အရှင့်သား
Vol. 1 Ch. 76
ကျီထင်ယွီနှင့် ရေခဲအလှမယ်လေး ဆရာမစုတို့သည် မျက်လုံးများ တောက်ပ သွားခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် အနက်ရောင်ဝတ် မိန်းကလေးတို့သည် ပြုံး၍ ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည် ကျန်းရီ တံဆိပ်ပြား အလုံအလောက် စုဆောင်းနိုင်ခြင်းကို ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။ ကျန်းရီ၏ အင်အားကို သူတို့ သိသောကြောင့် ဖြစ်သည်။
"တံဆိပ်ပြားတွေ"
ဆရာတစ်ယောက်သည် လျှောက်လာခဲ့ပြီး ကျန်းရီသည် သူ့တွင် ရှိသော တံဆိပ်ပြား အားလုံးကို ပေးလိုက်သည်။ ထို့နောက် ထိုဆရာသည် ကျန်းရီ၏ အသက်နှင့် နာမည်ကို မေးလိုက်ပြီး အခြားဆရာများထံ ကြော်ငြာလိုက်သည်။
"ပညာသင် တပည့်လောင်း ကျန်းရီ ... စုစုပေါင်း တံဆိပ်ပြား လေးဆယ့်ခုနှစ်ခု၊ သွေးရှင်းတမ်း ပြိုင်ပွဲကို လက်ရှိမှာ အဆင့်ဆယ့်ရှစ်နဲ့ အောင်မြင်တယ်"
"ဝိုး"
ဆရာ၏ ရလဒ်ကို ပြောကြားချက်ကို ကြားလိုက်ရသော် အာမေဋိတ် များစွာ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သာ ရှိသေးသော်လည်း သွေးရှင်းတမ်း ပြိုင်ပွဲကို အောင်မြင်ခဲ့သည်။ သူသည် ထိပ်ဆုံးအယောက် နှစ်ဆယ်အတွင်းတောင် ဝင်လိုက်သေးသည်။ ကျန်းရီက ကျန့်ဝူရွှမ်းလို ထူးခြားတဲ့ လူမျိုးများလား။ ဒါမှမဟုတ် သူ့မှာ ထူးခြားတဲ့ နောက်ခံ အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားတာ များလား။
ထိုခဏတွင် တောင်၏ တစ်ဖက်ခြမ်းမှ လူများစွာတို့သည် ရောက်ရှိ လာကြသည်။ ကျန်းရီသည် အလျင်အမြန် လူအုပ်အတွင်းသို့ ရောနှောလိုက်ပြီး လှည့်ကြည့်လိုက်သည်။ ထိုလူများကို သူမြင်လိုက်သောအခါ သူ့မျက်နှာသည် ပျက်ယွင်း သွားခဲ့သည်။ ၎င်းတို့သည် ကျန်းစွန်းဂိုဏ်းမှ သခင်လေး၊ ကျန်းချီလင်း၊ ချမ်ဝမ်ကွမ်နှင့် အခြားသူများ ဖြစ်ကြသည်။ ထိုလူအုပ်သည် စောစောကလေးမှ တိုက်ခိုက် နေကြသေးသော်လည်း ယခုမူ ဘာမှမဖြစ်ခဲ့သလိုပင် ငြိမ်းငြိမ်းချမ်းချမ်း လျှောက်လာကြကာ တံဆိပ်ပြားများ ပေးအပ်လာကြသည်။
ကျန်းရီသည် အခြားလူများကို စိတ်မပူသော်လည်း ကျန်းချီလင်းသည် သူ့မျက်နှာကို မှတ်မိသွားခဲ့သည်။ ကျန်းချီလင်း၏ ပုံစံနှင့်ဆိုလျှင် သူသင်တန်းကျောင်းကို ဝင်ဝင်ချင်းပင် ပြဿနာ အရှာခံရနိုင်သည်။ ဘာပဲဖြစ်ဖြစ် ကျန်းချီလင်းသည် ရှန်ဝူနိုင်ငံတော်၏ နံပါတ်နှစ် ဂိုဏ်းမှ သခင်လေး ဖြစ်သည်။ ကျီထင်ယွီသည် သူ့ကို မထင်မရှားနေရန် အကြံပေးခဲ့သော်လည်း သူသည် ကျောင်းသို့ မဝင်ခင်တည်းက သတိထားရမည့် လူတစ်ဦးကို ရန်စခဲ့ပြီးသား ဖြစ်နေခဲ့သည်။
ဒီတော့လည်း ငါက အခြေအနေကို လိုက်ပြီး ပြုမူရမှာပေါ့။ ပြီးတော့ သင်တန်းကျောင်း ကလည်း အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ကျန်းချီလင်းက ငါ့ကို စိုက်ကြည့်ပြီး သတ်ချင်စိတ် ပေါက်နေရုံက လွဲရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။
ကျန်းရီသည် သက်ပြင်း ချလိုက်ပြီး ကျန်းချီလင်းနှင့် ကျန်လူများ သူ့ကို သတိမထားမိစေရန် လူအုပ်ထဲသို့ ပို၍ တိုးဝင် သွားလိုက်သည်။ မထင်မှတ်မိသည်ကား ဖက်တီးချမ်ဝမ်ကွမ်သည် သေချာကြည့်လိုက်ပြီး ပါးစပ်နားရွက် ချိတ်မတတ် ပြုံးကာ ကျန်းရီထံ လမ်းလျှောက် လာခဲ့သည်။ သူသည် အဝေးထဲက လှမ်းနှုတ်ဆက် လိုက်သေးသည်။
"အစ်ကိုကြီး ... ဒီရောက်နေတာပဲ။ ကျွန်တော်က လိုက်ရှာနေတာ"
သေစမ်း …
ကျန်းရီ၏ မျက်လုံးများသည် အေးစက် သွားခဲ့ပြီး ကျန်းချီလင်းကို လှည့်ကြည့်လိုက်သည်။ မျှော်လင့် ထားသလိုပင် ကျန်းချီလင်းသည် သူ့ကို သတ်ချင်စိတ် အပြည့်နှင့် စိုက်ကြည့် နေခဲ့သည်။ ဖက်တီးသည် ဟန်ပန်နှင့် လျှောက်လာသည်ကို မြင်လျှင် ကျန်းရီသည် ဒေါသ ထွက်လွန်း၍ လက်မြှောက်ကာ ချမ်ဝမ်ကွမ်၏ နောက်စေ့ကို ရိုက်ချလိုက်သည်။
"ချမ်ဝမ်ကွမ် ... မင်းတမင် လုပ်နေတာလား"
ဝတုတ်သည် အရိုက်ခံလိုက် ရသော်လည်း စိတ်မဆိုးခဲ့ပေ။ သူသည် အပြုံးမပျက် ပြောလာခဲ့သည်။
"ဟီးဟီး ... အစ်ကိုကြီး ... သိပ်ပြီး စိုးရိမ်မနေပါနဲ့။ ကျန်းချီလင်းက အစ်ကိုကြီးကို ပြဿနာ မရှာရဲဘူးလို့ ကျွန်တော် အာမခံတယ်။ သူပြဿနာ ရှာလာရင်လည်း သူ့ကို ကူရိုက်ပေးဖို့ ကျွန်တော် တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်"
ကျန်းရီသည် မျက်ဖြူလန် ပြမိသည်။ ဖက်တီးသည် တကယ်ကို အရိုက်ခံ ရထိုက်သည်။ ကျန်းရီသည် ရှန်ဝူနိုင်ငံတော်ရှိ နံပါတ် (၄) ဂိုဏ်းကြီး၏ သခင်လေးကို သူဘာကြောင့် မကြောက်သည်ကို နားမလည်ပေ။ ဖက်တီး၏ ဖော်ရွေမှုကြောင့် သို့မဟုတ် အခြားလူများကို သူနှင့် မိတ်ဆွေ ဖြစ်ချင်လာအောင် ဆွဲဆောင်နိုင်သည့် အစွမ်းကြောင့် ဖြစ်ပေလိမ့်မည်။
"ဟမ်"
လူများစွာတို့သည် ချမ်ဝမ်ကွမ် ဘယ်သူဖြစ်မှန်း သိကြသည်။ သူတို့သည် ကျန်းရီ ချမ်ဝမ်ကွမ်ကို ရိုက်လိုက်သည်အား မြင်သောအခါ ကျန်းရီ၏ အဆင့်အတန်းကို ခန့်မှန်း ကြတော့သည်။ ဝတုတ်သည် အန္တရာယ် မရှိပုံ ပေါ်သော်လည်း လူများစွာတို့သည် သူ့လက်ချက်ကြောင့် အကြောင်းအရင်းပင် မသိဘဲ သေဆုံးခဲ့ရသည်။
"ဝှစ်"
ရုတ်တရက် အခြားသော ပြိုင်ပွဲဝင် တစ်ဦးသည် ထပ်မံရောက်ရှိ လာခဲ့ပြန်သည်။ ကျန်းရီသည် မျက်လုံးများ ကျဉ်းမြောင်းသွားကာ ဖက်တီး၏ နောက်သို့ အမြန်ဝင်ပုန်း လိုက်လေသည်။ သူသည် တိုးတိုးလည်း ပြောလိုက်သည်။
"မင်းရဲ့ အဓိပ္ပာယ် မရှိတာတွေကို ရပ်ပြီး ငါ့ကို ကွယ်ထားပေးစမ်းပါ"
ဝတုတ်သည် လှပသော မိန်းကလေးကို သတိထားမိ သွားခဲ့သည်။ သူသည် လူယုတ်မာ အပြုံးပြုံး လိုက်ပြီး ပြောလာခဲ့သည်။
"အစ်ကိုကြီး ... ဒီယွီမိန်အာက တော်ဝင်မြို့တော်က ယွီဂိုဏ်းရဲ့ သခင်မလေးပဲ။ သူမနဲ့ ဘာလို့ သွားပတ်သက်တာလဲ။ ဒါမှမဟုတ် သူမကို အပြစ်တစ်ခုခု လုပ်ခဲ့တာလား"
"ဘာမှမဟုတ်ဘူး။ ဆက်မပြောနဲ့တော့"
ကျန်းရီ၏ မျက်နှာသည် နီမြန်းလာခဲ့ပြီး သူ့ခေါင်းသည် ပို၍ပင် အောက်သို့ ငုံ့သွားခဲ့သည်။ ကံကောင်းစွာပင် ယွီမိန်အာသည် ကျန်းရီကို သတိမထားမိဘဲ သူမ၏ တံဆိပ်ပြား များကိုသာ အပ်နှံနေခဲ့သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး လူများစွာတို့သည် တောင်ပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်။ မကြာမီပင် ကောင်းကင်သည် မှောင်မည်းလာခဲ့ပြီ ဖြစ်သည်။ ဆရာတစ်ယောက်သည် အော်ပြောလိုက်သည်။
"အချိန်စေ့ပြီ ... သွေးရှင်းတမ်း ပြိုင်ပွဲက ဒီမှာ ပြီးပြီ။ ပထမအုပ်စုက လူပေါင်း (၂၆၀) အောင်မြင်ပြီးတော့ ဒုတိယအုပ်စုက (၄၅) ယောက် အောင်မြင်တယ်။ မင်းတို့ အားလုံးကို ဂုဏ်ပြုပါတယ်။ ပထမအုပ်စုက တရားဝင် ကျောင်းတော်သားတွေ ဖြစ်သွားပြီး ဒုတိယ အုပ်စုက ကျောင်းတော်သား လောင်းလျာတွေ ဖြစ်တယ်။ ကျောင်းသားတွေ အားလုံးပဲ ဆရာတွေ နောက်ကနေ ကျောင်းထဲကို လိုက်ခဲ့ပါ။ မင်းတို့အတွက် နေစရာတွေ စီစဉ်ပေးထားတယ်"
ဆရာ၏ စကားဆုံးသည်နှင့် ပြိုင်ပွဲဝင် များစွာတို့သည် သင်တန်းကျောင်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်သွားလိုက်ကြသည်။ သူတို့သည် စက်ဝိုင်းပုံ လမ်းများတွင် ခေါင်းမူးလောက်အောင် လျှောက်ပြီးနောက် အဆောင်လေး တစ်ခုတွင် နေရာ ချထားပေးခြင်း ခံရလေသည်။ သူသည် ထိုအဆောင်တွင် အခြား ကျောင်းသားလောင်း သုံးယောက်နှင့် အတူနေရလေသည်။
"အစ်ကိုကြီး ... ဒါက ရေစက်ပဲ။ ကျွန်တော်တို့က အဆောင် တစ်ခုတည်းမှာ အတူတူ နေရတော့မယ်။ ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး"
ဖက်တီးသည် ကျန်းရီနှင့် အတူနေရန် စီစဉ်ပေးခံရသည်။ လမ်းတစ်လျှောက်တွင် ဖက်တီးသည် မရပ်မနား စကား ပြောလာခဲ့သည်။ ကျန်းရီသည် သူ့ကို လျစ်လျူရှု ထားလိုက်ပြီး အဆောင်လေး အတွင်းသို့သာ ဝင်လာခဲ့လိုက်သည်။ အဆောင်လေးထဲတွင် အခန်းငယ်လေးခု ရှိပြီး အိပ်ရာခင်းများမှာ အသစ်များ ဖြစ်သည်။
ကျန်းရီသည် အခြားလူများနှင့် ရင်းရင်းနှီးနှီး နေတတ်သော လူမျိုး မဟုတ်ပေ။ အခြားသူများ သည်လည်း ဘာမှမပြောဘဲ သူတို့၏ အခန်း အသီးသီးသို့သာ ဝင်သွားကြသည်။ ကျန်းရီသည်လည်း ဘာမှ ပြောမနေတော့ဘဲ သူနေမည့် အခန်းကို ရွေးချယ်လိုက်သည်။
"ဝှစ်"
ထင်ထားသည့်အတိုင်း ဖက်တီးသည် သူ့နောက်မှနေ၍ အခန်းတွင်းသို့ လိုက်ဝင် လာခဲ့သည်။ ကျန်းရီသည် သူ့အထုပ်ကို ချလိုက်ကာ အတွင်းအားကို အသုံးပြုလိုက်သည်။ သူသည် ချမ်ဝမ်ကွမ်၏ လည်ပင်းကို ညှစ်၍ နံရံနှင့် ကပ်ထားလိုက်သည်။
"ချမ်ဝမ်ကွမ် ... မင်းငါ့နောက်ကို ရည်ရွယ်ချက်ရှိရှိ လိုက်နေတာ ဘယ်လို ပရိယာယ်လဲ"
"အာ့"
ဖက်တီးသည် အတော်လေး ကြောက်လန့်သွားပြီး အော်ပြောလာခဲ့သည်။
"အစ်ကိုကြီး ... ဘာတွေပြောနေတာလဲ။ ကျွန်တော် တစ်ခုမှ နားမလည်ဘူး"
"ဟက် ... ဟက်"
ကျန်းရီသည် လှောင်ရယ် လိုက်သည်။ သူ့မျက်လုံးမှ အကြည့်များသည် ပို၍ စူးရှ လာကာ အော်ပြောလိုက်သည်။
"မင်းက ရှန်ဝူနိုင်ငံတော်ရဲ့ ဂိုဏ်းကြီး ခုနှစ်ဂိုဏ်းထဲက တစ်ခုရဲ့ သခင်လေးပဲ။ မင်းက ဘာလို့ ဒီလို ရိုးရှင်းပြီး နုံချာတဲ့ အဆောင်လေးမှာ နေဖို့ နေရာချပေးတာ ခံရမှာလဲ။ စောစောက ဆရာကို မင်းမျက်လုံးနဲ့ အချက်ပြ လိုက်တာကို ငါသတိမထား မိလိုက်ဘူး ထင်နေတာလား။ မင်းရဲ့ အဆင့်အတန်းနဲ့ ဆိုရင် တရားဝင်ကျောင်းသား ဖြစ်ဖို့ရော အထက်တန်းစား အဆောင်တွေမှာ နေရဖို့ရော အလွယ်လေးပဲ။ ငါ့ကို လာမလှည့်စားနဲ့။ ငါအဲဒီလို လူမျိုးတွေကို မုန်းတယ်"
"အစ်ကိုကြီးက တကယ် ဉာဏ်ကောင်းတာပဲ"
ဝတုတ်သည် မသက်မသာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
"အစ်ကိုကြီး ... လက်ကို အရင်လျှော့ပေးပါဦး။ ကျွန်တော့်မှ မကောင်းကြံချင်တဲ့စိတ် မရှိပါဘူး"
ကျန်းရီသည် လက်ကို လွှတ်ပေး လိုက်သောအခါ ဖက်တီးသည် ထပ်မံ၍ နောက်ပြော မနေတော့ပေ။ သူသည် လေးနက်သည့် လေသံနှင့် ပြောလာခဲ့သည်။
"ကျန်းရီ ... မင်းကို ရိုးရိုးသားသား ပြောရရင် စောစောက ဆရာကို မင်းနဲ့ တစ်ဆောင်တည်း နေရဖို့ ငါစီစဉ် ခိုင်းလိုက်တာ မှန်တယ်။ အဲဒီ ဆရာက ငါတို့ ချမ်ဂိုဏ်းကပဲ။ ငါက မင်းနဲ့ ဘာလို့ နေချင်တာလဲ ဆိုတာကတော့၊ ကျန့်ဝူရွှမ်းက မင်းကို ကျေးဇူး ကြွေးတင်နေတယ်။ ငါက မင်းကို သုံးပြီး သူနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တယ်။ အရေးအကြီးဆုံး ကတော့ မင်းက ငါ့မိတ်ဆွေ ဖြစ်ဖို့ ထိုက်တန်တယ်။ အစ်ကိုကြီးက အရမ်း အရည်အချင်း ရှိပြီးတော့ အကတ်အသတ်မဲ့တဲ့ အနာဂတ်ကို ပိုင်ဆိုင်တယ် ... "
"ဖုန်း"
ကျန်းရီသည် ဖက်တီး၏ နောက်စေ့ကို ထပ်ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်၊
"မင်းထပ်ပြီး အဓိပ္ပာယ် မရှိတာတွေ ပြောနေမယ်ဆိုရင် ငါမင်းကို မစင်တွင်းထဲ ကန်ချတော့မယ်"
"ကောင်းပြီ ... ငါအမှန်အတိုင်း ပြောတော့မယ်"
ဖက်တီးသည် ကျန်းရီကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်သည်။ ကျန်းရီသည် သူ့ကို ထပ်ရိုက်တော့မည့်ဟန် ပြုလိုက်လျှင် အမြန်လက်ကာ ပြကာ ရပ်ခိုင်းလိုက်ရသည်။
"ငါက မင်းနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တာက မင်းရဲ့ အဆင့်အတန်းကြောင့်ပဲ"
"ငါ့ရဲ့အဆင့်အတန်း"
ကျန်းရီသည် ခဏရပ်တန့် သွားခဲ့ပြီး ကျန်းယွင်ဟိုင် ပြောခဲ့သော စကားများအား ပြန်စဉ်းစား လိုက်သည်။ သူ့မျက်လုံးများသည် အေးစက် သွားခဲ့ပြီး ချမ်ဝမ်ကွမ်ကို ဒေါသတကြီး ရိုက်လိုက်ပြန်သည်။
"မင်းက ငါ့ကို စုံစမ်းနေတာလား၊ မဟုတ်သေးဘူး။ ငါတို့သိတာ ဘယ်လောက် ကြာသေးလို့လဲ။ မင်းက ငါ့ကို စုံစမ်းလိုက်တယ် ဆိုရင်တောင် ဘယ်လောက် သိမှာမို့လဲ"
"ဟီးဟီး"
ချမ်ဝမ်ကွမ်သည် ဝံ့ကြွားစွာ ပြုံးလိုက်သည်။
"အစ်ကိုကြီးက ကျွန်တော့် အရည်အချင်းကို အထင်သေးနေတာပဲ။ ကောင်းကင်တောင်ပံမြို့က ကျီထင်ယွီနဲ့ ကျန်းဟန်ရွှေက နောက်လိုက်တွေကို ခေါ်လာတယ်လေ၊ နည်းနည်းလေး မေးလိုက်ရုံနဲ့ လုံလောက်နေပြီကို"
ကျန်းရီသည် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး သံသယနှင့် မေးလိုက်သည်။
"ငါ့ရဲ့အဆင့်အတန်း ... ငါ့ရဲ့ အဆင့်အတန်းကို မင်းက ဘာသိလို့လဲ"
ဖက်တီး၏ အမူအရာသည် ထပ်မံ လေးနက်သွားကာ သေသေချာချာ ဦးညွှတ်၍ နှုတ်ဆက်လာခဲ့သည်။
"ချမ်ဝမ်ကွမ်က အရှင့်သားကို အရိုအသေ ပေးပါတယ်"
*****