← Chapters

မျှော်လင့်ခြင်းရောင်ခြည်

Vol. 141 Ch. 1813

မျှော်လင့်ခြင်းရောင်ခြည်

Vol. 141 Ch. 1813

ထိုက်ရှီမှာ ချင်မူ၏ စကားအား အသေအချာ နားမလည်သော်လည်း သူပြောသည့်အတိုင်း စွမ်းအင်စုပ်ယူနေခြင်းအား ရပ်တန့်လိုက်သည်။

ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ ကြည့်လိုက်သည့် နေရာတွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များ တုန်ခါကာ မျောလွင့်လာသည်။ ၎င်းတို့မှာ သခင်လေးနှစ်၏ ကောင်းကင်နတ်သိုင်းများ ဖြစ်၏။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အစစ်မှာ ချင်မူ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ပျက်စီးသွားလင့်ကစား သခင်လေးနှစ်သည် ကောင်းကင်နတ်ဧကရီကဲ့သို့ပင် အသူရာချောက်နက်ထဲတွင် မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေသေးသည် မဟုတ်လော။

သို့သော် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အား စွမ်းအင်ရင်းမြစ်အဖြစ် အသုံးမပြုနိုင်တော့သဖြင့် ဤနှစ်များအတွင်း သူမ၏ ကျင့်ကြံခြင်းအခြေခံ ပြန်လည်ကောင်းမွန်လာမှုမှာ အလွန်နှေးကွေးခဲ့သည်။

သူမအတွက် ကျင့်ကြံခြင်းအခြေခံအား ပြန်တည်ဆောက်နိုင်သည့် လမ်းသုံးခု ရှိ၏။ ပထမလမ်းမှာ ချင်မူ၏ ဖရိုဖရဲခန်းမသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ ထိုနေရာတွင် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်း ရှိသည့်အတွက် မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူကာ လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်သည်။

ဒုတိယလမ်းမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်း ဖြစ်သည်။ ၎င်းကလည်း သူမ၏ ကျင့်ကြံခြင်းအခြေခံကို မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်လာစေနိုင်သည်။

တတိယလမ်းမှာ လောကသစ်ပင်ကို လှည့်ပတ်နေသော ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်း ဖြစ်သည်။

သို့သော် ဤလမ်းသုံးခုလုံး အလုပ်မဖြစ်ပေ။ ချင်မူက သူမကို ဖရိုဖရဲခန်းမထဲသို့ ဝင်ခွင့်ပေးမည်မဟုတ်။ သခင်လေးသုံးနှင့် သခင်လေးလေးတို့ကလည်း ကျောက်စိမ်းမြို့တော်အား အသုံးပြုခွင့်ပေးမည် မဟုတ်ပေ။ တတိယလမ်းမှာ အဖြစ်နိုင်ဆုံးဟု ထင်ရသော်လည်း အမှန်တကယ်တွင် မဖြစ်နိုင်ဆုံးလမ်းပင်။ အဘယ်ကြောင့်ဆိုသော် သခင်လေးနှစ်မှာ လောကသစ်ပင်အနီးသို့ မကပ်နိုင်သောကြောင့် ဖြစ်၏။

ထိုမျှသာမက သူမ ပျက်စီးခြင်းကပ်ဘေးထဲမှ စွမ်းအင်ကို စုပ်ယူနိုင်လျှင်တောင်မှ ဖန်ဆင်းခြင်းကပ်ဘေး၏ စွမ်းအင်ကို ရရှိနိုင်မည် မဟုတ်ချေ။

ပို၍အရေးကြီးသည်က ချင်မူသည် ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ပြီး သန့်စင်ခဲ့သည်။ သူမအ‌နေဖြင့် ၎င်းအား ဖျက်ဆီး၍ ဖရိုဖရဲချီအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ကောင်းကင်တွင် မျောလွင့်နေသော ဖရိုဖရဲပင်လယ်ဆီသို့ သွားနိုင်သော်လည်း ထိုနေရာတွင် ချင်မူ၏ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများ ရှိနေပြီး စွမ်းအားက အဆမတန် ပြင်းထန်သည်။ သူမ ထိုနေရာသို့ သွားပါက မည်သည်တို့ ဖြစ်လာနိုင်သည်ကိုလည်း မသိပေ။

အဆုံးသတ်မြို့ပျက်တိုက်ပွဲပြီးနောက် ချင်မူသည် သူမအား နာလန်ထူရန် အခွင့်အရေးမရှိတော့သည်အထိ ဖိနှိပ်ထားခဲ့သည်ဟု ဆိုရမည်။

ချင်မူ၏အကြည့်သည် ရီဝေနေ၏။၊ သူ့အသံက အဝေးသို့ ပျံ့လွင့်သွားသည်။ "မမကြီးနှစ်၊ အနန္တအဘိုးအို သေသွားပြီ"

ကောင်းကင်တွင် လည်ပတ်နေသည့် မရေမတွက်နိုင်သော အသူရာချောက်နက်များ ရုတ်တရက် ရပ်တန့်သွားပြီး တစ်ခုနှင့်တစ်ခု ဝါးမြိုကာ ပေါင်းစည်းသွား၏။ မကြာမီ အသူရာချောက်နက်တစ်ခုတည်းသာ ကျန်ရစ်တော့ပြီး ပျောက်ကွယ်သွားတော့သည်။

ချင်မူ့အကြည့်များက လင်းခနဲ လက်သွားသည်။ သူ၏ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံတက်၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖရိုဖရဲပင်လယ်ဆီသို့ ပြေးဝင်သွားလေသည်။

သခင်လေးနှစ်သည်လည်း ပါးနပ်သူ ဖြစ်၏။

အနန္တအဘိုးအိုကို သတ်ဖြတ်ပြီးနောက် ချင်မူ၏ပစ်မှတ်မှာ သူမကိုယ်တိုင်ဖြစ်ကြောင်း သိသဖြင့် ပြတ်သားစွာပင် ဖရိုဖရဲပင်လယ်ဆီသို့ တဟုန်ထိုး ထွက်ခွာသွားခဲ့သည်။

သူမ ချင်မူထက် စော၍ ဖရိုဖရဲပင်လယ်သို့ ရောက်သွားပါက လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများကို ဖျက်ဆီးကာ အဆုံးသတ်မြို့ပျက်အသူရာချောက်နက်ကို ပြန်လည် တည်ဆောက်နိုင်သရွေ့ ဤတိုက်ပွဲ၏ အနိုင်အရှုံးကို မှန်းဆရနိုင်မည် မဟုတ်ချေ။

အသူရာချောက်နက်ကို ပြန်လည်မတည်ဆောက်နိုင်လျှင်ပင် အဆုံးသတ်မြို့ပျက် ကြာပလ္လင်ကို ဖရိုဖရဲပင်လယ်ထဲတွင် ပျိုးထောင်နိုင်သရွေ့ တိုက်ခိုက်နိုင်ရန် ခွန်အား ကျန်ပေလိမ့်မည်။

ဝုန်း…

ဖရိုဖရဲပင်လယ်မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ အမြစ်များစွာက အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာကာ ဖရိုဖရဲပင်လယ်ထဲသို့ ထိုးစိုက်သွား၏။

အမြစ်များ ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အက်ကွဲကြောင်းထဲမှ အဆင့်ဆယ့်ခြောက်ဆင့် ဧရာမကြာပလ္လင်ကြီးတစ်ခု ဆွဲထုတ်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဖရိုဖရဲကျောက်တုံးများဖြင့် ဖွဲ့တည်ထားသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများက လျင်မြန်စွာ လှည့်ပတ်၍ ဖရိုဖရဲပင်လယ်တစ်ခုလုံးကို ဆွဲယူလိုက်၏။ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများမှာ ဧရာမ ရေလှည်းဘီးခြောက်ခုအလား ဖရိုဖရဲပင်လယ်ကို ဆွဲယူရင်း လည်နေသည်။ ဘ၀ပြန်ဝင်စားခြင်းတာအိုများက ဘိုးဘေးနန်းတော်၏ ကောင်းကင်တွင် ပြည့်နှက်လာသည်။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများ လည်သွားသည့် တစ်ချိန်တည်းမှာပင် ဆယ့်ခြောက်ဆင့် ကြာပလ္လင်ပေါ်၌ သခင်လေးနှစ်၏ ခန္ဓာကိုယ် ထွက်ပေါ်လာသည်။ သူမ၏ ဆံပင်ဖြူများက လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများဆီသို့ လှိုင်းလုံးများသဖွယ် တိုးဝင်သွားကာ ကောင်းကင်လှည်းဘီးများအား မလှုပ်နိုင်အောင် ချုပ်နှောင်လိုက်သည်။ ဆံပင်ဖြူများက သက်ရှိများအလား အပြင်းအထန် ကြီးထွားလာပြီး မကြာမီ ကောင်းကင်လှည်းဘီးအားလုံးကို ဖုံးလွှမ်းသွား၍ မလည်ပတ်နိုင်အောင် တားဆီးလိုက်သည်။

သခင်လေးနှစ်သည် လက်မြှောက်၍ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများဆီသို့ ရိုက်ချလိုက်၏။ ကောင်းကင်လှည်းဘီးများကို ဖျက်ဆီးကာ အဆုံးသတ်မြို့ပျက်ကို ပြန်လည်တည်ဆောက်နိုင်သရွေ့ ချင်မူသည် သူမ၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ချေ။

သူမ၏ လက်ဖဝါးက ဘ၀ပြန်ဝင်စားခြင်းတာအိုများဖြင့် ဖွဲ့စည်းထားသော အလင်းတန်းများထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလို သူမလက်မောင်းမှ အသွေးအသားတို့ ပုပ်သိုးဆွေးမြေ့သွားပြီး အရိုးဖြူများ ပေါ်ထွက်လာသည်။ အသွေးအသားများက ချက်ချင်း ပြန်ပြည့်လာသော်လည်း နောက်တစ်ခဏအတွင်း ဘ၀ပြန်ဝင်စားခြင်း အလင်းတန်းများထဲ၌ အရိုးဖြူများအဖြစ် ပြန်လည် ပြောင်းလဲသွား၏။

ထို့မျှသာမက ဤပုပ်သိုးဆွေးမြေ့မှုက သူမ၏မှော်စွမ်းအင်နှင့် ခန္ဓာကိုယ်ထဲသို့ပင် ကျူးကျော်ဝင်ရောက်လာကာ လက်မောင်းနှင့် ပခုံးများဆီသို့ ပျံ့နှံ့သွားသည်။

ဘ၀ပြန်ဝင်စားခြင်းတာအိုက သူမ၏ ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာ ချေဖျက်နေပြီး ဘ၀ပြန်ဝင်စားခြင်းထဲသို့ ဆွဲသွင်းကာ အပြီးတိုင် ရှင်းလင်းရန် ကြိုးစားနေသည့်အလားပင်။

သခင်လေးနှစ်က အံကြိတ်၍ မည်သည်ကိုမှ ဂရုမစိုက်ဘဲ ဤတိုက်ကွက်ကို ရိုက်ချလိုက်သည်။

ဘုန်း

သူမ၏ လက်ဖဝါး လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည့်အခါ ဧရာမ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများမှာ ဝုန်းခနဲ ပြိုကျလျက် မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများအဖြစ် လွင့်ထွက်သွား၏။

သခင်လေးနှစ်မှာ အားရ၀မ်းသာစွာဖြင့် အဆုံးသတ်မြို့ပျက်အား ပြန်လည်တည်ဆောက်ရန် မှော်စွမ်းအင် အသက်သွင်းလိုက်စဉ် ရုတ်တရက် တာအိုသစ်သီးတစ်လုံးက ပျံသန်းလာပြီး ကျောက်တုံးအပိုင်းအစများ အလယ်သို့ ဆင်းသက်သွားသည်။ တာအိုသစ်သီးထဲမှ တာအိုအလင်းတန်းများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဖရိုဖရဲကျောက်တုံးများက လေထဲတွင် မြောလွင့်ကာ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများအား ဖွဲ့တည်လိုက်သည်။

ကောင်းကင်လှည်းဘီးများ၏ အရှေ့တွင် ချင်မူ၏ ပုံရိပ်ထွက်ပေါ်လာသည်။ တာအိုသစ်သီးမှာ သူ့ဦးခေါင်းအနောက်တွင် မျောလွင့်လျက် လမ်းစဉ်ခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်း တာအိုအလင်းများအား ဖြန့်ကျက်နေလေသည်။

ဝုန်း

ပထမဆုံး ကောင်းကင်လှည်းဘီးက တုန်ခါသွားပြီး ဝှီးခနဲ လှည့်ပတ်သွားသည်။ ၎င်းက ကျယ်ပြန့်ကြီးမားလာပြီး စွမ်းအားက အထွတ်အထိပ်အထိ တွန်းပို့ခံလိုက်ရ၏။

ဝုန်း… ဝုန်း…. ဝုန်း

ဒုတိယ ကောင်းကင်လှည်းဘီး၊ တတိယ ကောင်းကင်လှည်းဘီး၊ စတုတ္ထ ကောင်းကင်လှည်းဘီး၊ ပဉ္စမ ကောင်းကင်လှည်းဘီးနှင့် ဆဋ္ဌမ ကောင်းကင်လှည်းဘီးတို့မှာ တစ်ခုပြီးတစ်ခု ဆက်တိုက် အသက်သွင်းခံလိုက်ရသည်။ ၎င်းတို့က‌ ရှေးဟောင်း ဖရိုဖရဲအလင်းစက်ဝန်း ခြောက်ခုအလား ကြီးစဉ်ငယ်လိုက် စီတန်းနေသည်။

သခင်လေးနှစ် ရင်ထဲတွင် လေးလံသွားသည်။ "ခုနစ်၊ နင့်ရဲ့ ဘ၀ပြန်ဝင်စားခြင်းတာအိုလည်း တာအိုရသွားပြီလား"

ချင်မူက ခေါင်းညိတ်၏။ "ကျွန်တော်က အာရုံများတတ်လို့ ကျင့်ကြံတဲ့ မဟာတာအို အမျိုးအစားကလည်း သိပ်များတယ်.. အစက ဘ၀ပြန်ဝင်စားခြင်းတာအိုကို ရဖို့ တော်တော်ခက်ခဲ့တာ… ဒါပေမဲ့ ကံကောင်းစွာနဲ့ ကျွန်တော့်မှာ အစ်ကိုတစ်ယောက် ရှိတယ်လေ… သူက ကျွန်တော့်ထက်အရင် ဘ၀ပြန်ဝင်စားခြင်းတာအို ရသွားတော့ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်"

ချင်ဖုန်းကျင့်အကြောင်း ပြောနေခြင်းပင်။

ချင်ဖုန်းကျင့်သည် မြေအောက်ဘုံအရှင်သခင်နေရာအား အမွေဆက်ခံခဲ့သည်။ ယိုတုတာအိုကို ထိန်းချုပ်သည့်အပြင် ဘ၀ပြန်ဝင်စားခြင်းတာအိုကိုလည်း ကျင့်ကြံခဲ့၏။ ကောင်းကင်ယင်နတ်ဘုရားမသည် ဘ၀ပြန်ဝင်စားခြင်းတာအိုကို ဖန်တီးခဲ့သူ ဖြစ်သော်လည်း ဉာဏ်ပညာတွင် အကန့်အသတ် ရှိသဖြင့် ပြီးပြည့်စုံအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ချင်မူက ဘ၀ပြန်ဝင်စားခြင်းတာအိုကို ပြုပြင်၍ နက်ရှိုင်းကျယ်ပြန့်သော တာအိုအဆင့်သို့အထိ တွန်းပို့ခဲ့သည်။ ကောင်းကင်ယင်နတ်ဘုရားမ ဖန်တီးခဲ့သော ဘ၀ပြန်ဝင်စားခြင်းတာအိုကို ခြောက်မျိုး ခွဲခြားခဲ့၏။ သူသည် ချင်ဖုန်းကျင့်နှင့် ကောင်းကင်နတ်အရှင်ရုံတို့၏ လမ်းပြသူဟု ဆိုရမည်။

သို့သော် ချင်မူမှာ ဤလမ်းစဉ်တွင် အာရုံ့လွင့်ပျံခဲ့သည်။ ကောင်းကင်နတ်အရှင်ရုံကလည်း မူလဝိညာဉ်ကို အဓိက ကျင့်ကြံသောကြောင့် ဘ၀ပြန်ဝင်စားခြင်းတာအိုတွင် အားမထုတ်ခဲ့ချေ။ မူလဝိညာဉ် တာအိုရရှိပြီးနောက် ယိုတုတာအိုကို ဆက်လက် သိမြင်နားလည်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ဖုန်းကျင့်မှာမူ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို ထိန်းချုပ်ထားသဖြင့် ဤလမ်းစဉ်အား အဝေးဆုံးသို့ လျှောက်လှမ်းနိုင်ခဲ့လေသည်။

နောက်ဆုံးတွင် ချင်ဖုန်းကျင့်သည် ပထမဆုံး ဘ၀ပြန်ဝင်စားခြင်းတာအိုကို ရရှိခဲ့၏။

ချင်ဖုန်းကျင့်နှင့် ချင်မူ ဆိုသည်မှာ အမှန်တကယ်တွင် လူတစ်ယောက်သာ ဖြစ်၏။ မူလက ခန္ဓာကိုယ်တစ်ခုတည်း ရှိခဲ့သဖြင့် သူတို့နှစ်ယောက်မှာ တစ်ခါတရံတွင် အတွေးများပင် ဖလှယ်နိုင်ခဲ့လေသည်။ ချင်မူ့အ‌နေဖြင့် ချင်ဖုန်းကျင့်ထံမှ ဘ၀ပြန်ဝင်စားခြင်းတာအိုကို လေ့လာခြင်းက ပို၍ လွယ်ကူခဲ့သည်။

သူ၏ လောကသစ်ပင်ပေါ်မှ တာအိုသစ်သီးများထဲတွင် ဘ၀ပြန်ဝင်စားခြင်း တာအိုသစ်သီးတစ်လုံး ရှိနေသည်။

သခင်လေးနှစ်က သူ၏ ဦးခေါင်းနောက်မှ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများကို စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်နေ၏။ "ခုနစ်၊ တကယ်တော့ နင်နဲ့ ငါက သိပ်ကို ဆင်တူတဲ့သူ နှစ်ယောက်ပဲ… နင်နဲ့ ငါ နှစ်ယောက်လုံးက ဆရာ့ရဲ့ ခံယူချက်ဟာ မှားယွင်းပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ် ထင်ကြတယ်… နင့်ရဲ့ လမ်းစဉ်က မှန်တယ်ဆိုတာ နင် သက်သေပြနိုင်မှာ မဟုတ်သလို ငါ့ရဲ့ လမ်းစဉ်က မှားတယ်ဆိုတာလည်း နင် သက်သေပြနိုင်မှာ မဟုတ်ဘူး"

ချင်မူ ခေါင်းညိတ်လိုက်သည်။ "မမကြီးနှစ်ရဲ့ လမ်းကြောင်းက မှန်နိုင်ပါတယ်… ဒါပေမဲ့ ကျွန်တော် မစွန့်စားရဲဘူး"

သခင်လေးနှစ်လည်း ခေါင်းညိတ်၏။ "နင်က နင့်ကိုယ်နင် ခေါင်းဆောင်တစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ်ခဲ့ဘူး…. နင်သာ ခေါင်းဆောင်တစ်ယောက်ဆိုရင် ကျန်တဲ့သူတွေက သာမန်လူတွေဆိုတာ နင်သိမှာပဲ… အရေအတွက် ဘယ်လောက်များများ စကြဝဠာရဲ့ ပိုးမွှားတွေပဲ… နင်က သူတို့ကို သိပ်အလေးထားလွန်းတယ်… ငါတို့ရဲ့ တာအိုနဲ့ ဆိုရင် ကောင်းကင်နဲ့ မြေကြီးကို ပြန်ဖန်တီးနိုင်တယ်… စကြဝဠာရဲ့ ဖရိုဖရဲကို ပြန်ဖွဲ့တည်ပြီး ပြီးပြည့်စုံတဲ့ လောကတစ်စင်း ဖန်တီးနိုင်တယ်"

ချင်မူ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ "မမကြီးနှစ်၊ လမ်းစဉ်မတူတဲ့သူတွေက အမြင်တွေလည်း မတူတတ်ဘူး … ကျေးဇူးပြုပြီးတော့"

သခင်လေနှစ်က အသက်တစ်ရှိုက် ရှုသွင်းပြီး လေးနက်တ‌ည်ကြည်စွာ ပြော၏။ "မောင်လေးခုနစ် ကျေးဇူးပြုပြီးတော့..”

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်၊ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်အားလုံး ခေါင်းမော့၍ ကောင်းကင်ရှိ အမြင့်ဆုံးနေရာမှ ဖရိုဖရဲပင်လယ်ကို ကြည့်နေကြသည်။ သခင်လေးကျစ်ရှောင်က ရုတ်တရက် ပြောသည်။ "နောင်တော်၊ အခု အခြေအနေက သိပ်ကောင်းနေပြီ… ငါတို့တွေ တိုက်ခိုက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အင်အားစုတွေကို တစ်ပြိုင်နက်တည်း ရှင်းပစ်သင့်ပြီ"

ခန်းမသခင် နှစ်ဆယ့်ရှစ်ဦးစလုံး သခင်လေးလင်းရှောင်ဆီ ကြည့်လိုက်ကြသည်။ ခန်းမသခင်တစ်ဦးက ခပ်ဩဩအသံဖြင့် ထောက်ခံသည်။"သခင်လေးလေး ပြောတာ မှန်ပါတယ်… အခုအချိန်မှာ သခင်လေးခုနစ်နဲ့ သခင်လေးနှစ်တို့ တိုက်ခိုက်နေကြတယ်… ဆိုတော့ သခင်လေးခုနစ်က ကျုပ်တို့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာက တာအိုသိုင်းပညာရှင်တွေကလည်း အနန္တအဘိုးအိုရဲ့ လက်ကျန်အင်အားစုတွေကို ရှင်းလင်းနေတယ်… အခုအချိန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာက တာအိုသိုင်းပညာရှင်တွေကို တစ်ပြိုင်နက်တည်း သုတ်သင်ဖို့ အချိန်ကောင်းပဲ"

သခင်လေးလင်းရှောင်၏ မျက်လုံးများက ဖျတ်ခနဲ လက်သွားပြီး အလွန် စိတ်လှုပ်ရှားသွားပုံရသည်။

ဤအခိုက်အတန့်တွင် ချင်မူမှာ သခင်လေးနှစ်နှင့် ရင်ဆိုင်နေရသဖြင့် မလှုပ်နိုင်ပေ။ အခြားတစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များမှာလည်း အနန္တအဘိုးအို၏ လက်အောက်မှ အင်အားစုများနှင့် တိုက်ခိုက်နေကြသည်။ ဤအချိန်တွင် ကျောက်စိမ်းမြို့တော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များ ထွက်တိုက်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များနှင့် အနန္တအဘိုးအို၏ အင်အားစုများကို ပြိုင်တူ ရှင်းလင်း ဖယ်ရှားနိုင်ပေလိမ့်မည်။

"ကောင်းပြီ"

သခင်လေးလင်းရှောင်က တည်ကြည်လေးနက်စွာ အော်ဟစ်လိုက်သည်။ "ကျောက်စိမ်းမြို့တော်၊ တိုက်ခိုက်ကြ"

ဘုန်း

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ခန်းမများစွာမှ ပြင်းထန်စူးရှသော တာအိုအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ မြို့တော်ထဲမှ တာအိုသစ်ပင်များက ရုတ်တရက် ကြောက်မက်ဖွယ်ရာ ကြီးထွားလာကြသည်။ တာအိုသစ်သီးများက တစ်လုံးနှင့်တစ်လုံး ရောယှက်ကာ နတ်ဘုရားမြို့တစ်မြို့လုံးအတွင်းရှိ မဟာတာအိုများအား ဆူပွက်လုမတတ် အုံကြွလာစေသည်။

ခန်းမသခင် နှစ်ဆယ့်ရှစ်ဦးနှင့် တာအိုသိုင်းပညာရှင်များက မှော်စွမ်းအင်များ အသက်သွင်းကာ ရှေးဟောင်းနတ်ဘုရားမြို့ကြီးကို ကောင်းကင်သို့ ပင့်တင်လိုက်ကြသည်။ သူတို့က ကြီးကျယ်ခမ်းနားစွာဖြင့် လောကသစ်ပင်၏ မူလနေရာဟောင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြချေပြီ။

သခင်လေးလင်းရှောင်က မျက်လုံးများ တောက်ပနေလျက် အော်ဟစ်လိုက်၏။ "ခုနစ်ကို ဖိအားပေးကြ… အစ်မတော်နှစ်ရဲ့ ခန်းမကို ဒီနေရာဆီ ယူလာကြ"

ဤအခိုက်အတန့်တွင် ဖရိုဖရဲပင်လယ် တုန်ခါသွားသည်။ ကျောက်စိမ်းမြို့တော်မှ လူအားလုံး မော့ကြည့်လိုက်ရာ ဖရိုဖရဲပင်လယ်သည် ဧရာမစွမ်းအားကြီးတစ်ရပ်ကြောင့် ဆုတ်ဖြဲခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဆယ့်ခြောက်ခု၏ အရိပ်များ ပေါ်ထွက်လာသည်။ ထိုချောက်နက်များ၏ ဝင်ပေါက်မှ အတိတ် စကြဝဠာခေတ်ဆယ့်ခြောက်စင်း၏ မြင်ကွင်းများကိုပင် တွေ့မြင်ရနိုင်သည်။

"အစ်မတော်နှစ်က သူ့ရဲ့ အနန္တခန်းမကို ကိုယ်တိုင် ဆင့်ခေါ်နေတာပဲ"

သခင်လေးလင်းရှောင် ရင်ထဲတွင် လှုပ်ရှားသွားပြီး ကမန်းကတန်း ပြော၏။ "အနန္တခန်းမကို အစားထိုးတာ ရပ်လိုက်..."

သူ၏ စကားသံမဆုံးမီမှာပင် ရုတ်တရက် အချိန်နှင့် နေရာဟင်းလင်းပြင် တွန့်လိမ်သွားသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဆယ့်ခြောက်ခု၏ ပုံရိပ်မှာ ဖရိုဖရဲမြစ်များ၏ ဆွဲငင်ခြင်း ခံလိုက်ရပြီး မြစ်ဆယ့်ခြောက်စင်းပေါ်သို့ ကျဆင်းသွားလေသည်။

ကျောက်စိမ်းမြို့တော်မှ အပေါ်သို့ ကြည့်လိုက်ပါက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ အရိပ်များထဲတွင် တွေ့မြင်နေရသည်မှာ စကြဝဠာ ၁၇ စင်း၏ မြင်ကွင်းများ မဟုတ်ဘဲ ချင်မူ၏ မျက်နှာ ဖြစ်နေသည်။

၎င်းမှာ ချင်မူ၏ ထိန်းချုပ်မှုအောက်တွင် အချိန်နှင့် နေရာဟင်းလင်းပြင်အား ပုံပျက်သွားစေသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးပင်။

သခင်လေးလင်းရှောင်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ခက်ထန်စွာ အော်ဟစ်လိုက်၏။ “အနန္တခန်းမကို မြန်မြန်အစားထိုး"

သို့သော် နောက်ကျသွားခဲ့လေပြီ။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဆယ့်ခြောက်ခု၏ ဝင်ပေါက်တစ်ခုချင်းစီမှ လက်တစ်ဖက်စီ ကျဆင်းလာသည်။

မီလော့နန်းတော်သခင် ဖန်တီးခဲ့သော အနီရောင်ကြိုးထုံးချိပ်တံဆိပ်မှာ ချင်မူ၏ လက်ထဲတွင် ပေါက်ကွဲထွက်လာပြီး လက်ဖဝါးဆယ့်ခြောက်ခုက သခင်လေးနှစ်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း တံဆိပ်ခတ်နှိပ်လိုက်ကြ၏။

သခင်လေးနှစ်မှာ သူမ၏ အနန္တခန်းမကို ဆင့်ခေါ်ရန် ကြိုးစားခဲ့သည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဝင်ပေါက်တိုင်းက သူမ၏ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဆက်နွယ်နေသော်လည်း ချင်မူက ပို၍ တစ်ဆင့်မြင့်နေသည်။

သူသည် သူမကို အသုံးချ၍ အချိန်နှင့် နေရာကို စုတ်ဖြဲကာ အသူရာချောက်နက်တွင် အားနည်းချက် ဖြစ်ပေါ်လာစေပြီး ၎င်းအားနည်းချက်ကို တစ်ချက်တည်း တိုက်ခိုက်၍ အသက်နှုတ်တိုက်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။

ဤတိုက်ကွက်မှာ ချင်မူ ဖန်တီးခဲ့ခြင်း မဟုတ်ပေ။ ချင်မူ၏ ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းသာ ဆိုပါက နှစ်အား သတ်နိုင်မည် မဟုတ်ပေ။ သို့သော် အနီရောင်ကြိုးထုံးချိပ်တံဆိပ်မှာ နှစ်ကို ပစ်မှတ်ထား၍ မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့သော ကောင်းကင်နတ်သိုင်း ဖြစ်သဖြင့် ဤတိုက်ကွက်က သူမ၏ အသက်ကို နှုတ်ယူရန် လုံလောက်သည်။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးက တဝေါဝေါ လည်ပတ်လျက် ဖရိုဖရဲပင်လယ်ကို မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ဆုတ်ဖြဲလိုက်၏။

ကျောက်စိမ်းမြို့တော်ထဲတွင် သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်နှင့် အခြားသူများ မော့ကြည့်နေကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ နှလုံးသားများ အေးခဲသွားကြသည်။

ရုတ်တရက် အပြင်းအထန် လည်ပတ်နေသော လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများမှာ ရပ်တန့်သွားပြီး ကြေမွသွားသော ဖရိုဖရဲပင်လယ်များက မူလအတိုင်း ပြန်ဖွဲ့တည်လာသည်။ ပင်လယ်ရေပြင်မှာ ငြိမ်သက်သွားချေပြီ။

ချင်မူ၏ ဦးခေါင်းနောက်တွင် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများက တဖြည်းဖြည်း နိမ့်ကျသွား၏။ ၎င်းတို့၏ တစ်ဝက်က ပင်လယ်ရေပြင်ပေါ်တွင် ရပ်တည်နေပြီး တစ်ဝက်က ပင်လယ်ရေပြင်အောက်သို့ နစ်မြုပ်သွားသည်။

သခင်လေးနှစ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြော၏။ "ငါက အခု အထွတ်အထိပ်အခြေအနေမှာ မဟုတ်ဘူး… အထွတ်အထိပ်အခြေအနေသာ ဆိုရင် ဆရာ့ရဲ့ ဒီတိုက်ကွက်က ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး"

ချင်မူက တခဏ တွေးတောလိုက်ပြီး ပြောသည်။ "မမကြီးရဲ့ ပါရမီက ပြိုင်ဘက်ကင်းပါတယ်… ဒါပေမဲ့ ဆရာ့ရဲ့ ပြိုင်ဘက်တော့ မဟုတ်လောက်သေးဘူး… သူက လက်တစ်ဖက်နဲ့ မမကြီးကို ဖိနှိပ်နိုင်ပြီး ကျန်တဲ့တစ်ဖက်နဲ့ မမကြီးကို သတ်နိုင်တယ်… သူ မသတ်ရက်ခဲ့လို့ပဲ"

သခင်လေးနှစ် ခေါင်းမော့လိုက်ကြည့်ရာ ကောင်းကင်အစား ဘိုးဘေးနန်းတော်ကို တွေ့မြင်လိုက်ရ၏။ သူမ ခြောက်ကပ်ကပ် မေးသည်။ "ဆရာ သေသွားပြီလား"

ချင်မူ ညင်သာစွာ ခေါင်းညိတ်၏။

သခင်လေးနှစ်က ချိုသာတောက်ပစွာ ပြုံးလိုက်သည်။ "ဒါဆိုရင် ငါလည်း သူ့နောက် လိုက်သွားတော့မယ်…. ခုနစ်၊ နင် အတိတ် ပြန်သွားပြီး အသန်မာဆုံး ဖြစ်နေတဲ့ ငါနဲ့ တွေ့ရင် မျှမျှတတ တိုက်ခိုက်ရမယ်"

သူမ၏ ခန္ဓာကိုယ်မှာ ပြိုကွဲပျက်စီးလျက် ပျောက်ကွယ်သွားချေပြီ။

ချင်မူ တိတ်ဆိတ်သွားပြီး လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများကို ညင်သာစွာ လှုပ်ရှားစေလိုက်သည်။

"မမကြီးနှစ်၊ ကျွန်တော်လည်း ဆရာနဲ့ အတူတူပဲ… ကျွန်တော့်လမ်းစဉ်က မှန်တယ်ဆိုတာ မသေချာဘူး... ဆရာက အခွင့်အရေးတစ်ခု ပေးခဲ့တယ်… ဒါကြောင့် ကျွန်တော်လည်း မမကြီးကို ပြန်ကြိုးစားခွင့် ပေးမယ်..."

သူ့အကြည့်က အောက်ဘက်မှ ကျောက်စိမ်းမြို့တော်ပေါ်သို့ ကျရောက်သွားသည်။ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများ လည်ပတ်သွားသည့်အခါ သခင်လေးနှစ်၏ ပြိုကွဲသွားသော ဝိညာဉ်က ပြန်လည် စုစည်းသွားကာ ဘဝပြန်ဝင်စားရန် ဘိုးဘေးနန်းတော် အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသည်။

"အနာဂတ်မှာ ကျွန်တော် အတိတ်ကို ပြန်သွားတဲ့အခါ နိဗ္ဗာနဟင်းလင်းပြင်အခြေအနေကို ဖြေရှင်းမယ့် နည်းလမ်း ရှာမတွေ့ခဲ့ရင် ကျွန်တော် မမကြီးကို မတားဆီးတော့ဘူး" ချင်မူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကမ္ဘာဦးဘုံ၏ နောက်ကျောကား သားရဲကမ္ဘာ၏ နယ်မြေ ဖြစ်သည်။ ရှေးဟောင်းသားရဲမျိုးနွယ်များ ဤနေရာတွင် နေထိုင်ကြပြီး သားရဲမျိုးနွယ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ပေါက်ဖွားခဲ့၏။

ယနေ့တွင် အလင်းတန်းတစ်တန်းသည် ဘိုးဘေးနန်းတော်မှ ရုတ်တရက် ပျံသန်းလာ၏။ သားရဲမျိုးနွယ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များ မော့ကြည့်လိုက်ရာ အလင်းတန်းထဲတွင် မီးကျွမ်းနေသည့် သစ်မြစ်တစ်ခုကို တွေ့လိုက်ရသည်။

သစ်မြစ်က မြေပေါ်သို့ ကျဆင်းသွားပြီး မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

သားရဲမျိုးနွယ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များ သွားရောက် ရှာဖွေကြသော်လည်း ထိုသစ်မြစ်ကို ရှာမတွေ့ခဲ့ကြပေ။

နှစ်ပေါင်းမည်မျှကြာမှန်းမသိ ကုန်လွန်သွားခဲ့သည်။ တစ်နေ့တွင် ကောင်းကင်မှ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ မိုးကြိုးများက မိုးရွာသကဲ့သို့ နေရာတစ်နေရာတည်းအား အဆက်မပြတ် ပစ်ခတ်နေသည်။ မိုးကြိုးပစ်ခတ်သွားသည့်နေရာတွင် စိမ်းစိုနေသော အညှောင့်နုလေးတစ်ခုသည် မြေကြီးထဲမှ ထိုးထွက်လာ၏။

အခြားတစ်ဖက်တွင် ကလေးမလေးတစ်ဦး မွေးဖွားလာခဲ့သည်။ သူမ၏ မျက်လုံးတစ်ဖက်က မည်းမှောင်နေပြီး အခြားတစ်ဖက်မှာမူ တောက်ပနေ၏။ ၎င်းထဲတွင် စကြဝဠာနှင့် ကြယ်တာရာကောင်းကင်တို့ တည်ရှိနေသည့်အလား ထင်ရလေသည်။

All Chapters