ကောင်းကင်နတ်ဆိုးစွမ်းအားကို လက်ခံဖို့ ဆန္ဒရှိပါတယ်
Vol. 71 Ch. 1056
သူ၏နောက်ရှိ အဆောင်ဝင်ပေါက်ကို လှည့်ကြည့်လိုက်ပြီး ပိုင်ဝမ်ပင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ဘယ်သူလဲ။ သတ္တိရှိရင် ထွက်ခဲ့။”
သူ့ကိုယ်သူ ယုံကြည်မှု ရှိဟန်ဖြင့် ပြောလိုက်သော်လည်း ပိုင်ဝမ်ပင်း၏ ကျောပြင်တွင် ချွေးများ စီးကျနေပြီဖြစ်သည်။ လူတစ်ယောက် သူ့ထံ ဤမျှ တိတ်ဆိတ်စွာ ချဉ်းကပ်လာနိုင်ခြင်းဖြစ်သည်။ ထိုသူ၏ အဆင့်မှာ အနည်းဆုံး သူ၏ အဆင့်ထက်တော့ ပိုမြင့်မားကြောင်း ညွှန်ပြနေ၏။
သွေးသက်တံ့ရဲတိုက်မှ သူ့အား သတ်ရန် လုပ်ကြံသတ်ဖြတ်သူတစ်ဦး စေလွှတ်လိုက်ပြီဟု ပိုင်ဝမ်ပင်း ထင်မှတ်လိုက်သည်။
ထိုအတွေးကြောင့် သူ၏လက်ထဲရှိ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။
ထိုစဉ် အဆောင်ငယ်အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး တပ်မှူးပိုင်။ ကျွန်တော်က ခင်ဗျားကို လာကူညီတာပါ။”
အဆောင်ငယ်၏ ဝင်ပေါက်ကို အမြန်လှည့်ကြည့်လိုက်ရာ အနက်ရောင် မြူခိုးတိမ်တိုက်တစ်ခု ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသူ အဘိုးအိုတစ်ဦး ပေါ်ထွက်လာသည်ကို ပိုင်ဝမ်ပင်း တွေ့လိုက်ရသည်။ ထိုသူ၏ ခေါင်းစွပ်သည် ပါးပြင်များအထိ ဖုံးအုပ်ထားပြီး သစ်ခေါက်ကဲ့သို့ အရေးအကြောင်းထနေသော အရေပြားအချို့ကိုသာ မသဲမကွဲ မြင်နိုင်သည်။
အနက်ရောင် ဝတ်ရုံရှည် ဝတ်ထားသည့် အဘိုးအိုထံမှ ထုတ်လွှတ်သော အငွေ့အသက်ကို ခံစားမိသောအခါ ပိုင်ဝမ်ပင်း၏ နဖူးပေါ်မှ ချွေးစေးများ စီးကျလာသည်။ ဤလူ၏ အင်အားသည် အနည်းဆုံး ယင်ယန်အဆင့် သို့မဟုတ် ဥပဒေနိယာမ အလုံးစုံ အဆင့်ပင် ဖြစ်နိုင်သည်။
သူသည် ယခင်က ယင်ယန်အဆင့် ကျင့်ကြံသူများနှင့် တွေ့ကြုံဖူးသော်လည်း သာမန် ကျင့်ကြံသူများထံတွင် ဤမျှ ဖိနှိပ်လွှမ်းမိုးသော တည်ရှိမှုမျိုးကို မပိုင်ဆိုင်ကြပေ။
ပိုင်ဝမ်ပင်း သူ၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ငြိမ်သက်အောင် ကြိုးစားလိုက်သည်။ အဘိုးအိုက လာကူညီသည်ဟု ယခုလေးတင် ပြောခဲ့သောကြောင့် သူ့ကို အန္တရာယ်ပြုမည် မဟုတ်ဟု ယူဆလိုက်သည်။
ထိုသို့တွေးလျက် ပိုင်ဝမ်ပင်းက
“ဝါစဉ်ကြီးသူက ကျွန်တော့်ကို ကူညီချင်တယ်လို့ ဆိုလိုတာလား။ ဝါစဉ်ကြီးသူက ဘာကို အတိအကျ ကူညီဖို့ ရည်ရွယ်ထားတာလဲ ဆိုတာကို ကျွန်တော် မေးလို့ရမလားခင်ဗျာ။”
အဘိုးအိုက
“သဘာဝကျကျပါပဲ။ လုချန်းကို သတ်ဖို့ ကူညီပေးမလို့ပေါ့။”
ပိုင်ဝမ်ပင်း ခဏခန့် ကြက်သေသေသွားပြီးနောက် သူ၏ စိတ်နှလုံးထဲတွင် ကြီးမားသော ဝမ်းမြောက်မှုတစ်ခု တိုးဝှေ့လာကာ အလျင်အမြန် စူးစမ်းလိုက်သည်။
“ဝါစဉ်ကြီးသူက လုချန်းကို ကိုယ်တိုင် သတ်ဖြတ်ဖို့ အစီအစဉ်ရှိတာလားခင်ဗျာ။”
“ဝါစဉ်ကြီးသူ ဘာကို လိုချင်ပါသလဲ။ ဝါစဉ်ကြီးသူသာ လုချန်းကို သတ်နိုင်မည်ဆိုရင် ကျွန်တော် ပိုင်ဆိုင်သမျှ ဘယ်အရာမဆို တောင်းဆိုနိုင်ပါတယ်။”
အဘိုးအိုက
“တပ်မှူးပိုင်။ ခင်ဗျား ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို အထင်လွဲနေပြီ။”
“ကျွန်တော်က လုချန်းကို သတ်ဖို့ ကူညီမယ် ပြောခဲ့တာ။ ကျွန်တော် ကိုယ်တိုင် ဝင်ပါမယ်လို့ မပြောခဲ့ဘူး။”
“တပ်မှူးပိုင်က လုချန်းကို သတ်ချင်ရင် ခင်ဗျား ကိုယ်တိုင်ပဲ လှုပ်ရှားဖို့ လိုအပ်တုန်းပဲ။”
ဒါက...
ပိုင်ဝမ်ပင်း မျက်မှောင်ကြုတ်လိုက်ပြီးနောက်
“ဝါစဉ်ကြီးသူ ခင်ဗျာ။ ကျွန်တော်က မူလအစကမ္ဘာ နယ်ပယ်အဆင့် စွမ်းအားကိုသာ ပိုင်ဆိုင်ထားတာပါ။ လနက်မြို့မှာ လုချန်းအပြင် ကျိချိုးယုကလည်း မူလအစကမ္ဘာနယ်ပယ် ကျင့်ကြံသူ တစ်ယောက်ပါ။ သူတို့နှစ်ယောက်လုံးကို ကျွန်တော် ဘယ်လို ယှဉ်နိုင်မှာလဲ။”
“ နောက်ပြီး သွေးသက်တံ့ရဲတိုက်က လုချန်းကို အလွန်တန်ဖိုးထားပုံရပါတယ်။ သူ့ကို ဘယ်သူမှ မထိခိုက်ရဘူးလို့ တားမြစ်ထားတယ်။ သူတို့က သူ့ကို ကာကွယ်ဖို့ လနက်မြို့မှာ လူ လွှတ်ထားပြီးလောက်ပြီလို့ ယူဆရပါတယ်။”
“ကျွန်တော့်ရဲ့ စွမ်းအားတစ်ခုတည်းကို အားကိုးပြီး လုချန်းကို သတ်ဖို့က ကောင်းကင်ပေါ် တက်ရသလောက် ခက်ခဲပါလိမ့်မယ်။”
အနက်ရောင် ဝတ်ရုံရှည် ဝတ်ထားသူ အဘိုးအိုက
“ဟဲဟဲဟဲ”
ဟု ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက်
“ဒါက လွယ်ပါတယ်။ ခင်ဗျားသာ လုံလောက်အောင် အင်အားကြီးလာရင် သူတို့ထဲက ဘယ်သူမှ ခင်ဗျားရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။”
ထိုအရာကို ကြားသောအခါ အဓိပ္ပာယ်မရှိသော စကားဟု ပိုင်ဝမ်ပင်း စိတ်ထဲ တွေးလိုက်သည်။ ကျင့်စဉ် ကျင့်ကြံခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ လုချန်းအား သတ်ဖြတ်နိုင်သော အင်အား ရှိရန်အတွက် သူသည် အနည်းဆုံး ယင်ယန်အဆင့်တွင် ရှိနေရန် လိုအပ်မည်။
သူ ယင်ယန်အဆင့်သို့ ရောက်ရှိချိန်တွင် လုချန်းကလည်း ယင်ယန်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သွားနိုင်သည်။
အဓိက အချက်မှာ သွေးသက်တံ့ရဲတိုက်က လုချန်းကို အကာအကွယ် ပေးနေခြင်း ဖြစ်၏။
တစ်ယောက်ချင်း ယှဉ်ပြိုင်ရလျှင် သူ့တွင် အခွင့်အရေးတော့ ရှိနိုင်သည်။ သို့သော် သူ့တွင် အခွင့်အရေးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ၏ လုပ်ကြံသတ်ဖြတ်မှု အောင်မြင်ခဲ့လျှင်ပင် သွေးသက်တံ့ရဲတိုက်က သိသွားပါက သူ့အား ချက်ချင်း လာရောက် ရှင်းပစ်လိုက်နိုင်သည်။
သူ၏ ရှေ့မှ အဘိုးအိုကို ပိုင်ဝမ်ပင်း နောက်တစ်ကြိမ် ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ဤအဘိုးအိုထံမှ အထူးမသက်မသာဖြစ်စေသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ကို သူ ခံစားနေရ၏။
ထို့နောက် ပိုင်ဝမ်ပင်းက
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပေးပါ ဝါစဉ်ကြီးသူ။”
ဤစွမ်းအားရှင်က သူ့အား သေတွင်းထဲသို့ သွားရန် အားပေးတိုက်တွန်းလိုရုံသက်သက်ဖြင့် ဤနေရာသို့ လာခဲ့သည်ဟု ပိုင်ဝမ်ပင်း မယုံကြည်ပေ။ အဘိုးအိုက သူ့ကို ပိုမိုအားကောင်းလာစေရန် ပြောခဲ့သည်။ ထိုစကားအရ သူ၏ စွမ်းအားများကို မြှင့်တင်ပေးနိုင်သော အရည်အချင်း အဘိုးအိုထံတွင် ရှိနေကြောင်း သက်သေပြနေသည်။
ထို့နောက် အဘိုးအိုက
“ခင်ဗျားသာ ကောင်းကင်နတ်ဆိုးရဲ့ စွမ်းအားကို လက်ခံဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို လုံလောက်တဲ့ အင်အား ပေးနိုင်တယ်။”
ပိုင်ဝမ်ပင်း၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသည်။
ကောင်းကင်နတ်ဆိုးစွမ်းအား...
သူ၏ရှေ့မှ အဘိုးအိုကို စိုက်ကြည့်နေရင်း ပိုင်ဝမ်ပင်း၏ မျက်လုံးများ ထိတ်လန့်မှုများဖြင့် ကျယ်သွား၏။
ဤအဘိုးအိုထံမှ မသက်မသာဖြစ်စေသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသလို သူ ခံစားနေရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းမှာ ကောင်းကင်နတ်ဆိုးစွမ်းအား ဖြစ်နေခဲ့သည်။
ကောင်းကင်နတ်ဆိုးစွမ်းအားသည် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားကို ဖိနှိပ်နိုင်သောကြောင့် ၎င်းက ကျင့်ကြံသူအား မလုံမလဲ ဖြစ်စေသည်မှာ သဘာဝကျပေသည်။
ထို့ကြောင့် ဤအဘိုးအိုသည် သာမန်ကျင့်ကြံတစ်ဦး မဟုတ်နိုင်ပေ။ နတ်ဆိုးကျင့်ကြံသူတစ်ဦးသာ ဖြစ်ရမည်။ သို့သော် သာမန် နတ်ဆိုးကျင့်ကြံသူများသည် ကောင်းကင်နတ်ဆိုးစွမ်းအားကို မပိုင်ဆိုင်ကြချေ။
ကောင်းကင်နတ်ဆိုးစွမ်းအားကို ပိုင်ဆိုင်သော နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် ကောင်းကင်နတ်ဆိုးတစ်ဦးနှင့် တိုက်ရိုက် အဆက်အသွယ် ရှိခဲ့ဖူးရမည်။
ရုတ်တရက် ပိုင်ဝမ်ပင်း၏ အတွင်းစိတ်ထဲ၌ ထိတ်လန့်မှု လှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။
ကောင်းကင်နတ်ဆိုးတမန်တစ်ဦးက သူ့ကို ရှာလာလိမ့်မည်ဟု ပိုင်ဝမ်ပင်း မမျှော်လင့်ထားခဲ့ပေ။ အကြောင်းမှာ နတ်ဆိုးကျင့်ကြံသူများအပေါ် ကျင့်ကြံသူများ၏ မုန်းတီးမှုကို သူ ကောင်းစွာ သိထားသောကြောင့်တည်း။ အကယ်၍ သူသာ နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်လာပါက ပုန်းလျှိုးကွယ်လျှိုး ဘဝဖြင့် တစ်သက်လုံး နေထိုင်ဖို့ရှိသည်။
သို့သော် သူ၏ရှေ့မှ လူသည် နတ်ဆိုးတမန်တစ်ဦးဖြစ်ပြီး သူ့ထက် များစွာ ပိုမို အင်အားကြီးမားသည်။ အကယ်၍ သူ ငြင်းဆန်ခဲ့ပါက နတ်ဆိုးတမန်က သူ့အား သေချာပေါက် သတ်ပစ်လိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ဦးနှောက်များ ဗလာဖြစ်သွားသလို ပိုင်ဝမ်ပင်း ခံစားလိုက်ရသည်။
ပြီးသွားပြီ။
အားလုံး ပြီးဆုံးသွားပြီ...
အခု ဘာလုပ်ရမလဲ...
ပိုင်ဝမ်ပင်း ချက်ချင်း သဘောမတူသည်ကို မြင်သောအခါ အဘိုးအိုက ကျောချမ်းဖွယ် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး
“တပ်မှူးပိုင်။ ခင်ဗျား ချူးနိုင်ငံတော်မှာ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေတာ နှစ်တစ်ရာနီးပါး ရှိနေပြီ။ ခင်ဗျား ဒီထက် ပိုတိုးတက်ချင်စိတ် မရှိဘူးလား။”
“ခင်ဗျားရဲ့ အရည်အချင်းနှင့်ဆိုလျှင် ယင်ယန်အဆင့်သို့ ရောက်ဖို့ နှစ်ပေါင်း ရာနှင့်ချီ ကြာဦးမယ်။ သက်တမ်းကုန်ဆုံးချိန်အထိတောင် ရောက်ချင်မှ ရောက်လိမ့်မယ်။”
“ခင်ဗျား ကျိချိုးယုကို ချဉ်းကပ်ပြီး ပိုးပန်းခဲ့တာက သူ့ဆီကတစ်ဆင့် ကျိရှောင်နိုင်ငံတော်နှင့် အဆက်အသွယ်ရဖို့ နဲ့ အဲ့ဒီကတစ်ဆင့် ကျင့်စဉ်ဆိုင်ရာ အရင်းအမြစ်တွေ ပိုရလာဖို့အတွက်သက်သက်ပဲ မဟုတ်လား။”
“ကံမကောင်းစွာနဲ့ပဲ ကျိချိုးယုက အခု လုချန်းရဲ့ ဇနီး ဖြစ်နေပြီ။ ခင်ဗျားရဲ့ လမ်းကြောင်းလည်း ပြတ်သွားပြီ။”
ထိုအရာကို ကြားသောအခါ ပိုင်ဝမ်ပင်း တိတ်ဆိတ်သွား၏။
ဟုတ်ပါသည်။ သူ၏ အရည်အချင်းက သာမန်မျှသာ ဖြစ်သည်။ မဟုတ်ပါက သူသည် ချူးနိုင်ငံတော်၏ နယ်စပ်များတွင် ဗိုလ်ချုပ်တစ်ဦးဘဝအဖြစ် ရှိနေမည် မဟုတ်ပေ။
ချူးနိုင်ငံတော်၏ လက်ရှိ ပြိုလာကွဲမှုက သူ့အတွက် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု ဖြစ်ခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းစွာပင် သေးငယ်သော နယ်မြေတစ်ခုကိုသာ သူ ထိန်းချုပ်ထားနိုင်ခဲ့၏။ သူ၏ နယ်မြေနှင့် အာဏာကို ချဲ့ထွင်ရန် စဉ်းစားခဲ့ဖူးသော်လည်း သူ၏ အင်အားသည် အခြားသော စစ်ဘုရင်များနှင့် ယှဉ်ပြိုင်ရန် မလုံလောက်ခဲ့ပေ။
သူသည် ကျိချိုးယုအား သူမ၏ အလှအပအတွက်သာမက သူမ၏ နောက်ကွယ်ရှိ အာဏာအတွက်ပါ လိုက်လံ ပိုးပန်းခဲ့ခြင်း ဖြစ်သည်။
ကျိရှောင်နိုင်ငံတော်သည် လနက်မြို့သို့ လူများ စေလွှတ်ခြင်းကို ရပ်တန့်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ကျိချိုးယုသည် ကျိရှောင်နိုင်ငံတော်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ကာ သူမ၏ နောက်ကွယ်တွင် အင်အားကြီးမားသော ကျိမိသားစု ရှိနေ၏။
သို့သော် ယခု ဒါတွေ အားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ကျိချိုးယုသည် ယခု လုချန်းနှင့် အတူ ရှိနေပြီး ဖြစ်သည့်အပြင် သွေးသက်တံ့ရဲတိုက်၏ အကာအကွယ်ကြောင့် သူတို့နှစ်ဦးကို ခွဲခွာရန် သူ အခက်တွေ့နေသည်။
ယခု အခြေအနေတွင် ချူးနိုင်ငံတော် လုံးဝ ပြိုကွဲမည့်နေ့ ရောက်လာမည်ကို သူ စိုးရိမ်နေရပြီဖြစ်သည်။ ထိုအခါ သူ၏ နယ်မြေသည် အခြား နယ်စားများ၏ ဝါးမြိုခြင်းကို ခံရကာ သူ့အား ထွက်ပြေးစေရန် သို့မဟုတ် လက်နက်ချစေရန် ဖိအားပေးလိမ့်မည် ဖြစ်၏။
ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်သော သူသည် အခြားသူတစ်ဦး၏ လက်အောက်တွင် ဆက်လက် နေထိုင်လိုခြင်း မရှိတော့ပေ။
ထိုအတွေးဖြင့် ပိုင်ဝမ်ပင်း သူ၏ လက်သီးများကို ဆုပ်ထားလိုက်၏။ နတ်ဆိုးကျင့်ကြံသူများသည် ကျိယန်ကမ္ဘာတွင် အမဲလိုက်ခံနေရသော်လည်း အကယ်၍ သူ ကောင်းစွာ
ဖုံးကွယ်ထားနိုင်ပါက သူ နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း အခြားသူများ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ပိုင်ဝမ်ပင်းက အဘိုးအိုအား
“ဝါစဉ်ကြီးသူခင်ဗျာ။ ကျွန်တော် ကောင်းကင်နတ်ဆိုးစွမ်းအားကို လက်ခံဖို့ ဆန္ဒရှိပါတယ်။”
ပိုင်ဝမ်ပင်း သဘောတူညီသည်ကို မြင်သောအခါ အဘိုးအိုက အားရပါးရ ရယ်မောလိုက်ပြီး
“ကောင်းတယ်။ အရမ်းကောင်းတယ်။”
“ဒီတော့ အခုပဲ ခင်ဗျားကို ကောင်းကင်နတ်ဆိုးစွမ်းအား ချီးမြှင့်မယ်။”
သူ၏ အသံ ဆုံးသွားသည်နှင့် အဘိုးအိုက သူ၏ လက်ကို မြှောက်လိုက်၏။ ထိုအခါ အနက်ရောင် မြူခိုးအစုအဝေးကြီးတစ်ခုက ပိုင်ဝမ်ပင်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီးနောက် ထိုအနက်ရောင် မြူခိုးများသည် ဒွါရအပေါက်များမှတစ်ဆင့် သူ၏ကိုယ်ထဲဝင်ရောက်သွား၏။
ထိုအခါ ပိုင်ဝမ်ပင်း ပြင်းထန်စွာ နာကျင်သွားကာ စိတ်နှလုံး ကြေကွဲဖွယ် အော်ဟစ်သံများကို လွှတ်ထုတ်လိုက်သည်။
အဘိုးအိုက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အသံလုံသော အတားအဆီးတစ်ခု အဆောင်ကို ဖုံးလွှမ်းသွားပြီး မိုးပျံလှေပေါ်ရှိ အစောင့်များ မည်သည့်ဆူညံသံကိုမှ မကြားနိုင်အောင် တားဆီးလိုက်သည်။