ဝူရှန်းယန်၏ သေဆုံးမှု...
Vol. 47 Ch. 704
" မင်း မင်းက ကောင်းဝူယောင်မဟုတ်ဘူး။ မင်းဘယ်သူလဲ။ " ဝူရှန်းယန်၏ မျက်နှာပေါ်တွင် အလွန်ထိတ်လန့်ကြောက်ရွံ့သော အမူအရာ ပေါ်လာသည်။
သူက ယခင် ကောင်းကင်တွင် ပျံသန်းနေသော ကျောက်စိမ်းအင်မော်တယ်ယာဉ်တစ်စီးကို မြင်ခဲ့ဖူးပြီး ၎င်း၏ နိယာမများစွာကို ဖိနှိပ်မှုက သူ၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။
" ငါဘယ်သူလဲ။ " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။ " မင်းသိဖို့မလိုဘူး။ "
လင်းယွမ်၏ အတွေးတစ်ချက်ဖြင့် ဝူရှန်းယန်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး မှတ်ဉာဏ်များပါဝင်သော စိတ်ဝိညာဉ်အပိုင်းအစတစ်ခုသာ ကျန်နေခဲ့သည်။ အင်မော်တယ်ကမ္ဘာသို့ ယခုမှဝင်ရောက်လာသော လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ အခြေအနေကို သိလိုသည်။ ကောင်းဝူယောင်၏ မှတ်ဉာဏ်များအပြင် ဝူရှန်းယန်၏ မှတ်ဉာဏ်များကို စစ်ဆေးခြင်းက ပိုကောင်းလေသည်။
" ဟမ် မသေသေးဘူးလား။ " ဝူရှန်းယန်ကို သတ်ဖြတ်ပြီးနောက် လင်းယွမ်က အလွန်ဝေးကွာသော နေရာမှ ကြောင်းကျိုးဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရသည်။
မြေအောက်လိုဏ်ဂူ၏ နက်ရှိုင်းသော တစ်နေရာတွင် လင်းယွမ်မှ ဝူရှန်းယန်ကို သတ်ဖြတ်ပြီးနောက် မြေအောက်လိုဏ်ဂူထဲရှိ အနက်ရောင်ရေအိုင်တစ်ခုက လှိုင်းထလာပြီး ရေနက်ပိုင်းတွင် ဝူရှန်းယန်၏ စိတ်ဝိညာဉ်က နိုးထလာသည်။
" ငါသေသွားပြီလား။ " ပြန်လည်ရှင်သန်လာသော စိတ်ဝိညာဉ်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် မသေဆုံးမီက ပုံရိပ်များက လျှပ်တပြက် ဖြတ်သန်းသွားသည်။
ထိုအနက်ရောင်ရေက ဝူရှန်းယန်၏ အသက်ရေကန်ဖြစ်ပြီး ကြီးမားသော တန်ဖိုးနှင့် သန့်စင်ထားခြင်းဖြစ်သည်။ သူ၏ မူလခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် အသက်ရေကန်ထဲရှိ စိတ်ဝိညာဉ်အပိုင်းအစက နိုးထလာပြီး လျင်မြန်စွာ ကြီးထွားလာပေလိမ့်မည်။ ဆိုလိုသည်မှာ သူက ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။
" ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းစနစ်... အဲ့ဒီကောင်းဝူယောင်က ဘာဖြစ်တာလဲ။ နိယာမတွေအပေါ် ဒီလိုကျွမ်းကျင်တဲ့ ထိန်းချုပ်မှုမျိုးကို ဘယ်လိုရနိုင်တာလဲ။ "
ပြန်လည်ရှင်သန်လာသော ဝူရှန်းယန်က ကြောက်ရွံ့နေဆဲ ဖြစ်သည်။ " ဒါ မဖြစ်နိုင်ဘူး။ ကောင်းဝူယောင်သာ အဲ့လိုခွန်အားမျိုးရှိရင် ငါ သူ့ကို ဒဏ်ရာရအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ "
" ငါ့ရဲ့ ရတနာတွေနဲ့ ဒီအသက်ရေကန်ကို အသုံးပြုခဲ့တာ ကံကောင်းတာပဲ။ မဟုတ်ရင် ငါအခု လုံးဝသေသွားလောက်ပြီ။ "
ကပ်ဘေးကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အသက်ရေကန်တစ်ခုကို သန့်စင်ခြင်းက လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ ဝူရှန်းယန်က အားနည်းသော ကျင့်ကြံသူများကို လျို့ဝှက်လုယက်ပြီးမှသာ အသက်ရေကန်တစ်ခုကို သန့်စင်သည့် ကုန်ကျစရိတ်ကို ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။
" အဲ့ဒီကောင်းဝူယောင်မှာ ကြီးမားတဲ့ လျို့ဝှက်ချက်တစ်ခု ရှိလောက်တယ်။ အဲ့ဒီလျို့ဝှက်ချက်ကိုသာ ငါ ရွှေအင်မော်တယ်နဲ့ ကျောက်စိမ်းအင်မော်တယ်တွေကို ပြောပြလိုက်ရင် ငါ ဆုလာဘ်တွေ ရလောက်တယ်။ "
ဝူရှန်းယန်က ပြန်လည်ရှင်သန်လာသောကြောင့် သူ၏ ကျင့်ကြံခြင်းက အစမှပြန်စရမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာရန် အရင်းအမြစ်များစွာ လိုအပ်သည်။ ကောင်းဝူယောင်၏ လျို့ဝှက်ချက်က သူပြန်လည်ကောင်းမွန်လာရန် အဓိကသော့ချက်ဖြစ်သည်။
ရွှေအင်မော်တယ်များက ကောင်းဝူယောင်ကို စိတ်မဝင်စားလျှင်တောင် ကျောက်စိမ်းအင်မော်တယ်၏ အခွင့်အလမ်းများက ဆွဲဆောင်နိုင်ပေလိမ့်မည်။ ယခုအချိန်တွင် ဝူရှန်းယန်က ကျောက်စိမ်းအင်မော်တယ် အခွင့်အလမ်းကို ပြန်လည်ရယူရန်မဖြစ်နိုင်ကြောင်း သေချာသွားသည်။
သူက ကောင်းဝူယောင်ကို ရင်ဆိုင်ရဲခြင်းမရှိတော့ပေ။ အချိန်လေဟာနယ်ကို အသုံးပြုပြီး နိယာမများကို ကျွမ်းကျင်စွာ ဖိနှိပ်သွားခြင်းက ဝူရှန်းယန်ကို ထိတ်လန့်စေဆဲ ဖြစ်သည်။ သို့သော် သူက ကောင်းဝူယောင်ကို ရင်ဆိုင်ရဲခြင်းမရှိသော်လည်း ကျောက်စိမ်းအင်မော်တယ် အခွင့်အလမ်းကို သတင်းဖြန့်နိုင်သည်။
ထိုအချိန်တွင်....
ဝုန်း ဝုန်း...
မမြင်နိုင်သော တိုက်ခိုက်မှုတစ်ခုက ကြောက်ကျိုးဆက်နွယ်မှုအတိုင်းလိုက်၍ မရေတွက်နိုင်သော အကွာအဝေးကို ဖြတ်ကျော်ကာ ပြင်းထန်စွာ ဆင်းသက်လာသည်။
" မဖြစ်နိုင်ဘူး။ " အနက်ရောင်ရေကန်ထဲမှ စိတ်ဝိညာဉ်က တုန့်ပြန်နိုင်ခြင်းမရှိမီ အနက်ရောင်ရေအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်ကလည်း ဖျက်ဆီးခံလိုက်ရသည်။
" အခုတော့ အားလုံးရှင်းသွားပြီ။ " လင်းယွမ်က သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ဝူရှန်းယန်က အသက်ရှင်နေသေးသည်ကို သိလိုက်ရချိန်တွင် သူက ကျိန်စာတိုက်သတ်ဖြတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။ လင်းယွမ်၏ မူလနယ်ပယ်က အလွှာဆယ့်တစ်ဖြစ်သောကြောင့် ဝူရှန်းယန်ကို သတ်ဖြတ်ရန် မည်သည့်တန်ဖိုးမှ ပေးဆပ်ရန်မလိုအပ်ပေ။
" ဒဏ်ရာတွေ ကုသဖို့ နေရာရှာရမယ်။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
တောင်တန်းတစ်ခု၏ နက်ရှိုင်းသော နေရာရှိ လိုဏ်ဂူတစ်ခုတွင် လင်းယွမ်က ထိုင်နေသည်။
" အင်မော်တယ်ကမ္ဘာရဲ့ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်ကမ္ဘာထက် အများကြီးသာတယ်။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။
ထိုဝေးလံခေါင်ဖျားသော နေရာမှာပင် ကြွယ်ဝသော အင်မော်တယ်ချီကို ခံစားနေရဆဲ ဖြစ်သည်။ ထိုပတ်ဝန်းကျင်တွင် ကပ်ဘေးကျော်လွှာခြင်းအဆင့်ကို ကျင့်ကြံခြင်းက စိတ်ဝိညာဉ်ကမ္ဘာထက် ပိုမိုလွယ်ကူသည်။
" အင်မော်တယ်လမ်းစဉ်ရဲ့ ဘိုးဘေး..." လင်းယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ အဆင့်နှင့် ဧရာမသတ္တဝါကြီးတစ်ကောင်း ကောင်းကင်မှ သက်ရှိအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
" တကယ်ကို ကြီးမြတ်သူပဲ။ " လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။
ယခုအချိန်တွင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့သော အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက အမှန်တကယ် ကြီးမြတ်သူတစ်ယောက်ဖြစ်သည်ကို သူက သေချာသွားခဲ့သည်။
" ဒါပေမယ့်...." လင်းယွမ်က အနည်းင်ယ မျက်မှောင်ကြုတ်သွား၏။
သူ၏ အာရုံအတွင်း တောက်ပသော နေတစ်စင်းကဲ့သို့ သက်ရှိအားလုံးကို အလင်းပေးနေသော အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးအပြင် မြေအောက် နက်ရှိုင်းရာတွင်လည်း ဧရာမသတ္တဝါကြီးတစ်ကောင် ရှိနေသည်။ ၎င်း၏ အော်ရာက အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး အဆုံးမဲ့ ရူးသွပ်ခြင်းများ၊ ဖျက်ဆီးခြင်းများနှင့် ပြည့်နှက်နေသည်။
" နောက်ထပ် ကြီးမြတ်သူတစ်ယောက်လား။ နတ်ဆိုးချောက်နက်ရဲ့ကြီးမြတ်သူ..." လင်းယွမ်က ကောင်းဝူယောင်၏ မှတ်ဉာဏ်များထဲမှ နတ်ဆိုးချောက်နက်၏ တည်ရှိမှုကိုလည်း သိခဲ့ရသည်။
" အင်မော်တယ်လမ်းစဉ်ရဲ့ ဘိုးဘေးနဲ့ နတ်ဆိုးချောက်နက်ရဲ့ ဘိုးဘေး။ ဒါက တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး စဉ်းစားနေသည်။
ထိုကြီးမြတ်သူနှစ်ယောက်က ရင်ဆိုင်နေပုံရပြီး ယခုအချိန်တွင် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက အသားစီးရနေပုံရသည်။ အနည်းဆုံး အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်များက ယေဘုယျအားဖြင့် ထိုနတ်ဆိုးများကို လွှမ်းမိုးထားသည်။
စိတ်ဝိညာဉ်ကမ္ဘာတွင်ဖြစ်စေ အင်မော်တယ်တာအိုကမ္ဘာတွင် ဖြစ်စေ အင်မော်တယ်ကျင့်ကြံခြင်းစနစ်က လွှမ်းမိုးထားပြီး နတ်ဆိုးကျင့်ကြံခြင်းစနစ်က ပင်မလမ်းစဉ်တစ်ခု မဟုတ်ခဲ့ပေ။ ၎င်းက ကြီးမြတ်သူနှစ်ယောက်ကြားမှ တိုက်ပွဲရလဒ်ကို အနည်းငယ် မြင်နိုင်လေသည်။
ထို့နောက် လင်းယွမ်က ဝူရှန်းယန်၏ မှတ်ဉာဏ်များကို စစ်ဆေးလိုက်သည်။ ကောင်းဝူယောင်၏ မှတ်ဉာဏ်များနှင့် ယှဉ်လျှင် ဝူရှန်းယန်၏ မှတ်ဉာဏ်များက ကွဲပြားသည်။ သူက ကျင့်ကြံရုံသာမက အားနည်းသော ကျင့်ကြံသူများထံမှလည်း လုယက်ခဲ့သည်။
နောက်ဆုံး ဝူရှန်းယန်က ကျင့်ကြံခြင်းအတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည့်သူဖြစ်သည်။ ထိုသို့သော လူများက အင်မော်တယ်ကမ္ဘာတွင် အလွန်ပေါများပြီး အခွင့်အလမ်းများအတွက် ညီအကိုချင်း သစ္စာဖောက်မှုများလည်း များပြားလွန်းလှသည်။
" သူက ကျင့်ကြံမှုအရင်းအမြစ်တွေ တော်တော်စုဆောင်းထားတာပဲ။ " လင်းယွမ်က ဝူရှန်းယန်ဆီမှရသော အကျိုးအမြတ်များကို စစ်ဆေးလိုက်သည်။
၎င်းတို့က ကပ်ဘေးကျော်လွှားခြင်းအဆင့်တစ်ယောက်အတွက် များပြားသော ရတနာများဖြစ်သော်လည်း လင်းယွမ်အတွက်မူ အထင်ကြီးစရာ သိပ်မရှိပေ။
" ကျောက်စိမ်းအင်မော်တယ် အခွင့်အလမ်းကို ကြည့်ရအောင်..." လင်းယွမ်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပေါ်တွင် ဆန်းကြယ်သော အော်ရာတစ်ခု ရှိနေသည်။ ရွှေအင်မော်တယ်အဆင့်ထက် ကျော်လွန်သောကြောင့် ဝူရှန်းယန်က ကျောက်စိမ်းအင်မော်တယ် အခွင့်အလမ်းဟု ယူဆခဲ့ခြင်းဖြစ်သည်။
" ကျောက်စိမ်းအင်မော်တယ်လား။ " လင်းယွမ်က အနည်းငယ် စိတ်ဝင်စားသွားသည်။
ကျောက်စိမ်းအင်မော်တယ်က ပင်မစကြာဝဠာမှ အလွှာဆယ့်တစ်နှင့် ညီမျှသည်။ ထိုသို့သော အဆင့်ရှိသူတစ်ယောက် ချန်ခဲ့သော အခွင့်အလမ်းက လင်းယွမ်၏ မူလအခြေအနေတွင် အရေးမပါပေ။ သို့သော် ယခု လင်းယွမ်က အစမှပြန်စရမည်ဖြစ်သည်။
ထိုသို့တွေးပြီး လင်းယွမ်က ကျောက်စိမ်းကို သန့်စင်ရန်အတွက် စိတ်အသိမျှင်တစ်ခုကို ခွဲထုတ်လိုက်သည်။ ထိုကျောက်စိမ်းက သိုလှောင်ရတနာတစ်ခုဖြစ်နိုင်ပြီး အတွင်းတွင် ကြီးမားသော နေရာလွတ်ပါဝင်လေသည်။ မကြာမီ လင်းယွမ်က ကျောက်စိမ်းကို လုံးဝသန့်စင်နိုင်သွားသည်။
"ဒါတွေက.... " လင်းယွမ်၏ စိတ်အသိက ကျောက်စိမ်းအတွင်းသို့ ဝင်ရောက်သွားသည်။ အတွင်း၌ ကမ္ဘာတစ်ခုရှိနေပြီး အရင်းအမြစ်များနှင့် ပြည့်နှက်နေသည်။
" တိမ်ကြိုးကြာမြက်၊ အမှောင်ရေအင်မော်တယ်ကြာပန်း၊ ဝိညာဉ်တစ်သောင်းသစ်သီး၊ အသက်သစ်ပင်..." လင်းယွမ်က ကြည့်လိုက်ရာ ကောင်းဝူယောင်နှင့် ဝူရှန်းယန်တို့၏ မှတ်ဉာဏ်များမှတစ်ဆင့် အရင်းအမြစ်များနှင့် ဝိညာဉ်သစ်သီးများကို သိလိုက်သည်။
၎င်းတို့က သူတို့အတွက် ကြားဖူးရုံသာဖြစ်သော်လည်း ထိုနေရာတွင် တောင်ငယ်လေးများသဖွယ် စုပုံနေသည်။ အများစုက မကြားဖူးသော်လည်း ၎င်းတို့မှ ထွက်ပေါ်လာသော အော်ရာများအရ အလွန်တန်ဖိုးရှိသည်မှာ သေချာသည်။
" ဒါက ကျောက်စိမ်းအင်မော်တယ် အခွင့်အလမ်းလား။ ပြောရရင် ကျောက်စိမ်းအင်မော်တယ်တစ်ပါးရဲ့ ပိုင်ဆိုင်မှုလို့ ပြောလို့ရတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
ကျောက်စိမ်းအတွင်းရှိ အရင်းအမြစ်များက ရိုးရှင်းသော အခွင့်အလမ်းတစ်ခုမဟုတ်ဘဲ ကျောက်စိမ်းအင်မော်တယ်များ၏ ပိုင်ဆိုင်မှုများကပင် နှိုင်းယှဉ်၍မရပေ။ ထိုအရင်းအမြစ်၏ စီစဉ်မှုက အလွန်စနစ်ကျသည်။ အနိမ့်မှအမြင့်သို့ ဖြစ်ပြီး တစ်စုံတစ်ယောက်အတွက် အထူးပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။