ရွေးချယ်စရာ နှစ်ခု ပေးမယ်
Vol. 71 Ch. 1062
ကျိချိုးယုသည်လည်း နန်းကုန်းယွဲ့ဟွာ၏ စိတ်ခံစားချက်များ တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိ၏။ နန်းကုန်းယွဲ့ဟွာထံမှ ထွက်ပေါ်လာသော အာဏာအငွေ့အသက် အနည်းငယ်ကို ခံစားမိသဖြင့် ကျိချိုးယု တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း လုချန်းက ဖြတ်ပြောလိုက်သည်။
“အရှင်မ။ လနက်မြို့ကို နတ်ဆိုးဒီရေ ခုခံနိုင်အောင် ကူညီခဲ့တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူက ကျွန်တော်ပါပဲ။”
လုချန်း စကားဆုံးသည်နှင့် ကျိချိုးယုက
“လုချန်းက လနက်မြို့ကို နတ်ဆိုးဒီရေ တွန်းလှန်ဖို့ ကူညီခဲ့တဲ့အတွက် ချူးနိုင်ငံတော်က သူ့ကို လနက်မြို့ရဲ့ ဒုတိယ မြို့သခင်အဖြစ် ခန့်အပ်ထားပါတယ်။”
ဟု လျင်မြန်စွာ ဖြည့်စွက် ပြောလိုက်သည်။
ထိုအရာကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ စိတ်အနှောင့်အယှက် ဖြစ်သလို ဖြစ်သွား၏။ ကျိချိုးယု ဆိုလိုချင်သည်ကိုလည်း သူမ ရှင်းလင်းစွာ နားလည်လိုက်သည်။ ကျိချိုးယုက လုချန်းသည် ယခု ချူးနိုင်ငံတော်၏ လူ ဖြစ်နေပြီး သူ့ကို အလွယ်တကူ ခေါ်ဆောင်သွား၍ မရနိုင်ကြောင်း သွယ်ဝိုက် ပြောဆိုနေခြင်း ဖြစ်၏။
သို့သော် သူမ၏ အမြင်က ကွဲပြားသည်။ လုချန်းသည် နတ်ဆိုးစွမ်းအင်ကို နှိမ်နင်းနိုင်စွမ်း အမှန်တကယ် ပိုင်ဆိုင်ပါက သူသည် ချူးနိုင်ငံတော် သို့မဟုတ် ထျန်းကျိရဲတိုက်နှင့် သက်ဆိုင်နေလည်း အရေးမကြီးပေ။ သူမ အနေနှင့် သူ့ကို လုယူမည်သာ ဖြစ်၏။
ထိုအခိုက်တွင် နန်းကုန်းယွဲ့ဟွာသည် ကုတင်ပေါ်တွင် လှဲလျောင်းနေသော လုချန်းကို လှမ်းကြည့်လိုက်ပြီးနောက်
“ကျွန်မ သိချင်တာက ရှင့်ရဲ့ နတ်ဆိုးနှင် ဓားသိုင်း ဆိုတာ ဘယ်ကရခဲ့တာလဲ။”
လုချန်းက
“ နတ်ဆိုးနှင် ဓားသိုင်း ဆိုတာမျိုး မရှိပါဘူး ဧကရီ။”
လုချန်း၏ အဖြေကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ နီရဲသော မျက်လုံးများသည် ပို၍ပင် သွေးကဲ့သို့ နီရဲလာပုံရပြီး သူမထံမှ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။
နန်းကုန်းယွဲ့ဟွာ၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော ဖိအားတစ်ခု ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို လေးလံဖိစီးသွားစေရာ ကျိချိုးယုပင် အသက်ရှူရ ခက်ခဲလာသည်အထိ ဖြစ်သွား၏။
သို့သော် လုချန်းက ထိခိုက်မှု ရှိပုံမရပေ။ သူက
“ကျွန်တော် နတ်ဆိုးစွမ်းအင်ကို နှိမ်နင်းနိုင်တာက ကျွန်တော့်ရဲ့ ရုပ်ခန္ဓာ ဖွဲ့စည်းပုံက ထူးခြားနေလို့ပါပဲ။”
ဟု တည်ငြိမ်သော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
လုချန်း၏ စကားများအပြီးတွင် စိတ်ဝိညာဉ် စွမ်းအား တစ်ခုက သူ့အား ကုတင်ပေါ်မှ ဆွဲမလိုက်၏။ ထို့နောက် စိတ်ဝိညာဉ် စွမ်းအား စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
ဤ စစ်ဆေးမှုကြောင့် နန်းကုန်းယွဲ့ဟွာ၏ မျက်နှာထား ပို၍ပင် အေးစက်သွား၏။ ဤယောကျာ်းသည် သက်မဲ့ အရာဝတ္ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူ့တွင် မည်သည့် သက်ရှိ လက္ခဏာမှ မရှိပေ။ သူ၏ နှလုံးပင် မခုန်ပေ။ သို့သော် သူ၏ အတွင်း၌ စိတ်ဝိညာဉ် စွမ်းအားများ မယုံနိုင်လောက်အောင် ပေါများလှ၏။ ထို့ပြင် သူ့ထံတွင် နတ်ဆိုးစွမ်းအင်၏ အရိပ်အယောင် တစ်စွန်းတစ်စမှ မရှိပေ။ သူသည် နတ်ဆိုး ကျင့်ကြံသူလည်း မဟုတ်ပေ။
လုချန်း၏ ပညာသည် သူတော်စင်အဆင့် ရုပ်သေးပညာ ဖြစ်ရာ သူ၏ ရုပ်သေးရုပ်အား အလွယ်တကူ ထွင်းဖောက် မမြင်နိုင်ပေ။ အထူး နည်းလမ်းများ မရှိပါက သူ၏ ခန္ဓာကိုယ်သည် ရုပ်သေးရုပ်တစ်ခု ဖြစ်ကြောင်း သိနိုင်ရန် အနည်းဆုံး နတ်ဘဝပြောင်းလဲခြင်း အဆင့် ရှိသူ တစ်ဦး လိုအပ်ပေမည်။
လုချန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဤယောကျာ်း၏ ဖွဲ့စည်းပုံမှာ အမှန်တကယ် ထူးခြားကြောင်း နန်းကုန်းယွဲ့ဟွာ သေချာသွားသည်။ သို့သော် သူ၏ နတ်ဆိုးစွမ်းအင် နှိမ်နင်းနိုင်စွမ်းသည် သူ၏ ဖွဲ့စည်းပုံကြောင့်လား သို့မဟုတ် နတ်ဆိုးနှင် ဓားသိုင်းကို လေ့ကျင့်ခဲ့ခြင်းကြောင့်လားဆိုသည်ကိုတော့ သူမ မသေချာနိုင်ပေ။
သို့သော် ထိုအချက်က အရေးမကြီးလှပေ။
ဤလူက နတ်ဆိုးစွမ်းအင်ကို နှိမ်နင်းနိုင်ကြောင်း အတည်ပြုနိုင်သရွေ့ အရေးမကြီးပေ။
ထို့နောက် နန်းကုန်းယွဲ့ဟွာက
“ကျွန်မနဲ့အတူ ကျိရှောင်နိုင်ငံတော်ကို လိုက်ခဲ့ပါ။ ရှင့်ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝစွာ နေထိုင်ရစေမယ်လို့ အာမခံနိုင်တယ်။ ပြီးတော့ ကျိရှောင်နိုင်ငံတော်က ရှင်ပိုပြီး အင်အားကြီးမားလာဖို့အတွက် အဆုံးမရှိတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပံ့ပိုးပေးနိုင်တယ်။”
လုချန်းက ပြုံးလျက်
“အရင်တုန်းက အရှင်မရဲ့ မအေတူ ညီမတော်ကလည်း ကျွန်တော့်ကို ခေါ်သွားချင်ခဲ့တယ်။ ဒါပေမဲ့ လနက်မြို့မှာ ကျွန်တော့်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး သူ နောက်ဆုံးမှာ ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်။”
“အရှင်မရဲ့ ညီမတောင်မှ အခြေအနေမှန်ကို ထည့်သွင်းစဉ်းစားတတ်သေးတာပဲ။ ကျိရှောင်နိုင်ငံတော်ရဲ့ ဧကရီဖြစ်တဲ့ အရှင်မ အနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို သိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
နန်းကုန်းယွဲ့ဟွာ၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ သေစေနိုင်လောက်အောင် ပြင်းထန်သော ဒေါသမီးများ ပျံ့နှံ့လာသည်။
ညီမ။
သူမထံတွင် ညီမတစ်ဦး ရှိသည်ကို လူအနည်းငယ်သာ သိရှိကြ၏။ သူမသည် မင်းသမီးကြီး ဖြစ်သဖြင့် သူမထံတွင် ညီမများစွာ ရှိသော်လည်း မအေတူ ညီမမှာ တစ်ဦးတည်းသာ ရှိခဲ့သည်။
ထိုသူမှာ နန်းကုန်းချင်ရ ဖြစ်သည်။
နန်းကုန်းချင်ရသည် ပင်ကိုအားဖြင့် သွေးဆာတတ်သူ ဖြစ်၏။ သူမ၏ တည်ရှိမှုကို ဖုံးကွယ်ရန် ဧကရာဇ်က သူမအား နန်းတော်မှ စောစီးစွာ ထွက်ခွာစေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် နတ်ဆိုး ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့ပြီး နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းနေသော ကျိယန်ကမ္ဘာ၏ ဦးဆောင် နတ်ဆိုးဂိုဏ်း ဖြစ်သည့် သွေးသက်တံ့ရဲတိုက်၏ ဂိုဏ်းချုပ်ပင် ဖြစ်လာခဲ့သော်လည်း သူမ ကျိရှောင်နိုင်ငံတော်၏ မင်းသမီးတစ်ပါး ဖြစ်သည်ကိုမူ သိထားသူ မရှိသလောက်ပင်။
ထိုအကြောင်းကို သိရှိခဲ့သူ အများစုမှာ နန်းကုန်းယွဲ့ဟွာ၏ ဖခင်၏ ရှင်းလင်းခြင်းကို ခံခဲ့ရသည်။
အခု ဒီလူက ဒါကိုတောင် သိနေခဲ့သည်။
နန်းကုန်းယွဲ့ဟွာ သူမ၏ လက်ကို ချက်ချင်း မြှောက်လိုက်သည်။ ထို့နောက် စွမ်းအားတစ်ခုက လုချန်း၏ ခန္ဓာကိုယ်ကို သူမထံသို့ တိုက်ရိုက် ဆွဲယူလိုက်ကာ သူ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ကံမကောင်းစွာဖြင့် လုချန်း၏ ရုပ်သေးရုပ်သာ ဖြစ်သဖြင့် သူမ မည်မျှပင် ပြင်းထန်စွာ ညှစ်စေကာမူ သူ့ကို ထိခိုက်မှု မရှိခဲ့ပေ။
“ရှင် ဘယ်သူလဲ။”
နန်းကုန်းယွဲ့ဟွာ၏ လေသံသည် အလွန်အမင်း အေးစက်ပြတ်သားနေ၏။
လုချန်းက တည်ငြိမ်စွာဖြင့်
“အရှင်မနဲ့ အရှင်မရဲ့ ညီမက တစ်ပုံစံတည်း ပါလား။ အမြဲတမ်း ကိုယ်ထိလက်ရောက် လုပ်ဖို့ပဲ ကြိုးစားနေတာပဲ။ အရှင်မသာ ကျွန်တော့်ကို မတော်တဆ သတ်မိသွားရင် ကောင်းကင်နတ်ဆိုး စွမ်းအားကို ထိန်းချုပ်မယ့်သူ မရှိတော့ဘူး။ အဲ့ဒါဆို ကောင်းကင်နတ်ဆိုးက သူ့ရဲ့ ချိပ်ပိတ်တံဆိပ်ကို ဖောက်ထွက်သွားတဲ့အခါ ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေ အားလုံး အစားခံရဖို့ပဲ ရှိတော့တယ်။”
လုချန်း၏ စကားများကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာလည်း သူမ၏ စိတ်ခံစားချက်များကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်သည်။
သူမက
“ရှင်က သူ ကျွန်မညီမမှန်း သိမှတော့ ဒါကို သိတဲ့သူတွေအတွက် တစ်ခုတည်းသော လမ်းပဲ ရှိတယ်ဆိုတာ ရှင် ရှင်းရှင်းလင်းလင်း သိသင့်တယ်။”
သွေးသက်တံ့ရဲတိုက်သည် ကျိယန်ကမ္ဘာရှိ အကြီးဆုံး နတ်ဆိုး ကျင့်ကြံသူ အင်အားစု ဖြစ်သည်။ အကယ်၍ သွေးသက်တံ့ရဲတိုက်၏ ပိုင်ရှင်သည် ကျိရှောင်နိုင်ငံတော် ဧကရီ၏ ညီမ ဖြစ်ကြောင်း လူများ သိသွားပါက ကျိရှောင်နိုင်ငံတော်သည် သွေးသက်တံ့ရဲတိုက်နှင့် ပူးပေါင်းနေသောမကောင်းဆိုးဝါး အင်အားစုတစ်ခု ဖြစ်သည်ဟု လူများတွေးထင်သွားကြမည် မဟုတ်ပါလား။
ထို့ပြင် သူမ နန်းတက်လာသည်မှာ မကြာသေးပေ။ အကယ်၍ ကျိရှောင်နိုင်ငံတော်၏ အရာရှိဟောင်းများက ဤအကြောင်းကို သိသွားပါက ဒါကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ သူမအား နန်းချရန် အဆိုပြုကြမည်မှာ သေချာ၏။
နန်းကုန်းယွဲ့ဟွာက
“ကျွန်မ ရှင့်ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ကျွန်မနဲ့အတူ ကျိရှောင်နိုင်ငံတော်ကို လိုက်မှာလား ဒါမှမဟုတ် သေမလား။”
ဤလူသည် သူမနှင့် နန်းကုန်းချင်ရ၏ ပတ်သက်မှုသိနေသည့်အတွက် သူ့အား လနက်မြို့တွင် ဆက်လက် နေထိုင်ခွင့် ပေး၍ မဖြစ်တော့ပေ။ အကယ်၍ ထိုသတင်း အပြင် ထွက်သွားပါက သူမထံသို့ ကြီးမားသော ဒုက္ခများ သယ်ဆောင်လာလိမ့်မည်ဖြစ်သည်။
ထိုအခိုက်တွင် လုချန်းက နန်းကုန်းချင်ရ ပေးထားသော အထောက်အထား တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး
“နန်းကုန်း ဂိုဏ်းချုပ်က လနက်မြို့ကို စောင့်ကြပ်ပြီး နတ်ဆိုးဒီရေ ပျံ့နှံ့မှုကို တားဆီးဖို့ ကျွန်တော့်ကို ညွှန်ကြားခဲ့တယ်။ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ခေါ်သွားဖို့ ကြိုးစားရင် ဒီတံဆိပ်ပြားကို ချက်ချင်း အသက်သွင်းလိုက်ဖို့ သူက ကျွန်တော့်ကို မှာခဲ့တယ်။ ဒါကို အသက်သွင်းလိုက်ရင် သူ ကျွန်တော့်ရှေ့ကို မကြာခင် ရောက်လာလိမ့်မယ်။”
“အရှင်မက ကျွန်တော့်ကို အတင်းအကျပ် ခေါ်သွားမယ်ဆိုရင်တော့ ကျွန်တော့်မှာ ဒီတံဆိပ်ပြားကို အသက်သွင်းဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး။ အရှင်မတို့ ညီအစ်မတွေ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာလောက်ပြီ ထင်တယ်။”
လုချန်း၏ လက်ထဲမှ တံဆိပ်ပြားကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာ မျက်မှောင်ကြုတ်သွားသည်။ အကြောင်းမှာ ၎င်းသည် အမှန်တကယ်ပင် သွေးသက်တံ ရဲတိုက်သခင် တံဆိပ်ပြား ဖြစ်နေပြီး လုချန်းက စိတ်ဝိညာဉ် စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ရုံဖြင့် ၎င်းကို အသက်သွင်းနိုင်သောကြောင့် ဖြစ်၏။
နန်းကုန်းယွဲ့ဟွာ သူမ၏ ညီမကို တွေ့ဆုံလိုစိတ် မရှိပေ။ အကြောင်းမှာ နန်းကုန်းချင်ရသည် နတ်ဆိုး ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး သူမကိုယ်တိုင်ကတော့ ကျိရှောင်နိုင်ငံတော်၏ ဧကရီ ဖြစ်နေသောကြောင့်ဖြစ်သည်။
တစ်ဦးက အဖြူရောင် ဘက်တော်သား တစ်ဦးက အမှောင်လောကသားဖြစ်သည်။ သူတို့ ညီအစ်မ နှစ်ဦးသည် ဤဘဝတွင် ရန်သူများ ဖြစ်လာရန် ကံကြမ္မာ ပါလာခဲ့ပုံရသည်။
ခဏခန့် စဉ်းစားပြီးနောက် နန်းကုန်းယွဲ့ဟွာ သိလိုက်သည်က နန်းကုန်းချင်ရပင် လုချန်းကို ခေါ်မသွားခဲ့ဟူသော အချက်ဖြစ်သည်။ အကယ်၍ သူမက လုချန်းကို ယခု ခေါ်သွားပါက သွေးသက်တံရဲတိုက်က သေချာပေါက် တံခါးလာခေါက်ပေလိမ့်မည်။
ထို့ပြင် အခြား အင်အားစုတွေလည်း လုချန်းကို မျက်စိကျနေကြပြီဖြစ်သည်။ အနာဂတ်တွင် သူ့အတွက် ယှဉ်ပြိုင်မည့် အင်အားစုများ ပို၍ ပို၍ များလာလိမ့်မည်။
ဤအခြေအနေမျိုးတွင် လုချန်းအား လနက်မြို့တွင် စောင့်ကြပ်ခိုင်းထားလိုက်ခြင်းက ပိုကောင်းနိုင်သည်။ ဒါက နတ်ဆိုးဒီရေ ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး ကောင်းကင်နတ်ဆိုး ချိပ်ပိတ်တံဆိပ် ဖောက်ထွက်ခြင်းကို နှေးကွေးစေမည် ဖြစ်၏။
ကျိရှောင်နိုင်ငံတော်နှင့် သွေးသက်တံရဲတိုက် နှစ်ခုစလုံးက လုချန်းအား လနက်မြို့ကို စောင့်ကြပ်စေရန် ကြေညာထားသရွေ့ အခြား အင်အားစုများလည်း လုချန်းကို ပစ်မှတ်ထားရဲတော့မည် မဟုတ်ပေ။ အကြောင်းမှာ လုချန်းကို ခေါ်သွားရန် ကြိုးစားသူ မည်သူမဆို နတ်ဆိုး ကျင့်ကြံသူ အဖြစ် သတ်မှတ်ခံရနိုင်သောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဒီရေ ပျံ့နှံ့စေလိုပြီး ကောင်းကင်နတ်ဆိုးကို လွှတ်ပေးလိုသူများသာလျှင် လုချန်း လနက်မြို့ကို စောင့်ကြပ်သည်ကို မလိုလားကြမည် ဖြစ်သောကြောင့်တည်း။
ထိုသို့ တွေးလျက် နန်းကုန်းယွဲ့ဟွာလည်း လုချန်းကို လွှတ်ပေးလိုက်တော့သည်။ ထို့နောက် ကျောက်စိမ်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ စိတ်ဝိညာဉ် စွမ်းအားဖြင့် သူရှေ့သို့ တိုက်ရိုက် ပို့လွှတ်ပေးလိုက်သည်။
“ကျွန်မနဲ့ သူကြားက ဆက်ဆံရေးကို ရှင်ဖွင့်ချလိုက်မယ်ဆိုရင်တော ရှင်က ကျိယန်ကမ္ဘာအတွက် ဘယ်လောက်ပဲ အရေးကြီးနေပါစေ ရှင်ရဲ့ အသက်ကို ကျွန်မကိုယ်တိုင် လာယူမယ်။”
“ဒီတံဆိပ်ပြားထဲမှာ ဆက်သွယ်ရေး စက်ဝန်းတစ်ခု ရှိတယ်။ ရှင် အန္တရာယ်နဲ့ ကြုံတွေ့ရရင် စက်ဝန်းကို အသက်သွင်းလိုက်ရုံပဲ။ ရှင့်ကို ကယ်ဖို့ ကျွန်မတစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။”
သူမ၏ စကားများ ဆုံးသည်နှင့် နန်းကုန်းယွဲ့ဟွာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ လုချန်း သူမနှင့် နန်းကုန်းချင်ရ အကြောင်း မည်သို့ သိထားသည်ကို မေးမြန်းရန်လည်း စိတ်မဝင်စားတော့ချေ။
နန်းကုန်းယွဲ့ဟွာ တွေးမိသည်။ နန်းကုန်းချင်ရသည် ရဲတိုက်သခင် တံဆိပ်ပြားကိုပင် လုချန်းထံသို့ လွှဲပြောင်းပေးခဲ့သည်။ ဒါက သူမ လုချန်းအား အလွန် တန်ဖိုးထားကြောင်း သက်သေပြနေသည်။ သူမ၏ အစ်မ လာမည်ကို သူမ ကြိုတင် ခန်မှန်းထားခဲ့သောကြောင့် သူတို့၏ ဆက်နွယ်မှုကို လုချန်းအား အသိပေးထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။