မုကျိရွှမ်း၏ ရင်သွေးကမ္ဘာ ရင့်ကျက်လာခြင်း
Vol. 71 Ch. 1063
နန်းကုန်းယွဲ့ဟွာ၏ အငွေ့အသက် လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချွေးများ စီးကျနေသော ကျိချိုးယုလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ နန်းကုန်းယွဲ့ဟွာက အကျိုးဆက်များကို ထည့်မတွက်ပဲ လုချန်းကို ခေါ်ဆောင်သွားလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့၏။
ထိုအချိန်တွင် ကျိချိုးယု လုချန်းအား ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး
“ရှင်ခုနက ‘အရှင်မရဲ့ ညီမတော်’ လို့ ပြောလိုက်တာက သွေးသက်တံရဲတိုက် သခင်မကို ရည်ညွှန်းလိုက်တာလား။”
ဟု စူးစမ်းစွာ မေးလိုက်သည်။
ကျိချိုးယုသည် ယခင်က သွေးသက်တံရဲတိုက် သခင်မ၏ အမည်ကို မသိခဲ့ပေ။ သို့သော် နန်းကုန်းချင်ရ လာရောက်လည်ပတ်ခဲ့စဉ်က သူမကိုယ်သူမ မိတ်ဆက်ခဲ့၏။
သူမ၏ မျိုးရိုးနာမည်မှာလည်း နန်းကုန်း ဖြစ်နေပြီး လုချန်းကလည်း နန်းကုန်းယွဲ့ဟွာ၏ ညီမတော် လာရောက်လည်ပတ်ခဲ့သည်ဟု ပြောခဲ့သည်။ ထိုသို့ တစ်ဦးတည်းသော လာရောက်ခဲ့သူမှာ နန်းကုန်းချင်ရ ဖြစ်၏။
ထို့ကြောင့် နန်းကုန်းယွဲ့ဟွာ၏ ညီမတော် ဟူသော လုချန်း ရည်ညွှန်းခဲ့သူသည် သွေးသက်တံရဲတိုက် သခင်မ နန်းကုန်းချင်ရ ဖြစ်ကြောင်း သက်သေပြနေသည်။
ထိုအချက်က ကျိချိုးယုအား အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ မကောင်းဆိုးဝါး အင်အားစု သွေးသက်တံ့ရဲတိုက်၏ ခေါင်းဆောင်သည် ကျိရှောင်နိုင်ငံတော် ဧကရီ၏ သွေးသားတော်စပ်သော ညီမ ဖြစ်နေသည်ဟူသော အချက်သာ အပြင်သို့ ပေါက်ကြားသွားပါက ပြဿနာများစွာအား လက်ယပ်ခေါ်သလို ဖြစ်သွားပေမည်။
လုချန်းက ကျိချိုးယုကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး
“သူတို့ရဲ့ မျိုးရိုးနာမည်တွေက တော်တော်လေး ဆင်တူတယ်လို့ မထင်ဘူးလား။”
ကျိချိုးယုက အနည်းငယ် ဆွံ့အသွားဟန်ဖြင့်
“မျိုးရိုးနာမည်တစ်ခုတည်းနဲ့ ဧကရီနဲ့ သူက သွေးသား ညီအစ်မတွေလို့ ရှင်က ကောက်ချက်ချလိုက်တာလား။”
လုချန်း ကျိချိုးယုထံသို့ လျှောက်သွားပြီး သူ၏ လက်များဖြင့် သူမ၏ ခါးကို သိုင်းဖက်လိုက်ကာ သူမ၏ နားနားကပ်၍
“အဲ့ဒီလိုလည်း မဟုတ်ဘူး။ အဓိက အကြောင်းရင်းက သူတို့က အရမ်း ရုပ်တူနေလို့ပဲ။ ကျွန်တော် ဧကရီကို ပထမဆုံး မြင်တော့ သွေးသက်တံ့ရဲတိုက်ရဲ့ ရဲတိုက်သခင်မ ပြန်ရောက်လာပြန်ပြီလို့ ထင်လိုက်တာ။”
ခဏခန့် စဉ်းစားပြီးနောက် လုချန်း၏ ခန့်မှန်းချက်တွင် အကြောင်းရင်း ခိုင်လုံမှု အချို့ ရှိသည်ဟု ကျိချိုးယု ခံစားမိ၏။ နန်းကုန်းချင်ရသည် အမှန်တကယ်ပင် နန်းကုန်းယွဲ့ဟွာနှင့် ရုပ်ချင်း ဆင်တူ၏။ သို့သော် တစ်ဦးက အမှန်တရား ဘက်တော်သား ခေါင်းဆောင် ဖြစ်ပြီး အခြားတစ်ဦးက မကောင်းဆိုးဝါး ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်နေသည်။ လူအနည်းငယ်သာ သူတို့နှစ်ဦးကြား ဆက်စပ်မှုကို တွေးမိနိုင်ကြမည် ဖြစ်သည်။
ကျိချိုးယုက
“အခု ကျွန်မတို့မှာ သွေးသက်တံ့ရဲတိုက်က ရဲတိုက်သခင်မရဲ့ တံဆိပ်ပြားရော ဧကရီရဲ့ ကျောက်စိမ်းဆွဲသီးရော ရှိနေပြီဆိုတော့ တခြား အင်အားစုတွေက ရှင့်ကို ထိခိုက်အောင် မလုပ်ရဲတော့လောက်ဘူး။”
လုချန်းက
“ဒါက မသေချာဘူး။”
“ကျိယန်ကမ္ဘာထဲမှာ နတ်ဆိုး ကျင့်ကြံသူ တချို့ ရှိရမယ်။ ဟုတ်တယ်မလား။ ကျွန်တော်က နတ်ဆိုးဒီရေ ပျံ့နှံ့မှုကို ရပ်တန့်စေခဲ့ပြီး ကောင်းကင်နတ်ဆိုး ချိပ်ပိတ်တံဆိပ်ကို ဖောက်ထွက်မယ့် အရှိန်ကို နှေးကွေးစေခဲ့တယ်။ ဒီတော့ ဒီ နတ်ဆိုး ကျင့်ကြံသူတွေရဲ့ အမြင်မှာ ကျွန်တော်က သူတို့ မျက်စိထဲက ဆူးတစ်ချောင်းပဲ။ သူတို့ သေချာပေါက် ဖယ်ရှားပစ်ချင်တဲ့ ပစ်မှတ်တစ်ခုပဲ။”
ထိုသို့ ပြောရင်း လုချန်း သူ၏ လက်ကို မြှောက်ကာ ကျိချိုးယု၏ ဆံပင်ကို ပွတ်သပ်လိုက်ပြီး
“သူတို့က ကျွန်တော့်ကိုပဲ ပစ်မှတ်ထားတယ်ဆိုရင် ကျွန်တော် တကယ် မစိုးရိမ်ပါဘူး။ ကျွန်တော် အကြောက်ဆုံးက နတ်ဆိုး ကျင့်ကြံသူ တချို့က ခင်ဗျားနဲ့ ကျွန်တော်ရဲ့ ပတ်သက်မှုကို သိသွားပြီး ခင်ဗျားကို ထိခိုက်အောင် လုပ်မှာကိုပဲ။”
လုချန်း၏ စကားများကို ကြားသောအခါ ကျိချိုးယု အလွန် စိတ်ထိခိုက်သွားပြီး
“စိတ်ချပါ။ တစ်နေ့နေ့မှာ ကျွန်မ တကယ် အန္တရာယ်နဲ့ ရင်ဆိုင်ရပြီး တစ်ယောက်ယောက်က ကျွန်မကို သုံးပြီး ရှင့်ကို ခြိမ်းခြောက်ဖို့ ကြိုးစားလာခဲ့ရင် ကျွန်မ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်မယ်။ ရှင့်ရဲ့ အားနည်းချက် ဖြစ်မလာစေရဘူး။”
လုချန်းက
“ချိုးယု။ ဒီလို အတွေးမျိုးတွေ မတွေးပါနဲ့။ တစ်ယောက်ယောက်က ခင်ဗျားကို သုံးပြီး ကျွန်တော့်ကို တကယ် ခြိမ်းခြောက်လာခဲ့ရင် သူတို့ကို လုပ်ခွင့်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်တော် အခု ရုပ်သေး ခန္ဓာကိုယ် တစ်ခု ဖြစ်နေမှန်း မသိဘူးလေ။ သူတို့ ကျွန်တော့်ကို သတ်လိုက်ရင်တောင် ကျွန်တော့်ရဲ့ ပင်မခန္ဓာကိုယ်က နည်းနည်းလေးတောင် ထိခိုက်မှာ မဟုတ်ဘူး။”
လုချန်း ထိုသို့ ပြောလိုက်သည်နှင့် ကျိချိုးယုလည်း ချက်ချင်း သဘောပေါက်သွားသည်။ ဟုတ်ပါသည်။ လုချန်းသည် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်၏။ ၎င်း ပျက်စီးသွားလျှင်ပင် သူ၏ ပင်မခန္ဓာကိုယ်က မည်သည့် အန္တရာယ်မှ ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူမ အနေနှင့် သူ၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ သူ၏ ပင်မခန္ဓာကိုယ် ထွက်မလာသရွေ့ ထို နတ်ဆိုး ကျင့်ကြံသူများ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် တစ်ဖန်ပြန်စဉ်းစားကြည့်လျှင် အကယ်၍ လုချန်း၏ ပင်မခန္ဓာကိုယ် ဘယ်တော့မှ ပေါ်မလာခဲ့ပါက သူတို့နှစ်ဦးသည် စစ်မှန်သော ကျင့်ကြံဖော်မောင်နှံ ဘယ်တော့မှ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ တွေးမိသောအခါ ကျိချိုးယု၏ ပါးပြင်များ နီမြန်းသွား၏။ တစ်ဖက်တွင် သူမသည် လုချန်း၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေပြီး အခြားတစ်ဖက်တွင်မူသူ၏ ကျင့်ကြံဖော်မောင်နှံ အမြန်ဆုံး ဖြစ်လာရန် တောင့်တနေခဲ့သည်။ ၎င်းက သူမ၏ နှလုံးသားထဲတွင် ပဋိပက္ခ ဖြစ်နေစေခဲ့သည်။
သို့သော် လုချန်း၏ လုံခြုံရေးက ပိုအရေးကြီးသည်။ သူမတို့ ကျင့်ကြံဖော်မောင်နှံ ဖြစ်လာရေးက ဒုတိယ ဦးစားပေးသာဖြစ်သည်။ အကယ်၍ လုချန်း တစ်စုံတစ်ခု ဖြစ်သွားပါက သူတို့နှစ်ဦးတွင် အတူတကွ ဖြတ်သန်းရန် အနာဂတ် ရှိလိမ့်မည် မဟုတ်ပေ။
…….
ရက်အနည်းငယ် ကြာပြီးနောက်။
ထျန်းချန်ကမ္ဘာတွင်။
လုချန်း၏ ပင်မခန္ဓာကိုယ်သည် ယွမ်ရှန်ရှန်နှင့်အတူ ကုတင်ပေါ်တွင် လူးလွန့်နေဆဲဖြစ်ပြီး ယွမ်ချင်းရှု ရောက်ရှိလာမည်ကို လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပုံရ၏။
ဤရက်များအတွင်း လုချန်း၏ ပြုစုပျိုးထောင်မှုဖြင့် ယွမ်ရှန်ရှန်၏ ကျင့်စဉ်အဆင့်သည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်၏ တတိယအလွှာသို့ ရောက်ရှိခဲ့သည်။ ယခု ရှန်ဟွေ သံချပ်ကာ၏ အထောက်အပံ့ဖြင့် ယွမ်ရှန်ရှန်၏ တစ်ကိုယ်ရည် အင်အားသည် နတ်ဘဝပြောင်းလဲခြင်း အဆင့်ကိုပင် ရောက်လာနိုင်ပြီ ဖြစ်သည်။
ဟုတ်ပါသည်။ နတ်ဘဝပြောင်းလဲခြင်း အဆင့်၏ အင်အား ရှိနေလျှင်ပင် သူမသည် သူမ၏ ဆရာမ ယွမ်ချင်းရှု၏ ပြိုင်ဘက် ဖြစ်နိုင်ဖွယ် မရှိပေ။ အဓိကအားဖြင့် သူမ၏ ဆရာမတွင် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။ ထိုအချက်က သူမ၏ ကြောက်မက်ဖွယ် အင်အားကို ယွမ်ချင်းရှု၏ ရှေ့မှောက်တွင် အသုံးမဝင် ဖြစ်စေသည်။
ဤရက်များအတွင်း လုချန်း၏ ကျင့်စဉ်အဆင့် တိုးတက်မှုသည်လည်း ယွမ်ရှန်ရှန်နှင့် နှိုင်းယှဉ်ပါက နှေးကွေးသော်လည်း လျင်မြန်စွာ တိုးတက်နေခဲ့သည်။
လုချန်းသည် ကုတင်ပေါ်တွင် ဘေးတစောင်း လှဲလျောင်းရင်း သူ၏ လက်မောင်းက ယွမ်ရှန်ရှန်၏ ခါးကို သိုင်းဖက်ထားကာ သူမ၏ လှပသော မျက်နှာကို စိုက်ကြည့်နေ၏။ ယွမ်ရှန်ရှန်က
“ရှင်က ကျွန်မ ဆရာမ ရောက်လာမှာကို ဒီအတိုင်းကြီးပဲ ထိုင်စောင့်နေဖို့ တကယ်စဉ်းစားထားတာတော့ မဟုတ်ဘူးမလား။”
ဤ ပုန်ကန်တတ်သော တပည့်သည် သူမနှင့် ဆက်လက်ရင်းနှီးနေခဲ့သည်။ ပုံမှန် အခြေအနေတွင်ဆိုပါက လပေါင်းများစွာ ကြာလျှင်ပင် သူမ စိုးရိမ်မည် မဟုတ်ပေ။ အကြောင်းမှာ သူသည် သူ၏ အခြား အမျိုးသမီးများ အားလုံးကိုလည်း အလားတူ ကြာမြင့်စွာ ရင်းနှီးတတ်ပြီး ထိုသို့လုပ်နိုင်သော စွမ်းဆောင်နိုင်ရည်များ ရှိသောကြောင့် ဖြစ်၏။
သို့သော် သူမ၏ ဆရာမသည် ထျန်းချန်ကမ္ဘာသို့ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ပြီး သူမ၏ တိကျသော နေရာကိုလည်း ရှာဖွေနိုင်သည်။ သူမ၏ ဆရာမ ထျန်းချန်ကမ္ဘာသို့ဝင်လာသည်နှင့် သူတို့၏ ရှေ့မှောက်သို့ ချက်ချင်း ပေါ်လာနိုင်၏။ ထိုအခြေအနေတွင်တောင် ဤပုန်ကန်တတ်သော တပည့်က သူမအား လက်မလွှတ်သေးပဲ သူမအပေါ် ဤအရာများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။
လုချန်းက သူတို့နှစ်ဦး ရင်းနှီးနေသည်ကို သူမ၏ ဆရာမအား တမင်သက်သက် မြင်စေလိုခြင်း ဖြစ်နိုင်သည်ဟု ယွမ်ရှန်ရှန် သံသယဝင်မိသည်။
လုချန်းက
“ကျွန်တော်က ကိုယ့်အင်အားကို မြှင့်တင်ဖို့ ဒါကို လုပ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဆရာမကြီးက အရမ်း အစွမ်းထက်တော့ ကျွန်တော့်ရဲ့ လက်ရှိ အင်အားက သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူး။”
ယွမ်ရှန်ရှန် လုချန်းအား လှမ်းကြည့်လိုက်သည်။ သူသည် အမှန်တကယ် ကျင့်ကြံနေပြီး စုံတွဲကျင့်စဉ်များမှတစ်ဆင့် သူ၏ အင်အားကို မြှင့်တင်နေသည်ဟု သူမ မယုံကြည်ပေ။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက သူမ သိသိသာသာ ခံစားခဲ့မိလိမ့်မည် ဖြစ်သည်။ ပြီးခဲ့သော ရက်များအတွင်း သူသည် သာယာမှုသက်သက်ကိုသာ လိုက်စားနေပုံရ၏။
ယွမ်ရှန်ရှန်၏ စိတ်ထဲ ‘ကောင်းပြီလေ။ ဖြစ်ချင်တာ ဖြစ်တော့’ ဟု တွေးလိုက်သည်။ ဤ ပုန်ကန်တတ်သော တပည့်၏ အမူအရာကို ကြည့်ရသလောက်တော့ လိုအပ်သော ပြင်ဆင်မှုများ အားလုံးကို ကြိုတင် ပြုလုပ်ပြီးသား ဖြစ်ပုံရသည်။ သူမ အလွန်အမင်း စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။
ယွမ်ရှန်ရှန် ထိုသို့ တွေးနေစဉ်မှာပင် လုချန်း၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအား လှိုင်းများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ဤ စိတ်ဝိညာဉ် စွမ်းအား လှိုင်းများသည် ချက်ချင်း ပျံ့နှံ့သွားပြီး နဂါးနက်မြို့ရှိ ကျင့်ကြံသူများ အားလုံး ၎င်းကို ခံစားမိလိုက်ကြသည်။
ဒါက...
လုချန်း၏ ခါးကို ပွေ့ဖက်ထားသော ယွမ်ရှန်ရှန်သည်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် စွမ်းအား တိုးမြင့်လာမှုကို ခံစားမိပြီးနောက် ကြောင်သွားခဲ့သည်။
ဤ ပုန်ကန်တတ်သော တပည့်က အမှန်တကယ်ပဲ ကျင့်ကြံနေခဲ့တာလား။
သူ ဒီလောက်မြန်မြန် နောက်ထပ် အဆင့်တက်သွားခဲ့ပြီလား။
ပြီးခဲ့သော ရက်များအတွင်း သူ၏ထံတွင် မည်သည့် စိတ်ဝိညာဉ် စွမ်းအား စီးဆင်းမှုကိုမှ သူမ မခံစားမိခဲ့ပေ။
သူ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဤမျှ တိတ်ဆိတ်စွာ အဆင့်တက်နိုင်ခဲ့ပါသနည်း။
ယွမ်ရှန်ရှန်၏ စိတ်များ လွင့်မျောနေစဉ် လုချန်းသည်လည်း အနည်းငယ် ကြောင်ငေးနေပုံရသည်။ သူ၏ မျက်နှာသည် သူ၏ ရှေ့မှောက်မှ စနစ် အသိပေးချက်ကို ဖတ်ရှုရင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။
[ဂုဏ်ယူပါတယ်။ သခင့်ရဲ့ ဇနီး မုကျိရွှမ်းက ရင်သွေးကမ္ဘာ တစ်ခုကို မွေးဖွားပေးခဲ့ပါပြီ။ ဆုလာဘ်: သူတော်စင်အဆင့် ကျင့်စဉ်ဖြစ်သော ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်။]
[မုကျိရွှမ်းရဲ့ ကမ္ဘာက ကိုးကွယ်တတ်တဲ့ သတ္တဝါတွေကို မွေးထုတ်ပေးလိုက်ပါပြီ။ သခင်က စကြာဝဠာရဲ့ မူလစွမ်းအားကို ရရှိခဲ့ပါတယ်။]
ဒါက...
သတိပြန်ဝင်လာပြီးနောက် သူ၏ စိတ်အာရုံကို မုကျိရွှမ်း ပျိုးထောင်ခဲ့သော ရင်သွေးကမ္ဘာထဲသို့ ချက်ချင်း ဝင်ရောက်ခွင့် ပြုလိုက်သည်။
မုကျိရွှမ်း ဖန်တီးခဲ့သော ရင်သွေးကမ္ဘာထဲတွင် အမြီးများ ပါရှိသော လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါမျိုးနွယ် အချို့သည် မုကျိရွှမ်းနှင့် လုချန်းတို့၏ ကျောက်ရုပ်တု အများအပြားကို ထွင်းထုထားခဲ့ပြီး ထိုရုပ်တုများ၏ ရှေ့မှောက်တွင် ၎င်းတို့၏ ဦးခေါင်းများကို ညွှတ်ကိုင်း အရိုအသေ ပေးနေကြ၏။
လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ချူးယုချင်၏ ရင်သွေးကမ္ဘာသည် ပထမဆုံး ပျိုးထောင်ခံခဲ့ရသော်လည်း ယနေ့ အချိန်အထိ အသိဉာဏ် ရှိသော မည်သည့် သတ္တဝါကိုမှ မွေးထုတ်ပေးနိုင်ခြင်း မရှိသေးပေ။ ဆန့်ကျင်ဘက်အားဖြင့် ယခုလေးတင်မှ ရင့်ကျက်လာသော မုကျိရွှမ်း၏ ကမ္ဘာတွင်မူ အသိဉာဏ်ရှိသော သက်ရှိများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
လုချန်းသည် သူ၏ ကျောက်ရုပ်ထုများကို ဒူးထောက် ကိုးကွယ်နေကြသော လူတစ်ပိုင်း ငါးတစ်ပိုင်း မျိုးနွယ်များကို တစ်ချက် လှမ်းကြည့်လိုက်ရင်း စိတ်ရှုပ်ထွေးမှု အနည်းငယ် ခံစားလိုက်ရသည်။ မုကျိရွှမ်း၏ ရင်သွေးကမ္ဘာထဲတွင် ပျိုးထောင်ခဲ့သော သတ္တဝါများသည် သူ၏ ကိုယ်ပိုင် သားသမီးများ ကဲ့သို့ပင် ဖြစ်၏။
ဤ လူတစ်ပိုင်း ငါးတစ်ပိုင်း မျိုးနွယ်များကို သူ၏ ကိုယ်ပိုင် မျိုးဆက်များအဖြစ် သတ်မှတ်နိုင်၏။ ရင်သွေးကမ္ဘာထဲရှိ အချိန် စီးဆင်းမှုသည် အပြင်ကမ္ဘာထက် ပိုမို မြန်ဆန်သည့်အတွက် သူသည် နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင် မျိုးဆက်များထက် အသက်ပိုရှည်ရခြင်း၏ နာကျင်မှုကို ခံစားရပေလိမ့်မည်။