လောဘ၏ ပူးကပ်မှုကို ခံလိုက်ရခြင်း
Vol. 89 Ch. 1238
တစ်လောကလုံး တသိမ့်သိမ့် တုန်နေသည်။ ခေါင်းအထက်ရှိ မီးခိုရောင်ကောင်းကင်ထက်တွင် ပုန်းကွယ်ငုပ်လျှိုးနေသော နဂါးကြီးတစ်ကောင် ထွက်လာဖို့ ပြင်ရင်း လူးလွန့်နေသကဲ့သို့ တိမ်တိုက်များ၊ မြူခိုးများ အလိပ်လိပ်ထလာသည်။
ကမ္ဘာ၏အလယ်တည့်တည့်မှ ထိုးထွက်နေသော ကမ္ဗည်းကျောက်စာတိုင်ကြီးမှာ ဘေးသို့ တိမ်းစောင်းသွားနေပုံပေါ်ပြီး ၎င်းအောက်ရှိ မြေကြီးထဲမှ မိုးခြိမ်းသံကဲ့သို့ တဂျိန်းဂျိန်းမြည်သံများကို ကြားလာရသည်။
ဂျိန်းးးးးး
အလွန်ကျယ်လောင်သောအသံကြီး ပဲ့တင်ထပ်နေစဉ် မန်ဟိုအပါအဝင် လူတိုင်းမှာ စိတ်များချာချာလည်သွားသည်ကို ခံစားလိုက်ရ၏။
ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများ သွေးအန်လိုက်ကြရပြီး သူတို့၏မျက်နှာများတွင် ချောက်ချားမှုတို့ စိုးမိုးနေသည်။ ဟန်ချင်းလဲ့၏ချီနှင့်သွေးများ ပွက်ပွက်ဆူလာပြီး သူ့မှာ အသက်မနည်းရှူရင်း လေလယ်တွင် ပျံဝဲနေလေသည်။ သူ့ပတ်ပတ်လည်ရှိ ဝိုးတိုးဝါးတားအရိပ်အားလုံး အံ့အားသင့်နေသောအမူအရာများဖြင့် ဖော်ပြခံလိုက်ရသည်။
တာအိုနယ်ပယ်ပညာရှင်များအတွက်တော့ အခြေအနေသိပ်မဆိုးလိုက်ပေ။ သူတို့စိတ်များ လည်ထွက်သွားသော်လည်း မည်သည့်သွေးမှ မအန်လိုက်ကြရ။ သို့သော် ပထမတစ်သံထက်ပင် ပို၍ အတိုင်းအဆမဲ့ပြီး အားကောင်းသော ထစ်ချုန်းသံကြီးနောက်တစ်သံ ပဲ့တင်ထပ်လာရန် သိပ်မကြာလိုက်ပေ။
ဂျိန်းးးးးးးးးးး
ထိုအသံက တာအိုသခင်အဆင့်အောက် လူတိုင်းကို သွေးအန်လိုက်ရစေသည်။ မန်ဟိုမှာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပြီး သွေးများ သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာ၏။ တာအိုသခင်များမှာမူ တုန်လှုပ်ခြင်းလှိုင်းတံပိုးများ သူတို့၏နှလုံးသားတွင် ထကြွနေသဖြင့် မျက်နှာများ ဖြူဆုပ်နေကြတော့သည်။
မန်ဟို့လမ်းကို ပိတ်ဖို့ ကြိုးစားနေခဲ့သော အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်မှာမူ သွေးအန်လိုက်ကြရပြီး မျက်စိမျက်နှာပျက်ကုန်ကြသည်။ သူတို့က မန်ဟို့ကို အာရုံမစိုက်နိုင်တော့ဘဲ မြေကြီးကို ငုံ့ကြည့်လိုက်ကြရာ ကမ္ဗည်းကျောက်စာတိုင်အောက်က မြေကြီးထဲတွင် ဖြာထွက်နေသော အက်ကွဲကြောင်းများကို မြင်လိုက်ကြရ၏။ စောစောက ထစ်ချုန်းသံနှစ်သံမှာ ထိုအက်ကွဲကြောင်းများမှ လာခဲ့ခြင်းဖြစ်လေသည်။
ထို့နောက် တတိယအကြိမ်မြောက် ထစ်ချုန်းသံကြီးအား ကြားလိုက်ရသည်။ ၎င်းက မြေပြင်များကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေပြီး မိုးမှောင်ကျလာစေသော ဘီလူးကြီးတစ်ကောင်၏ ဟစ်ကြွေးသံနှင့် တူသည်။ ရွှမ်တောက်စစ်မှာ သွေးအန်လိုက်ရ၍ အလွန်အမင်းတုန်လှုပ်လာသည်။
ရုတ်တရက် အဆုံးမဲ့သော အမုန်းနှင့်အမျက်တို့ ရောယှက်နေသော ရှေးဆန်ဆန်အသံကြီးတစ်သံသည် မှုန်ဝါးနေသောကမ္ဘာတစ်လျှောက် ဟိန်းထွက်လာ၏။ “ကိုးတံဆိပ်၊ မင်း သေချင်းဆိုးနဲ့သေပါစေလို့ ငါ ကျိန်တယ်။ မင်းတို့ အင်မော်တယ်ကမ္ဘာက သွေးဆက်တွေ သေကြေပျက်စီးပါစေလို့ ငါ ကျိန်တယ်။ မင်း ငါ့ခန္ဓာကိုယ်ကို ဖျက်စီးပစ်နိုင်ပေမယ့် ငါ့ဝိညာဉ်မီးကိုတော့ မဖျက်စီးနိုင်ဘူး။ မိုးနင်းခြေအဆင့်ကို အပြည့်အဝမရောက်သေးတဲ့ ဘယ်သူမဆို ငါ့ဝိညာဉ်ကို ဖျက်စီးလို့မရတဲ့အတွက် မင်း ငါ့ကို သတ်လို့မရဘူး
“မင်းမှာ မိုးနင်းခြေအဆင့် အပြင်အားကိုယ်ပဲ ရှိတဲ့အပြင် မင်းကျင့်ကြံအဆင့်ကလည်း အဲဒီအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်လိုသေးတယ်။ ဒါကြောင့် မင်း ငါ့ကို ဖမ်းချုပ်ထားရုံပဲ တတ်နိုင်တယ်”
အရာအားလုံး တုန်ခါလှုပ်ရမ်းနေပြီး မကြာခင် ကမ္ဗည်းကျောက်စာတိုင်အောက်ရှိ မြေပက်ကြားအက်ထဲမှ အလင်းရောင်များ တောက်ပလာသည်ကို မြင်လိုက်ရသည်။
အလင်းသည် အပြာရောင်ဖြစ်ပြီး ... ဤနေရာတွင် မြုပ်နှံခံထားရသူမှာ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ... နေတစ်စင်းဖြစ်နေသည့်အလား တစ်လောကလုံး ထိန်ထိန်လင်းနေသည်။
မန်ဟိုမှာ စိတ်နှလုံးတုန်ရီနေလျက် မျက်တောင်ကို ကိုးကြိမ်ဆက်တိုက်ခတ်ပြီးနောက် လောကပါလအင်မော်တယ်တန်ခိုးကို သူ၏မျက်လုံးများထဲသို့ စီးဆင်းစေလိုက်သည်။ အခြေအနေကို အသေအချာ လေ့လာပြီးနောက်တွင် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့၏။
အံ့ဩဖွယ်ကောင်းစွာနှင့် မြေကြီးအောက်တွင် သူ မြင်လိုက်ရသည်ကား ..... အမှန်စင်စစ် နေတစ်စင်း ...အပြာရောင်နေတစ်စင်း ဖြစ်နေသည်။
နေသည် ဧရာမလှိုင်းများအား မန်ဟို့နတ်ဘုရားအာရုံတစ်လျှောက် စီးဆင်းသွားစေလိုက်၍ အကြောင်းတစ်စုံတရာကြောင့် မန်ဟိုသည် အတိတ်တုန်းက မြင်ခဲ့ဖူးသည့် မြင်ကွင်းတစ်ခုကို ပြန်မြင်ယောင်လိုက်မိ၏ ... ဧရာမမြေထုကြီးတစ်ခုနှင့် ဧရာရုပ်တုကြီးတစ်ရုပ်အား ကြယ်တာရာကောင်းကင်ကို ဖြတ်လျက် ဆွဲလာသော နေကိုးစင်း။
ထိုနေထဲမှ တစ်စင်းက .... ယခု သူ ကြည့်နေသော နေပင်။
အမှန်စင်စစ် ချွတ်စွပ်တူ၏။
ရွှမ်တောက်စစ်၏နှလုံးသား တုန်ရီသွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့အနေဖြင့် မန်ဟို့ကို လိုက်သတ်ချင်သော်လည်း လောလောဆယ်တွင် မတတ်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်သည် လေလယ်တွင် မလှုပ်မယှက်နိုင်ဖြစ်နေ၏။ သူ၏မျက်လုံးများကမူ မြေအက်ကွဲကြောင်းကို ကြည့်ရင်း စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေသည်။
“တာအိုရင်းမြစ်နယ်ပယ်က အမှန်တကယ် တည်ရှိတာပဲ။ တာအိုရင်းမြစ်၊ တာအိုရင်းမြစ်။ တာအိုအားလုံးရဲ့ စစ်မှန်တဲ့ အရင်းအမြစ်။ ရှေးမှတ်တမ်းတွေထဲမှာ ငါ ဖတ်ခဲ့ဖူးတဲ့ အခြေခံသဘောတရားအရဆိုရင် အနှစ်သာရ ၉ ခု ပါရာဂွန်တွေက ပရမတ္တအရှင်နတ်မင်းတွေနဲ့ အဆင့် ၉ တာအိုနတ်ဘုရားတွေနဲ့ အဆင့်တူတယ်
“အင်မော်တယ်ကမ္ဘာရဲ့ တာအိုရင်းမြစ်နယ်ပယ်က လူတစ်ယောက်ရဲ့ ဉာဏ်အလင်းကို ကျယ်ဖြန့်ပေးလိုက်တာမျိုးမဟုတ်သလို မတူကွဲပြားတဲ့ လမ်းစဉ်မျိုးလည်း မဟုတ်ဘူး။ ဒီကမ္ဘာမှာ တာအိုနယ်ပယ်ရဲ့ အလွန်ကို တက်လှမ်းဖို့ သော့ချက်က အတွင်းထဲကို အမြဲကြည့်ပြီး တာအိုရဲ့အရင်းအမြစ်ကို ရှာဖွေဖို့ပဲ
“တာအိုရဲ့အလွန်ကို ကျယ်ဖြန့်သွားတာကျ ပရမတ္တအဆုံးမဲ့တာအိုအဆင့်
“မတူကွဲပြားတဲ့လမ်းစဉ်နဲ့ တာအိုရဲ့အလွန်ကို လျှောက်လှမ်းသွားတာကတော့ ပရမတ္တမိုးနင်းခြေခြင်းအဆင့်ပဲ” ရွှမ်တောက်စစ်သည် တုန်ရီနေပြီး သူ၏မျက်လုံးများတွင် မချုပ်တည်းနိုင်သော အလိုရမ္မက်တို့ ပြည့်နှက်နေတော့သည်။ တောင်ပင်လယ်လောကတစ်ခုလုံးတွင် ဤကဲ့သို့အရာများကို သိထားသည့် လူအရေအတွက်ကို လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရလေသည်။
ရွှမ်တောက်စစ်အနေဖြင့် လောလောဆယ်တွင် ကြွက်သားလေးပင် လှုပ်မရသော်လည်း တခြားဘယ်သူမှလည်း လှုပ်မရပေ။ မန်ဟိုပင် လှုပ်မရ။
ဤကမ္ဘာတစ်ခုလုံးတွင် သိပ်ဆိုးဆိုးရွားရွား အသက်ရောက်မခံရသည့်လူ တစ်ယောက်သာ ရှိပြီး ထိုလူကတော့ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ အဘိုးကြီးပင်။
“ပရမတ္တ .... အရှင်နတ်မင်းတစ်ပါး....” သူက မျက်လုံးများ တောက်ပနေလျက် တိုးညင်းစွာ ရေရွတ်လိုက်သည်။
တစ်လောကလုံး စတင်တုန်ခါလာသည့်အချိန်တွင် ကမ္ဗည်းကျောက်စာတိုင်၏အောက်မှ ဖြာထွက်နေသော အပြာရောင်အလင်းသည် ဖျတ်ခနဲ ကွယ်ပျောက်သွား၏။ တစ်ချိန်တည်းမှာပင် အမျိုးအမည်မသိဆွဲအားတစ်ရပ်က ရုတ်တရက် ပေါ်လာလေသည်။
ဆွဲအားသည် တစ်လောကလုံးကို မှေးမှိန်လာစေရင်း အရာအားလုံးကို စုပ်ယူနေ၏။ အထက်ကောင်းကင်ပင်လျှင် ဆွဲငင်ခံရတော့မည့်အရိပ်အယောင်များ ပြနေသည်။ မြေငလျင်များလှုပ်ခတ်နေစဉ် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ အဘိုးကြီးက လျှာထိပ်ကို ကိုက်၍ သွေးတစ်ပွက်ထွေးထုတ်ရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အနှစ်သာရငါးခုသည် သူ့ထံမှ စီးမျောထွက်လာကာ ဆွဲအားကို ပြန်တိုက်ခိုက်လေ၏။
သူတစ်ယောက်တည်းသာ ထိုသို့လုပ်နိုင်ခြင်းဖြစ်သည်။ ကျန်ရှိသူတစ်ယောက်မှ သူတို့၏ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်ကြပေ။ သူတို့အားလုံး မြေကွဲကြောင်းထံ ပြေးဝင်သွားသောအလင်းတန်းများအသွင် ပြောင်းသွားပြီးနောက် ဝါးမြိုခံလိုက်ရသဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံနေတော့သည်။
ထိုကံတရားကို ပထမဆုံးဆုံတွေ့လိုက်ရသူများမှာတော့ အင်မော်တယ်နယ်ပယ်နှင့် ရှေးဟောင်းနယ်ပယ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ ထို့နောက် ဟန်ချင်းလဲ့။ သူပြီးလျှင် တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်နှင့် ရွှမ်တောက်စစ်။
မန်ဟိုလည်း မြေကွဲကြောင်းအတွင်းသို့ အများသူငါနည်းတူ ဆွဲခေါ်ခံလိုက်ရသဖြင့် တုန်ရီနေလေသည်။
သို့သော် မန်ဟို အက်ကွဲကြောင်းထဲ ဆွဲသွင်းခံနေရသည့်အချိန်တွင် ဘယ်သူမှ သတိမထားမိသော တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။ သိပ်မလှမ်းကမ်းတွင် နီရဲနေသော လောဘမျက်လုံးများနှင့် ဝိုးတိုးဝါးတားအရိပ်တစ်ခု ရှိသည်။ သူက ရုတ်တရက် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း မန်ဟို့အပေါ် ရောက်လာခဲ့လေပြီ။ မန်ဟို အက်ကွဲကြောင်းထဲ ကျသွားသည့်အခိုက်အတန့်တွင် သူက မန်ဟို့အား ထွက်ပြေးနိုင်မည့် အခွင့်အရေးမပေးဘဲ .... မန်ဟို့အပေါ် ခုန်အုပ်လိုက်၏။
ဖျတ်ခနဲ .... သူသည် မန်ဟို့ကိုယ်ထဲ ဝင်ကာ မန်ဟိုနှင့်တစ်သားတည်းဖြစ်သွားတော့သည်။
အမှန်တွင် အရိပ်မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသဖြင့် ၎င်း မန်ဟိုနှင့်တစ်သားတည်းဖြစ်သွားသောအခိုက်အတန့်တွင် .... ထူးဆန်းသောအလင်းရောင်တစ်စ မန်ဟို့မျက်လုံးများတွင် ဖြတ်ပြေးသွားသည်ကို သတိမထားမိလိုက်ပေ။
မန်ဟို့တစ်ကိုယ်လုံး ဖျဉ်းခနဲ ကျဉ်တက်သွားပြီး သူ့မှာ ဆွဲအား၏ စုပ်ယူခြင်းခံရကာ ပျောက်ကွယ်သွားတော့သည်။ မကြာမီ အပြင်၌ ကျန်ခဲ့သည့်လူဆို၍ အက်ကွဲကြောင်းဆီသို့ တစတစ အဆွဲခံနေရသဖြင့် တုန်ရီနေသော ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းမှ အဘိုးကြီးသာ ရှိတော့သည်။
သူ အက်ကွဲကြောင်းများ အနားရောက်လာသည်နှင့်အမျှ ဆွဲအားသည် ကြောက်ခမန်းလိလိ အားကောင်းလာပြီး လေးကြိမ်မြောက်ထစ်ချုန်းသံကြီး ထွက်လာ၏။ ဤအဘိုးကြီးတွင် အနှစ်သာရ ၅ ခု ရှိသည့်အတွက် တာအိုဥသျှောင်အဆင့် ဖြစ်လေသည်။ သူက ထိုတာအိုဥသျှောင်စွမ်းအားကို ဆင့်ခေါ်ရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်အနှံ့အပြားမှ သွေးများပန်းထွက်လာပြီးနောက် သူ့ကို ဝန်းရံလိုက်သည့် တာအို(道) ဆိုသည့် ဧရာမစာလုံးကြီးဖြစ်လာသည်။
ထိုစာလုံးက အဆုံးမဲ့တန်ခိုးကို သူ့အား အပ်နှင်းလိုက်သည့်အလား ဆွဲအားကို ပြန်တိုက်ခိုက်နိုင်လိုက်စေသည်။ သို့ထိတိုင် ၎င်းမှာ ဆွဲအားကို မယှဉ်နိုင်သဖြင့် အဘိုးအိုမှာ အက်ကွဲကြောင်းနှင့် ပို၍ပင်နီးကပ်လာသည်အထိ အဆွဲခံလိုက်ရသည်။
ထူးခြားသွားသည့်အရာဆို၍ အရှိန်နည်းနည်းလျှော့သွားခြင်းသာ ရှိသည်။ မကြာမီ သူသည် အက်ကွဲကြောင်းမှ မီတာသုံးဆယ်ခန့်သာ ဝေးတော့၏။ ထိုအခိုက်အတန့်တွင် မြေကြီးထဲမှ ဒေါသထွက်နေသော သက်ပြင်းချသံတစ်သံ ထွက်လာသည်။ ဆွဲအားသည် ပျောက်ကွယ်သွားပြီး မြေကွဲကြောင်းကား အစအနမကျန် ပိတ်သွားလေ၏။
ထိုအခိုက်အတန့်တွင် အဘိုးကြီးမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့ဆံပင်များ ဖွာစုတ်နေပြီး သူ့ပုံစံမှာ အတော်လေးအခြေအနေဆိုးနေသည်။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် စုတ်ပြတ်သပ်နေ၏။ စောစောက ဆွဲအားကို ပြန်တွန်းလှန်နိုင်ခဲ့သော်လည်း သူ့အပြင်အားကိုယ်မှာ သူ့ကျင့်ကြံအဆင့်ထက် အားနည်း၍ သူ့မှာ ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။
“ဒဏ္ဍာရီတွေအရ ပရမတ္တအရှင်နတ်မင်းတွေက ပါရာဂွန်တွေနဲ့ ယှဉ်နိုင်တယ်။ သူသာ ပြည့်စုံတဲ့အခြေအနေတစ်ခုမှာဆိုရင် ငါ့ကို ချက်ချင်း သတ်ပစ်နိုင်တယ်။ အခု သူ့အခြေအနေက ခန္ဓာကိုယ်ကင်းမဲ့ပြီး ဝိညာဉ်ဖမ်းချုပ်ခံထားရတဲ့ အခြေအနေမှာ။ အဲဒါကြောင့်မလို့ ငါလည်း လွတ်မြောက်ခဲ့တာပဲ” သူက အင်မတန်ချောက်ချားနေသောအမူအရာဖြင့် ထွက်ပေါက်ထံ မဆိုင်းမတွပျံတက်သွားတော့သည်။
သူ ထွက်သွားသည့်အချိန်မှာပင် ကောင်းကင်နတ်ဘုရားမဟာမိတ်မှ ကျန်ကျင့်ကြံသူများသည် ကံကြမ္မာကောင်းရှာဖို့ ဤနေရာသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြလေ၏။
**
မြေကြီး၏အောက်တွင် ရှေးဟောင်းသင်္ချိုင်းကြီးတစ်ခု ရှိသည်။
ထိုသင်္ချိုင်းသည် အလွန်ကြီးမားသည့်အတွက် မည်သည့်ဘက်မှမဆို ဝင်၍ရပေ၏။ အဆွဲငင်ခံခဲ့ရသော ကျင့်ကြံသူများမှာ တူညီသောနေရာသို့ ပို့ဆောင်မခံလိုက်ရဘဲ ဟိုဟိုသည်သည် ပြန့်ကြဲနေသည်။ တချို့က သတိလစ်ကုန်သည်။ တချို့ကတော့ စိတ်နှင့်ကိုယ်နှင့် ကပ်နေသေးသည်။
မန်ဟိုကတော့ သတိလစ်နေသောအဖွဲ့တွင် ပါဝင်သည်။ သူသည် အပြောက်အမွန်းများ ထွင်းထားသည့် နံရံများဖြင့် ဘေးအခန်းငယ်လေးတစ်ခန်းထဲတွင် အသက်မရှိတော့သလို လဲနေသည်။ အခန်း၏အလယ်တွင် အဖုံးမဲ့အခေါင်းတစ်ခေါင်း ရှိနေသည်။ ထိုအခေါင်းထဲတွင် အဖြူရောင်အငွေ့များ အလိပ်လိပ်ထလျက် ပြည့်နေပြီး အငွေ့မျှင်များသည် ရံဖန်ရံခါ မြေကြီးပေါ် လျှံကျကာ ပျောက်ကွယ်သွားတတ်၏။
တိတ်ဆိတ်မှုသည် ထိုဘေးအခန်းထဲ၌ စိုးမိုးနေ၏။ မန်ဟိုတစ်ယောက်တည်းသာ ထိုနေရာတွင် လဲနေခြင်းမဟုတ်ပေ။ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်လည်း ဘေးနားတွင် သတိလစ်နေသည်။
မကြာမီ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူမှာ ဆတ်ခနဲ တုန်သွားပြီးနောက် မျက်လုံးဖွင့်လိုက်သည်။ သူက သူ၏နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်၏။ အနားပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှ မရှိကြောင်း သေချာအောင် စစ်ဆေးပြီးနောက် သူသည် အလွန်တုန်လှုပ်ချောက်ချားနေသောအမူအရာဖြင့် မဝံ့မရဲထရင်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
အက်ကွဲကြောင်း၏ ဝါးမြိုခြင်းခံလိုက်ရသည်ကို သူ မှတ်မိပြီး ကမ္ဗည်းကျောက်စာတိုင်၏အောက်က မြေကြီးအနက်ပိုင်း ရောက်နေကြောင်း သဘောပေါက်လိုက်လျှင် သူ့မှာ ကြက်သီးမွေးညင်းထလာတော့သည်။ ထို့နောက် သူ့မျက်လုံးများသည် မန်ဟို့အပေါ် ကျရောက်သွား၏။
“မန်ဟို....” ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူက တအံ့တဩတွေးလိုက်သည်။ သူက မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း နောက်ဆုတ်ပြီးနောက်မှ အခန်းထဲမှ ထွက်ရန် အပေါက်လိုက်ရှာသည်။ အပေါက်ကို တွေ့သည့်အခါ သူသည် ထွက်သွားဖို့လုပ်သော်လည်း တခဏရပ်၍ မန်ဟို့ကို ပြန်ကြည့်၏။
“သူ မနိုးသေးပါလား...” ကျင့်ကြံသူက အံတင်းတင်းကြိတ်ရင်း လက်ကို ဝှေ့ယမ်းကာ ဓားပျံတစ်လက်အား မန်ဟို့ကို စိုက်လိုက်စေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဓားက ... သူ့ခေါင်းကို စိုက်ပြီး သွေးများအိုင်ထွန်းလာစေသည်။
မန်ဟိုက တုပ်တုပ်မှမလှုပ်။ သေနေသည့်အလား ထင်ရသည်။
ကျင့်ကြံသူမှာ ဤမျှလွယ်ကူလိမ့်မည်ဟု တစ်ခါမှမထင်ထားခဲ့ပေ။ တအံ့တဩ ငေးကြည့်နေပြီးနောက်တွင် သူ့မျက်လုံးများသည် ဝမ်းသာအားရတောက်ပလာတော့၏။
“သေသွားပြီလား။ သူက အစကတည်းက ဒဏ်ရာအပြင်းအထန်ရထားပြီးသား။ ဒီနေရာကို စုပ်ယူခံလိုက်ရတော့ သူ့ဒဏ်ရာတွေက ပိုဆိုးသွားတာဖြစ်လိမ့်မယ်။ ဒါပေမဲ့ သေတော့ မသေသင့်သေးဘူး....” ကျင့်ကြံသူက သတိကြီးကြီးဆက်ထားရင်း ဓားပျံအား မန်ဟို့လည်ပင်းကို ခုတ်ချစေလိုက်သည်။
ဇွပ်ခနဲအသံတစ်သံ ကြားလိုက်ရပြီး သွေးများက ရေပန်းသဖွယ် ပန်းထွက်လာသည်။ မန်ဟို့ခေါင်းက ... သူ့လည်ပင်းမှ ပြတ်ထွက်သွားခဲ့လေပြီ။
ကျင့်ကြံသူသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထပ်မံတွန့်ဆုတ်မနေတော့ဘဲ မန်ဟို့ထံ အပြေးသွားလိုက်၏။
“ဒီနေ့က ငါ့နေ့ပဲဟေး။ ဒီကောင်သေပြီဆိုတော့ သူ့သိုလှောင်အိတ်က ငါ့အပိုင်ပဲ” ကျင့်ကြံသူက မန်ဟို့သိုလှောင်အိတ်ကို လှမ်းရင်း မန်ဟို့အနား စိတ်လှုပ်တရှား ချဉ်းကပ်သွားသည်။
သို့သော် သူ လက်ကို လှမ်းလိုက်သည့်အချိန်မှာပင် သေရတော့မည့်အာရုံက သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ သူ့ဆံပင်မွှေးများ ထောင်သွားပြီး ထိတ်လန့်သွားသောအမူအရာက သူ့မျက်နှာကို စိုးမိုးသွား၏။ မန်ဟို့ခေါင်းပြတ်ခန္ဓာကိုယ်မှ လက်ကြီးက မြောက်တက်လာခဲ့ပြီး သူ့လက်မောင်းကို ဆုပ်ကိုင်ထားခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
( Spoilers ahead အရှင်နတ်မင်းနဲ့ တာအိုနတ်ဘုရားအဆင့်က အားကန်းရဲ့ နှောင်ဖွဲ့ကင်းတန်ခိုးရှင်နဲ့ အမှန်တရားရှာပုံတော်ကျင့်ကြံအဆင့်တွေပါ။ အတုမရှိနတ်ဘုရား( The God) က မိုးနင်းခြေ(ကောင်းကင်ဘုံနင်းခြေ)အဆင့်ကို တက်လှမ်းခဲ့ပြီး ၊ အတုမရှိနတ်ဆိုး ( The Devil ) က အဆုံးမဲ့တာအိုအဆင့်ကို တက်လှမ်းခဲ့ပါတယ်။ ကျွန်တော် လက်ရှိ ဒီအပိုင်းတွေကို ပြန်နေတဲ့အချိန်မှာ အရှေ့နှစ်အုပ်ကို မြန်မာပြန်ဆိုနေသူနှစ်ယောက်နဲ့ ကျင့်ကြံအဆင့်တွေ မညှိရသေးတဲ့အတွက် သူတို့ပြန်တာနဲ့ တူချင်မှတူပါလိမ့်မယ်)