ဘိုးဘေးနန်းတော်၏ ကမ္ဘာဦးဖရိုဖရဲဒယ်အိုး
Vol. 141 Ch. 1814
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲရှိ သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်တို့မှာ နှစ် သေဆုံးသွားသည်ကို မြင်လျှင် မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားကြသည်။ သူတို့က ကျောက်စိမ်းမြို့တော်ကို ကမန်းကတန်း ရပ်တန့်ကာ ချက်ချင်း သွေးယဇ်ပူဇော်ခြင်းကို အသက်သွင်းလိုက်သည်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ရည်ရွယ်ချက်မှာ ချင်မူ သခင်လေးနှစ်နှင့် ရင်ဆိုင်နေရသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာအင်အားစုများကို တစ်ပြိုင်နက် ရှင်းလင်းပစ်ရန် ဖြစ်ခဲ့သည်။ သို့သော် ချင်မူ သခင်လေးနှစ်ကို ဤမျှလျင်မြန်စွာ အနိုင်ယူ သတ်ဖြတ်နိုင်ခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
"သွေးယဇ်ပူဇော်ခြင်းကို အစွမ်းကုန် အသက်သွင်းကြ"
သခင်လေးနှစ်ယောက် အမိန့်ပေးလိုက်သည်နှင့် မရေမတွက်နိုင်သော မဟာခြုံလွှမ်းကောင်းကင်ဘုံ အပိုင်းအစများ လင်းလက်တောက်ပလာသည်။ ဆဋ္ဌဂံတိုင်လုံးများ မြင့်တက်ကြီးထွားလာပြီး မရေမတွက်နိုင်သော သင်္ကေတများ တောက်ပလာ၏။ ဘိုးဘေးနန်းတော်တစ်ခုလုံး သွေးယဇ်ပူဇော်ခြင်း အလင်းရောင်တို့ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
သို့သော် အံ့ဩဖွယ်ကောင်းစွာဖြင့် ချင်မူသည် သွေးယဇ်ပူဇော်ခြင်းကို ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘဲ သူတို့အား အသက်သွင်းခွင့် ပေးထားသည်။
"သူ တကယ်ပဲ ငါတို့အားလုံးကို တစ်ပြိုင်တည်း ရှင်းပစ်နိုင်မယ် ယုံကြည်နေတာလား"
သခင်လေးနှစ်ယောက်၏ မျက်နှာများ တည်ကြည်လေးနက်ကြသည်။ ချင်မူ အနန္တအဘိုးအိုအား သတ်၍ နှစ်ကို ရှင်းလင်းလိုက်သည်ကို ကြည့်ခြင်းဖြင့် နှစ်ပေါင်း သုံးကုဋေနှင့်တစ်၀က်အတွင်း သူ၏စွမ်းဆောင်ရည်တို့ အဆပေါင်းများစွာ တိုးတက်လာသည်ကို တွေ့မြင်နိုင်သည်။ သို့သော် သခင်လေးများ၏ စံနှုန်းဖြင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ကျနေသေးသည်။
သူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အင်အားဖြင့် ကျောက်စိမ်းမြို့တော်ကို ရှင်းလင်းပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ခုနစ်ရဲ့ သတ္တိက ဆရာနဲ့ တူနေပြီ … ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီတိုက်ပွဲမှာ လုံးဝ ရှုံးလို့ မဖြစ်ဘူး"
ကျောက်စိမ်းမြို့တော်၏ သွေးယဇ်ပူဇော်ခြင်းစွမ်းအင် အပြည့်အ၀ ထုတ်ဖော်ခံလိုက်ရသည်။ အနန္တအဘိုးအိုနှင့် နှစ်တို့၏ သေဆုံးမှုမှ ရရှိလာသော စွမ်းအင်များကို စုပ်ယူကာ အတိတ်မှ ဒြပ်ထုစွမ်းအင်ဖြင့် ဖလှယ်လိုက်၏။ ကျောက်စိမ်းမြို့တော်ထဲတွင် အလင်းတန်းများ တောက်ပလာပြီး တာအိုသိုင်းပညာရှင်များနှင့် ခန်းမသခင်များ အဆက်မပြတ် ဆင်းသက်လာတော့သည်။
တစ်ချိန်တည်းမှာပင် သခင်လေးကျစ်ရှောင်နှင့် သခင်လေးလင်းရှောင်တို့လည်း ဆင်းသက်လာရန် နီးကပ်လာချေပြီ။
ချင်မူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များမှာ သူတို့ ဆင်းသက်ရန် စွမ်းအင်မလုံလောက်မည်ကို စိုးရိမ်နေသည့်အလားပင်။ အနန္တအဘိုးအို၏ နောက်လိုက်များကို အဆက်မပြတ် ရှင်းလင်းနေသဖြင့် ကျောက်စိမ်းမြို့တော်မှ ပိုမိုများသော တာအိုသိုင်းပညာရှင်များ ဘိုးဘေးနန်းတော်သို့ ဆင်းသက်လာနိုင်၏။
ကောင်းကင်ထက်ရှိ ဖရိုဖရဲပင်လယ် တည်ငြိမ်သွားသည့်အချိန် ချင်မူက စစ်မြေပြင်ထဲသို့ ဆင်းသက်လာသည်။ အနန္တအဘိုးအို၏ လက်အောက်တွင် မရေမတွက်နိုင်သော အင်အားသိုင်းပညာရှင်များ ရှိသည်။ ခန်းမသခင်များနှင့် ယှဉ်နိုင်သော ပုဂ္ဂိုလ်များလည်း ရှိချေသည်။ သို့သော် ခေါင်းဆောင်များတော့ မရှိတော့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သိုင်းပညာရှင်များစွာ ရှိပြီး ခန်းမသခင်အဆင့်တွင် ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ခိုင်ဧကရာဇ်ချင်ယဲ့၊ ထိုက်ရှီ၊ ကျန်းပိုင်ကွေ့၊ ရှင်းအန်း၊ ချင်ဖုန်းကျင့်၊ ကောင်းကင်နတ်အရှင်ရုံ ဟွာရွှမ်းရှို့၊ နတ်ဘုရင်စစ်ချင်နှင့် အခြားဒါဇင်ကျော် ပါဝင်၏။
ဤတိုက်ပွဲတွင် ချင်မူ ဝင်တိုက်ရန် မလိုအပ်ဘဲ အနိုင်အရှုံးမှာ သေချာနေပြီ ဖြစ်သည်။
ချင်မူ တိတ်ဆိတ်စွာ စောင့်နေသည်။
ဤတိုက်ပွဲ၏ ပြင်းထန်မှုမှာ စိတ်ကူးထားသည်ထက် သာလွန်၏။ အနန္တအဘိုးအို၏ လက်အောက်မှ သိုင်းပညာရှင်များမှာ ဤနေရာတွင် ကျန်ခဲ့၍ တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ဘိုးဘေးနန်းတော်၏ အခြားနေရာများသို့ ထွက်ပြေးနေကြသည်။ စစ်မြေပြင်ကို ဘိုးဘေးနန်းတော် နေရာအနှံ့သို့ ကျယ်ပြန့်သွားစေသဖြင့် ရှင်းလင်းသတ်ဖြတ်ရန် ပိုမို ခက်စေသည်။
ချင်ဖုန်းကျင့်၊ ကောင်းကင်နယ်စားမင်း၊ ကောင်းကင်ယင်နတ်ဘုရားမ၊ ဆေးဆရာနှင့် အခြားသူများ ရှိနေသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်များ သေဆုံးဒဏ်ရာရရှိသည်ကိုတော့ မရှောင်လွှဲနိုင်ချေ။
ချင်မူက ၀င်မပါသေးဘဲ စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးထားသည်။
ဆယ်နှစ်ကျော်ကြာပြီးနောက် ရှင်းလင်းသတ်ဖြတ်မှု ပြီးဆုံးသွားပြီး လောကပေါင်းကူးရွှေသင်္ဘောသည် အာလုံးကို တင်ဆောင်ကာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် အပြင်ဘက်တွင် မြောလွင့်နေ၏။
ချင်မူ သင်္ဘောဦးတွင် ရပ်နေသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲမှ သွေးယဇ်ပူဇော်ခြင်းမှာလည်း အဆုံးသတ်သို့ ရောက်လာ၏။ ကောင်းကင်မှ သွေးယဇ်ပူဇော်ခြင်းအလင်းတန်းများ တဖြည်းဖြည်း မှိန်ကျသွားသည်။ အတိတ်စကြဝဠာမှ ထွက်ပေါ်လာသော တာအိုအလင်းတန်းများလည်း တဖြည်းဖြည်း ဝိုးတဝါးဖြစ်လာသည်။
နောက်ဆုံးတွင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး နောက်ဆုံး အလင်းတန်းတစ်တန်းသည် တဖြည်းဖြည်း နိမ့်ကျလာကာ မြို့တော်ထဲသို့ ဆင်းသက်သွား၏။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ကြည်လင်သော မိုးရေဖြင့် ဆေးကြောခံလိုက်ရသကဲ့သို့ပင်။ အသစ်အတိုင်း ဝင်းလက်တောက်ပနေပြီး ဘိုးဘေးနန်းတော်ထဲတွင် အပြည့်အ၀ ရပ်တည်နေတော့သည််။ ရှေးဟောင်း နတ်ဘုရားမြို့ထဲတွင် တာအိုအလင်းတန်းများ ပြည့်နှက်နေပြီး တာအိုသစ်ပင်များက တောအုပ်များကို ဖွဲ့တည်ထားသည်။ တာအိုသိုင်းပညာရှင်များ၏ တာအိုသစ်သီးများထဲမှ တာအိုမြည်သံများက စည်းချက်ကျစွာဖြင့် အဆက်မပြတ် မြည်ဟီးနေ၏။ မဟာတာအို၏ ရွတ်ဖတ်သံအလား ဘိုးဘေးနန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
မြို့ထဲရှိ တာအိုသစ်ပင်များမှ ထွက်ပေါ်လာသော တာအိုအမှတ်အသားများနှင့် တာအိုသံကြိုးများ ကောင်းကင်ယံတွင် ယှက်ဖြာရောယှက်နေကြသည်။ အရေအတွက် အလွန် များပြားသော်လည်း ရှုပ်ထွေးနေခြင်း မရှိပေ။
တာအိုအမှတ်အသားနှင့် တာအိုသံကြိုးများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့် တောင်တန်းမြစ်ချောင်းများတွင် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားနေသည့်အလားပင်။ လောကပေါင်းကူးရွှေသင်္ဘော ပတ်ပတ်လည်၌ပင် ဆန်းကြယ်လေးနက်သော တာအိုအမှတ်အသားနှင့် တာအိုသံကြိုးများ ရှိနေကြ၏။ ၎င်းတို့ ရေနဂါးနှင့် ဖြစ်ချောင်းများအလား၊ ပျံဝဲနေသည့် ဇာမဏီငှက်များအလား ရွှေသင်္ဘော ပတ်ပတ်လည်တွင် မြောလွင့်နေကြသည်။
ဒုန်း
ကျောက်စိမ်းမြို့တော်၏ မြို့တံခါးများ ပွင့်သွားသည့်အခါ မြို့တော်ထဲ၌ ခန်းမထောင်ပေါင်းများစွာနှင့် တာအိုသစ်ပင်တောအုပ်ကြီးကို တွေ့မြင်လိုက်ရသည်။
ခန်းမတစ်ခုစီ၏ ရှေ့တွင် တာအိုသစ်ပင်တစ်ပင်စီ ရှိပြီး တာအိုသစ်ပင်တိုင်း၏ အောက်တွင် တာအိုသိုင်းပညာရှင်တစ်ဦးစီ ရှိ၏။ သူတို့က တာအိုလက်နက်များကို ခန်းမယဇ်ပလ္လင်ပေါ်တွင် တင်ထားကြသည်။ တာအိုသစ်ပင်ပေါ်တွင် ချိတ်ဆွဲထားကာ တာအိုသစ်သီး၊ တာအိုပန်းပွင့်များဖြင့် အာဟာရဖြည့်နေကြသူများလည်း ရှိလေသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံ မရှိခြင်းနှင့် ၁၇ စင်းမြောက် စကြ၀ဠာတွင် တာအို မရရှိခဲ့ခြင်းက သူတို့၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်နိုင်၏။
သို့သော် သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ နှိုင်းယှဉ်မရနိုင်အောင် ပြင်းထန်အားကောင်းနေဆဲပင်။ သူတို့၏အင်အားသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင် သုံးထောင်ထက် များစွာပိုများပြား၏။
ရှုကျွင်း၏ လည်ပင်းက ဆန့်ထွက်လာပြီး ကျောက်စိမ်းမြို့တော်ထဲမှ တာအိုသစ်ပင်များကို ရေတွက်နေသည်။ ဘေးမှ စစ်ချင်မှာ ဖန်ဆင်းရှင် ဖြစ်သည့်အလျောက် ခန္ဓာကိုယ်က ထွားကျိုင်းသန်မာလှသည်။ "ဘိုးဘိုးနတ်ဘုရင်၊ ရေတွက်မနေပါနဲ့တော့… မြို့ထဲမှာ တာအိုသစ်ပင် တစ်သောင်းရှစ်ထောင် ရှိတယ်"
ရှူကျွင်း၏ လည်ပင်းက ကျုံ့ဝင်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။ "ငါ့ကို ဘိုးဘိုးနတ်ဘုရင်လို့ မခေါ်နဲ့… ငါက မင်းထက် အသက် သောင်းဂဏန်းလောက်ပဲ ကြီးတာ"
စစ်ချင်က အကဲစမ်းလေသည်။ "ဒါဆို နတ်ဘုရင်ကို နောင်တော်လို့ ခေါ်ရမလားဗျ"
ရှူကျွင်း၏ မျက်နှာကြီး မည်းမှောင်သွားပြီး ချက်ချင်း ခေါင်းခါလိုက်သည်။ ဤနေရာတွင် ရှိသူများစွာမှာ စစ်ချင်၏ ဦးလေးများ ဖြစ်ကြ၏။ စစ်ချင်က နောင်တော်ဟု ခေါ်လိုက်ပါက သူ အကြီးအကျယ် နစ်နာသွားပေလိမ့်မည်။
ဝါအရ သူသည် ဤနေရာရှိ သိုင်းပညာရှင်များအနက် အကြီးဆုံး ဖြစ်သည်။ ထို့အပြင် စစ်ချင်၏ ဇာစ်မြစ်အား အသေအချာ မသိရချေ။ ချင်မူ၏ သား အမှန်တကယ် ဖြစ်နေပါက သူ အတော်လေး နစ်နာပေလိမ့်မည်။
သိပ်မကြာခင်က စစ်ချင် ဘိုးဘေးနန်းတော်သို့ ရောက်လာပြီး နတ်ဘုရင်လန်ဝူ၏ ပန်းချီကို ချင်မူထံ ပေးအပ်စဉ်က ချင်မူ၏ အမူအရာကို မှတ်မိနေသေးသည်။ အတော်လေး သံသယဖြစ်စရာကောင်း၏။
ကျန်းပိုင်ကွေ့သည် စစ်ချင်ကို တစ်ချက် ကြည့်လိုက်ပြီး ထိုနေ့က ချင်မူ ပန်းချီအား လက်ခံစဉ်က အမူအရာကို ပြန်လည် သတိရသွား၏။ သူက အတွေးနက်နေမိသည်။
ဧကရာဇ်ယန်ဖုန်းက သူ့ဘေးသို့ ရောက်လာပြီး ခပ်တိုးတိုး မေးသည်။ "ဧကရာဇ်အတိုင်ပင်ခံ၊ စစ်ချင်ရဲ့ အဖေအရင်းက ဘယ်သူလဲ သိပြီလား"
ဧကရာဇ်ယန်ဖုန်းမှာ ကောင်းကင်နတ်ဧကရာဇ် မဟုတ်တော့သလို၊ ကျန်းပိုင်ကွေ့မှာလည်း ဧကရာဇ်အတိုင်ပင်ခံ မဟုတ်တော့ပေ။ သို့သော် ဧကရာဇ်ယန်ဖုန်းက သူ့ကို ဧကရာဇ်အတိုင်ပင်ခံဟု ခေါ်ဆဲပင်။
ကျန်းပိုင်ကွေ့၏ အကြည့်များ ရိပ်ခနဲ ဖြတ်ပြေးသွားပြီး အသံကို နှိမ့်၍ ပြောသည်။ "ကျွန်တော် ကောင်းကင်ပန်းချီတန်ခိုးရှင်ကို အဲ့ဒီပန်းချီ စစ်ဆေးခိုင်းခဲ့တယ်"
ဧကရာဇ်ယန်ဖုန်း စိတ်လှုပ်ရှားသွားပြီး မေးရန် ပြင်ဆင်လိုက်စဉ် ဝေစွေ့ဖုန်းက ကပ်လာပြီး တီးတိုး မေးလာ၏။ "ကောင်းကင်ပန်းချီတန်ခိုးရှင်က ဘာပြောလဲ"
ကောင်းကင်ပန်းချီတန်ခိုးရှင် ဆိုသည်မှာ ချင်မူ၏ ပန်းချီလမ်းစဉ် ဆရာ၊ ဒုက္ခိတဘိုးဘွားကျေးရွာမှ နားကန်း ဖြစ်သည်။ ချင်မူ၏ ပန်းချီလမ်းစဥ်သည် သူနှင့် နှိုင်းယှဉ်ပါက နုနယ်သေး၏။
သို့သော် ချင်မူက ပန်းချီလမ်းစဥ်ထဲတွင် ခံစားချက်များကို ထည့်သွင်းရေးဆွဲသည့်အတွက် စိတ်ဝိညာဉ်က ကျယ်ပြန့်သည်။ ၎င်းက ပန်းချီတန်ခိုးရှင် ယှဉ်နိုင်သော အရာမဟုတ်ချေ။
အဘိုးကြီးသုံးယောက်သား ခေါင်းချင်းဆိုင်၍ တတွတ်တွတ် ပြောနေကြသည်။ ကျန်းပိုင်ကွေ့က တစ်ခဏ တွေးတောလိုက်ပြီးနောက် ကောင်းကင်ပန်းချီတန်ခိုးရှင်၏ စကားကို ပြန်လည် ပြောပြသည်။
ထိုပန်းချီအား ချင်မူ ဆွဲခဲ့သည်မှာ မှန်ကန်ပြီး ချင်မူ၏ ခံစားချက်များ ထည့်သွင်းထားသည်ဟု ကောင်းကင်ပန်းချီတန်ခိုးရှင်က ပြောခဲ့သည်။ ဤပန်းချီရေးဆွဲစဉ်က ချင်မူ၏ ပန်းချီတာအိုသည် ပြစ်ချက်ဟူ၍ ကင်းမဲ့နေကာ ပြည့်စုံခဲ့၏။
ပန်းချီထဲတွင် ကိုယ်ပိုင် ကောင်းကင်နှင့် မြေကြီး ရှိသည်။ သို့သော် ချင်မူ၏ ပန်းချီတာအိုက ပြီးပြည့်စုံသော်လည်း ဤပန်းချီကတော့ အပြီး မသတ်ရသေးဘဲ မပြည့်စုံသော ပန်းချီတစ်ခု ဖြစ်၏။
"ကျုပ် သေချာ မေးကြည့်တယ်… ဒါပေမဲ့ ပန်းချီတန်ခိုးရှင်က ဆက်မပြောချင်တော့ဘူး… ပန်းချီထဲက တချို့အရာတွေက ရေးဆွဲထားတာ မဟုတ်ဘဲ တံဆိပ်ခတ်နှိပ်ထားတာလို့ပဲ ပြောတယ်"
ကျန်းပိုင်ကွေ့ ပြောသည်။ "ကျုပ်အမြင်မှာတော့ အဲ့ဒီပန်းချီက သိပ်ကို ပြီးပြည့်စုံနေပြီ… တံဆိပ်ခတ်နှိပ်ထားတာက ပန်းချီရဲ့ ဘယ်အပိုင်းလဲမသိဘူး"
ဧကရာဇ်ယန်ဖုန်းနှင့် ဝေစွေ့ဖုန်းတို့ စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်၏ မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ တံဆိပ်ခတ်နှိပ်ထားသည်က မည်သည့်အပိုင်း ဖြစ်သည်ကို သိရှိပါက ဇာစ်မြစ် လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်မည် ဖြစ်၏။ သို့သော် ချင်မူက ထိုပန်းချီကို သိမ်းဆည်းသွားခဲ့ချေပြီ။
ထိုမျှသာမက ချင်မူ ထုတ်ပေးလျှင်တောင်မှ သူတို့သုံးယောက်၏ ပန်းချီတာအိုအောင်မြင်မှုများဖြင့် အဖြေရှာနိုင်လိမ့်မည် မဟုတ်ချေ။
ဝေစွေ့ဖုန်း တစ်ခဏ တွန့်ဆုတ်နေပြီးနောက် မြှောက်ပင့်ပြောလိုက်သည်။ "ဧကရာဇ်အဘိုးကြီး၊ ခင်ဗျား ဧကရာဇ်ယန်ရှို့ဆီ သွားမေးကြည့်ပါလား… သူက အတွင်းရေးကို သိမှာပဲ… အဲ့ဒီပန်းချီကို ယူပေးနိုင်လောက်တယ်..."
ဧကရာဇ်ယန်ဖုန်း တုန်လှုပ်သွားပြီး ဒေါသတကြီး မာန်လိုက်သည်။ “မင်းက မကောင်းတဲ့ အကြံတွေပဲ ပေးတတ်တာလားကွ… တကယ်လို့ ဒါက ငါ့သမက်တော် လုပ်ခဲ့တဲ့ ကိစ္စဆိုရင် ငါ့ လင်မိသားစု ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး… မပြောနဲ့ မပြောစမ်းနဲ့"
ရုတ်တရက် ကျောက်စိမ်းမြို့တော်ထဲမှ ရုပ်ရည် ချောမောလှပသော အမျိုးသမီးတစ်ဦး ထွက်လာပြီး ခါးကိုင်း အရိုအသေပေးလိုက်သည်။ "သခင်လေးခုနစ်၊ သခင်လေးနှစ်ယောက်က ဖိတ်ခေါ်နေပါတယ်… ကျေးဇူးပြုပြီး ကြွပါရှင်”
ချင်မူ ခေါင်းညိတ်လိုက်ပြီး ရွှေသင်္ဘောပေါ်မှ ထွက်လာ၏။ သူက နွေးထွေးစွာ ပြောသည်။ "မမကြီးနန်ရှန်း ကျေးဇူးပြုပြီးတော့"
ထို အမျိုးသမီးက ပြုံးသည်။ "သခင်လေးက ယဉ်ကျေးလွန်းနေပါပြီ… ကြွပါ"
ချင်မူလည်း သူမနောက်မှလိုက်၍ ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်သွားသည်။ ချင်ဖုန်းကျင့်က ဟိုဟိုသည်သည် ကြည့်လိုက်ရာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ တာအိုသစ်ပင်များမှာ ပိုမို သန်မာလာသည်ကို တွေ့လိုက်ရ၏။ တာအိုအမှတ်အသားနှင့် တာအိုသံကြိုးများ ပိုမို များပြားလာကာ သိပ်သည်းသည့် ပိုက်ကွန်တစ်ခုကို ဖွဲ့တည်ကာ ဘိုးဘေးနန်းတော်အား ဧရာမပိုက်ကွန်ကြီးဖြစ်လာစေနေသည်။
သူတို့၏ ရွှေသင်္ဘောမှာ ပိုက်ကွန်ထဲတွင် ပိတ်မိနေသော ပိုးကောင်သဖွယ် ဖြစ်နေ၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့အား ပြောသည်။ "တာအိုနောင်တော်တို့၊ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ အနေအထားက ငါတို့တွေ မလှုပ်ရှားရင် အရေးနိမ့်သွားလိမ့်မယ်”
လန်ယွီတျန်းက ခေါင်းညိတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ "အရေးနိမ့်လို့ မဖြစ်ဘူး… အားလုံး ပြင်ဆင်ထားကြ"
သူ့စကားဆုံးသည်နှင့် ရွှေသင်္ဘောပေါ်တွင် ရုတ်တရက် မဟာခြုံလွှမ်းကောင်းကင်ဘုံများ ဖြန့်ကျက်လာ၏။ ၎င်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများ ဖြစ်ပြီး ထွန်းလင်းတောက်ပစွာဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များ၏ ခမ်းနားသော အရှိန်အဝါကို ထုတ်ဖော်နေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများမှာ အတိတ်စကြဝဠာ ၁၆ စင်းမှု တာအိုသိုင်းပညာရှင်များ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် လုံးဝ မတူပေ။ သူတို့ တစ်ဦးချင်းစီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ဘိုးဘေးနန်းတော်အပေါ် အခြေခံထားပြီး ဘိုးဘေးနန်းတော် ကောင်းကင်ရတနာက အလယ်ဗဟိုတွင် ရပ်တည်နေသည်။ လောကသစ်ပင်များက ဘိုးဘေးနန်းတော်၏ အလယ်ဗဟိုတွင် မားမားမတ်မတ် ရပ်တည်နေပြီး ထိုက်ငါးပါး၊ ကောင်းကင်ပင်လယ်၊ အကျဉ်းထောင်ကိုးထပ်၊ နဂါးသွဲ့ရေကန်၊ ကောင်းကင်မုခ်၀လေးခု စသော အထွတ်အမြတ်နယ်မြေများက အားဖြည့်ပေးထား၏။
လောကသစ်ပင်ပေါ်တွင်မူ ရွှမ်တု၏ ကောင်းကင်ရတနာများ ရှိသည်။ ကြယ်တာရာများက တောက်ပလျက် နဂါးငွေ့တန်းများ လှည့်ပတ်နေ၏။ လောကသစ်ပင်အောက်တွင်မူ ယိုတု၏ ကောင်းကင်ရတနာများ ကွန့်မြူးနေသည်။
ကောင်းကင်နတ်မြစ်၊ ၀င်ရိုးစွန်းလေးခုနှင့် အခြားကောင်းကင်ရတနာများလည်းရှိကာ ကောင်းကင်ဘုံများမှ ကမ္ဘာလောကတစ်သောင်းကို ဖွဲ့တည်ထား၏။
သင်္ဘောပေါ်မှ တာအိုသိုင်းပညာရှင် သုံးထောင်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများ အပြည့်အဝ ဖြန့်ကျက်သွားသောအခါ တာအိုအမှတ်အသားနှင့် တာအိုသံကြိုးမျိုးစုံက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ တာအိုသိုင်းပညာရှင်များ၏ တာအိုအမှတ်အသားနှင့် တာအိုသံကြိုးများကို တွန်းထုတ်ကာ အပြန်အလှန် ယှဉ်ပြိုင်တောက်ပနေကြသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံ ထောင်ပေါင်းများစွာမှာ စကြဝဠာအသေးစားလေးများအလား အမြင်အာရုံကို ဖမ်းစားနေ၏။
သို့သော် ခြွင်းချက်တချို့လည်း ရှိသည်။ ဥပမာအနေဖြင့် ကျန်းပိုင်ကွေ့သည် ကမ္ဘာခေတ်နှောင်းတာအိုကို ကျင့်ကြံပြီး ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံ လမ်းစဉ်အား လျှောက်လှမ်းသဖြင့် သူတို့၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် မတူညီပေ။
ခိုင်ဧကရာဇ်မှာမူ သမားရိုးကျ တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံသောကြောင့် သူတို့နှင့် မတူညီချေ။
ရှေးဟောင်းနတ်ဘုရားအဖြစ် တာအိုရရှိသော ထိုက်ရှီမှာလည်း ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ်နှင့် အတော်လေး ကွဲပြား၏။
ရှုရှန်းဟွာ၏ မျက်လုံးများ လင်းလက်သွားပြီး ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်မှ တာအိုသိုင်းပညာရှင်များသည် သူတို့ထက် ခြေတစ်လှမ်းသာနေသေးသည်ကို တွေ့လိုက်ရ၏။ "အားလုံးပဲ အထွတ်အမြတ်နယ်မြေတွေကို ဘိုးဘေးနန်းတော်ဆီ ပြန်ပေးလိုက်"
သူ၏ စကားသံအဆုံးတွင် တောင်တန်းများက ရွှေသင်္ဘောပေါ်မှ ပျံတက်သွားကြသည်။ ပင်လယ်များ၊ ရေကန်များ၊ မြစ်ချောင်းများ၊ ကောင်းကင်မုခ်လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ အကျဉ်းထောင်ကိုးထပ် စသဖြင့် အထွတ်အမြတ်နယ်မြေမျိုးစုံမှာ တာအိုသိုင်းပညာရှင် တစ်ဦးချင်းစီ၏ အင်္ကျီလက်စများထဲမှ ဘိုးဘေးနန်းတော် နေရာအနှံ့သို့ ပျံသန်းထွက်ခွာသွား၏။
ထိုအထွတ်အမြတ်နယ်မြေများက နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်ဘုံခေတ်မှ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင်က ဘိုးဘေးနန်းတော် အထွတ်အမြတ်နယ်မြေများကို ရတနာအဖြစ် အတင်းအကြပ် သန့်စင်ပြောင်းလဲကာ ကမ္ဘာဦးဘုံကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက တစ်ခုချင်း ပြန်လည်သိမ်းဆည်းခဲ့ပြီး တိုင်းပြည်၏ ကံကြမ္မာကို ဖိနှိပ်ရန် အသုံးပြုခဲ့သည်။
နောက်ဆုံးတိုက်ပွဲတွင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က ဘိုးဘေးနန်းတော်၏ အထွတ်အမြတ်နယ်မြေအားလုံးကို ယူဆောင်လာခဲ့ပြီး ဘိုးဘေးနန်းတော်သို့ ပြန်လည် ပေးအပ်ဖို့ ပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။
အထွတ်အမြတ်နယ်မြေများ တစ်ခုချင်းစီ မူလနေရာသို့ ပြန်လည်ကျရောက်သွားသည်နှင့် ဘိုးဘေးနန်းတော်မှာ ချိပ်ပိတ်ခံလိုက်ရသော နတ်ဘုရားတစ်ပါးအလား ချက်ချင်း တုန်ခါသွားတော့သည်။ ရုတ်တရက် ကောင်းကင်ရတနာအားလုံး ဆက်နွယ်သွားကြပြီး ရတနာအလင်းတန်းများနှင့် တာအိုအလင်းတန်းများက ဘိုးဘေးနန်းတော် နေရာအနှံ့မှ ကောင်းကင်သို့ ချက်ချင်း ထိုးတက်သွားကြသည်။ ၎င်းတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများအား အားဖြည့်ပေးလိုက်၏။
မြို့ထဲတွင် ချင်မူက ပြုံးလျက် ထိုင်ကာ သခင်လေးကျစ်ရှောင်၊ သခင်လေးလင်းရှောင်တို့၏ မျက်နှာများကို ကြည့်နေသည်။
မြို့တော်ထဲရှိ တာအိုသစ်ပင်တောအုပ်ကြီးမှ ထွက်ပေါ်လာသော တာအိုအမှတ်အသားနှင့် တာအိုသံကြိုးများ ဖိနှိပ်ခံလိုက်ရသဖြင့် ပြန်လည်ကျုံ့ဝင်နေသည်။
မြို့တော် အပြင်ဘက်တွင်မူ ဘိုးဘေးနန်းတော် ဖရိုဖရဲဒယ်အိုးကြီး ဖွဲ့တည်လာသည့်အလားပင်။ ချင်မူသည် နှစ်ပေါင်းသုံးကုဋေနှင့်တစ်၀က်အတွင်း ဘိုးဘေးနန်းတော်ကို တံဆိပ်ခတ်နှိပ်၍ ရတနာအဖြစ် သန့်စင်ခဲ့သည်။ အထွတ်အမြတ်နယ်မြေများ ပြန်လည် ရောက်ရှိလာသည်နှင့်အတူ ဘိုးဘေးနန်းတော်မှာ တစ်ခုတည်းအဖြစ် သန့်စင်ခံလိုက်ရပြီး အရာအားလုံးကို ဖိနှိပ်လိုက်သော စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်သည့် လက်နက်ကြီးတစ်ခု ဖြစ်လာတော့၏။