← Chapters

မပြောင်းလဲနိုင်သော တတိယမြောက်ဒြပ်ထု

Vol. 141 Ch. 1816

မပြောင်းလဲနိုင်သော တတိယမြောက်ဒြပ်ထု

Vol. 141 Ch. 1816

ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားက ကျောက်စိမ်းမြို့တော်၏ ပြိုကျပျက်စီးသွားသော မြို့တံခါးမှ အလိပ်လိုက် တိုးဝင်လာသည်။ လှိုင်းဂယက်များ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကျောက်စိမ်းမြို့တော် အဆောက်အဦးများမှာ သစ်ကိုင်းခြောက်များသဖွယ် တဖျောက်ဖျောက် ပျက်စီးပြိုကျကုန်သည်။

မြို့တော်ထဲရှိ တာအိုသိုင်းပညာရှင်များနှင့် ခန်းမသခင်များက ရှေ့တက်၍ တာအိုသစ်သီးများကို အသက်သွင်းလိုက်ကြသည်။ တာအိုသစ်သီး နှစ်သောင်းကျော်က လေထဲတွင် မြောလွင့်နေလျက် ဒယ်အိုးကြီး၏ စွမ်းအားကို ထိန်းထားလိုက်သည်။

ခန်းမများက ရှေ့တွင် ကာကွယ်ထားပြီး ခန်းမသခင် ငါးဆယ့်ခြောက်ဦးက မားမတ်စွာ ရပ်တည်နေကြသည်။

ရုတ်တရက် ဘိုးဘေးနန်းတော်မှာ လျင်မြန်စွာ ကျုံ့သွားသည်။

နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်အတွင်း ဘိုးဘေးနန်းတော်မှာ မူလအရွယ်အစား၏ တစ်ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားခဲ့၏။ ယခုတွင်မူ ဘိုးဘေးနန်းတော်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကျုံ့ဝင်နေချေပြီ။ ဘိုးဘေးနန်းတော်၏ နံရံလေးဘက်က အလယ်ဗဟိုသို့ ဖိနှိပ်နေပြီး ပထဝီအနေအထားများလည်း ကျုံ့လာနေသည်။ ဒယ်အိုးကြီး၏ စွမ်းအားသည် တဖြည်းဖြည်း စုဝေးသိပ်သည်းလာ၍ ပြင်းထန်ကြီးထွားတော့၏။

ကျောက်စိမ်းမြို့တော်၏ အရပ်လေးမျက်နှာရှိ မြို့ရိုးတံတိုင်းများမှာ တုန်ခါမှုကြောင့် ယိမ်းယိုင်လာပြီး ပြိုကျတော့မည့် လက္ခဏာများ ပြနေသည်။

သခင်လေးကျစ်ရှောင်က ရှေးဟောင်းဗျပ်စောင်းထဲမှ တာအိုဓားကို ဆွဲထုတ်လိုက်သည်။ သူက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး အလယ်ဗဟိုမှ ချင်မူကို ကြည့်နေသည်။

ချင်မူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးပေါ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင် သုံးထောင်၏ တာအိုလက်နက်များ ပျံတက်လာကာ ကောင်းကင်နတ်သိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်လာ၏။ ၎င်းတို့က ကျောက်စိမ်းမြို့တော်၏ ခန်းမ ထောင်သောင်းပေါင်းများစွာကို တိုက်ခိုက်လိုက်သည်။ သူတို့ကား ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားနှင့်အတူ ပူးပေါင်း၍ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးများပင် မဖျက်ဆီးနိုင်ခဲ့သော ဤနတ်ဘုရားမြို့ကြီးကို မြေလှန်ပစ်ရန် ကြိုးစားနေလေသည်။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးက ချင်မူ့ကို ဗဟိုပြု၍ လည်ပတ်ရင်း ထူးဆန်းသော ၀င်္ကပါတစ်ခုကို ဖွဲ့တည်ထားသည်။ ကောင်းကင်လှည်းဘီးပေါ်တွင် ရပ်နေသော ထိုထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များမှာ ဘ၀ပြန်ဝင်စားခြင်းသံသရာထဲတွင် ရှိနေသယောင် ထင်ရသည်။ အပြင်သူများအနေဖြင့် အတွင်းထဲရှိ နက်နဲဆန်းကြယ်မှုများကို မမြင်နိုင်ကြပေ။

သို့သော် သခင်လေးကျစ်ရှောင်နှင့် သခင်လေးလင်းရှောင်တို့မှာမူ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး လည်ပတ်မှုအတွင်းမှ နက်နဲဆန်းကြယ်မှုကို မြင်နိုင်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များသည် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး တစ်ပတ် လည်သွားတိုင်း ပြန်လည် မွေးဖွားလာသကဲ့သို့ ဖြစ်သွား၏။ ကျင့်ကြံခြင်းအခြေခံ၊ မှော်စွမ်းအင်၊ ရုပ်ခန္ဓာ၊ မူလဝိညာဉ် စသည်ဖြင့် အရာအားလုံး အသစ်စက်စက် ဖြစ်လာကြသည်။

ကောင်းကင်လှည်းဘီးလည်ပတ်ခြင်းက သူတို့အား အထွတ်အထိပ်အခြေအနေတွင် အမြဲရှိနေစေသည်။ ရုပ်ခန္ဓာများက မပင်ပန်းနိုင်သလို၊။ မှော်စွမ်းအင်တို့မှာလည်း မကုန်ခမ်းနိုင်ချေ။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးတွင် ဧရာမလုပ်ဆောင်ချက် နှစ်မျိုး ရှိသည်။ တစ်မျိုးက တာအိုသိုင်းပညာရှင်များကို လမ်းစဉ်ခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းသံသရာထဲသို့ ကျဆင်းစေပြီး ရုပ်ခန္ဒာနှင့် မှော်စွမ်းအင်ကို လုယူကာ မျိုးစိတ်အား ပြောင်းလဲပစ်ခြင်းဖြစ်သည်။

ဘ၀ပြန်ဝင်စားခြင်းတာအိုဖြင့် ထိမှန်ခံရပါက မည်သို့ သေဆုံးသွားသည်ကိုပင် သိနိုင်မဟုတ်ပေ။

နောက်တစ်မျိုးကတော့ ယခု လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကဲ့သို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များကို အထွတ်အထိပ်အခြေအနေတွင် ရှိနေပြီး မသေနိုင်၊ မပျက်စီးနိုင်အောင် ထိန်းသိမ်းပေးထားခြင်းပင်။

သခင်လေးကျစ်ရှောင်သည် ချင်မူနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း သူ တိုက်ခိုက်ခဲ့သူမှာ သခင်လေးခုနစ်ချင်မူ ဖြစ်ပြီး လက်ရှိ ချင်မူ မဟုတ်ပေ။

ထိုအချိန်က သခင်လေးခုနစ်ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး သူ၏ ဗျပ်စောင်းကြိုးတစ်ချောင်းကို ဖြတ်တောက်သွားခဲ့သည်။ သခင်လေးသုံးလင်းရှောင်လည်း ချင်မူနှင့် တိုက်ခိုက်ခဲ့ဖူးသည့်တိုင် ချင်မူက မလှုပ်မယှက် ထိုင်နေခဲ့သည်။ လောကသစ်ပင်ပေါ်မှ တာအိုသစ်သီးတစ်လုံးကသာ သခင်လေးလင်းရှောင်၏ အဆင့်မြင့်ဆုံး တိုက်ကွက်ကို ရင်ဆိုင်ခဲ့ပြီး သခင်လေးလင်းရှောင်အား အခက်တွေ့စေခဲ့သည်။ လင်းရှောင်မှာ ချင်မူ့ကို အနိုင်မယူနိုင်ဘဲ ဆုတ်ခွာခဲ့ရသည်။

ထိုအချိန်က သူတို့နှစ်ဦးစလုံး ချင်မူ၏ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေများအား မစူးစမ်းနိုင်ခဲ့ကြပေ။

အတိတ်စကြဝဠာ ၁၆ စင်းတွင်ပင် ချင်မူ့၌ တာအိုသစ်သီးမည်မျှ၊ ကောင်းကင်နတ်သိုင်းမည်မျှ ရှိသည်ကို မည်သူမှ မသိကြပေ။ ချင်မူက ဖရိုဖရဲတာအိုရရှိခြင်းကျင့်စဉ်ကို ရေးသား၍ မီလော့နန်းတော်တွင် ထားရှိခဲ့သော်လည်း မည်သူမျှ နားမလည်နိုင်ခဲ့ချေ။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ အတိတ်စကြဝဠာတွင် ချင်မူ တိုက်ခိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသူ လုံးဝ မရှိခြင်းပင်။

ချင်မူ တိုက်ခိုက်ခဲ့နိုင်သော်လည်း သူ တိုက်ခိုက်သည်ကို တွေ့မြင်ခဲ့ရသူအများစုမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မီလော့နန်းတော်အရှင်သခင်ပင်လျှင် သခင်လေးခုနစ်ဖရိုဖရဲ၏ ကောင်းကင်နတ်သိုင်းများကို နားမလည်နိုင်ဟု ပြောခဲ့ဖူးသည်။

ချင်မူအပေါ် နားမလည်မှုကြောင့် သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့မှာ သခင်လေးခုနစ်မှတဆင့် ချင်မူ၏ ကျင့်စဥ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများကို မခန့်မှန်းနိုင်ခဲ့ကြပေ။ ကံကောင်းစွာဖြင့် နှစ်ပေါင်းသုံးကုဋေနှင့် တစ်ဝက်အတွင်း ချင်မူ၏ ကျင့်စဉ်၊ လမ်းစဥ်နှင့် ကောင်းကင်နတ်သိုင်းများကို လေ့လာနိုင်ခဲ့ကြသည်။

ချင်မူ၏ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးက ထူးကဲနက်နဲသော်လည်း သူတို့အတွက် အန္တရာယ် သိပ်မကြီးမားပေ။ သူတို့အား ဘ၀ပြန်ဝင်စားခြင်းသံသရာထဲသို့ ကျဆင်းစေနိုင်ခြင်းလည်း မရှိ။ သို့သော် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး၏ အခြား စွမ်းအားတစ်ခုက ကျောက်စိမ်းမြို့တော်အတွက် သေစေနိုင်သော အန္တရာယ် ဖြစ်နေသည်။

လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး ရှိနေသရွေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုသိုင်းပညာရှင်များမှာ မသေနိုင်၊ မပျက်စီးနိုင်ချေ။ အထွတ်အထိပ်အခြေအနေတွင် အမြဲတမ်း ရှိနေပြီး သတ်ဖြတ်ရန် မဖြစ်နိုင်သဘောက် ရှိသည်။ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးသည် ထိုတာအိုသိုင်းပညာရှင်များအား မပြောင်းလဲနိုင်သော ဒြပ်ထုအဖြစ် တည်ရှိနေစေသည်ဟု ဆိုရလိမ့််မည်။

ဘုန်း….ဘုန်း….ဘုန်း

မြို့တော်အပြင်ဘက်မှ ဖြာထွက်လာသော လှိုင်းဂယက်များက ပိုမို ပြင်းထန်လာသည်။ ဘိုးဘေးနန်းတော်မှာ မူလအရွယ်အစား၏ တစ်ထောင်ပုံတစ်ပုံအထိ ကျုံ့ဝင်သွားကာ ဆက်လက် ကျုံ့ဝင်နေဆဲ ဖြစ်သည်။ ဒယ်အိုးကြီး၏ နံရံလေးဘက်က ကျောက်စိမ်းမြို့တော်နှင့် အလွန့်အလွန် နီးကပ်လာနေသယောင်ပင် ထင်ရ၏။

မှန်ပါသည်။ ဤသည်မှာ အမြင်အာရုံ လှည့်စားမှုသာ ဖြစ်ပေသည်။ ဘိုးဘေးနန်းတော်မှာ အလွန်ကြီးမားလှသဖြင့် မူလ၏ တစ်ထောင်ပုံတစ်ပုံအထိ ကျုံ့ဝင်သွားလျှင်တောင်မှ ကျောက်စိမ်းမြို့တော်နှင့် အလွန်တရာ ဝေးကွာနေလိမ့််မည်။

သို့သော် ထိုသို့ကျုံ့ဝင်နှုန်းဖြင့် ဆိုပါက ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ နံရံလေးဘက်မှာ ကျောက်စိမ်းမြို့တော်၏ အစွန်းသို့ မကြာမီ ရောက်လာပေတော့မည်။

ထိုအချိန်တွင် ဒယ်အိုးကြီး၏ စွမ်းအားအားလုံးသည် နေရာကျဥ်းကျဉ်းထဲတွင် စုသွားပြီး ကျောက်စိမ်းမြို့တော်အား အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားစေလိမ့်မည်။

ဘိုးဘေးနန်းတော်ဖြင့် သန့်စင်ထားသော ဧရာမလက်နက်ကြီး၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့်ဆိုလျှင် ကျောက်စိမ်းမြို့တော်ကို ကြေမွသွားအောင် ဝင်တိုက်နိုင်လောက်၏။

ခန်းမသခင် ငါးဆယ့်ခြောက်ဦးနှင့် တာအိုသိုင်းပညာရှင် တစ်သောင်းရှစ်ထောင်တို့မှာ ထိတ်လန့်တုန်လှုပ်လာကြကာ သခင်လေးနှစ်ယောက်အား တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်နေကြသည်။ သို့သော် သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်တို့၏ မျက်နှာများက ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်ပြီး ချင်မူ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးများကို စီးနင်းလျက် မြို့တော်ထဲတွင် သောင်းကျန်းနေသည်ကို ကြည့်နေကြသည်။ အဆောက်အဦးအပြိုအပျက်များက သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာချေပြီ။

ဘုန်း

ကျောက်စိမ်းမြို့တော်၏ မြို့ရိုးလေးဖက်စလုံး ပြိုကျသွားချေပြီ။ မြို့တော်ထဲတွင် ရပ်နေပါက ဒယ်အိုးကြီးနံရံလေးဘက်ပေါ်မှ တောင်တန်းမြစ်‌ချောင်းများအား ရှင်းရှင်းလင်းလင်း တွေ့မြင်ရနိုင်သည်။ တောင်တန်းများပေါ်မှ သစ်ပင်များကိုပင် တွေ့မြင်နိုင်သည်။

ဒယ်အိုးကြီး၏ နံရံလေးဘက်ကား ကျောက်စိမ်းမြို့တော်နှင့် အလွန် နီးကပ်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးသည် မြို့ထဲရှိ တာအိုသစ်ပင်တောအုပ် ရှေ့သို့ ရောက်လာ၏။ တာအိုသစ်ပင်တောအုပ်၏ အနောက်တွင်မူ ဖရိုဖရဲမြစ်များ ရှိနေသည်။

တာအိုသစ်ပင်တောအုပ်ထဲတွင် မီလော့နန်းတော် တာအိုသိုင်းပညာရှင်များစွာမှာ ပြင်းထန်လှသော ဖိအားကို ခံစားလိုက်ကြရသည်။

မှန်ပါသည်။ ပြင်းထန်၍ အထိန်းအကွပ် မရှိသော ဖိအားပင်။

သခင်လေးခုနစ် ချင်မူကို သူတို့အားလုံး တွေ့ဖူးကြသော်လည်း အဆက်အဆံ လုပ်ဖူးသည်မှာ ရှား၏။ သခင်လေးခုနစ် ချင်မူသည် အမြဲတမ်း နူးညံ့သိမ်မွေ့တတ်ကြောင်းကိုသာ သူတို့ သိထားကြသည်။ ဆိုးသွမ်းသော်လည်း အမူအရာတင့်တယ်၍ တည်ငြိမ်သူ ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် သူတို့အရှေ့ရှိ ချင်မူမှာမူ ခက်ထန်ကြမ်းတမ်းမှုကို အပြည့်အဝ ပြသနေလေသည်။

ချင်မူက လမ်းစဉ်ခြောက်သွယ်ကောင်းကင်လှည်းဘီးအပေါ်မှ နေ၍ သခင်လေးနှစ်ယောက်ကို မှင်‌သေသေ လှမ်းကြည့်နေသည်။ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး၏ လည်ပတ်မှုက တစတစ နှေးကွေးရပ်တန့်သွားသည်။

သူ့အနောက်တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ပျက်စီးယိုယွင်းနေလေပြီ။ အကောင်းအတိုင်း ကျန်ရှိနေသည့် အဆောက်အဦး ဟူ၍ တစ်လုံးမှ မရှိတော့ချေ။

သခင်လေးနှစ်ယောက်က တာအိုသစ်ပင်တောအုပ် အရှေ့တွင် ရပ်နေကြသည်။ သခင်လေးလင်းရှောင်၏ တာအိုလှံပတ်ဝန်းကျင်တွင် ကမ္ဘာဦးဖရိုဖရဲ သင်္ကေတများ လည်ပတ်နေဆဲ ဖြစ်ပြီး ကောင်းကင်မှ ဖရိုဖရဲပင်လယ်ကို ထောက်ပင့်ထားကာ မကျဆင်းလာအောင် တားဆီးထားသည်။

ဤအခိုက်အတန့်တွင် ဖရိုဖရဲပင်လယ်မှာလည်း အဆ‌ပေါင်း မရေမတွက်နိုင်အောင် ကျုံ့ဝင်သွားပြီး ပိုမို လေးလံသိပ်သည်းလာချေပြီ။ တာအိုလှံအား ပိုပို၍ ကွေးညွတ်လာစေပြီး ခံနိုင်ရည် အကန့်အသတ်အထိပင် ရောက်ပေတော့မည်။

ဘုန်း

နောက်ထပ် ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းမြို့တော်၏ မြို့ရိုးတံတိုင်းတစ်ခု ပြိုကျသွားသောကြောင့် မရေမတွက်နိုင်သော အုတ်ခဲနှင့် ကျောက်တုံးများ အရပ်လေးမျက်နှာသို့ လွင့်ထွက်ကုန်သည် အုတ်ခဲနှင့် ကျောက်တုံးများပေါ်တွင် တံဆိပ်ခတ်နှိပ်ထားသော ကမ္ဘာဦးဖရိုဖရဲ သင်္ကေတများလည်း စိစိညက်ညက် ကြေမွသွားသည်။

ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ နံရံလေးဘက်မှာ ကျောက်စိမ်းမြို့တော်နှင့် မိုင်တစ်ရာသာ ကွာဝေးတော့ချေပြီ။

ဤဧရာမလက်နက်ကြီး၏ ဖိအားတစ်ခုတည်းကပင် မြို့တော်ထဲမှ တာအိုသိုင်းပညာရှင်များစွာကို အသက်ရှူမဝ ဖြစ်နေစေသည်။

ခန်းမသခင်ငါးဆယ့်ခြောက်ဦးမှာလည်း ငြိမ်ငြိမ်ထိုင် မနေနိုင်ကြတော့ချေ။ သခင်လေးနှစ်ယောက်ကို မကြာခဏ လှည့်ကြည့်နေကြပြီး နဖူးတွင် ချွေးစေးများ စီးကျနေကြသည်။

သခင်လေးကျစ်ရှောင်နှင့် သခင်လေးလင်းရှောင်တို့မှာမူ တည်ငြိမ်အေးဆေးနေဆဲပင်။

မြို့တော်အပြင်ဘက်မှ နားစည်ကွဲလုမတတ် တကျွီကျွီမြည်သံများ ဆူညံလာသည်။ ကြောက်မက်ဖွယ် ဖိအားကြောင့် ကျောက်စိမ်းမြို့တော်၏ မြို့ရိုးများ ယိမ်းယိုင်ပြိုကျတော့မည့် အသံပင်။

ရုတ်တရက် ကျောက်စိမ်းမြို့တော်၏ မြို့ရိုး‌လေးခုမှာ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။ ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ နံရံလေးဘက်ကား နောက်ဆုံးတွင် ကျောက်စိမ်းမြို့တော်အရှေ့သို့ ရောက်လာချေပြီ။

မြို့တော်ထဲတွင် ရှိနေကြသူအားလုံးမှာ ဒယ်အိုးကြီးထဲတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ဤအယ်အိုးကြီး၏ ဖိအားအောက်တွင် အချိန်မရွေး မြှုပ်နှံခံရတော့မည့်အလား ထိတ်လန့်လာကြသည်။

"သခင်လေး" တာအိုသိုင်းပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။

သခင်လေးကျစ်ရှောင်က ဗျပ်စောင်းကို တီးခတ်လိုက်ရာ ဗျပ်စောင်းသံများက ပြင်းထန်စွာ လွင့်ပျံ့လာသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံထောင်သောင်းပေါင်းများစွာက ကျောက်စိမ်းမြို့တော်၏ ပတ်ပတ်လည်ကို လွှမ်းခြုံသွားကာ အရပ်လေးမျက်နှာမှ တိုးဝင်လာသည့် ဒယ်အိုးကြီး၏ စွမ်းအားကို ခုခံလိုက်သည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံများသည် အဆက်မပြတ် ဖြစ်တည်လာလိုက်၊ ပျက်စီးသွားလိုက်ဖြင့် လုံး၀ မကျိုးပျက်သွားချေ။

ချင်မူ မျက်ခုံးပင့်လိုက်သည်။

"ခုနစ်၊ မင်း သိလား"

သခင်လေးလင်းရှောင်၏ လက်ဖဝါးက တာအိုလှံအပေါ်သို့ ကျရောက်သွားသည့်အခါ ဖရိုဖရဲပင်လယ်၏ ဖိအားကြောင့် ကျိုးလုမတတ် ကွေးနေသော တာအိုလှံမှာ ချက်ချင်းပင် တည့်မတ်သွားသည်။ တာအိုလှံ၏ စွမ်းအားက ဖရိုဖရဲပင်လယ်ထဲသို့ ထိုးဖောက်သွားပြီး လှံကိုယ်ထည်မှ ထွက်လာသည့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများက အပြင်းအထန် လည်ပတ်ကာ ဖရိုဖရဲပင်လယ်အား ချက်ချင်းပင် စုတ်ဖြဲလိုက်သည်။

တာအိုလှံ ပတ်ပတ်လည်တွင် တုန်လှုပ်ခြောက်ခြားဖွယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာပြီး တဝှီးဝှီး လှည့်ပတ်နေ၏။

သခင်လေးလင်းရှောင်က မှင်သေသေ ပြောသည်။ "သက်ရှိအားလုံးကို သယ်ဆောင်ပြီး မဟာပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးတွေကို ဖြတ်ကျော်နိုင်ဖို့ ‌ကျောက်စိမ်းမြို့တော်ကို ဆရာက တည်ဆောက်ခဲ့တာ … ဒီနတ်ဘုရားမြို့ကို ရှေးယခင်ကတည်းက စကြဝဠာ ၁၇ စင်းထဲက တတိယမြောက် မပြောင်းလဲနိုင်တဲ့ ဒြပ်ထုလို့ ပြောနိုင်တယ်"

သူက ရုတ်တရက် တာအိုလှံကို လှည့်လိုက်ရာ ကျောက်စိမ်းမြို့တော်၏ ပြိုကျနေသော မြို့ရိုးတံတိုင်းအားလုံး ပြန်လည်ကောင်းမွန်သွားသည်။

ကျောက်စိမ်းမြို့တော်သည် တဟုန်ထိုး ကျယ်ပြန့်လာပြီး သူ၏ တာအိုလှံလည်ပတ်မှုနှင့်အတူ လည်ပတ်လာ၏။

ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာကာ ဘိုးဘေးနန်းတော် ဒယ်အိုးကြီးမှာ ကျယ်ပြန့်လည်ပတ်နေသော ကျောက်စိမ်းမြို့တော်ကြောင့် အပိုင်းပိုင်း ကွဲထွက်သွား၏။

သခင်လေးလင်းရှောင်က လက်လှမ်း၍ တာအိုလှံကို ဆွဲနှုတ်လိုက်သည်။ ကျောက်စိမ်းမြို့တော်မှာ အလျင်အမြန် ကျုံ့ဝင်သွားပြီး အောက်သို့ ကျဆင်းသွား၏။ ကောင်းကင်နှင့် မြေကြီး ပြိုကျသကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဒယ်အိုးကြီး၏ မြေပြင်မှာ ပြင်းထန်လှသော တုန်ခါမှုများကြောင့် အက်ကွဲကာ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

ကျောက်စိမ်းမြို့တော်၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ကုန်းမြေအပိုင်းအစများက အရပ်လေးမျက်နှာသို့ လွင့်စင်သွား၏။

သခင်လေးလင်းရှောင်က လှံကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းမြို့တော်၏ ကျဆင်းနေသော အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းက ကောင်းကင်သို့ ပျံတက်သွားပြီး ပြေး၀င်လာနေသော ဖရိုဖရဲပင်လယ်ကို ရင်ဆိုင်လိုက်လေသည်။

ဘုန်း

ကျောက်စိမ်းမြို့တော်က ဖရိုဖရဲပင်လယ်ကို ထိုးဖောက်သွားသဖြင့် ဖရိုဖရဲပင်လယ်မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ဘိုးဘေးနန်းတော် ဟူသော စာလုံး ပါဝင်နေခြင်းမှာ ဘိုးဘေးနန်းတော်ထဲတွင် တည်ရှိနေသောကြောင့်သာ ဖြစ်ပြီး ဘိုးဘေးနန်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်၍ မဟုတ်ပေ။

အမှန်တကယ်တွင် ဤနတ်ဘုရားမြို့ကို ဒုတိယစကြ၀ဠာမှကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စကြဝဠာခေတ် တစ်ခုပြီးတစ်ခု ဖြတ်သန်းလာပြီးနောက် ဤမြို့ကြီးကား ဘိုးဘေးနန်းတော်ထက်ပင် ကြီးမားနေချေပြီ။

ကျောက်စိမ်းမြို့တော်က ဘိုးဘေးနန်းတော်ဒယ်အိုးကြီးထဲမှ ပျံသန်းထွက်ခွာသွားသည်။ အောက်တွင်မူ ဘိုးဘေးနန်းတော်မှာ မရေမတွက်နိုင်သော ကုန်းမြေအပိုင်းအစများအဖြစ် ကြေမွနေကြသည်။ မြေ၊ ရေ၊ လေ၊ မီးများ တဟုန်ထိုး ထွက်နေကာ ဘိုးဘေးနန်းတော်၏ အဆုံးသတ်နေ့ရက်အလားပင် ထင်ရတော့သည်။

ဤသည်မှာ တတိယမြောက် မပြောင်းလဲနိုင်သော ဒြပ်ထု မဟုတ်ပါလော။ တာအိုသိုင်းပညာရှင် ထောင်ပေါင်းများစွာကို ကာကွယ်ပေးထားသော ကျောက်စိမ်းမြို့တော်၏ စွမ်းအားကို မြင်ရချေပြီ။

ပထမဆုံး မပြောင်းလဲနိုင်သော ဒြပ်ထုမှာ လောကသစ်ပင် ဖြစ်သည်။ အကြောင်းမူ မီလော့နန်းတော်သခင်သည် သစ်ပင်အောက်တွင် တာအိုသိမြင်နားလည်ခဲ့သောကြောင့် ဖြစ်၏။ လောကသစ်ပင်တွင် အသိဉာဏ် ဖြစ်တည်လာခဲ့ပြီး အနန္တအဘိုးအိုက လောကသစ်ပင်ထဲမှ မွေးဖွားလာခဲ့သည်။

လောကသစ်ပင်သည် သဘာဝအတိုင်း မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့ကို ဂရုစိုက်စရာ မလိုသဖြင့် အတိတ်စကြဝဠာ သိုင်းပညာရှင်များ ခိုး၀င်ရန် အကောင်းဆုံးလမ်းတစ်လမ်း ဖြစ်လာခဲ့သည်။

ဒုတိယမြောက် မပြောင်းလဲနိုင်သော ဒြပ်ထုမှာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဖြစ်ပြီး သခင်လေးနှစ် ထိုနေရာတွင် မွေးဖွားခဲ့သည်။

စကြ၀ဠာခေတ်တစ်ခေတ် ကုန်ဆုံးသွားတိုင်း အဆုံးသတ်မြို့ပျက်တွင် အသူရာချောက်နက်တစ်ခု ထပ်တိုးလာပြီး နောက်ခေတ်တစ်ခုသို့ သွားရောက်နိုင်မည့် လမ်းကြောင်း ဖြစ်တည်လာ၏။ သို့သော် သခင်လေးနှစ်က အခြား အဆုံးသတ်မြို့ပျက် နတ်ဘုရားမများကို ဝါးမြိုကာ အသူရာချောက်နက်ကို ထိန်းချုပ်ခဲ့သည်။ ကောင်းကင်ဖွင့်လှစ်သူများမှ လွဲ၍ မည်သူမှ ထိုနေရာကို မဖြတ်သန်းရဲကြပေ။

တတိယမြောက် မပြောင်းလဲနိုင်သော ဒြပ်ထထုမှာမူ မီလော့နန်း‌တော်အရှင်သခင် ဖန်တီးခဲ့သော ကျောက်စိမ်းမြို့တော် ဖြစ်သည်။

ဤနတ်ဘုရားမြို့တော်မှာ ချင်မူ ပြောခဲ့သည့်အတိုင်းပင်။ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့ကို ရင်ဆိုင်ရန်အတွက်သာ တည်ဆောက်ခဲ့ခြင်း ဖြစ်၍ စွမ်းအားများများစားစား မရှိချေ။ သို့သော် မီလော့နန်းတော်အရှင်သခင် တည်ဆောက်ခဲ့သော နတ်ဘုရားမြို့ မဟုတ်ပါလော။

၎င်းတွင် စွမ်းအားများစွာ ရှိရန် မလိုအပ်ချေ။ အရိုးရှင်းဆုံး တိုက်ကွက် သုံးခုမျှဖြင့် ချင်မူ နှစ်ပေါင်းသုံးကုဋေနှင့် တစ်ဝက်တိတိ အပင်ပန်းခံ တည်ဆောက်ခဲ့သော ဘိုးဘေးနန်းတော် ဒယ်အိုးကြီးနှင့် ဖရိုဖရဲပင်လယ်ကို ကြေမွသွားစေခဲ့သည်။

ဤသည်မှာ သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့၏ အားကိုးရာနှင့် အရင်းအနှီးပင်။

ဤနတ်ဘုရားမြို့ကို လုံးဝ ပြိုလဲစေနိုင်မည် မဟုတ်ပေ။

လမ်းစဉ်ခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းလှည်းဘီးထဲတွင် ချင်မူက ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ကြေမွသွားသော ဒယ်အိုးကြီးက ချက်ချင်း ပြန်လည် စုစည်းသွားသည်။

သခင်လေးကျစ်ရှောင်က မဲ့သလို ပြုံးလိုက်ပြီး သူ့အနောက်ရှိ ခန်းမမှ ခရမ်းရောင်အလင်းများ တောက်ပလာသည်။ ကျောက်စိမ်းမြို့တော်မှာ ပို၍ ခမ်းနားကြီးကျယ်လာပြီး ပျံသန်းလာသည့် ဘိုးဘေးနန်းတော်၏ အပိုင်းအစအားလုံး ကျောက်စိမ်းမြို့တော်ထဲသို့ စုပ်ယူခံလိုက်ရသည်။

ချင်မူ၏ မျက်လုံးထောင့်စွန်းများ လှုပ်ခတ်သွားပြီး ဒယ်အိုးကြီးက ထပ်မံ စုစည်းသွားပြန်၏။ သို့သော် ကျောက်စိမ်းမြို့တော်ကို ဒယ်အိုးထဲသို့ မထည့်သွင်းနိုင်ဘဲ မြို့တော်ထဲတွင်သာ ရှိနေသည်။

"ခုနစ်၊ ဒီနေ့က မင်း သေရမယ့် နေ့ပဲ"

သခင်လေးလင်းရှောင်က တာအိုလှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ချင်မူက မျက်ခုံးပင့်လိုက်ပြီး လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးထဲမှ ထွက်သွားသည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။ "အစ်ကိုကြီး၊ အပ်ခဲ့ပြီနော်"

ချင်ဖုန်းကျင့်သည် ချက်ချင်းပင် သူရပ်နေခဲ့သည့် ကောင်းကင်လှည်းဘီးပေါ်မှ ထွက်ခွာလာပြီး လမ်းစဉ်ခြောက်သွယ်အကြားသို့ ဝင်ရောက်ကာ ကောင်းကင်လှည်းဘီးကို ထိန်းချုပ်လိုက်၏။ "ညီလေး ဂရုစိုက်….သေတဲ့အထိ အရိုက်မခံရစေနဲ့… တကယ်လို့... တကယ်လို့ မခုခံနိုင်တော့ရင် အတိတ်ကို ပြန်သွားလိုက်တော့"

ချင်မူ သွားဖြဲရယ်လိုက်ပြီး ဖရိုဖရဲခန်းမနှင့်အတူ ပျံတက်သွားသည်။ ဖရိုဖရဲပင်လယ်က ပျံသန်းလာပြီး ဖရိုဖရဲခန်းမထဲသို့ တဟုန်ထိုး ပြေး၀င်သွား၏။ သူက ပြုံးလျက် တုံ့ပြန်သည်။ "ဒီတိုက်ပွဲမှာ ကျွန်တော် လုံးဝ ရှုံးစရာ အကြောင်းမရှိဘူး"

သူ၏ စကားသံအဆုံးတွင် ဖရိုဖရဲခန်းမ ပျောက်ကွယ်သွားကာ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းက သူ့ပတ်ပတ်လည်တွင် လည်ပတ်လာလေသည်။

All Chapters