လင်းယွမ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားခြင်း....
Vol. 47 Ch. 705
" ငါက ဒီလောက်တောင် ကံကောင်တာလား။ ငါ့ရဲ့ စိတ်အသိနိုးထလာတာနဲ့ ဒီလိုအကျိုးအမြတ်မျိုးကို ရရှိလိုက်တယ်။ "
ထိုအရင်းအမြစ်များက သူ၏ ယခင်အခြေအနေသို့ ပြန်မရောက်စေနိုင်သော်လည်း အလွှာတစ်ဆယ် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေရန် လုံလောက်သည်။
" ဟမ် အင်မော်တယ်လမ်းစဉ် နည်းစနစ်တွေလည်း ရှိတာလား။ " လင်းယွမ်၏ အကြည့်က ကျောက်စိမ်းအတွင်းရှိ ထောင့်တစ်နေရာသို့ ရောက်သွားသည်။
ထိုနေရာတွင် ကျောက်စိမ်းစာလိပ်များ စုပုံနေပြီး နည်းစနစ်များနှင့် အမွေအနှစ်များကို မှတ်တမ်းတင်ထားသည်။ လင်းယွမ်က တစ်ခုချင်းစီကို ဆက်လက်စစ်ဆေးလိုက်သည်။ ပြည့်စုံသော အင်မော်တယ်ကျင့်ကြံခြင်းစနစ်က လင်းယွမ်အား သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာဆယ့်တစ်ကဏ္ဍကို ဖွင့်လှစ်ရန်အတွက် အထောက်အကူဖြစ်စေနိုင်သည်။
" ရွှေအင်မော်တယ်၊ ကျောက်စိမ်းအင်မော်တယ်။ ရွှေရဲ့ သဘာဝက မပျက်စီးနိုင်ဘူး၊ ကျောက်စိမ်းရဲ့ သဘာဝက မကျဆင်းနိုင်ဘူး။ ခန္ဓာကိုယ်က ရွှေ၊ စိတ်ဝိညာဉ်က ကျောက်စိမ်း။ " လင်းယွမ်က ကျောက်စိမ်းစာလိပ်များတွင် မှတ်တမ်းတင်ထားသော အင်မော်တယ်လမ်းစဉ်နည်းစနစ်များကို လျင်မြန်စွာ လေ့လာလိုက်သည်။
၎င်းတို့က ပင်မစကြာဝဠာရှိ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့် ယှဉ်လျှင် ကွဲပြားသော အနှစ်သာရကို ဖော်ပြနေသည်။ လင်းယွမ်က ကျောက်စိမ်းစာလိပ်များကို ကြည့်ရှုနေချိန်တွင် ခရမ်းရောင် ကျောက်စိမ်းစာလိပ်တစ်ခုကို တွေ့လိုက်ရသည်။
လင်းယွမ်၏ စိတ်အသိက ခရမ်းရောင် ကျောက်စိမ်းစာလိပ်အတွင်းသို့ ဝင်ရောက်သွားသည်။
ဝုန်း...
ကျောက်စိမ်းစာလိပ်အတွင်း ကြီးမားသော စိတ်အသိတစ်ခုက နိုးထလာပြီး လင်းယွမ်၏ စိတ်အသိတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး စိတ်ဝိညာဉ်အတားအဆီးကို ထိုးဖောက်၍ လင်းယွမ်၏ စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ကျူးကျော်လာသည်။
" ဟားဟားဟား ဒီအဘိုးကြီးက နှစ်ပေါင်းသန်းချီ စောင့်ဆိုင်းနေတာ အခုတော့ အချိန်ကျလာပြီ။ " ထိုစိတ်အသိက အလွန်စိတ်လှုပ်ရှားနေသည်။
" ကောင်းလေး မင်းရဲ့ ခန္ဓာကိုယ်ကို ပေးလိုက်။ ဒီအဘိုးကြီးက အမြင့်ဆုံး ကျောက်စိမ်းအင်မော်တယ်ပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကို ပေးရတာ မင်းအတွက် အကြီးမြတ်ဆုံး ဂုဏ်ကျက်သရေပဲ။ "
ထိုစိတ်အသိက လင်းယွမ်၏ စိတ်ဝိညာဉ်ကို အစားထိုးပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ရည်ရွယ်နေသည်။
" ဒီအဘိုးကြီးကြောင့် မင်းရဲ့ ခန္ဓာကိုယ်က အင်မော်တယ် နယ်မြေ ၃၃ ခုကို လှုပ်ခါနိုင်လိမ့်မယ်။ " ခရမ်းရောင် ကျောက်စိမ်းစာလိပ်မှ နိုးထလာသော စိတ်အသိက လင်းယွမ်၏ စိတ်ဝိညာဉ်ကို ဖုံးလွှမ်းရန် ကြိုးစားနေချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။
ထိုစိတ်အသိ၏ ရှေ့တွင် ကောင်းကင်နှင့်မြေပြင်ကို ထောက်ပံ့ပေးထားသော ကြီးမားသော ပုံရိပ်တစ်ခု ရှိနေသည်။ ၎င်း၏ ရှေ့တွင် ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက ဖုန်မှုန့်လေးသဖွယ် ဖြစ်နေသည်။
" ဒါက..." ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက တိတ်ဆိတ်သွားသည်။
စိတ်ဝိညာဉ်ကမ္ဘာက သက်ရှိ၏ စိတ်ဝိညာဉ်တည်ရှိရာ နယ်မြေဖြစ်သည်။ ၎င်း၏ ကျယ်ပြန့်မှုက စိတ်စွမ်းအားအပေါ် မူတည်လေသည်။ စိတ်စွမ်းအားက ပိုကောင်းလေ စိတ်ဝိညာဉ်ကမ္ဘာက ပို၍ ကျယ်ပြန့်လေဖြစ်သည်။
လင်းယွမ်၏ စိတ်ဝိညာဉ်ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်လာသော ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက အစတွင် အဆုံးအစမဲ့သော စိတ်ဝိညာဉ်ကမ္ဘာကို သတိမထားမိခဲ့ပေ။
" အဲ့ဒါက စိတ်စွမ်းအားလား။ " ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက ဆွံ့အနေပြီး တွေဝေစွာ စိုက်ကြည့်နေသည်။
ယခင်က ကျောက်စိမ်းအင်မော်တယ်တစ်ပါးအနေဖြင့် သူ၏ စိတ်အသိနှင့် မှတ်ဉာဏ်များက ထိခိုက်ခြင်းမရှိဘဲ သူ၏ စိတ်စွမ်းအားကလည်း အားနည်းခြင်းမရှိပေ။ သို့သော် ယခု အဝေးရှိ ကြီးမားသော ပုံရိပ်ကြီးနှင့်ယှဉ်လျှင် နှိုင်းယှဉ်စရာပင်မလိုပေ။
ကျောက်စိမ်းအင်မော်တယ်က အဆင့်တူများစွာနှင့် ဆက်ဆံဖူးပြီး သူတို့၏ စိတ်စွမ်းအားက ကွဲပြားမှုရှိလျှင်တောင် အနည်းငယ်သာ ဖြစ်သည်။
" ငါ တာအိုဘိုးဘေးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား။ " ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက ထိုသို့မတွေးမိဘဲ မနေနိုင်ပေ။
ထိုသို့ ကြောက်စရာကောင်းသော စိတ်စွမ်းအားက သာမန်ကျောက်စိမ်းအင်မော်တယ်တစ်ပါးထံမှ မဖြစ်နိုင်ပေ။ အင်မော်တယ်နယ်မြေ ၃၃ခုတွင် ကြီးမြတ်သူဖြစ်သော အင်မော်တယ်လမ်းစဉ်ဘိုးဘေးမှသာ ထိုပမာဏရှိသော စိတ်စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
" ဟမ် " လင်းယွမ်၏ စိတ်ဝိညာဉ်က မျက်လုံးများဖွင့်ပြီး သေးငယ်သော ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိကို ကြည့်လိုက်သည်။
စိတ်ဝိညာဉ်ကမ္ဘာအတွင်း လူတစ်ယောက်က မိမိ၏ စိတ်စွမ်းအားပေါ်တွင်သာ မှီခိုနိုင်ပြီး အချိန်မြစ်အတွင်း မိမိ၏ အသက်အနှစ်သာရ ရောင်ပြန်ဟပ်မှုနှင့် ဆင်တူသည်။ လင်းယွမ်၏ စိတ်စွမ်းအားညွှန်းကိန်းက ၃၃သန်းကျော်ရှိပြီး အလွှာဆယ့်နှစ်ပင်လျှင် အလွန်သန်မာသည်ဟု ပြောနိုင်သည်။
သာမန်အားဖြင့် ၎င်းက အလွှာဆယ့်တစ် သို့မဟုတ် ကျောက်စိမ်းအင်မော်တယ်တစ်ပါး နှိုင်းယှဉ်နိုင်သောအရာမဟုတ်ပေ။ အမှန်တော့ လင်းယွမ်က ခရမ်းရောင်ကျောက်စိမ်းစာလိပ်ကို ထိမိသောအခါ ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိနိုးထလာချိန်တွင် ပြဿနာရှိကြောင်း သိရှိခဲ့သည်။
လင်းယွမ်က အချိန်မီရပ်တန့်နိုင်သော်လည်း ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက သူ၏ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားသည်ကို မြင်သောအခါ မရပ်တန့်ခဲ့ပေ။
စိတ်ဝိညာဉ်ကမ္ဘာက လင်းယွမ်၏ အိမ်ကွင်းဖြစ်သည်။ သူ၏ စိတ်စွမ်းအားနှင့် အလွှာဆယ့်နှစ် တာအိုဘိုးဘေးတစ်ပါး၏ စိတ်အသိ ဆင်းသက်လာလျှင်တောင် အောင်မြင်မှုမရှိဘဲ ထွက်သွားရပေလိမ့်မည်။ လင်းယွမ်၏ စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ကျူးကျော်လာသော ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက ဓားသွားပေါ်ခုန်ချလိုက်ခြင်းနှင့် တူပေသည်။
" မဟုတ်ဘူး။ မင်းက တာအိုဘိုးဘေးမဟုတ်ဘူး။ " ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက အသိပြန်ဝင်လာသည်။
သူက တစ်ချိန်က တာအိုဘိုးဘေး ဟောပြောသည်ကို တစ်ကြိမ်နားထောင်ဖူးပြီး အင်မော်တယ်လမ်းစဉ်၏ တာအိုဘိုးဘေး အော်ကာကို ခွဲခြားသိနိုင်သည်။ လင်းယွမ်၏ စိတ်စွမ်းအားမှ ထွက်ပေါ်လာသော အော်ရာက တာအိုဘိုးဘေးနှင့် လုံးဝ ကွဲပြားသည်။
လင်းယွမ်ကသာ အမှန်တကယ် တာအိုဘိုးဘေးဖြစ်လျှင် သူ့ကို စိတ်ဝိညာဉ်ကမ္ဘာသို့ ဝင်ခွင့်ပြုမည် မဟုတ်ပေ။ တာအိုဘိုးဘေး၏ အတွေးတစ်ချက်နှင့်ပင် သူ့ကို ဖျက်ဆီးပစ်နိုင်သည်။ ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက များစွာစဉ်းစားနိုင်ခြင်းမရှိမီ သူ၏ ရှေ့မှ အရာအားလုံးက မှောင်မိုက်သွားခဲ့သည်။
" အင်မော်တယ်ကမ္ဘာနဲ့ မရင်းနှီးသေးတာနဲ့ အတော်ပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ သူက ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိကို သာမန်အတိုင်း ဖိနှိပ်လိုက်ပြီး သူ၏ မှတ်ဉာဏ်များကို စစ်ဆေးလိုက်သည်။
သူက ကောင်းဝူယောင်နှင့် ဝူရှန်းယန်တို့၏ မှတ်ဉာဏ်များကို စုပ်ယူခဲ့သော်လည်း သူတို့နှစ်ယောက်လုံးက ကပ်ဘေးကျော်လွှားခြင်းအဆင့်များသာဖြစ်ပြီး အင်မော်တယ်ကမ္ဘာအကြောင်း နက်ရှိုင်းစွာ မသိကြပေ။
သို့သော် ကျောက်စိမ်းအင်မော်တယ်၏ စိတ်အသိက ကွဲပြားသည်။ ကျောက်စိမ်းအင်မော်တယ်တစ်ပါးက ထိပ်တန်းအင်အားကြီးသူများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သူ၏ မှတ်ဉာဏ်များကို စစ်ဆေးခြင်းက လင်းယွမ်အတွက် ကြီးမားသော အထောက်အကူ ဖြစ်နိုင်သည်။
ခဏကြာသောအခါ လင်းယွမ်က မှတ်ဉာဏ်များအားလုံးကို စစ်ဆေးပြီးသွားသည်။
" အင်မော်တယ်ကမ္ဘာ၊ နတ်ဆိုးချောက်နက်။ " လင်းယွမ်က စဉ်းစားနေသည်။
ကောင်းဝူယောင်၏ မှတ်ဉာဏ်များထဲတွင် နတ်ဆိုးချောက်နက်နှင့် ပက်သက်သော အချက်အလက်များစွာ ရှိသည်။ နတ်ဆိုးချောက်နက်မှ နတ်ဆိုးများက အင်မော်တယ်ကျင့်ကြံသူများအတွက် သေစေနိုင်သော ရန်သူများဖြစ်ကြသည်။ နတ်ဆိုးနှင့် ကြုံတွေ့ရသော မည်သည့် ကျင့်ကြံသူမဆို ခွန်အားအားလုံးနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။
ကျောက်စိမ်းအင်မော်တယ်၏ မှတ်ဉာဏ်များထဲတွင် နတ်ဆိုးချောက်နက်နှင့် ပက်သက်ပြီး ပိုမိုတိကျသော အချက်အလက်များ ပါဝင်နေသည်။
နတ်ဆိုးချောက်နက်က အင်မော်တယ်ကမ္ဘာ၏ အခြားတစ်ဖက်ဖြစ်ပြီး နတ်ဆိုးချောက်နက်၏ ဘိုးဘေး နားနေရာလည်း ဖြစ်သည်။ မရေတွက်နိုင်သော နတ်ဆိုးများက နတ်ဆိုးချောက်နက်၏ ဘိုးဘေးထံမှ ထုတ်လွှတ်သော နတ်ဆိုးချီ၏ ပုံသဏ္ဍန်မျှသာ ဖြစ်သည်။
အင်မော်တယ်လမ်းစဉ်နှင့် နတ်ဆိုးချောက်နက်တို့က အဆက်မပြတ် တိုက်ခိုက်နေကြသည်။ နှစ်တစ်သန်းမှ နှစ်ဆယ်သန်းကြာတိုင်း နတ်ဆိုးချောက်နက် ဘိုးဘေး၏ စိတ်အသိအပိုင်းအစတစ်ခုက နိုးထလာမည်ဖြစ်သည်။
ထိုအချိန်တွင် နတ်ဆိုးချောက်နက်မှ နတ်ဆိုးများက အင်မော်တယ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာမည်ဖြစ်ပြီး ရွှေအင်မော်တယ်နှင့် ကျောက်စိမ်းအင်မော်တယ်များပင် ထိုနတ်ဆိုးများကို တိုက်ခိုက်ရန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။
ကျောက်စိမ်းအင်မော်တယ်၏ နာမည်က ယွင်ကျန်းဇီဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းကိုးသန်းမှ အင်မော်တယ်များနှင့် နတ်ဆိုးများ၏ ကြီးမားသော စစ်ပွဲအတွင်း ကျဆုံးခဲ့သည်။ သို့သော် ကျောက်စိမ်းအင်မော်တယ်အဆင့်ရှိ အင်အားကြီးသူများက အသက်ရှင်ရန်နှင့် ပြန်လည်ရှင်သန်ခြင်းနည်းလမ်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။
ခရမ်းရောင် ကျောက်စိမ်းစာလိပ်အတွင်းရှိ ပြန်လည်နိုးထလာသော စိတ်အသိက ထိုနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ တစ်ကြိမ်ထိမိသည်နှင့် ကျောက်စိမ်းစာလိပ်အတွင်းရှိ စိတ်အသိက နိုးထလာပြီး ထိမိသူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်မည်ဖြစ်သည်။
ယွင်ကျန်းဇီက ပြန်လည်ရှင်သန်လာပြီးနောက် ကျင့်ကြံမှုကို ချောမွေ့စေရန်အတွက် အရင်းအမြစ်များစွာကို ပြင်ဆင်ထားခဲ့သည်။ ထိုမှသာ သူက ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ယခင်အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ယွင်ကျန်းဇီက လူမှားသွားခဲ့သည်။
" နတ်ဆိုးတွေရဲ့ ကြောက်စရာကောင်းတဲ့ အချက်က သူတို့ရဲ့ ခွန်အားမဟုတ်ဘဲ သူတို့ရဲ့ ညစ်ညမ်းမှုပဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
ကျောက်စိမ်းအင်မော်တယ်တစ်ပါးအနေဖြင့် အဆင့်တူ နတ်ဆိုးတစ်ပါးနှင့် တိုက်ခိုက်နေချိန်တွင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုညစ်ညမ်းမှုက မှတ်ဉာဏ်ညစ်ညမ်းခြင်းနှင့် စိတ်ဝိညာဉ်ညစ်ညမ်းခြင်းကို ဆိုလိုသည်။