြံခွင့် မပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အတိတ်စကြဝဠာ သိုင်းပညာရှင်များ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို အသုံးပြု၍ တာအိုရရှိသွားပါက သူ့အတွက် အကျိုးအမြတ် မရှိသောကြောင့် ဖြစ်သည်။
နှစ်မှာ အထွတ်အထိပ်အခြေအနေသို့ ပြန်မရောက်နိုင်သေးသည့်အပြင် နှစ်ပေါင်းသုံးကုဋေနှင့် တစ်၀က်ကြာသည့်တိုင် တိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။
အနန္တအဘိုးအိုသည် ချင်မူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိ၏။ အချိန်ဆွဲ၍ ထာဝရငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှု ဆိုသော အရာကို အခွင့်အရေး ပေးရန်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကြီးထွားလာစေရန် ဖြစ်သည်။
သူက တစ်ကြိမ်လျှင် ချင်မူ၏ ဘေးမှ လူ မည်မျှထွက်ခွာသွား၍ အပြင်မှ လူမည်မျှ ဝင်ရောက်လာသည်ကိုပင် တွက်ချက်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းဆောင်ရည်ကို ခန့်မှန်းထားသည်။
အစပိုင်းတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင် အရေအတွက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း နှေးကွေးလာခဲ့၏။ အထူးသဖြင့် လတ်တလောနှစ်များအတွင်း တာအိုသိုင်းပညာရှင်များ ပိုမို နည်းပါးလာခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်သောင်းအတွင်း တာအိုသိုင်းပညာရှင်အသစ်ပင် ပေါ်ထွက်မလာခဲ့ချေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် တာအိုသိုင်းပညာရှင် စုစုပေါင်းသုံးထောင် ရှိ၏။ များပြားသယောင် ထင်ရသော်လည်း စကြဝဠာ ၁၆ စင်းနှင့် နှိုင်းယှဉ်ပါက အလွန်တရာ နည်းပါးနေသေးသည်။
ထိုအချိန်မှစ၍ ထာဝရငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှုသည် ဧရာမပြဿနာကြီးတစ်ခုနှင့် ကြုံတွေ့နေရကြောင်း အနန္တအဘိုးအို သဘောပေါက်လိုက်၏။
ဤပြဿနာက အပြင်ရန်သူ မရှိခြင်းပင်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အပြင်ရန်သူ မရှိတော့သဖြင့် စိုးရိမ်ပူပန်စရာ မလိုတော့ချေ။ ပြည်သူများမှာ လက်ရှိအခြေအနေဖြင့် တင်းတိမ်ရောင့်ရဲကာ ကြိုးစားရုန်းကန်လိုစိတ်များ ပျောက်ဆုံးသွားကြသည်။
ပြုပြင်ပြောင်းလဲမှုမှာလည်း ဤအကြောင်းကြောင့် ဆက်လက်လုပ်ဆောင်ရန် ခက်ခဲသွားခြင်းပင်။
အနန္တအဘိုးအို ဤအချက်ကို သတိပြုမိလိုက်ပြီးနောက် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို တွက်ဆမိလိုက်သည်။
ချင်မူ လှုပ်ရှားပေတော့မည်။ လွန်ခဲ့သည့်နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်အတွင်း ချင်မူသည် ထာဝရငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှု အားကောင်းလာပြီး အချိန်ရရန်အတွက် အချိန်ဆွဲထားခဲ့၏။ ယခု ပြုပြင်ပြောင်းလဲမှု ရှေ့ဆက်တိုးရန် ခက်ခဲသွားသဖြင့် ဆက်လက် အချိန်ဆွဲရန် မလိုအပ်တော့ပေ။
ချင်မူ သေချာပေါက် လှုပ်ရှားပေတော့မည်။
‘ဖရိုဖရဲသာ လှုပ်ရှားမယ်ဆိုရင် ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်ဖို့ ငါနဲ့ သခင်လေးနှစ်ဆီ လာရောက် ပူးပေါင်းမှာ သေချာတယ်…. ဘာလို့လဲဆိုတော့ ကျောက်စိမ်းမြို့တော်ရဲ့ အန္တရာယ်က အကြီးဆုံးပဲလေ’
အနန္တအဘိုးအို၏ မျက်လုံးများ လင်းလက်သွားသည်။ "အားနည်းသူနဲ့ ပူးပေါင်းပြီး အင်အားကြီးတဲ့သူကို တိုက်ခိုက်တာက စစ်ပရိယာယ်ပဲ…. ကျောက်စိမ်းမြို့တော်ကို ရှင်းပစ်ပြီးမှ ငါနဲ့ သခင်လေးနှစ်ကို ရင်ဆိုင်ဖို့ ခွန်အားရှိမှာ… အဲ့ဒီအချိန်ကျရင် သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖိအားပေးပြီး ပြုပြင်ပြောင်းလဲမှုကို ဆက်လက် တွန်းအားပေးဖို့ ငါ့ရဲ ခွန်အားကို လိုလိမ့်မယ်…. ငါနဲ့ ပူးပေါင်းဖို့ လာတောင်းဆိုတဲ့အချိန်က သူ အများကြီး တောင်းဆိုလိမ့်မယ်… ငါ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ဖို့ မဝေးတော့ဘူး"
သူ ထိုသို့တွေးနေစဉ် ရုတ်တရက် တာအိုသိုင်းပညာရှင်တစ်ဦးက လာရောက် လျှောက်တင်သည်။ "သခင်လေးခုနစ်ဖရိုဖရဲရဲ့ လောကပေါင်းကူးရွှေသင်္ဘော ရောက်လာပါပြီ…. ပထမဆုံး ဖရိုဖရဲမြစ်ထဲ ၀င်လာပါပြီ"
အနန္တအဘိုးအိုက ထရပ်လိုက်ပြီး ဟားတိုက် ရယ်မောလိုက်သည်။ " ငါ ထင်ထားတဲ့အတိုင်းပဲ…. သခင်လေးဖရိုဖရဲရဲ့ အစီအစဉ်အားလုံးက ငါ့လက်ခုပ်ထဲ ရောက်လာပြီ… ငါ့လက်ခုပ်ထဲကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး… အားလုံးပဲ သခင်လေး ဖရိုဖရဲကို ကြိုဆိုပြီး အင်အားပြဖို့ ပြင်ဆင်လိုက်ကြ”
ထိုအချိန်တွင် ရုတ်တရက် ခေါင်းလောင်းသံ မြည်ဟီးလာပြီး ဖရိုဖရဲမြစ်အားလုံး ဆူပွက်လုမတတ် ဗြောင်းဆန်သွားသည်။ ခေါင်းလောင်းကြီးတစ်လုံးသည် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ကာ အထက်တွင် နေရာယူလျက် မြစ်ထဲရှိ မရေမတွက်နိုင်သော အတိတ်စကြဝဠာ သိုင်းပညာရှင်များ ဟန်ချက်ပျက်သွားအောင် လှုပ်ခါလိုက်၏။ သူတို့အားလုံး မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ကျရောက်သွားကြသည်။
လောကပေါင်းကူးရွှေသင်္ဘောသည် ရှေ့သို့ တဟုန်ထိုး ပြေး၀င်လာပြီး ခေါင်းလောင်းကြီး၏ တစ်ဖက်ကမ်းရှိ လောကသစ်ပင်ဆီသို့ ဦးတည်သွား၏။
အနန္တအဘိုးအို၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ပျာယာခတ်သွားသည်။ သူ၏ တွက်ချက်မှုများအရ ချင်မူက စစ်ပွဲ စတင်ရန် မဟုတ်ဘဲ ငြိမ်းချမ်းရေး တောင်းဆိုရန် လာခြင်း ဖြစ်သင့်သည်။
သို့သော် ချင်မူက စတင်လှုပ်ရှားသည်နှင့် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းအား ဖြတ်သန်းကာ သူ့ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာချေပြီ။
"ဖရိုဖရဲ"
အနန္တအဘိုးအိုမှာ အံ့ဩဒေါသထွက်သွားကာ ခက်ထန်စွာ အော်ဟစ်လိုက်သည်။ "မင်းက ငြိမ်းချမ်းရေး တောင်းဆိုဖို့ လာတာတောင်မှ ငါ့ကို အရင် အင်အားပြနေတာပေါ့လေ"
ဘုန်း
လောကပေါင်းကူးရွှေသင်္ဘောက လောကသစ်ပင်အောက်သို့ တဟုန်ထိုး ပြေး၀င်လာပြီး မြေပြင်နှင့် တောင်တန်းများကို အစိတ်စိတ်အမွှာမွှာ ကြေသည်အထိ ၀င်တိုက်လိုက်၏။ ခေါင်းလောင်းသံများက ပဲ့တင်ထပ်နေကာ လောကသစ်ပင်အောက်မှ မြေကြီးကို လှန်ပစ်လိုက်သည်။ မရေမတွက်နိုင်သော အတိတ်စကြဝဠာ သိုင်းပညာရှင်များမှာ ခေါင်းလောင်းသံထဲတွင် ဗေဒါပင်များ၊ သစ်ရွက်ကြွေများသဖွယ် မြောလွင့်လျက် ဟန်ချက်မထိန်းနိုင် ဖြစ်နေကြ၏။
အနန္တအဘိုးအိုက လောကသစ်ပင်ကို ကမန်းကတန်း အသက်သွင်း၍ အတိတ်စကြဝဠာသိုင်းပညာရှင်များကို ကယ်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပို၍များပြားသော လောကသစ်ပင်အမြစ်များက ဖရိုဖရဲမြစ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားသည်။ မရေမတွက်နိုင်သော အတိတ်စကြဝဠာသိုင်းပညာရှင်များမှာ ပုရွက်ဆိတ်များသဖွယ် အမြစ်များအပေါ်သို့ တွယ်တက်လာကြပြီး တစ်ဖက်ကမ်းသို့ အားကုန် တက်နေကြသည်။
ချင်မူက သင်္ဘောဦးတွင် ရပ်နေပြီး လောကပေါင်းကူးရွှေသင်္ဘောက အနန္တအဘိုးအိုထံသို့ တဟုန်ထိုး ဆက်လက်ပြေး၀င်နေ၏။ ရွှေသင်္ဘောပေါ်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ခွာသွားပြီး ခိုး၀င်လာသူများကို သတ်ဖြတ်နေကြသည်။
လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ ခိုင်ဧကရာဇ်ချင်ယဲ့၊ ခိုင်ဧကရာဇ်တီရီယွဲ့၊ တာအိုဘိုးဘေးကြီး၊ တထာဂတကျန်းခုံး၊ ကောင်းကင်ဓားမ ဘိုးဘေးကြီးလေးဦး၊ ဖန်ဆင်းရှင် နတ်ဘုရင်နှစ်ပါး၊ ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေး ဧကရာဇ်အတိုင်ပင်ခံအားလုံး တိုက်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်နေကြသည်။
လောကပေါင်းကူးရွှေသင်္ဘော လောကသစ်ပင်အောက်သို့ ရောက်လာသောအခါ အနန္တအဘိုးအိုရှေ့တွင် ချင်မူ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
လောကပေါင်းကူးရွှေသင်္ဘော ရပ်တန့်သွားပြီး ချင်မူက ရွှေသင်္ဘောပေါ်မှ ဆင်းလာ၍ ဦးညွှတ်အရိုအသေပေးလိုက်၏။ "တာအိုမိတ်ဆွေအနန္တ၊ ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတုန်းက ကျွန်တော် ပေးခဲ့တဲ့ အကြွေးစာချုပ် ရှိသေးလား”
အနန္တအဘိုးအို၏ နှလုံးသား တုန်လှုပ်သွားပြီး သူ့အနောက်သို့ လှမ်းကြည့်လိုက်သည်။ လောကသစ်ပင်အောက်တွင် စစ်မြေပြင်ရာပေါင်းများစွာ ဖြစ်ပေါ်နေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များက သူ၏ လက်အောက်မှ သိုင်းပညာရှင်များအား သတ်ဖြတ်နေကြသည်ကို တွေ့လိုက်ရ၏။
ဤနှစ်များအတွင်း သူ၏ လောကသစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော တာအိုသစ်သီးများကို ချင်မူနှင့် အခြားသူများက အပြည့်အ၀ လေ့လာခဲ့ပြီး ဖြစ်ပေလိမ့်မည်။ လမ်းစဉ်၊ ကျင့်စဥ်နှင့် ကောင်းကင်နတ်သိုင်းအားလုံးသ သူတို့ကြောင့် ချိုးဖျက်ခံလိုက်ရသဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဖြစ်ပေါ်လာခြင်းပင်။
အနန္တအဘိုးအို၏ အသံက အက်ကွဲနေသည်။ "မင်းက ငြိမ်းချမ်းရေး တောင်းဆိုမလို့ လာတာ မဟုတ်ဘူးလား"
ချင်မူက ခေါင်းခါကာ ထပ်မေးသည်။ "တာအိုနောင်တော်၊ အကြွေးစာချုပ် ရှိသေးလား"
အနန္တအဘိုးအို၏ မျက်လုံးထောင့်စွန်းများ လှုပ်ခတ်သွားပြီး ရုတ်တရက် လောကသစ်ပင်၏ ဧရာမအမြစ်ကြီးတစ်ချောင်း ထိုးထွက်လာသည်။ အမြစ်မှာ အက်ကွဲသွားပြီး အတွင်းမှ ရွှေစက္ကူတစ်ရွက် ပျံသန်းလာသည်။ စာရွက်သည် ချင်မူ့အရှေ့သို့ အသာအယာ မြောလွင့်သွား၏။
ရွှေစက္ကူမှာ မဟာပျက်စီးခြင်းကပ်ဘေးနှင့် ဖန်ဆင်းခြင်းကပ်ဘေးတို့ကို မဖြတ်ကျော်နိုင်သဖြင့် အနန္တအဘိုးအိုသည် သူ၏ "ခန္ဓာကိုယ်"ထဲတွင် ဝှက်ထား၍ မပျက်စီးအောင် ကာကွယ်ခဲ့ခြင်း ဖြစ်လေသည်။
ချင်မူ အနည်းငယ် ကြောင်သွားမိသည်။ အကြွေးစာချုပ် အမှန်တကယ် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ အနန္တအဘိုးအိုက ဤအချိန်အထိ သိမ်းဆည်းထားလိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။
"တာအိုနောင်တော့်ဆီမှာ အကြွေးစာချုပ် ရှိနေမှတော့ ကျွန်တော် ကျေးဇူးကြွေးတစ်ခု တင်နေတာပဲ"
ချင်မူ လက်မြှောက်၍ အကြွေးစာချုပ်ကို သိမ်းဆည်းလိုက်သည်။ သူက ခေါင်းညိတ်ကာ မှင်သေသေ ပြော၏။ "ဒါဆိုရင် ကျွန်တော် တာအိုနောင်တော် အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်တစ်ခု ချန်ထားခဲ့ပါ့မယ်… အမြစ်ဖြုတ် မရှင်းပစ်တော့ဘူး"
အနန္တအဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အနောက်ရှိ လောကသစ်ပင်၏ မရေမတွက်နိုင်သော အကိုင်းအခက်များကား မရေမတွက်နိုင်သော လက်မောင်းများအဖြစ် ပြောင်းလဲသွားသည်။ တာအိုသစ်သီးမျိုးစုံ၏ ပုံရိပ်ယောင်များက လောကသစ်ပင်အပေါ်တွင် ဖွဲ့တည်လာ၏။ "ဖရိုဖရဲ၊ မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုက ငါနဲ့ ပူးပေါင်းပြီး မီလော့နန်းတော်ကို အတူတူ ရင်ဆိုင်တိုက်ခိုက်တာပဲ…. အနာဂတ်မှာ မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖိအားပေးဖို့၊ ကြိုးစားအားထုတ်လာအောင် တွန်းအားပေးဖို့ ငါ့ရဲ့ စွမ်းအားကို ငှားလို့ရတယ်… ငါ့ကို ရှင်းပစ်လို့ မရဘူး …. ထာဝရငြိမ်းချမ်းရေးအင်ပါယာက တိုးတက်လိုစိတ်မရှိတဲ့ နေရာဖြစ်နေပြီမဟုတ်လား"
"ဒါကြောင့် ဒါက တာအိုနောင်တော် အသက်ရှင်နိုင်မယ့် လမ်းစတစ်ခု ဖြစ်နေတာပေါ့"
ချင်မူ တခဏ တွေးတောလိုက်ပြီး ပြုံးကာ ပြောသည်။ "ကျွန်တော် နားလည်သွားပြီ… သခင်လေးခုနစ် ဖြစ်လာပြီး ခင်ဗျားကို အကြွေးစာချုပ်တစ်စောင် ချန်ထားခဲ့တာက အပြတ်အသတ် မရှင်းပစ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးခဲ့ဖို့ ဖြစ်မယ်… ကျွန်တော် ခင်ဗျားကို အသက်ရှင်လျက် ထားရမယ်… နောင်တော် တစ်ယောက်တည်းပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရွှင်ပျော်ပျော်ကျေးရွာလို အဖြစ်ကနေ ထွက်ခွာလာအောင် လုပ်နိုင်မှာ"
သူသည် ဤကိစ္စကို တွေးတောပြီးနောက် မနေနိုင်သဖြင့် ရယ်မောလိုက်မိသည်။
အနန္တအဘိုးအိုကလည်း ရယ်မောလိုက်ပြီး အေးဆေးစွာ ပြောသည်။ "မီလော့နန်းတော်ရဲ့ ခုနစ်… မင်းက ငါ့ကို နိုင်မယ်လို့ ဒီလောက်တောင် ယုံကြည်ချက် ရှိနေတယ်ပေါ့… မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုက..."
ချင်မူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ့အနောက်မှ ဖရိုဖရဲခန်းမက ဝုန်းခနဲ ပွင့်လာသည်။ ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး အဆုံးသတ်မြို့ပျက် ကြာပလ္လင်နှင့် လောကသစ်ပင်တို့ ပေါ်ထွက်လာကာ မြစ်ထဲတွင် အမြစ်တွယ်လိုက်၏။
ကြာပလ္လင်တွင် တာအိုအဆင့်ဆယ့်သုံးဆင့် ရှိပြီး လောကသစ်ပင်ပေါ်တွင် တာအိုသစ်သီး ရှစ်လုံးနှင့် တာအိုပန်းပွင့် ခုနစ်ပွင့် ဖွဲ့တည်နေသည်။ ဖရိုဖရဲခန်းမ၏ တာအိုအလင်းတန်းများက ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းပေါ်သို့ ဖြာကျနေ၏။
ထိုအချိန်တွင် အတိတ်စကြဝဠာ ၁၆ စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးများထဲတွင် အနန္တအဘိုးအိုက ခေါင်းမော့ကာ ပျက်စီးခြင်းကပ်ဘေးပေါ်ရှိ ဖရိုဖရဲခန်းမဆီသို့ ကြည့်လိုက်သည်။
တာအိုအလင်းတန်းက စူးရှလွန်းသဖြင့် အနာဂတ်အား ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။
ထိုအခိုက်အတန့်တွင် သူသည် သီးခြား ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ အနာဂတ်မှ သူနှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ပေ။
လောကသစ်ပင်အောက်တွင် အနန္တအဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်ကာ ချင်မူ့အား ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ လောကသစ်ပင်၏ မရေမတွက်နိုင်သော အကိုင်းအခက်များမှ ဖြစ်တည်လာသော လက်မောင်းများက ချက်ချင်းပင် ကောင်းကင်နတ်သိုင်းပေါင်းများစွာကို အသက်သွင်းလိုက်၏။ ၎င်းတို့က အားလုံးကို အံ့ဩမှင်သက်သွားစေသော မဟာကောင်းကင်နတ်သိုင်းများ ဖြစ်သည်။ တစ်ခုချင်းစီတိုင်းမှာ တာအိုကျင့်စဉ်၏ အထွတ်အထိပ် နက်နဲဆန်းကြယ်မှုသို့ ရောက်ရှိနေသဖြင့် ကြည့်ရှုသူများအား အံ့ဩမှင်သက်နေစေသည်။
ဘုန်း
မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများက ချင်မူ့ကို လွှမ်းခြုံသွားသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများထဲတွင် မြစ်ဆယ့်ခြောက်စင်းက တစ်ခုနှင့်တစ်ခု ယှက်ဖြာသွားပြီး ကောင်းကင်နတ်သိုင်းများ မြစ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ပျောက်ကွယ်သွား၏။
ချင်မူက အနန္တအဘိုးအို၏ ရှေ့တွင် ရပ်လျက် လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ဧရာမလက်ဖဝါးကြီးတစ်ဖက်က ပိုပို၍ ကြီးမားလာပြီး အနီရောင်ကြိုးထုံးချိပ်တံဆိပ်၏ စွမ်းအား ပေါက်ကွဲထွက်လာ၏။
အနန္တအဘိုးအို၏ မရေမတွက်နိုင်သော လက်မောင်းများက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး ဘုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းမှာ တုန်ခါသွားသည်။ အနီရောင်ကြိုးများနှင့်တူသည့် သံကြိုးများက တစ်ခုကိုတစ်ခု ရစ်ပတ်လျက် မြစ်ထဲမှ မရေမတွက်နိုင်သော လောကသစ်ပင်အမြစ်များကို ချည်နှောင်လိုက်လေသည်။
အနန္တအဘိုးအိုမှာ နောက်ဆုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လောကသစ်ပင်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
လောကသစ်ပင်မှာ တုန်ခါသွားပြီး အမြစ်များအား ဆွဲနှုတ်ကာ မြေကြီးထဲမှ ရုန်းထွက်ရန် ပြင်လိုက်စဉ် အနီရောင်ကြိုးများက ရုတ်တရက် အမြစ်များကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သဖြင့် လှုပ်ရှား၍ မရတော့ချေ။
ချင်မူ့အနောက်တွင် ဖရိုဖရဲကျောက်တုံးဖြင့် သွန်းလုပ်ထားသော ရတနာဓားတစ်လက်က ဖရိုဖရဲခန်းမထဲမှ ပျံသန်း ထွက်ပေါ်လာသည်။
ချင်မူက ဓားကိုကိုင်လျက် ခုတ်ပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပင် အနီရောင်ကြိုးထုံးချိပ်တံဆိပ်၏ စွမ်းအား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လောကသစ်ပင်၏ မရေမတွက်နိုင်သော အမြစ်များမှာ ကြေမွသွားပြီး သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။
ဓားရောင် ဖြတ်ခနဲ လင်းလက်သွားပြီး လောကသစ်ပင်မှာ ဝုန်းခနဲ ပြိုလဲသွား၏။
ချင်မူ လက်မြှောက်လိုက်ရာ မရဏလေပူတို့ တဝေါဝေါ တိုက်ခတ်လာပြီး လောကသစ်ပင်အား ဝန်းရံလျက် လောင်ကျွမ်းနေစေသည်။ အနန္တအဘိုးအိုမှာ နာကျင်စွာ အော်ဟစ်နေရပြီး မီးပင်လယ်ထဲမှ ရုန်းထွက်နေ၏။ ရုတ်တရက် အဆုံးသတ်မြို့ပျက်ကြာပလ္လင် ကျဆင်းလာပြီး လောကသစ်ပင်အား ဖိနှိပ်ထားလိုက်သည်။ ကြာပလ္လင်၏ အပေါက်များမှ မရဏလေပူတို့ တိုက်ခတ်လာရာ မီးတောက်များမှာ ပို၍ပြင်းထန်လာသည်။
"မြန်လိုက်တာ"
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်တို့က တည်ကြည်လေးနက်သော မျက်နှာအမူအရာတို့ဖြင့် လောကသစ်ပင်ကို လှမ်းကြည့်နေကြ၏။ "ခုနစ်ရဲ့ တိုးတက်မှုက မသေးဘူးပဲ"
ရုတ်တရက် ချင်မူက လက်ညှိုးတစ်ချက် တောက်လိုက်ရာ လောကသစ်ပင်၏ အမြစ်က ဖရိုဖရဲမြစ်ထဲမှ ပျံသန်းထွက်ခွာ၍ ကောင်းကင်သို့ ၀င်ရောက်ကာ ပျောက်ကွယ်သွားသည်။
"တာအိုနောင်တော်ထိုက်ရှီ၊ သွေးယဇ်ပူဇော်ခြင်း စွမ်းအင်ကို ပြောင်းလဲစရာ မလိုတော့ဘူး"
ထိုက်ရှီက မန္တန်တစ်ခု အသက်သွင်းရန် ပြင်နေစဉ် ချင်မူ၏အသံက ရုတ်တရက် ထွက်ပေါ်လာ၏။ "သခင်လေးသုံးက သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို ယူလိမ့်မယ်”