နန်းကုန်းချင်ရ၏ အကြံအစည်
Vol. 71 Ch. 1055
လုချန်း ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ် စွမ်းအားကို ခံစားမိပြီးနောက် နန်းကုန်းချင်ရ၏ မျက်နှာထား မနှစ်မြို့ဖွယ် ဖြစ်သွား၏။ ဒါက သူမ၏ စိတ်နှလုံးကို တုန်လှုပ်စေသော အင်အားတစ်ခုအား သူမ ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ် စွမ်းအားက နန်းကုန်းချင်ရ၏ သွေးစွမ်းအားကို ချုပ်တည်းထားပုံရသည်ကို မြင်သောအခါ နန်းကုန်းချင်ရသည် နတ်ဆိုးကျင့်ကြံသူစစ်စစ် မဟုတ်သော်ငြားလည်း သူမကို နတ်ဆိုးလမ်းစဉ် လိုက်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်သေးကြောင်း လုချန်း လျင်မြန်စွာ သဘောပေါက်သွားသည်။ ထို့ပြင် နတ်ဆိုးမြေမြုပ်ကျင့်စဉ်သည် နတ်ဆိုးကျင့်ကြံသူများအပေါ်တွင်သာ အစွမ်းထက်သည်မဟုတ်ပဲ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ၏ စွမ်းအားကိုလည်း ဖိနှိပ်နိုင်စွမ်း ရှိသည်။
သို့သော် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများအပေါ် နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ အကျိုးသက်ရောက်မှုသည် နတ်ဆိုးကျင့်ကြံသူများအပေါ် သက်ရောက်သကဲ့သို့ ပြင်းထန်လွန်းခြင်း မရှိပေ။
ထိုအချိန်တွင် နန်းကုန်းချင်ရ စိတ်ထဲ လုချန်းအပေါ် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာ၏။ လုချန်းက သူမ၏ စွမ်းအားအမှန်တကယ် ချုပ်တည်းနိုင်စွမ်း ရှိပါက သူ့ကို အနားတွင် ထားရှိခြင်းက သူမအတွက် ကြီးမားသော ဘေးဒုက္ခတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သို့သော်လည်း လုချန်း ထုတ်လွှတ်လိုက်သည့် စိတ်ဝိညာဉ် စွမ်းအားသည် အလွန်ထူးခြားပြီး နတ်ဆိုး စွမ်းအားကို အမှန်တကယ် ချုပ်တည်းနိုင်စွမ်း ရှိနိုင်သည်။
ထိုသို့ တွေးလိုက်မိရာ သူ လိမ်ညာခဲ့ခြင်း မဟုတ်ပဲ သူ၏ အထူးရုပ်ခန္ဓာ ဖွဲ့စည်းပုံကြောင့် အမှန်တကယ် ဖြစ်နိုင်သည်ဟု နန်းကုန်းချင်ရ ယုံကြည်သွားသည်။
သူ၏ အထူးဖွဲ့စည်းပုံနှင့် ပတ်သက်၍မူ အမှန်တကယ် ကောင်းမွန်သော ဖြေရှင်းနည်း မရှိချေ။ အကယ်၍ သူမ လုချန်းကို ယခု သတ်လိုက်ပါက အနာဂတ်တွင် နတ်ဆိုး စွမ်းအားကို ချုပ်တည်းနိုင်စွမ်းရှိသော အခြားတစ်ယောက်ကို ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။
နန်းကုန်းချင်ရ ခဏခန့် တိတ်ဆိတ်သွားပြီးနောက် လုချန်းအား
“ကောင်းပြီ”
နန်းကုန်းချင်ရ၏ စကားဆုံးသည်နှင့် လုချန်းလည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက်
“အခု ခင်ဗျား ကျွန်တော့်ကို ယုံပြီလား”
နန်းကုန်းချင်ရ စိတ်ထဲမှ တွေးလိုက်သည်။ လုချန်းတွင် အထူးဖွဲ့စည်းပုံ ရှိသည့်အတွက် ဤလူကို သွေးသက်တံ့ရဲတိုက်သို့ ခေါ်ဆောင်သွားခြင်းက ပိုကောင်းနိုင်၏။ အနာဂတ်တွင် ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ လွတ်မြောက်လာပါက ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ရန် သူ့ကို အသုံးချနိုင်မည်ဖြစ်သည်။
ထိုအတွေးနှင့်အတူ နန်းကုန်းချင်ရက ချက်ချင်းပင်
“ရှင် နတ်ဆိုးနှင် ဓားသိုင်းကို မသိမှတော့ ကျွန်မနဲ့အတူ သွေးသက်တံရဲတိုက်ကို လိုက်ခဲ့သင့်တယ်။”
ထိုစကားကို ကြားသောအခါ ကျိချိုးယု တုန်လှုပ်သွားပြီး
“မဖြစ်ဘူး”
ဟု လျင်မြန်စွာ ဝင်ပြောလိုက်၏။
နန်းကုန်းချင်ရ၏ နီရဲသော မျက်လုံးများ ကျိချိုးယုထံ ချက်ချင်း လှည့်သွားပြီးနောက် ခြိမ်းခြောက်သော အသံတစ်ခုကို ပြုလိုက်သည်။
“ဟင်”
ကျိချိုးယုက လျင်မြန်စွာပင်
“ လုချန်း လနက်မြို့က ထွက်သွားပြီး နတ်ဆိုးဒီရေ လှိုင်းတစ်ခု ထပ်ပေါ်လာရင် လနက်မြို့က ခုခံနိုင်မှာ မဟုတ်တာ သေချာတယ်။”
နန်းကုန်းချင်ရက အေးစက်စွာ ရယ်မောလိုက်ပြီး
“လနက်မြို့ရဲ့ ကံကြမ္မာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။”
လုချန်းက
“တကယ်တော့ သက်ဆိုင်ပါတယ်။ နတ်ဆိုးဒီရေသာ ပျံ့နှံ့သွားရင် အဲဒီနတ်ဆိုးတွေက ချိပ်ပိတ်နယ်မြေမှာရှိတဲ့ ကောင်းကင်နတ်ဆိုးကို လုံလောက်တဲ့ သွေးစွမ်းအားတွေ စုပ်ယူဖို့ ကူညီပေးနိုင်မယ်။ အဲ့ဒီအချိန်ကျရင် ကောင်းကင်နတ်ဆိုးလည်း ချိပ်ပိတ်ထားတာကို စောစောစီးစီး ဖောက်ထွက်လာနိုင်ခြေ အရမ်းများတယ်။”
“ကောင်းကင်နတ်ဆိုးသာ ချိပ်ပိတ်ထားတာကို ဖောက်ထွက်လာခဲ့ရင် ကျိယန်ကမ္ဘာ တစ်ခုလုံး ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာပဲ။ သွေးသက်တံ့ရဲတိုက်ရော ခင်ဗျားပါ ကောင်းကင်နတ်ဆိုးရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရလိမ့်မယ်။”
လုချန်း၏ ရှင်းပြချက်ကို ကြားသောအခါ နန်းကုန်းချင်ရ ခဏခန့် တိတ်ဆိတ်သွား၏။ သူ၏ စကားများက အမှန်တကယ်ပင် အကျိုးအကြောင်းဆီလျော်မှု ရှိနေသည်။
သူမ လုချန်းကို ခေါ်ဆောင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ လွတ်မြောက်လာပြီးနောက် သွေးသက်တံ့ရဲတိုက်ကို ပစ်မှတ်မထားစေရန် ဖြစ်သော်လည်း လုချန်းကို ခေါ်သွားခြင်းက ကောင်းကင်နတ်ဆိုး၏ လွတ်မြောက်လာမှုကို ပို၍ အရှိန်မြှင့်ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။
သို့သော်...
သူမ မခေါ်သွား၍လည်း မဖြစ်ပေ။ အဘယ့်ကြောင့်ဆိုသော် အခြားအင်အားစုများ လုချန်း၏ စွမ်းဆောင်ရည်ကို သိသွားသည်နှင့် သူတို့လည်း သူ့ကို လာခေါ်ကြမှာ သေချာ၏။
သူမသည် အများအကျိုးကို ဦးစားပေးနိုင်သော်လည်း အခြားအင်အားစုများက ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။ ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းနည်းမှာ အခြားအင်အားစုများ၏ လုယူခြင်းမခံရမီ လုချန်းကို စောစီးစွာ ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။
ထို့နောက် နန်းကုန်းချင်ရက
“ရှင့်မှာ ဒီလို ဖွဲ့စည်းပုံမျိုး ပိုင်ဆိုင်နေမှတော့ ကျွန်မ မခေါ်သွားရင်တောင် တခြား အင်အားစုတွေက သိသွားပြီး ရှင့်ကို လာခေါ်ကြမှာပဲ။”
လုချန်းက
“တကယ်လို့ တခြား အင်အားစုတွေက ကျွန်တော့်ကို အတင်းအကျပ် ခေါ်ဖို့ ကြိုးစားရင် ကျွန်တော် အသေခံပြီး သူတို့ကို ခြိမ်းခြောက်မယ်။ ကျွန်တော် သေသွားရင် ကျိယန်ကမ္ဘာမှာ နတ်ဆိုး စွမ်းအားကို ချုပ်တည်းနိုင်မယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။ ကောင်းကင်နတ်ဆိုးသာ ချိပ်ပိတ်ထားတာကို ဖောက်ထွက်လာခဲ့ရင် ကျင့်ကြံသူအားလုံး သေဖို့စောင့်နေရုံပဲ ရှိတော့မှာ။”
နန်းကုန်းချင်ရ၏ နီရဲသော မျက်လုံးများက လုချန်းကို ဝေ့ကြည့်လိုက်၏။ ခဏခန့် စဉ်းစားပြီးနောက် နန်းကုန်းချင်ရက
“ကောင်းပြီ။ ကျွန်မ ရှင့်ကို မခေါ်သွားတော့ဘူး။”
ထိုအချိန်တွင် နန်းကုန်းချင်ရက အနီရောင် အဆောင်ပြားတစ်ခုကို ထုတ်ယူပြီး လုချန်းထံ ပစ်ပေးလိုက်၏။
“ဒါက သွေးသက်တံရဲတိုက်ရဲ့ ရဲတိုက်သခင် အဆောင်ပြားပဲ။ ရှင့်ကို တခြားဂိုဏ်းက လူတစ်ယောက်ယောက်က အတင်းအကျပ် ခေါ်သွားဖို့ ကြိုးစားတာနဲ့ ကြုံရရင် ဒီအဆောင်ပြားကို အသက်သွင်းလိုက်။ ကျွန်မ ရှင့်ရှေ့ကို ချက်ချင်း ရောက်လာခဲ့မယ်။”
နန်းကုန်းချင်ရသည် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ လွတ်မြောက်ခြင်းကို တားဆီးရန် အများအကျိုးကို ဦးစားပေးခဲ့ရသည်။
ထို့ပြင် သူမ၏ ရဲတိုက်သခင် အဆောင်ပြားသည် သာမန် အဆောင်ပြားတစ်ခု မဟုတ်ပေ။ ၎င်းက လုချန်း၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် တိုက်စားသွားမည်ဖြစ်ပြီးသူ၏အပေါ် တဖြည်းဖြည်း ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် လုချန်းသည် သူမ၏ လူ ဖြစ်လာမည်ဖြစ်သည်။ သူ့ကို ခေါ်ဆောင်သွားဖို့ အလျင်လိုစရာ မလိုအပ်ချေ။
နန်းကုန်းချင်ရထံမှ ရဲတိုက်သခင် အဆောင်ပြားကို ဖမ်းယူပြီးနောက် လုချန်းက ချက်ချင်း ဦးညွှတ် အရိုအသေပေးကာ
“ကျေးဇူးတင်ပါတယ် “
ထို့နောက် နန်းကုန်းချင်ရသည် သူမ၏ အနီရောင် ဝတ်စုံလက်စကို ခါယမ်းလိုက်ပြီး သွေးမြူခိုး ဝဲဂယက်အဖြစ်သို့ ပြောင်းလဲသွားကာ
“ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ရှင် ဘယ်ကိုပဲ ထွက်ပြေးပြေး ကျွန်မ ရှင့်ကို ရှာတွေ့နိုင်တုန်းပဲ”
ဟူသော အသံတစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။
ထိုစကားကို ကြားသောအခါ လုချန်းက စကားတစ်ခွန်းမှ မဆိုပဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
နန်းကုန်းချင်ရ၏ တည်ရှိမှု လုံးဝ ပျောက်ကွယ်သွားသည်နှင့် ကျိချိုးယု လုချန်းထံ ချဉ်းကပ်လာပြီး သူ့ကို စိုးရိမ်သော မျက်နှာဖြင့် ကြည့်ကာ
“ဒီလောက် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီကို ရောက်လာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ လနက်မြို့က နောက်ပိုင်း ငြိမ်းချမ်းတော့မှာ မဟုတ်ဘူးထင်တယ်။”
လနက်မြို့တွင် နန်းကုန်းချင်ရကဲ့သို့ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာသည်နှင့် အခြားဂိုဏ်းအဖွဲ့များမှ အင်အားကြီး ပုဂ္ဂိုလ်များက မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ လုချန်းသည် နတ်ဆိုး စွမ်းအားကို ထိရောက်စွာ ချုပ်တည်းနိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ လုချန်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စိတ်ဝိညာဉ် စွမ်းအား၏ အာနိသင်မျိုးက ရွှေနက်တွင်ပင် မရှိပေ။
ကျိချိုးယု၏ စိုးရိမ်ပူပန် နေသော မျက်နှာထားကို မြင်သောအခါ လုချန်းက ပြုံးလျက်
“စိတ်မပူပါနဲ့။ ကျွန်တော်က ဒီ လနက်မြို့မှာပဲ အသုံးဝင်ဆုံး ဖြစ်နိုင်တယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို ခေါ်သွားရင် နတ်ဆိုးဒီရေက ပျံ့နှံ့သွားနိုင်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ အဲဒီ အဘိုးကြီးတွေ ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတာ သိကြမှာပါ။”
နတ်ဆိုးဒီရေ ပျံ့နှံ့သွားခြင်းအား မည်သူမှ အလိုရှိကြမည် မဟုတ်ပေ။ အကြောင်းမှာ ကောင်းကင်နတ်ဆိုးသည် ကျင့်ကြံသူများ၏ ရန်သူဖြစ်ပြီး သူတို့ကို စားသုံးသောကြောင့် ဖြစ်သည်။ အကယ်၍ ၎င်း လွတ်မြောက်လာပါက ကျိယန်ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျင့်ကြံသူများ ဒုက္ခရောက်ကြမည်ဖြစ်သည်။ ထိုဂိုဏ်းအဖွဲ့များလည်း ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။
ယခု သွေးသက်တံရဲတိုက်၏ ရဲတိုက်သခင် ကိုယ်တိုင်ပင် သူ့ကို ခေါ်မသွားခဲ့သည့်အတွက် ထိုအကြောင်းကို သိသော အခြားဂိုဏ်းအဖွဲ့များလည်း လှုပ်ရှားဝံ့ကြမည် မဟုတ်သည်မှာ သဘာဝကျ၏။
ယခု လူတိုင်းက လုချန်းကို လိုချင်နေကြသည်။ အကယ်၍ အဓိက ဂိုဏ်းအဖွဲ့ကြီးများအားလုံး သူ့ကိုလုယူရန် တိုက်ခိုက်ကြပါက သူတို့ အထိနာရုံသာမက အကျိုးကျေးဇူး တစ်စုံတစ်ရာ မရရှိပဲ အဆုံးသတ်သွားနိုင်၏။ ထိုသို့လုပ်မည့်အစား သူ့ကို လနက်မြို့တွင် နေစေပြီး နတ်ဆိုးဒီရေ ပျံ့နှံ့မှုကို တားဆီးထားခြင်းက ကောင်းကင်နတ်ဆိုး လွတ်မြောက်လာမည့် အချိန်ကို အမှန်တကယ် ဆွဲဆန့်ထားနိုင်ပေသည်။
လုချန်း၏ စကားကို ကြားပြီးနောက် ကျိချိုးယု သက်ပြင်းဖွဖွတစ်ချက် ချလိုက်၏။ သူမ၏ ရှေ့မှ လုချန်းသည် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေခြင်းအပေါ် သူမ အလွန် စိတ်သက်သာရာ ရသွားပြန်သည်။ အကယ်၍ ဤနေရာတွင် ရှိနေသူမှာ လုချန်း အစစ် ဖြစ်ခဲ့ပါက သူ၏ အခြေအနေသည် များစွာ ပို၍ အန္တရာယ်များမည် ဖြစ်သည်။
အနာဂတ်တွင် တစ်စုံတစ်ယောက်က လုချန်းကို ခေါ်ဆောင်ရန် အတင်းအကျပ် လုပ်ဆောင်လာပါက သူ့ကိုယ်သူ ဖျက်ဆီးပြီး သေချင်ယောင်ဆောင်ကာ ထွက်ပြေးနိုင်၏။ အခြေအနေများ ငြိမ်သက်သွားပြီးနောက်မှ အခြား ရုပ်သေးရုပ်တစ်ရုပ်ကို လနက်မြို့သို့ ထပ်မံ စေလွှတ်နိုင်သည်။
……..
ထိုစဉ်။
လနက်မြို့၏ အပြင်ဘက်။
ကြီးမားလှသော မိုးပျံလှေတစ်စီးသည် လရောင်အောက်တွင် လနက်မြို့ထံသို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာနေ၏။
ပိုင်ဝမ်ပင်းသည် အဆောင်ငယ်တစ်ခုအတွင်း ထိုင်နေရင်း သေရည် တစ်ခွက်ပြီးတစ်ခွက် သောက်နေ၏။ သူ အလွန် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ လုချန်းသည် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သော်လည်း ယခု သွေးသက်တံ့ရဲတိုက်၏ အကာအကွယ်ကိုပင် ရရှိထားပြီဖြစ်သည်။ ထိုအချက်က ပိုင်ဝမ်ပင်း၏ လုပ်ကြံရန် အကြံအစည်ကို ထိရောက်စွာ ရပ်တန့်လိုက်သည်။
ဤ မခံချိမခံသာ ခံစားချက်ကို မျိုသိပ်ထားရန် ခက်ခဲသော်လည်း သူ့ထံ၌ ပိုကောင်းသော အစီအစဉ် ရှိနိုင်ပုံမရပေ။ အကယ်၍ သူ လုချန်းကို ဆက်လက် တိုက်ခိုက်ပါက သွေးသက်တံ့ရဲတိုက်မှ လူသတ်သမားက သူ့ကို သတ်သွားနိုင်ခြေ အလွန်များ၏။
ထိုသို့ တွေးမိသောအခါ မွန်းကျပ်မှုတစ်ခုကို ပိုင်ဝမ်ပင်း ခံစားလိုက်ရသည်။ သူသည် ချူးနိုင်ငံတော်၏ ဗိုလ်ချုပ်တစ်ဦး ဖြစ်ပါလျက် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကိုပင် မဖြေရှင်းနိုင်ခဲ့ချေ။
သူ၏ စိတ်ညစ်ညူးမှုကို ဖြေဖျောက်ရန် အတွက် ဆက်သောက်နေစဉ် သူ၏ နောက်မှ အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာသည်။
“တပ်မှူးပိုင်။ ခင်ဗျားက ဟို လုချန်းနဲ့ သဘောထား မတိုက်ဆိုင်တာတွေ ရှိတယ်လို့ ကျွန်တော် ကြားမိတယ်။”
ထိုအသံကို ကြားသောအခါ ပိုင်ဝမ်ပင်း၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ ဓားကို ချက်ချင်း ဆုပ်ကိုင်ကာ အနောက်သို့ တည့်တည့် ထိုးစိုက်လိုက်သည်။ သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ထိုနေရာတွင် မည်သူမှ ရှိမနေခဲ့ပေ။