ဆရာမကြီး ရောက်လာတော့မယ်ထင်တယ်
Vol. 71 Ch. 1064
လုချန်းသည် လူတစ်ပိုင်း ငါးတစ်ပိုင်းများ၏ လှုပ်ရှားမှုတိုင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာကာ မုကျိရွှမ်း၏ ရင်သွေးကမ္ဘာမှ ထွက်ခွာသွားသည်။
သူ၏ စိတ်အာရုံ ပြန်ရောက်လာချိန်တွင် ယွမ်ရှန်ရှန် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ လုချန်းက ပြုံးလိုက်ပြီး
“ဆရာမ။ ဘာလို့ ကျွန်တော့်ကို ဒီလိုကြီး စိုက်ကြည့်နေတာလဲ။”
ယွမ်ရှန်ရှန်က မျက်နှာထားတည်တည်ဖြင့်
“ကျွန်မ တော်တော် သိချင်နေတာ။ ရှင်ဘယ်လိုနည်းနဲ့ ကျင့်စဉ်အဆင့်တက်သွားရတာလဲ။”
“ခုနကမှ ယင်ယန်အဆင့် နံပါတ်ငါး အလွှာမှာ ရှိနေသေးတာ။ ဒါပေမဲ့ ခုနလေးတင် ရှင့်ရဲ့ ကျင့်စဉ်အဆင့်က ဥပဒေ နိယာမ အလုံးစုံအဆင့် နံပါတ်ငါးအလွှာအထက်ကို ချက်ချင်း တက်သွားတယ်။ ပြီးတော့ ရှင့်ဆီက ထူးခြားတဲ့ ဖိအားတစ်မျိုး ထွက်နေသလိုပဲ။ ရှင့်ကိုကြည့်ရင်း မရေမတွက်နိုင်အောင်များတဲ့ ကမ္ဘာတွေကို မြင်နေရသလို ခံစားရတယ်။”
လုချန်းက ခပ်ရေးရေး ပြုံးလိုက်သော်လည်း အဖြေမပေးခဲ့ပေ။ သူ၏အင်အား လျင်မြန်စွာ တိုးတက်လာရခြင်း၏ အကြောင်းရင်းမှာ အဓိကအားဖြင့် စကြဝဠာ၏ မူလစွမ်းအားကြောင့် ဖြစ်၏။ ထိုမူလစွမ်းအားကို ရရှိပြီးနောက် လုချန်းသည် စကြဝဠာတစ်ခုလုံးနှင့် သွေးသားတော်စပ်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ယခုဆိုလျှင် ထျန်းချန်ကမ္ဘာတစ်ခုလုံးကို တတိယလူရှုထောင့်မှပင် လေ့လာနိုင်ပြီ ဖြစ်သည်။
လက်ရှိတွင် သူသည် စကြာဝဠာ မူလစွမ်းအား အစအနမျှကိုသာ ရရှိထားသေး၏။ အကယ်၍ သူသာ စကြဝဠာ၏ မူလစွမ်းအားများကို ပိုမိုရရှိနိုင်ဦးမည်ဆိုလျှင် မည်သို့ဖြစ်လာမည်မှန်း သူ စိတ်ကူးဖြင့်ပင် မတွေးရဲပေ။
လုချန်းထံမှ တုံ့ပြန်မှု မလာသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က
“ရှင်လည်း ကျွန်မလိုပဲ ကိုယ်ပိုင်စွမ်းအားတွေ ချိပ်ပိတ်ခံထားရတာ ဖြစ်ရမယ်။ ရှင်အခု ချိပ်ပိတ်ထားတာကို ချိုးဖျက်လိုက်နိုင်လိုက်တော့ ရှင့်ရဲ့ အင်အားတွေ ပြန်ရလာတာမလား။”
ဤရှင်းပြချက်က အတော်လေး ကောင်းသည်ဟု တွေးမိပြီး လုချန်းက
“ဆရာမရဲ့ ခန့်မှန်းချက် မမှားပါဘူး။ ကျွန်တော့်စွမ်းအားတွေ တကယ်ပဲ ချိပ်ပိတ်ခံခဲ့ရတာပါ။”
လုချန်း၏ အဖြေကို ကြားသောအခါ ယွမ်ရှန်ရှန်၏ စိတ်နှလုံးထဲ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
ဒီလူသည် ယခင်က သူမထက်ပင် ပို၍ အင်အားကြီးမားခဲ့မည်မှာ သေချာသည် မဟုတ်ပါလား။
သူမသည် လုချန်းထက် အင်အားနိမ့်ပါးသော်လည်း သူ၏ ဆရာမ ဖြစ်လာခဲ့သည်။ ဒါက မည်သို့မှ မသင့်တော်ဟု ထင်ရသည်။
သို့သော် သူမက လုချန်းအား သူမ၏တပည့်အဖြစ် လက်ခံခဲ့သည့်နေ့မှစ၍ ထိုဆရာကိုပြစ်မှားသောတပည့်သည် သူမကို သူ၏ ဆရာမအဖြစ် မည်သည့်အခါကမှ အမှန်တကယ် သဘောထားခဲ့ခြင်း မရှိချေ။ အစကတည်းက သူမ၏ခန္ဓာကိုယ်ကိုသာ လိုချင်နေခဲ့ခြင်းဖြစ်သည်။
ဆရာတပည့်ဟု ခေါ်ဆိုသော ဆက်ဆံရေးသည် ထိုလူအတွက်တော့ သရုပ်ဆောင်တမ်း ကစားခြင်းဖြင့် သူ၏ စိတ်ဝင်စားမှုတစ်ခုကို ဖြည့်ဆည်းသည့် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ သူ့နောက်သို့ ဤမျှကြာအောင် လိုက်ပါခဲ့ပြီးဖြစ်သဖြင့် သူ မည်သို့သောလူစားမျိုးဖြစ်သည်ကို သူမ ကောင်းစွာ သိနေပြီဖြစ်သည်။ သရုပ်ဆောင်တမ်းကစားခြင်းသည် ထိုဆရာကိုပြစ်မှားသောတပည့် အနှစ်သက်ဆုံးအရာ ဖြစ်သည်။
ထိုသို့တွေးမိရင်း သူမ၏ စိုးရိမ်မှုများကို ယွမ်ရှန်ရှန် လွှတ်ချလိုက်သည်။ ဆရာမ ဟူသော ဂုဏ်ပုဒ်သည် အမည်တစ်ခုမျှသာ ဖြစ်ပြီး ၎င်းကို အလေးအနက်ထားရန် မလိုအပ်တော့ပေ။
ဤအချိန်တွင် လုချန်းသည် ယွမ်ရှန်ရှန်၏ ခါးကို ဆက်လက်ပွေ့ဖက်ထားပြီး သူတို့၏ ခန္ဓာကိုယ်များကို ပိုမိုနီးကပ်စေကာ ၎င်းတို့ကြားတွင် ပိုမိုရင်းနှီးသော ဆက်နွယ်မှုတစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် အခြားမည်သည့်လှုပ်ရှားမှုမှ မပြုပဲ ငြိမ်သက်စွာသာ နေနေ၏။ သူသည် ယခင်ကလည်း ထိုသို့ပင် ပြုမူလေ့ရှိသည်။ သူ၏ ဇနီးမယားများနှင့် ကုတင်ပေါ်တွင် ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်ပေါင်းများစွာ မကြာခဏ ကုန်ဆုံးလေ့ရှိသော်လည်း သူ အမြဲတမ်း လှုပ်ရှားနေခဲ့သည်တော့ မဟုတ်ပေ။ တစ်ခါတစ်ရံ ဤကဲ့သို့ တိတ်ဆိတ်စွာ ပွေ့ဖက်ထားခြင်းကလည်း အတော်လေး ခံစား၍ ကောင်း၏။
ယွမ်ရှန်ရှန်ကို ပွေ့ဖက်ထားရင်း သူရရှိထားသော စနစ်မှ ဆုလာဘ်ကို စစ်ဆေးကြည့်လိုက်သည်။
[ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်: သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအား၏ အဆင့်မြှင့်ထားသော ပုံစံ ဖြစ်သည်။ ဤကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် သခင်၏ သက်တမ်းပိုမိုရရှိနိုင်ပြီး စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်နိုင်စွမ်းအပြင် အလွန်အမင်း အစွမ်းထက်သော ကုသနိုင်စွမ်းများကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။]
မိတ်ဆက်ကို ဖတ်ရင်း လုချန်း ခဏခန့် ကြက်သေသေသွား၏။ ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အပြည့်အဝ ကျွမ်းကျင်သွားပါက သေသူကို ပြန်လည်ရှင်သန်စေနိုင်သော စွမ်းရည်များပင် ရရှိနိုင်သည်။
သို့သော် အခြေအနေတစ်ချို့တော့ ရှိသည်။ ထိုသူ၏ ခန္ဓာကိုယ်သည် ပကတိအတိုင်း ရှိရမည်ဖြစ်ပြီး သေဆုံးပြီးတာ အချိန်အရမ်း ကြာမသွားရပေ။
ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်သည် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်သည် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အပြည့်အဝ ကျွမ်းကျင်သွားခဲ့ပါက ထိုသူ၏ ဝိညာဉ်ကို ထိန်းသိမ်းထားသရွေ့ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးပေးသည်အထိ လုပ်နိုင်လာမှာလား။
လုချန်း ဤသို့ တွေးတောနေစဉ် စနစ် ၏ အသိပေးချက် ထွက်ပေါ်လာသည်။
“ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်မှာ ဒီလိုစွမ်းရည်မျိုး အမှန်တကယ် ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကို သူရဲ့ စိတ်ဝိညာဉ်ကနေတစ်ဆင့် ပြန်လည်ဖန်တီးပေးဖို့အတွက် အထူးပစ္စည်းတချို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။”
စနစ်၏ အသိပေးချက်ကို ကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွား၏။ ဒါက ပြဿနာမဟုတ်ပေ။ သူ့၌ စွမ်းရည်ရှိသရွေ့ အထူးပစ္စည်းများ ပြင်ဆင်ခြင်းသည် အသေးအဖွဲမျှသာ ဖြစ်သည်။
ထိုအတွေးဖြင့် လုချန်းက ယွမ်ရှန်ရှန်ကို ပြောလိုက်သည်။
“ရှန်။ ကိုယ့်ဆီမှာ အထူးကျင့်စဉ်တစ်ခု ရှိတယ်။ မင်း အဲဒါကို သင်ယူဖို့ စိတ်ဝင်စားလား။”
လုချန်း၏ ခေါ်ဝေါ်ပုံကို ကြားသောအခါ ယွမ်ရှန်ရှန် နှုတ်ခမ်းစူလိုက်သော်လည်း ဘာမှမပြောတော့ပေ။ သူမက စူးစမ်းစွာဖြင့်
“ဘာကျင့်စဉ်လဲ။”
လုချန်းလည်း တွန့်ဆုတ်မနေတော့ပဲ ထိုကျင့်စဉ်ကို ယွမ်ရှန်ရှန်ထံသို့ တိုက်ရိုက် ပေးအပ်လိုက်၏။ ရွှေရောင်အလင်းတန်းတစ်ခု ယွမ်ရှန်ရှန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူမ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။
ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်။
ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်၏ အစွမ်းသတ္တိများကို ခံစားမိပြီးနောက် ယွမ်ရှန်ရှန် ချက်ချင်း မှင်တက်သွား၏။ သေသူကို ပြန်ရှင်စေနိုင်သော သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုလား။
ဒါက တကယ် ဖြစ်နိုင်ပါ့မလား။
ဤဆရာကိုပြစ်မှားသောတပည့်သည် ဤသို့သော ကျင့်စဉ်မျိုးကို မည်သည့်နေရာမှ ရရှိခဲ့ပါသနည်း။
ခဏလေး...
ဤဆရာကိုပြစ်မှားသောတပည့်၏ နောက်ခံဖြင့် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို ရရှိခြင်းသည် ထင်သလောက် ထူးဆန်းလှသည် တော့ မဟုတ်ပေ။
ထို့နောက် ယွမ်ရှန်ရှန်က လုချန်းအား
“ဒီလိုအချိန်မျိုးကျမှ ရှင်က ကျွန်မကို ဒီလိုကျင့်စဉ်မျိုး ပေးတယ်ဆိုတော့ ရှင် ကျွန်မရဲ့ ဆရာမကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေတာများလား။”
ယခင်က လုချန်းသည် သူမအား ပြန်လည်သန်စွမ်းစေသောစွမ်းအားကိုသာ သင်ပေးခဲ့ပြီး ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို ပေးအပ်ခဲ့ခြင်း မရှိပေ။ သူ ထိုပညာကို လျှိုထားခဲ့ခြင်း ဖြစ်တာ ထင်ရှားသည်။ သို့သော် ယခု သူက သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို ပေးအပ်ရန် ဆန္ဒရှိနေသည်။ ဒါက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်နေသကဲ့သို့ ထင်မှတ်ရစေသည်။
မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်သည် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အပြည့်အဝ ကျွမ်းကျင်သွားသည်နှင့်တပြိုင်နက် သေသူ၏ စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားသရွေ့ ထိုသူကိုသေခြင်းမှ ပြန်လည်ခေါ်ဆောင်လာနိုင်သည်။ ဆိုလိုသည်မှာ လုချန်း တစ်ခုခု ဖြစ်သွားခဲ့လျှင်ပင် သူမက သူ၏ စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားသရွေ့ တစ်နေ့နေ့တွင် သူ့ကို ပြန်လည်ရှင်သန်စေနိုင်မည် ဖြစ်သည်။
လုချန်းက ပြုံးလျက်
“မင်းက စိတ်ကူးတွေ လျှောက်ယဉ်နေတာပဲ။ ကိုယ် လွန်ခဲ့တဲ့ ခဏကမှ မှတ်ဉာဏ်တချို့ ပြန်ရလာပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအား ကျင့်စဉ် အပြည့်အစုံကို ပြန်သတိရလာလို့ မင်းကို သင်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။”
“ဆရာမကြီး ထျန်းချန်ကမ္ဘာကို ရောက်လာတဲ့အခါ သူ့ကို ဖြေရှင်းဖို့ တစ်စုံတစ်ယောက် အလိုလို ရှိနေမှာပါ။ ကိုယ် ကိုယ်တိုင်တောင် ဝင်ပါစရာတောင် လိုမှာမဟုတ်ဘူး။”
လုချန်း ထိုသို့ ပြောသည်ကို ကြားသောအခါ သူအင်အားကြီးထွားလာပုံ၊ သူ၏ဘေးတွင် အင်အားစုသစ်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များကို အမြဲတမ်း ဆန်းကြယ်စွာ ရရှိခဲ့ပုံတို့ကို ယွမ်းရှန်ရှန် တွေးမိလိုက်သည်။
ဤလူ၏ နောက်ခံမှာ အလွန်ထူးခြားလှသည်။ သူ၏ နောက်ကွယ်တွင် အင်အားကြီးမားသော အစောင့်အရှောက်များ ရှိနေရမည်မှာ သေချာပေသည်။
ထိုအတွေးဖြင့် သူမစိတ်ထဲရှိ လုချန်း၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ လုံးဝ ပျောက်ကွယ်သွား၏။ ယခု သူမ၏ ဆရာမ၏ အခြေအနေအတွက်ပင် အနည်းငယ် စိုးရိမ်နေမိသည်။
အကယ်၍ သူမ၏ ဆရာမ ရှုံးနိမ့်သွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
သူမ လုချန်း လက်ထဲသို့ ကျရောက်သွားနိုင်၏။
သူမ၊ ချန်ဝမ်ရွန်နှင့် သူမ၏ ဆရာမတို့ စုပေါင်းပြီး လုချန်းကို ပြုစုရမည်ဟူသော အတွေးမျှဖြင့်ပင် ယွမ်ရှန်ရှန် အလွန် အနေရခက်သွားသည်။
ယွမ်ရှန်ရှန်၏ အတွေးများ လစ်ဟာနေစဉ် လုချန်းက ရုတ်တရက်
“ဆရာမကြီး ရောက်လာတော့မယ်ထင်တယ်။”
စကြာဝဠာ မူလစွမ်းအားကို ရရှိပြီးနောက် လုချန်း၏ အာရုံခံနိုင်စွမ်းများသည် မယုံနိုင်လောက်အောင် အစွမ်းထက်လာခဲ့၏။ ယွမ်ချင်းရှု ထျန်းချန်ကမ္ဘာသို့ မရောက်ရှိမီကပင် လျင်မြန်စွာ ချဉ်းကပ်လာသော နတ်လှေ နှစ်စင်းကို သူကြိုတင် အာရုံခံမိနေပြီ ဖြစ်သည်။
ထျန်းချန်ကမ္ဘာသည် နတ်ဘဝပြောင်းလဲခြင်း အဆင့် စွမ်းအားရှင်များ၏ နှောင့်ယှက်မှုကို မခံနိုင်သော ကမ္ဘာတစ်ခုမျှသာ ဖြစ်သည်။ ကမ္ဘာ၏ ပျက်စီးလွယ်မှုအား ထည့်သွင်းစဉ်းစားပြီး ထျန်းချန်ကမ္ဘာမှ ထွက်ခွာကာ ဖေးဟုန်နတ်လှေဖြင့် ယွမ်ချင်းရှုတို့ကို အာကာသထဲ၌ စောင့်နေရန် လုချန်း ဆုံးဖြတ်လိုက်သည်။
ယွမ်ရှန်ရှန်သည်လည်း ရင်းနှီးသော အာရုံခံစားမှုတစ်ခု ထျန်းချန်ကမ္ဘာသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်ပြီး တင်းမာသွားသည်။
လုချန်းဘက်တွင် သူ့ကို ကာကွယ်ပေးရန် အင်အားကြီး ပုဂ္ဂိုလ်များ ရှိနေသည်ကို သိနေသော်လည်း ယွမ်ချင်းရှု ချဉ်းကပ်လာခြင်းက သူမအား ဖိအားတစ်ချို့ ခံစားရစေဆဲ ဖြစ်၏။ ထို့ပြင် ဆရာဖြစ်သလို မိခင်တစ်ဦးလိုလည်းဖြစ်သော သူမ၏ ဆရာမ ယွမ်ချင်းရှုကို မည်သို့ ရင်ဆိုင်ရမည်ကို ယွမ်ရှန်ရှန် မသေချာခဲ့ပေ။
ယွမ်ရှန်ရှန်သည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းကာ လုချန်း၏ ရင်ဘတ်ကို တွန်းလိုက်ပြီး သူ့ထံမှ ခွဲခွာရန် ရည်ရွယ်လိုက်သည်။
သို့သော် လုချန်းသည် သူမ၏ ခါးကို မြဲမြံစွာ ဆက်လက် ပွေ့ဖက်ထားပြီး လွှတ်ပေးရန် အရိပ်အယောင် မပြခဲ့ပေ။ ထိုအခါ ယွမ်ရှန်ရှန်က လုချန်းကို စိုက်ကြည့်လိုက်၏။ ဤဆရာကိုပြစ်မှားသောတပည့်သည် သူတို့နှစ်ဦးအား ဤပုံစံအတိုင်း သူမ၏ ဆရာမ မြင်တွေ့စေရန် အမှန်တကယ် ကြံစည်နေတာလား။
လုချန်း ခပ်ရေးရေး ပြုံးလိုက်ရင်း အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြုလိုက်ရာ နောက်တစ်ခဏတွင် သူတို့၏ ခန္ဓာကိုယ်များသည် နဂါးနက်မြို့အထက်ရှိ နတ်လှေ၏ အတွင်းနန်းဆောင်တွင် ပေါ်လာသည်။ ထို့နောက် လုချန်းက နတ်လှေ၏ အစောင့်ဝိညာဉ်ကို ပြောလိုက်သည်။
“ဟုန်ဟုန်။ ထျန်းချန်ကမ္ဘာကနေ ထွက်ခွာတော့။”
လုချန်း၏ စကားသံဆုံးသည်နှင့် ဖေးဟုန်နတ်လှေသည် ထျန်းချန်ကမ္ဘာ၏ အစွန်းဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။