တွေ့ရှိခံလိုက်ရပြီ
Vol. 89 Ch. 1237
စကားလုံးများ မန်ဟို့ပါးစပ်မှ ထွက်လာလျှင်ချင်း ဟန်ချင်းလဲ့၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မန်ဟို့ကို စိန်းစိန်းကားကား စိုက်ကြည့်သည်။ သို့သော် ကောင်းကင်နတ်ဘုရားမဟာမိတ်ကို တိုက်ခိုက်ရင်း မန်ဟို လုပ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးကြည့်သည့်အခါ သူ့မှာ သူ့အား မလေးစားမိဘဲ မနေပေ။ သူက အေးတိအေးစက်မျက်နှာထားကို ဆက်လက်ထိန်းထားရင်း အေးစက်စက် နှာမှုတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းလက်ကောက်တစ်ကွင်းအား မန်ဟို့ထံ စေစားလိုက်သည်။ မန်ဟိုက ၎င်းကို ဖမ်းယူလိုက်၏။
“ဝတ်လိုက်။ မင်း ပုံရိပ်ယောင်ဖြစ်လာရုံတင်မကဘူး အရှိန်အဝါလည်း ဖုံးကွယ်ခံထားရလိမ့်မယ်။ ဒါဆို ငါ မင်းကို ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့အပြင်ကို လိုက်ပို့ပေးနိုင်ပြီ”
မန်ဟိုက လက်ကောက်ကို တခဏကြည့်ပြီးနောက် ပြော၏။ “အဋ္ဌမတောင်ပင်လယ်က ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်း ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ ခြေရာခံနည်းလမ်းတွေနဲ့ ရင်းနှီးလိမ့်မယ်။ သူတို့ ငါ ဘာလုပ်လုပ် ခြေရာခံနိုင်အောင် ငါ့အပေါ်မှာ ချိတ်စည်းတစ်ခုခု ထားရှိထားတယ်လို့ ငါ ယုံတယ်” မန်ဟို ဟန်ချင်းလဲ့ကို ကြည့်လိုက်စဉ် သူတို့ပတ်ပတ်လည်ရှိ မြူခိုးများထံမှ ပေါက်ကွဲသံများ ထွက်လာသည်။
“ချိတ်စည်းတဲ့လား” ဟန်ချင်းလဲ့က ရေရွတ်လိုက်သည်။ သူက သိုလှောင်အိတ်ကို ပုတ်၍ ကျောက်စိမ်းပြားတစ်ပြားထုတ်ကာ လေ့လာလိုက်လေသည်။ ထို့နောက် မန်ဟို့ကို ပြန်ကြည့်သည်။
“ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းရဲ့ မဟာအကြီးအကဲက သွေးမှော်အစွမ်းကို ကျွမ်းကျင်တယ်။ မင်းကိုယ်ထဲက သွေးတွေက မင်းရဲ့ကလီစာတွေ၊ မင်းရဲ့အရှိန်အဝါတွေထဲမှာ စိမ့်ဝင်နေတာ။ မင်းရဲ့ တည်နေရာကို သိရဖို့ သူ့အတွက် လိုအပ်တာက မင်းရဲ့သွေးစက်တစ်စက်လေးပဲ။ မင်း အဲဒီလိုဖြစ်နေတယ်လို့ သံသယရှိရင်တော့ အဲဒါ မဟာအကြီးအကဲရဲ့ လက်ချက်ဖြစ်ရမယ်။ သူက သွေးခြေရာခံမှော်အစွမ်းကို သုံးနေတာပဲ
“ဒါဆိုရင် ခက်ခဲသွားပြီ...” ဟန်ချင်းလဲ့က မျက်မှောင်ကြုတ်လိုက်သည်။
တခဏစဉ်းစားပြီးနောက် မန်ဟိုက အေးစက်စွာ ရယ်ပြီး ပြောသည်။ “ဘယ်လိုအလုပ်လုပ်လဲ နားလည်သရွေ့ ဘယ်ပညာရပ်ကိုမဆို ချိုးဖျက်ပစ်လို့ရတယ်”
ထို့နောက် သူက ညာလက်ကို မြှောက်၍ သူ့ရင်ဘတ်ကို ထုကာ နတ်မီးတောက်အနှစ်သာရစွမ်းအားအား သူ့သွေးများကို မီးလောင်တိုက်သွင်းရင်း သူ့ကိုယ်အနှံ့အပြားသို့ ဖြာထွက်သွားစေသည်။
ထိုဖြစ်စဉ်က သူ့သွေးစက်တစ်စက်စီတိုင်းကို ခမ်းခြောက်သွားစေသဖြင့် ပြောမပြတတ်အောင် နာကျင်စေလေသည်။ သွေးများခမ်းသွားသည့်အခါ သူ့မှာ အချိန်မရွေး သေဆုံးတော့မည့် လူသာမန်တစ်ယောက်သဖွယ် ဖြစ်သွားသည်။ ကျင့်ကြံသူများပင်လျှင် ထိုအခြေအနေမျိုးအား ကြာကြာတောင့်မခံနိုင်ပေ။
မန်ဟို့မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေသည်။ သွေးစက်တစ်စက်မကျန် မီးလောင်တိုက်သွင်းပစ်လိုက်ခြင်းက သူ့ခန္ဓာကိုယ်ကို အသက်ကြီးလာစေသည်။
သို့သော် သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သူ့ကိုယ်တစ်လျှောက် ပို့လွှတ်လိုက်လေသည်။ အပြင်အားကိုယ်၏ ကြီးမားသောခွန်အားနှင့် ပေါင်းစည်းလိုက်သည့်အခါ သွေးအသစ်များက သူ့ခန္ဓာကိုယ်တွင် စတင်စီးဆင်းလှည်ပတ်လာသည်။ ဖြစ်စဉ်မှာ အတော်လေးလျင်မြန်စွာ ဖြစ်ပွားနေသော်လည်း အင်မတန်နာကျင်ရသည့်အပြင် သေမင်းချောက်ကမ်းပါး၌ လျှောက်နေရသလို အန္တရာယ်လည်း များချေသည်။
မန်ဟိုက သွေးအဟောင်းအကုန်လုံးကို ဖယ်ရှား၍ သွေးလတ်လတ်ဆတ်ဆတ်များဖြင့် အစားထိုးကာ သူ့ကိုယ်သူ သန့်စင်ခဲ့သည်။ ၎င်းက သူ့အား မဟာအကြီးအကဲ၏ မှော်အတတ်မှ လွတ်မြောက်စေမည်မလား မသေချာသော်လည်း ထိုနည်းလမ်းတစ်ခုတည်းကိုသာ သူ စဉ်းစားမိ၏။
“ညီနောင်ဟန်၊ ငါ မင်းဆီက အကူအညီတချို့ လိုနေသေးတယ်” သူက ပြောသည်။ သူသည် လက်တစ်ချက်ဝှေ့ယမ်းကာ လောင်ကျွမ်းနေသော သွေးစက်တစ်ဒါဇင်ကျော်အား သူ့လက်ဝါးထဲတွင် စုဝေးလာစေ၏။
"နားလည်ပြီ" ဟန်ချင်းလဲ့က ခေါင်းညိတ်ရင်း ဆိုသည်။ သူက လက်ကို ဝှေ့ယမ်းရင်း သူ၏အနောက်ရှိ လူရိပ်တစ်ဒါဇင်ကျော်အား ရုပ်လုံးပေါ်လာစေသည်။ လူတစ်ယောက်စီသည် သွေးတစ်စက်စီအား ယူပြီးနောက် အဝေးသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
နောက်ဆုံးတွင် မန်ဟိုက ကျောက်စိမ်းလက်ကောက်ကို ၀တ်လိုက်ရာ ဖြည်းဖြည်းချင်း ဝေဝါးလာပြီး ဟန်ချင်းလဲ့ထံ ပျံသန်းသွားကာ သူ၏နောက်လိုက်တစ်ယောက်သဖွယ် နေလိုက်သည်။
ဟန်ချင်းလဲ့က ချောင်းဟန့်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် မန်ဟို့အား မျက်လုံးထောင့်မှ မသိမသာ ကြည့်လိုက်သည်။ သို့သော် တစ်ခုခုပြောရန် မသင့်တော်ကြောင်းသိသည့်အတွက် သူက ရှေ့တစ်လှမ်းလှမ်း၍ သူ၏အရိုးပလ္လင်ကို ဆင့်ခေါ်ကာ ၎င်းပေါ်တွင် ထိုင်ပြီးနောက် မြူထဲ ဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မန်ဟိုနှင့် ကျန်ပုံရိပ်ယောင်နောက်လိုက်တစ်ဒါဇင်ကျော်လည်း လိုက်ပါသွားကြသည်။
ဟန်ချင်းလဲ့နှင့် မန်ဟို ပျံသန်းသွားသည်ကို မြူအတွင်းထဲရှိ ဝိုးတိုးဝါးတားအရိပ်က ရဲတွတ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
"ငါ မင်းရဲ့ အပြင်အားခန္ဓာကိုယ်ကို သဘောကျနေပြီ။ မင်းကို ဒီတိုင်း လွှတ်ပေးမယ်ထင်လား" အရိပ်သည် မျက်လုံးများ အနီရောင်တောက်နေလျက် ရှေးကျိန်စာတစ်ခုကို ရွတ်ရင်း မြူထဲမှ ညည်းသံကြီးတစ်သံ ထွက်လာစေသည်။ ထိုအသံကြီးက ပတ်၀န်းကျင်ရှိ အရာအားလုံးကို တသိမ့်သိမ့် တုန်ခါသွားစေရင်း ဟိန်းထွက်လာ၏။
"ဗိုက်ဆာတယ်…. အရမ်းဆာတယ်...." အသံက ခေါင်းမာပြီး ဒေါသထွက်နေသော အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေလျက် ပဲ့တင်ထပ်လာသည်။ သို့ထိတိုင် အော်ညည်းသံကြီးသည် တစတစ ဝေးကွာသွားပြီး မြူများသည်လည်း ၎င်းတို့၏အရင်းအမြစ်က ထိုကြောက်မက်ဖွယ်သတ္တ၀ါဖြစ်နေသကဲ့သို့ ၎င်းနှင့်အတူ လိုက်ပါပျောက်ကွယ်သွားလေ၏။
အမှန်တွင် အသက်ရှုချိန်အနည်းငယ်လေးအတွင်း မြူတစ်စက်မှ မရှိတော့ပေ။ ရုတ်တရက် အကွဲကြောင်းထဲရှိ ကျင့်ကြံသူတစ်ရာကျော်မှာ တစ်ယောက်ကို တစ်ယောက် ဘွားခနဲ မြင်လိုက်ကြရ၏။
ရင်သပ်ရှုမောဖွယ်ကျင့်ကြံခြင်းအခြေခံနှင့် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ အဘိုးကြီးသည် အားလုံးအထဲ အစွမ်းထက်ဆုံးဖြစ်၏။ သူက အမောတကောဖြင့် ခေါင်းလှည့်၍ အဝေးကို ကြည့်လိုက်သည်။ သူ့မှာ ယခုလေးတွင် ချောက်ချားဖွယ် ဧရာမသတ္တဝါအကြီးကြီးကို တိုက်ခိုက်နေခဲ့ရပြီး တိုက်ပွဲအား အတိုင်းထက်အလွန် ပြင်းထန်ခဲ့သည်။
လောလောဆယ်တွင် လူတိုင်း နိုးကြားနေပြီး အခြေအနေကို အကဲခတ်ကြည့်ရှုနေကြသည်။ မကြာမီ အပြင်ထွက်ဖို့ ပြင်နေသော ဟန်ချင်းလဲ့ကို လူတိုင်း မြင်လိုက်ကြရလေသည်။ မန်ဟိုက ဟန်ချင်းလဲ့၏ဘေးနားတွင် ရှိနေပြီး မြူများ ဗြုန်းစားကြီး ပျောက်ကွယ်သွာသောအခါ သူ့မှာ စိတ်လေးသွားပြီး သူ၏ကံတရားကိုသာသူ ဆဲလိုက်နိုင်တော့သည်။ သူက သိပ်မဝေးတော့သည့် ထွက်ပေါက်ကို ကြည့်ပြီး တစ်ယောက်တည်းပြေးရန် စဉ်းစားလိုက်၏။ ၎င်းက မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။
သို့သော် သူ လှုပ်ရှားလိုက်လျှင် ဟန်ချင်းလဲ့ သူ့အား ကူညီနေသည်ကို ဖော်လိုက်သလိုဖြစ်မည့်အပြင် အပြင်ထွက်နိုင်လျှင်တောင်မှ ဤအဋ္ဌမတောင်ပင်လယ်တွင် သူ့အား ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အမျက်ဒေါသမှ လွတ်မြောက်နိုင်စေမည့် အဆင့်အတန်းမျိုး သူ့တွင် မရှိပေ။
ရွှမ်တောက်စစ်လည်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ရှိနေသည့်တိုင် မန်ဟို့ကို ရှာမတွေ့ဖြစ်နေသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူက အေးစက်စက် နှာမှုတ်၍ ဟန်ချင်းလဲ့ကို လှမ်းကြည့်လိုက်သည်။
ဟန့်ချင်းလဲ့က ဣန္ဒြေပျက်မသွားဘဲ ထွက်ပေါက်ထံ ပုံမှန်အတိုင်း ရွေ့လျားနေသည်။ ရွှမ်တောက်စစ်၏မျက်လုံးများ လင်းလက်သွားပြီး သူက ဖျတ်ခနဲ လှုပ်ရှားက ဟန်ချင်းလဲ့၏လမ်းတည့်တည့်တွင် ပေါ်လာသည်။
သူက ဟန်ချင်းလဲ့ကို စိုက်ကြည့်ရင်း ကောက်ကာငင်ကာ မေးလိုက်သည်။ “တာအိုရောင်ရင်းဟန်။ ဘာလို့ အလျင်စလို ထွက်သွားနေတာလဲ”
ဟန်ချင်းလဲ့က ရွှမ်တောက်စစ်ကို အေးစက်စက် ပြန်ကြည့်လိုက်စဉ် မျက်နှာအမူအရာတစ်ချက် ပြောင်းမသွားပေ။ ရုတ်တရက် ရက်စက်သောအပြုံးသည် သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။
“ရွှမ်တောက်စစ် မင်းရဲ့ကျင့်ကြံခြင်းအခြေခံက ငါ့ထက် မြင့်မားကောင်းမြင့်မားလိမ့်မယ်။ ငါ မင်းကို မနိုင်လောက်တဲ့အပြင် မင်းအတွက် ငါ့ကို သတ်တာက ရိုးရိုးရှင်းရှင်းအလုပ်လေးတစ်လုပ် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ .... မင်း လုပ်ရဲသလား။ မင်း ငါ့ခေါင်းပေါ်က ဆံပင်မွှေးလေးတစ်မွှေး ထိခိုက်အောင်တောင် လုပ်ရဲသလား” ဟန်ချင်းလဲ့က ထရပ်၍ သူ၏စွမ်းအားကို ကြောက်ခန်းလိလိ မြင့်တက်လာစေရင်း အော်လိုက်သည်။ သူသည် ယခုတွင် လေဟုန်ခွန်းလောကတွင် ရှိခဲ့စဉ်ကထက် ပို၍အင်အားကြီးမားနေပြီး တစ်ဝက်တစ်ပျက်တာအိုအဆင့်ကို ခြိမ်းခြောက်နိုင်ကြောင်း သိသာသည်။
အဆင့်တက်ပြီးလျှင် သူ့အနေဖြင့် တစ်ဝက်တစ်ပျက်တာအိုပညာရှင်များကို အဖက်လုပ်စရာပင် လိုတော့မည်မဟုတ်ပေ။
“အဋ္ဌမတောင်ပင်လယ်ထဲက နေရာတွေကို သွားဖို့ ငါက မင်းဆီက ခွင့်တောင်းနေရမှာလား” သူက အင်္ကျီလက်စခါရင်း သူ၏ကြောက်မက်ဖွယ်အရိုးပလ္လင်အပေါ် ပြန်ထိုင်လိုက်သည်။
ရွှမ်တောက်စစ်၏မျက်နှာကြီး မည်းမှောင်သွားသည်။ ဟန်ချင်းလဲ့သည် အဋ္ဌမတောင်ပင်လယ်တွင် အထူးအရေးပါခံရသည့်အတွက် ရွှမ်တောက်စစ်အနေဖြင့် သူ့အား အာခံလိုစိတ်မရှိပေ။ သို့သော် မန်ဟိုက အရေးကြီးလွန်းနေရာ ရွှမ်တောက်စစ်မှာ သူ့ကို အလွှတ်မပေးနိုင်ဖြစ်နေသည်။ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် သူက ခပ်လှမ်းလှမ်းရှိ မြေကြီးပေါ်တွင် လက်ယှက်အရိုအသေပေးလျက် ရပ်နေသော ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းအကြီးအကဲကို ကြည့်လိုက်၏။
“ကျိုးရှစ် အကူအညီပေးလို့ရမလား” ရွှမ်တောက်စစ်က လေးနက်စွာ အရိုအသေပေး၍ သူ၏အမူအရာကို အလွန်ရိုးသားနေပုံပေါ်အောင် ဖမ်းလိုက်သည်။ “ငါက ဝိညာဉ်နက်ခေါင်းဆောင်ကြီးနဲ့ ဟုန်ချိန်တို့နဲ့ အင်မတန်ရင်းနှီးခဲ့တာပါ။ ငါတို့သုံးယောက်က မန်ဟို့ကို ခြေရာခံဖို့ ပူးပေါင်းခဲ့ကြပြီး အဲဒီနောက်မှာ သူတို့နှစ်ယောက်လုံး ကံဆိုးခဲ့ကြတယ်။ ငါ တစ်ယောက်ပဲ ကျန်ခဲ့လို့ ဝိညာဉ်နက်နဲ့ ဟုန်ချိန်အတွက် မန်ဟို့ကို သတ်ပြီး ကလဲ့စားချေပေးပါ့မယ်လို့ ကျိန်ဆိုခဲ့တယ်” ရွှမ်တောက်စစ်၏စကားသည် အလွန်ရိုးသားပြီး စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
မြေကြီးပေါ်ရှိ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ အဘိုးကြီးက တစ်ယောက်တည်း ရေရွတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ညာလက်ကို မြှောက်၍ မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်လုံးများသည် သွေးရောင်တောက်နေတော့၏။
မန်ဟိုက ပုံမှန်အတိုင်း ဟန်ချင်းလဲ့၏ဘေးတွင် ရှိသော်လည်း ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ အကြီးအကဲကို ကြည့်နေစဉ် ရင်တဒိန်းဒိန်းခုန်နေသည်။
မကြာမီ အဘိုးကြီးက လက်ကို ပြန်ချကာ ပြောသည်။ “စိတ်ဝင်စားစရာပဲ။ သူက ငါ့ရဲ့ခြေရာခံမှော်အတတ်ကို သတိထားမိပြီး လွတ်မြောက်အောင် လုပ်ခဲ့တယ်။ အခုဆို အပြင်တောင် ရောက်နေလောက်ပြီ”
အဘိုးကြီး၏ပါးစပ်မှ စကားလုံးများ ထွက်လာသည်နှင့် မန်ဟိုမှာ စိတ်သက်သာရာရသွားသည်။ ဟန်ချင်းလဲ့က အေးစက်စက် နှာမှုတ်ပြီးနောက် ဂရုမစိုက်သလို ရှေ့ဆက်သွားသည်။ တကယ်တော့ စောစောက သူလည်း အင်မတန် ရင်ထိတ်နေခဲ့သလို သူ ထွက်သွားမှ ဘာကြောင့်မြူတွေပျောက်ကုန်သလဲ နားမလည်ဖြစ်နေသည်။
ရွှမ်တောက်စစ်မှာတော့ သက်ပြင်းချရင်း ဟန်ချင်းလဲ့ ထွက်သွားနိုင်အောင် လမ်းဖယ်ပေးလိုက်သည်။
“မန်ဟိုက ဉာဏ်များပြီး ကောက်ကျစ်တယ်။ သူသာ လွတ်သွားရင် ပြန်တွေ့ဖို့ ခက်တော့မှာ... ဒါ့အပြင် သူ့အတွက် သူ့ကျင့်ကြံခြင်းအခြေခံကို ကုစားဖို့လည်း အချိန်ရသွားလိမ့်မယ်။ အဲဒီလိုသာဖြစ်သွားရင် ငါ့အနေနဲ့ သူ့ကို တစ်ယောက်တည်း မကိုင်တွယ်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီကိစ္စကို သူများတွေ သိသွားလို့လည်း မဖြစ်ဘူး” ရွှမ်တောက်စစ်သည် မျက်မှောင်ကြုတ်ရင်း သူ့အကြည့်က ဟန်ချင်းလဲ့၏နောက်ကျောအပေါ် ကျရောက်သွားသည်။ ထို့နောက် သူသည် ဟန်ချင်းလဲ့၏နောက်လိုက်များဖြစ်သည့် ဝါးတားတားအရိပ်များကို ကြည့်လိုက်၏။
ပထမတုန်းက ထိုနောက်လိုက်များကို သူ အာရုံမရှိခဲ့ပေ။ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့အစည်းမှ ကျိုးရှစ်သည် သူ့စကားသူ ယုံကြည်ချက်အပြည့်အဝရှိခဲ့သည်မဟုတ်လော။ သူ ဘာပြောပြော သေချာပေါက် မှန်သည်။
သို့သော် ဟန်ချင်းလဲ့၏နောက်လိုက်များထဲမှ တစ်ယောက်သောနောက်လိုက်အပေါ် အကြည့်ရောက်သွားသည့်အခါတွင်တော့ ရွှမ်တောက်စစ်၏အနှစ်သာရသည် ရုတ်တရက် တုန်ရီလာ၏။ မသိသာသော်လည်း ယင်းက ရွှမ်တောက်စစ်၏မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်၍ ရင်ခုန်လာစေသည်။
သူ့မှာ အလေးအနက် စဉ်းစားနေရန် အချိန်မရှိသဖြင့် ရှေ့တစ်လှမ်းတက်ပြီး လှမ်းအော်လိုက်သည်။ “မင်း ဘယ်မှမသွားရဘူး။ ဒီကို ပြန်လာခဲ့”
ထို့နောက် သူက သူ့လက်ကို ဆန့်ထုတ်ကာ ဧရာမလက်ကြီးတစ်ဖက်အား ဖြစ်ပေါ်လာစေပြီး ဖမ်းဆုပ်လိုက်စေသည်။ ဟန့်ချင်းလဲ့ကို မဟုတ်.... မန်ဟို့ကို ဖြစ်သည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ သူ့ကို ရှာတွေ့ခဲ့သူမှာ ကောင်းကင်နတ်ဘုရားအဖွဲ့စည်းမှ အကြီးအကဲမဟုတ်ဘဲ ရွှမ်တောက်စစ် ဖြစ်လေသည်။ ယင်းက အလွန်ထင်ရှားနေသည့်အတွက် ကျွန်ခံပေးမည့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး သေဆုံးပြီးနောက်တွင်ပင် မည်သည့်အတွက်ကြောင့် ရွှမ်တောက်စစ် သူ့အား အသည်းအသန် လိုက်ဖမ်းနေသလဲ သိချင်သွားသည်။
“ဒါက ဒီကိစ္စတစ်ခုလုံးရဲ့ သော့ချက်ဖြစ်နေတာကိုး” သူက သက်ပြင်းချရင်း တွေးလိုက်သည်။ အတွေးများစွာ ခေါင်းထဲတွင် ဖြတ်ပြေးနေလျက် သူသည် သူ့ကိုယ်သူ ဖော်ပြပြီး သွေးအေးအေး ရယ်လိုက်၏။ သူ ပေါ်လာလျှင်ချင်း ဟန်ချင်းလဲ့၏မျက်နှာပျက်သွားပြီး သူက ချာခနဲ လှည့်လာသည်။
"မန်ဟို မင်းပဲကိုး။ သောက်ကျိုးနည်း မင်းက ငါ့ရဲ့နောက်လိုက်အယောင် ဆောင်ထားတာ ယုံတောင်မယုံနိုင်ဘူး" ဟန်ချင်းလဲ့က ကြိမ်းဝါးရင်း ရှေ့တက်လိုက်ပြီး သူ့လက်အား မန်ဟို့ထံ ဝှေ့ယမ်းလိုက်သည်။
ရွှမ်တောက်စစ် မန်ဟို့ကို ဘာမှမလုပ်နိုင်ခင် အားလှိုင်းတစ်လှိုင်းက မန်ဟို့အား ရိုက်ခတ်လိုက်သည်။ ဝုန်းခနဲ ကြားလိုက်ရပြီး မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သို့သော် သူက တွန်းအားကို ငှားယူရင်း အဝေးသို့ ထွက်သွားတော့သည်။
"ဟန်ချင်းလဲ့" မန်ဟိုက စူးစူးဝါးဝါး အော်သည်။ "ငါဆိုတဲ့ မန်ဟို့စကားကို မှတ်ထား။ မင်း မသေမချင်း ငါ အနားမယူဘူး" ထို့နောက် သူက တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးတော့သည်။
"ဟန်ချင်းလဲ့" ရွှမ်တောက်စစ်က ဟန်ချင်းလဲ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း အော်သည်။ မန်ဟိုနှင့် ဟန်ချင်းလဲ့၏ သရုပ်ဆောင်မှုမှာ သိသာလွန်းသည့်တိုင် ဟန်ချင်းလဲ့ကား ရွှမ်တောက်စစ် သိသိမသိသိ ဂရုမစိုက်ပုံပင်။
ရွှမ်တောက်စစ်က မန်ဟို့နောက်လိုက်သွားရင်း အော်ပြောလိုက်သည်။ "ဂုဏ်သရေရှိလူကြီးမင်းများနှင့် အမျိုးသမီးတို့။ တာအိုရောင်ရင်းတို့။ ကျေးဇူးပြုပြီး ကျုပ် ဒီလူ့ကို ဖမ်းမိအောင် ကူညီပေးကြပါ။ ကျုပ် ကတိတည်ပါ့မယ်"
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ကျင့်ကြံသူများက တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ အတော်များများသည် မန်ဟို့လမ်းကို ပိတ်ရန် ချက်ချင်း ပျံတက်လာကြ၏။ သူတို့အထဲမှ နှစ်ယောက်က တာအိုနယ်ပယ်အဆင့်ဖြစ်သော်လည်း တာအိုသခင်မဟုတ်ဘဲ အနှစ်သာရ ၂ ခု တာအိုကျင့်ကြံသူများ ဖြစ်ကြလေသည်။
မန်ဟို ဘွားခနဲ ပေါ်လာခြင်းက ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့မှ အဘိုးကြီးကို တအံ့တဩ ငေးကြည့်မိလိုက်စေသည်။ ထို့နောက် ထူးဆန်းသော အလင်းရောင်တစ်ရောင် သူ့မျက်လုံးထဲတွင် ပေါ်လာပြီး သူက မန်ဟို့ကို သေသေချာချာ စိုက်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ နားလည်သွားသည်။
"ဒီကောင်က တကယ်ကို ရက်စက်ပြီး ပြတ်သားတဲ့လူတစ်ယောက်ပဲ" အဘိုးကြီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မန်ဟို့လမ်းကို ပိတ်ဖို့ လူပေါင်းများစွာ ချဉ်းကပ်လာကြသည်။ အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်နှစ်ဦးမှာ အလွယ်တကူ ရှောင်၍ရသည့်လူများ မဟုတ်သလို၊ ရွှမ်တောက်စစ်သည်လည်း အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် အနားရောက်လာနေလေပြီ။ မန်ဟိုသာ တခဏရပ်လိုက်လျှင် မရဏချောက်ထဲ ကျသွားလိမ့်မည်။ သူ့မှာ ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် အတောင်ကျိုးငှက်ကလေးတစ်ကောင်လို ကျဉ်းထဲကြပ်ထဲရောက်နေကြောင်း သဘောပေါက်လိုက်၏။
ထိုအခိုက်အတန့်တွင် သင်္ချိုင်းကမ္ဘာထဲ၌ .... ထူးဆန်းသောနိမိတ်လက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။