ဆွေးနွေးခြင်း....
Vol. 47 Ch. 710
" အဇူရာနဂါးသခင်က ကျုပ်ကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်သုတ်ကို သန့်စင်ပေးချင်တယ်ဆိုတော့ ဘယ်လိုတန်ဖိုးမျိုးကို ပေးဖို့ စီစဉ်ထားလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
" သခင်ယွင်ကျန်းဇီက သန့်စင်ရမယ့် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးအရေအတွက်ကို အရင်မမေးတာ တကယ်အံ့ဩမိပါတယ်။ " အဇူရာနဂါးသခင်က အနည်းငယ် တုန်လှုပ်သွားသည်။
" ကျုပ်ကတော့ အကျိုးအမြတ်အကြောင်းကိုပဲ အရင်ပြောချင်တယ်။ အဲ့ဒါမှ ဆေးလုံးသန့်စင်ဖို့ စိတ်အားထက်သန်စေလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
အမှန်တော့ အဇူရာနဂါးသခင်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး၏ ပါဝင်ပစ္စည်းများကို စုဆောင်းနိုင်သရွေ့ လင်းယွမ်က မည်သည့်အရေအတွက်ကိုမဆို သန့်စင်ဖော်စပ်ပေးနိုင်သည်။
" ဒါဆို သခင်ယွင်ကျန်းဇီက ကျုပ်တို့အဖွဲ့အစည်းကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး နှစ်ဆယ် သန့်စင်ပေးဖို့ မျှော်လင့်ပါတယ်။ အခကြေးငွေအနေနဲ့ကတော့ အဆင့်မြင့် အင်မော်တယ်သလင်းကျောက် တစ်သန်း ပေးဖို့ ဆန္ဒရှိပါတယ်။ " အဇူရာနဂါးသခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်သန်းက အလွန်များပြားသော ပမာဏဖြစ်ပြီး သာမန်ကျောက်စိမ်းအင်မော်တယ်တစ်ပါး၏ ပိုင်ဆိုင်မှုဆယ်ဆနှင့်ညီမျှသည်။ လွန်ခဲ့သော နှစ်ငါးရာက လင်းယွမ်ရရှိခဲ့သော ယွင်ကျန်းဇီ၏ အရင်းအမြစ်များက အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်သိန်းတန်ဖိုးသာရှိသည်။
" အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်သန်း..." လင်းယွမ်က အဇူရာနဂါးသခင်ကို ကြည့်လိုက်သည်။ " အဇူရာနဂါးသခင်မှာ ရိုးသားမှုသိပ်မရှိဘူးထင်တယ်။ "
၎င်းက လွန်ခဲ့သော နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်းကဖြစ်လျှင် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး နှစ်ဆယ်ကို အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်သန်းဖြင့် သန့်စင်ပေးခြင်းက မျှတသော စျေးနှုန်း ဖြစ်ပေလိမ့်မည်။
သို့သော် ယခုကဲ့သို့ အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲကြီးစတင်တော့မည့်အချိန်တွင် အင်မော်တယ်ဆေးများ၏ တန်ဖိုးက အဆမတန်မြင့်တက်နေသည်။ အထူးသဖြင့် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကဲ့သို့သော အင်မော်တယ်ဆေးများ၏ တန်ဖိုးက ပို၍ မြင့်မားလေသည်။
" သခင်ယွင်ကျန်းဇီက ဘယ်လောက်လိုချင်ပါသလဲ။ " အဇူရာနဂါးသခင်က မေးလိုက်သည်။
" အဆင့်မြင့် အင်မော်တယ်သလင်းကျောက် ဆယ်သန်း..." လင်းယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
" ဆယ်သန်း..." အဇူရာနဂါးသခင်၏ အမူအရာက ပျက်ယွင်းသွားသည်။
နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းက အဆင့်မြင့်အင်မော်တယ်သလင်းကျောက် ဆယ်သန်းကို တတ်နိုင်သော်လည်း ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်ခြင်းအတွက် အခကြေးငွေက များလွန်းနေသည်။
" ဒါမှမဟုတ် နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းက ကျုပ်ကို အင်မော်တယ်ရင်းမြစ်တစ်တုံး ပေးလို့ရတယ်။ အဲ့ဒါကလည်း ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်သုတ်အတွက် အခကြေးငွေကို ဖြည့်ဆည်းပေးနိုင်တယ်။ " လင်းယွမ်က ရုတ်တရက် ပြောလိုက်သည်။
အင်မော်တယ်ရင်းမြစ်က အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး နိယာမများကို နားလည်ရန် အလွန်အကျိုးပြုလေသည်။ သို့သော် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးနှင့် သူ၏ တပည့်များသာ မူလနယ်မြေသို့ ဝင်ရောက်ခွင့်ရှိပြီး အင်မော်တယ်ရင်းမြစ်က ထိုနယ်မြေများ၏ ပြင်ပတွင် အလွန်ရှားပါးသည်။
လွန်ခဲ့သော နှစ်ငါးရာအတွင်း လင်းယွမ်က အင်မော်တယ်ရင်းမြစ်တစ်တုံးမှ မရခဲ့ပေ။ ထို့ကြောင့် ယခု အခွင့်အရေးရတုန်း နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ တစ်တုံးရနိုင်မလား စမ်းသပ်ကြည့်ခြင်းဖြစ်သည်။ နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းက အင်မော်တယ်နယ်မြေ ၃၃ခုတွင် ကျော်ကြားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အင်မော်တယ်ရင်းမြစ်ကို ရယူရန် နည်းလမ်းများစွာ ရှိသင့်ပေသည်။
" အင်မော်တယ်ရင်းမြစ်တစ်တုံး..." အဇူရာနဂါးသခင်က ပြောလိုက်သည်။ " သခင်ယွင်ကျန်းဇီက အင်မော်တယ်ရင်းမြစ်ရဲ့ တန်ဖိုးကို သိသင့်ပါတယ်။ "
" ကျုပ်သန့်စင်တဲ့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးတွေကလည်း အင်မော်တယ်ရင်းမြစ်တစ်တုံး တန်ဖိုးရှိသင့်ပါတယ်။ " လင်းယွမ်က ပြန်ပြောလိုက်သည်။
" ကျုပ် အင်မော်တယ်ရင်းမြစ်တစ်တုံး မပေးနိုင်ဘူး။ " အဇူရာနဂါးသခင်က လင်းယွမ်ကို ကြည့်လိုက်သည်။ " ကြည့်ရတာ သခင်ယွင်ကျန်းဇီနဲ့ ကျုပ်တို့ ပူးပေါင်းလို့မရတော့ဘူး ထင်တယ်။ "
နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းက အင်မော်တယ်ရင်းမြစ်ကို ပေးချေနိုင်သော်လည်း အဇူရာနဂါးသခင်က ၎င်းကို ထိုက်တန်သည်ဟု မယူဆပေ။
" ကိစ္စမရှိဘူး။ ကျုပ်တို့ အနာဂတ်မှာ ပူးပေါင်းနိုင်ပါသေးတယ်။ " လင်းယွမ်က အဇူရာနဂါးသခင် ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
ကန်ဝူအင်မော်တယ်မြို့တော်၏ အခြားကျင့်ကြံခြင်းနယ်မြေတစ်ခုတွင် အဇူရာနဂါးသခင်၏ ပုံရိပ်က ပေါ်လာသည်။
" ဘယ်လိုလဲ။ သခင်ယွင်ကျန်းဇီနဲ့ ဆွေးနွေးတာ ဘယ်လိုဖြစ်သွားလဲ။ " ဘေးရှိ ဆံပင်ဖြူအဘိုးအိုက မေးလိုက်သည်။ သူကလည်း ကျောက်စိမ်းအင်မော်တယ်တစ်ပါးဖြစ်ပြီး အဇူရာနဂါးသခင်ကို ယွင်ကျန်းဇီနှင့် မိတ်ဆက်ပေးခဲ့သူဖြစ်သည်။
" အဆင်မပြေဘူး။ " အဇူရာနဂါးသခင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ " အဲ့ဒီယွင်ကျန်းဇီက အင်မော်တယ်သလင်းကျောက် ဆယ်သန်း ဒါမှမဟုတ် အင်မော်တယ်ရင်းမြစ်တစ်တုံးတောင်းတယ်။ "
" အင်မော်တယ်သလင်းကျောက် ဆယ်သန်း..." ဆံပင်ဖြူအဘိုးအိုက စဉ်းစားလိုက်သည်။ " ဒါက နည်းနည်းများတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကို မင်းလည်း နားလည်မှာပါ။ အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲနီးလာတော့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးလို အင်မော်တယ်ဆေးတွေ သန့်စင်တဲ့ အခကြေးငွေတက်တာက ပုံမှန်ပါပဲ။ "
" ဒါပေမယ့် အင်မော်တယ်သလင်းကျောက် ဆယ်သန်းက များနေတုန်းပဲ။ အဲ့ဒီပမာဏနဲ့ဆို ငါ အဆင့်မြင့် ဆေးပညာရှင်တွေကို ငှားရမ်းပစ်လို့ရတယ်။ "
" အရင် အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲမတိုင်မီက ယွင်ကျန်းဇီရဲ့ ဆေးပညာက သာမန်ပါပဲ။ " အဇူရာနဂါးသခင်က ပြောလိုက်သည်။ " မကြာသေးခင်က ရာစုနှစ်အတွင်းမှာ သူက အရည်အသွေးကောင်းမွန်တဲ့ အင်မော်တယ်ဆေးတွေ သန့်စင်ခဲ့တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့ဒါက အဆင့်မြင့် ဆေးပညာရှင်တွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ "
ဆေးပညာရှင်များ သန့်စင်သော ဆေးလုံးများက ကျပန်းသဘောမျိုးဖြစ်ပြီး ကံကောင်းခြင်းနှင့် စိတ်အခြေအနေပေါ်တွင် မူတည်သည်။ သူက ယခုအခါ ကောင်းမွန်သော အခြေအနေရှိသောကြောင့် အရည်အသွေးမြင့် အင်မော်တယ်ဆေးများကို သန့်စင်နိုင်ခြင်း ဖြစ်နိုင်သည်။ အဆင့်မြင့် ဆေးပညာရှင်များက ထိုအခြေအနေကို အမြဲတမ်း ထိန်းထားနိုင်သည်။
အဇူရာနဂါးသခင်၏ အမြင်တွင် ယွင်ကျန်းဇီက ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများကို သန့်စင်နိုင်မလား မသေချာပေ။ ဆေးပညာရှင်တစ်ယောက်က ဆေးဖော်စပ်မှု ကျရှုံးလျှင်တောင် ဆေးအမယ်များ ဆုံးရှုံးမှုကို ခံစရာမလိုဘဲ နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းကသာ ဆုံးရှုံးမှုကို ခံရမည်ဖြစ်သည်။ ထိုအခြေအနေအောက်တွင် အဇူရာနဂါးသခင်က ယွင်ကျန်းဇီအပေါ်တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိပေ။
" ဒီယွင်ကျန်းဇီက ဆေးဖော်စပ်တာ မကြာသေးတော့ နှိမ့်ချတတ်မယ်ထင်နေတာ။ ဒါပေမယ့် သူက တော်တော် လောဘကြီးတာပဲ။ " အဇူရာနဂါးသခင်က အေးစက်စွာ ပြောလိုက်သည်။ " အဲ့ဒီဆေးပညာရှင်တွေက အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲနီးကပ်လာတာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ အခကြေးငွေကို စိတ်ကြိုက်မြှင့်တင်နေကြတယ်။ သူတို့အားလုံး သေသင့်တယ်။ "
ဘေးရှိ ဆံပင်ဖြူအဘိုးအို၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
အဇူရာနဂါးသခင်က တောင်းဆိုချက်ကို လက်မခံခဲ့ခြင်းမှာ လင်းယွမ်အတွက် အနှောက်အယှက် မဖြစ်ပေ။ ဆေးပညာရှင်အဖြစ် သူ၏ ဂုဏ်သတင်း ပျံ့နှံ့လာသည်နှင့်အမျှ အင်မော်တယ်ဆေးများ သန့်စင်ပေးရန် အင်အားစုများ သို့မဟုတ် ကျောက်စိမ်းအင်မော်တယ်များက သူ့ကို မကြာခဏလာရောက်တောင်းဆိုလေ့ရှိသည်။ ထို့ကြောင့် နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် မပူးပေါင်းနိုင်ခြင်းကို သူက သိပ်ဂရုမစိုက်ပေ။
" အင်မော်တယ်ရင်းမြစ်ကို ရဖို့ တကယ်ခက်ခဲတာထင်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
အဇူရာနဂါးသခင်၏ သဘောထားအရ အင်မော်တယ်ရင်းမြစ်တစ်တုံးက အင်မော်တယ်သလင်းကျောက် ဆယ်သန်းထက် ပို၍ တန်ဖိုးမြင့်မားသည်ကို သိနိုင်သည်။
" အင်မော်တယ်ရင်းမြစ်ကို ရဖို့က လုယက်ရုံပဲရှိတော့တာလား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
မလိုအပ်လျှင် သူက ထိုသို့လုပ်ဆောင်လိုခြင်းမရှိပေ။ ၎င်းက ရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။ လက်ရှိတွင် လင်းယွမ်၏ ခွန်အားက အင်မော်တယ်ကမ္ဘာတွက် မရှုံးနိမ့်နိုင်သော အဆင့်သို့ မရောက်သေးသောကြောင့် လျို့ဝှက်စွာ နေထိုင်ခြင်းက ပိုကောင်းလေသည်။
" ဟမ် " လင်းယွမ်က စဉ်းစားနေချိန် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" သခင် " ယွင်ကျန်းဇီက ပေါ်လာသည်။ " ဖေးရှန်းခန်းမသခင်က သခင်နဲ့ တွေ့ချင်နေပါတယ်။ "
ဖေးရှန်းအင်မော်တယ်ခန်းမက ကန်ဝူအင်မော်တယ်မြို့တော်တွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်းနေရာများကို တာဝန်ယူထားသည်။ ခန်းမသခင်က မြို့သခင်အောက်ရှိ ရာထူးမြင့်ပုဂ္ဂိုလ်အနည်းငယ်ပြီး ဒုတိယအာဏာအမြင့်ဆုံးဖြစ်သည်။
နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းနှင့်ယှဉ်လျှင် ဖေးရှန်းခန်းမက အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးတည်ထောင်ခဲ့သော ကန်ဝူအင်မော်တယ်မြို့တော်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိလေသည်။ နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်း၏ နောက်တွင် ရှိသော အင်အားစုမှ နဂါးမျိုးနွယ်မှ ကျောက်စိမ်းအင်မော်တယ်ကိုးပါးဖြစ်ပြီး ကန်ဝူအင်မော်တယ်မြို့တော်၏ နောက်တွင်ရှိသော အင်အားစုမှာ အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးဖြစ်သည်။
မကြာမီ ဖေးရှန်းခန်းမသခင်က လင်းယွမ်၏ ရှေ့တွင်ပေါ်လာသည်။
" သခင်ယွင်ကျန်းဇီ..." ဖေးရှန်းခန်မသခင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
" ခန်းမသခင်..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဖေးရှန်းခန်းမသခင်၏ သဘောထားက နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ အဇူရာနဂါးသခင်ထက် ပိုမိုကောင်းမွန်နေပုံရသည်။ ထို့အပြင် ဖေးရှန်းခန်းမသခင်က လင်းယွမ်လက်ရှိနေထိုင်ရာ ကန်ဝူအင်မော်တယ်မြို့တော်မှ အာဏာရှိပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူက အနည်းငယ် ယဉ်ကျေးမှုရှိရပေလိမ့်မည်။