← Chapters

အခန်း (၃၇၉)

Vol. 28 Ch. 379

အခန်း (၃၇၉)

Vol. 28 Ch. 379

စက်ကွင်းသည် တင်းကြပ်လာခဲ့သည်။

စက်ကွင်းများသည် ချန်ကျဲ့၏ခြေကျင်းဝတ်ကို ရစ်ပတ်ချုပ်နှောင်ကာ ချန်ကျဲ့အား ကြမ်းတမ်းခက်ထန်စွာ အောက်သို့ဆွဲချနေခဲ့သည်။ ချန်ကျဲ့သည် ဆောင်းဦးပုစဉ်းဓားကို အားပြုဆွဲကိုင်ထားလျက်ဖြင့် လေထဲတွင် တွဲလောင်းအခြေအနေဖြစ်နေခဲ့သည်။

လွတ်မြောက်နိုင်ဖို့ စိတ်အားထက်သန်စွာ လက်နှစ်ဖက်ကို အစွမ်းကုန်အားစိုက်ထုတ်ထားခဲ့သည်။

ချန်ကျဲ့သည် အောက်ထဲရှိ ကြောက်မက်ဖွယ်သော မေးရိုးစုကြီးကို ငုံ့ကြည့်လိုက်သည်တွင် နဖူးတွင် ချွေးစေးများ စီးကျလာရသည်။

ဒီသတ္တဝါကြီးက ဘာကြီးတုန်းဟ?

ချန်ကျဲ့သည် ၎င်းသတ္တဝါကြီးကို အပြည့်အဝ မမြင်နိုင်သော်ငြား ၎င်း၏ပါးစပ်သည်ပင် ၅မီတာခန့်ကျယ်ဝန်းကြောင်း သိနိုင်ပါ၏။ ဘဲဥပုံသဏ္ဍာန်သော အသူတရာချောက်နက်ကြီးအလား အာခံတွင်းကို ကြောက်ခမန်းလိလိ ချွန်ထက်သော သွားကြီးများဖြင့် ဝန်းရံထားသည်။

ထိုအချိန်တွင် အသက်ရှင်နေသေးသော ဝံပုလွေများသည် ထွက်ပြေးလွတ်မြောက်ရန် အစွမ်းကုန် ပြေးလွှားနေကြကာ ချန်ကျဲ့ သတ်ခဲ့သည့် ဝံပုလွေအလောင်းများသည်တော့ စက်ကွင်းများ၏ ဆွဲယူခြင်းခံရပြီး ဧရာမသားရဲကြီး၏ အာခံတွင်းထဲသို့ ရောက်သွားကြရလေပြီ။

ချန်ကျဲ့ရှာဖွေနေသည့် သွေးလင်ဇီးသည် ၎င်းသားရဲကြီးပေါ်တွင် ပေါက်ရောက်နေပုံရ၏။ သို့ဖြင့် ၎င်းသားရဲ၏ခန္ဓာကိုယ်ကို အလှဆင်ပေးထားသည့်အလား မြင်ကွင်းကို ဖြစ်စေသည်။

ဒီသားရဲက တကယ်ပဲ ဘယ်လိုမိစ္ဆာကောင်မျိုးလဲ။

ချန်ကျဲ့တွေးနေစဉ် သူ၏ခြေကျင်းဝတ်ရှိ စက်ကွင်းများသည် ပို၍တင်းကျပ်လာခဲ့သည်။ မြန်မြန်မတုံ့ပြန်နိုင်ပါက ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။

သို့သော်ငြား လက်ရှိတွင် ချန်ကျဲ့အနေဖြင့် အားယူတွန်းကန်နိုင်သည့် တစ်ခုတည်းသောအရာမှာ လျှောစောက်တွင် ထိုးစိုက်ထားသည့် ဓားဖြစ်သည်။ သို့သော် သူ ဓားကို လက်လွှတ်မရပေ။ ချန်ကျဲ့ အကျပ်ရိုက်သွားရ၏။

နည်းဗျူဟာတစ်ခုခုရရှိရန် ချန်ကျဲ့စဉ်းစားနေစဉ် လူအရိပ်တစ်ခုသည် မေးရိုးစုကြီး၏ အထက်မှ ကပ်ပျံထွက်ပေါ်လာခဲ့သည်။ ထို့နောက် တဒင်္ဂ၌ ဓားရောင်ခြည်တစ်ချက်နှင့်အတူ သားရဲကြီး၏လျှာမှာ ပိုင်းဖြတ်ခံလိုက်ရသည်။

ထိုလူအရိပ်မှ လက်ပြန်အနေအထားဖြင့် ထုတ်လွှတ်လိုက်သော ဓားချီသည် ချန်ကျဲ့ဆီသို့ တစ်ဟုန်ထိုးဦးတည်လာသည်။ ၎င်းဓားချီသည် မြည်ဟီးသံနှင့်အတူ လေထုကို ပိုင်းဖြတ်ကာ ချန်ကျဲ့၏ခြေကျင်းဝတ်ကို ရစ်ပတ်နေသည့် စက်ကွင်းများကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် တစ်ဆက်တည်းတွင် ချန်ကျဲ့ကို အင်္ကျီလည်ပင်းစမှ ဆွဲ၍ ကမ္ဘာမြေကြီးဆွဲအားကို ဆန့်ကျင်သည့်စွမ်းအင်တစ်ရပ်ဖြင့် အထက်သို့ ပျံသန်းထွက်ခွာခဲ့သည်။

သူတို့နှစ်ဦးသည် မီတာ၅၀ကျော်မြင့်မားသည့် လျှောစောက်နံရံကို ခုန်ကျော်၍ လုံခြုံသည့်တစ်နေရာတွင် ဆင်းသက်ခဲ့ကြသည်။

ဒုန်း ဒုန်း!

ထိုလူသည် ချန်ကျဲ့ကို မြေပြင်ကို ပစ်ချလိုက်၏။ ထို့နောက် ခမ်းနားထည်ဝါသော ဓားရှည်ကို တစ်ချက်ပုတ်လိုက်ပြီးနောက် ဓားအိမ်ထဲ ထည့်သိမ်းလိုက်သည်တွင် မျက်မမြင်၏တုတ်ကောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“မင်းအဆင်ပြေရဲ့လား”

ထိုလူမှ ပြောသည်။

ချန်ကျဲ့လည်း ထိုလူကို ကြည့်လိုက်၏။ ထိုအခါ အံ့ဩသွားရသည်။

“လူကြီးမင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ”

ထိုလူမှာ မျန့်ရွှေစီရင်စုတွင် ချန်ကျဲ့အား ကံကြမ္မာဟောပြောပေးခဲ့သည့် မျက်မမြင်လူကြီးဖြစ်နေခဲ့ပေသည်။

လောကထိပ်တန်းပညာရှင်ကြီးသုံးဦးထဲမှ တစ်ဦးဖြစ်သော ယွမ််စန်းကျားသည် သူ၏ သာလွန်ထူးကဲသော စွမ်းရည်သုံးခုဖြင့် အမည်ကျော်ကြားသည်။ ဂမ္ဘီရဥာဏ်၊ ဓားသိုင်းပညာနှင့် ဩဇာတိက္ကမတို့ ဖြစ်သည်။

ယနေ့တွင် ချန်ကျဲ့သည် ဓားသိုင်းပညာကို မျက်မြင်တွေ့ခွင့်ရခဲ့ပေသည်။

တကယ့်ကိုပဲ လူကြီးမင်းရဲ့ တုတ်ကောက်က ဓားရှည်တစ်လက်ဖြစ်နေခဲ့တာပဲ။

ဟုတ်ပါ၏။ မျက်မမြင်လူကြီး၏ တုတ်ကောက်သည် ဓားရှည်တစ်လက်ဖြစ်၏။ ထို့ပြင် ၎င်းဓားသည် တစ်ချိန််တစ်ခါက အမည်ကျော်ကြားခဲ့သော သိုင်းလောက၏ အမည်ကျော်ဓား၁၀လက်ထဲမှ နွေဦးလေပြေဆွေးမြေ့ဓားဖြစ်သည်။

မျက်မမြင်လူကြီး ယွမ်စန်းကျားသည် ချန်ကျဲ့၏ အမေးစကားကို ပြန်ဖြေသည်။

“အိုး မျန့်ရွှေစီရင်စုက ငါလုပ်ရမယ့် အလုပ်အများစုကို လုပ်ပြီးသွားလို့ ဟောက်ကျိုးကို သွားနေတာ”

“ဟောက်ကျိုး?”

ချန်ကျဲ့ တွေဝေသွား၏။

ကျူးချုံပါးက ဟောက်ကျိုးက မဟုတ်လား။

ယွမ်စန်းကျားမှ ပြောသည်။

“အင်း ဟောက်ကျိုးကို သွားမလို့။ ကျူးချုံပါးက အဲဒီမှာ အဆင့်အတန်းမြင့်မားတဲ့လူတစ်ဦးနဲ့ ဆုံတွေ့ရမယ့်ကံကြမ္မာရှိတယ်။ ငါ အဲဒါကို မြင်ချင်တယ်”

“အဆင့်အတန်းမြင့်မားတဲ့သူ? ဘယ်လိုအဆင့်အတန်းမြင့်မားတဲ့သူလဲ”

“ဇာမဏိနတ်ဘုရားမျိုးဆက်၊ စကားနဲ့တောင် ဖော်ပြလို့မရနိုင်အောင် အဆင့်အတန်းမြင့်မားတဲ့သူ၊ သိုင်းလောက အလှပဂေးစာရင်းမှာ နံပါတ်၁၁ဖြစ်တဲ့ မာရှို့ယင်းပဲ!”

ဧကရီမာ!

ထိုအမည်ကိုကြားရသည်တွင် ချန်ကျဲ့ အံ့ဩသွားကာ ယွမ်စန်းကျားကို ကြည့်လိုက်သည်။

“အို သိုင်းလောက အလှပဂေးစာရင်းဆိုတာ ဘာလဲ”

ယွမ်စန်းကျားမှ ပြောသည်။

“ဟားဟား ဒီတိုင်း ပျင်းရိနေတဲ့အမျိုးသမီးတစ်ယောက် လုပ်ထားခဲ့တဲ့ အပျော်အပြက်စာရင်းလေးတစ််ခုပါပဲ။ သိုင်းလောကမှာ အမျိုးသမီးသူရဲကောင်းတွေကို အရေးတယူ အသိအမှတ်ပြုတာ ရှားပါးတယ်။ မာရှို့ယင်းက မိန်ဂိုဏ်း ဟောက်ကျိုးဂိုဏ်းခွဲရဲ့ ဒုခေါင်းဆောင်မာထျန်းယွမ်ရဲ့ သမီးပဲ။ မာထျန်းယွမ်က ပုန်ကန်မှုစတင်ခဲ့ရင်း ကံဆိုးစွာနဲ့ အဖမ်းခံလိုက်ရတော့ မိန်းကလေးမာက အဖေဖြစ်သူကို ကယ်တင်ဖို့အတွက် သာ့ချန်ရဲ့တော်ဝင်တရားရုံးတော်ထဲကို တစ်ကိုယ်တည်း ဝင်မွှေခဲ့ပြီး အရာရှိ၁၂ယောက်ကို သတ်ဖြတ်ခဲ့တယ်။ ဟောက်ကျိုးဂိုဏ်းခွဲခေါင်းဆောင် ကောကျစ်ရှင်းက ကူညီပေးမှ သူမကို ကယ်တင်နိုင်ခဲ့တာ”

“နောက်တော့ ကောကျစ်ရှင်းက သူမကို မွေးစားသမီးအဖြစ် သတ်မှတ်ခဲ့တယ်။ သူမရဲ့လုပ်ဆောင်ချက်က ကျော်ကြားသွားခဲ့ပြီး သိုင်းလောက အလှပဂေးစာရင်းမှာ ပါဝင်လာခဲ့တယ်။ သူမရဲ့ရုပ်ရည်က ရင်သပ်ရှုမောစရာကောင်းလောက်တဲ့ အလှတရားမျိုးမဟုတ်တာကြောင့် ထိပ်တန််းဆယ်ဦးထဲကိုတော့ မဝင်နိုင်ခဲ့ဘူး”

ချန်ကျဲ့ နားထောင်ရင်း ခပ်ဖျော့ဖျော့ခေါင်းညိတ်လိုက်သည်။

အဲဒီတော့ ဇာတ်လမ်းက ဒီလိုကိုး။

“ဒါပေမဲ့ လူကြီးမင်း၊ ဟောက်ကျိုးကို တရားဝင်လမ်းကြောင်းက သွားမယ်ဆို အရှေ့ဘက်ကို ဦးတည်သွားသင့်တာလေ။ ပြီးတော့ အချိန်က နှစ်လလောက် ကြာမြင့်လိမ့်မယ်။ ဒါပေမဲ့ လူကြီးမင်းက ဘာလို့ အနောက်ဘက်ကို ဦးတည်ခရီးနှင်ပြီး မြူခိုးထုတောထဲကို ရောက်လာရတာလဲဗျ”

ယွမ်််စန်းကျားမှ ပြောသည်။

“မင်းမသိလောက်ပေမဲ့ မြူခိုးထုတောထဲမှာ ကြီးမားတဲ့လျှို့ဝှက်ချက်ကြီးရှိတယ်”

ထိုသို့ပြောပြီးနောက် ယွမ်စန်းကျားမှ မေးမြန်းသည်။

“မင်းက ဘာလို့ ဒီနေရာကိုရောက်နေရတာလဲ။ မင်းရဲ့လက်ရှိအင်အားနဲ့ ဒီနေရာကိုဝင်လာတာ အရမ်းအန္တရာယ်များတယ်”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး ဖော်စပ်ဖို့အတွက် နှစ်ငါးရာသက်တမ်းသွေးလင်ဇီးကို လိုအပ်လို့ အဲဒါကြောင့် ဒီမြူခိုးထုတောထဲမှာ လာရှာတာပါ”

“နှစ်ငါးရာသက်တမ်းသွေးလင်ဇီးလား”

မျက်မမြင်လူကြီးသည် သူ၏လက်ထဲမှ မိစ္ဆာကောင်၏အသားစတစ်ခုကို သတိရလိုက်သည်။ အကြောင်းတိုက်ဆိုင်စွာပင် ၎င်းအသားစထက်တွင် သွေးလင်ဇီးတစ်ပင် ရှိနေခဲ့သည်။

“ဒီသွေးလင်ဇီးကို ယူလိုက်”

မျက်မမြင်လူကြီးသည် သူခုနက ခုတ်ပိုင်းမိခဲ့သည့် မိစ္ဆာကောင်၏အသားစပေါ်မှ သွေးလင်ဇီးကို လက်ညှိုးထိုးပြ၏။

ချန်ကျဲ့ကြည့်လိုက်သည်။ ၎င်းသွေးလင်ဇီးသည် သေချာပေါက် နှစ်ငါးရာသက်တမ်းရှိနိုင်၏၊ နှစ်ခြောက်ရာသက်တမ်းပင် ရှိကောင်းရှိနိုင်ပေသည်။

“လူကြီးမင်းကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့ တွန့်ဆုတ်မနေပါချေ။ မိိမိထက် အဆင့်အတန်းမြင့်မားသူတစ်ဦးမှ လက်ဆောင်ကမ်းလှမ်းလာခဲ့သည်ဖြစ်ရာ အဘယ်ကြောင့်များ လက်ခံရန် တွန့်ဆုတ်နေရမည်နည်း။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ သွေးလင်ဇီးကို နုတ်ယူလိုက်သည်။

ထို့နောက် မျက်မမြင်လူကြီး ယွမ်စန်းကျားကို မေးသည်။

“လူကြီးမင်း ဒီမိစ္ဆာကောင်က အရမ်းကြောက်ဖို့ကောင်းတာ တကယ်ပဲ ဘာကောင်ကြီးလဲဗျ”

ထိုအခါ မျက်မမြင်လူကြီးမှ မေးသည်။

“မင်း ထိုက်ဆွေ့ကို ကြားဖူးလား”

“ထိုက်ဆွေ့?”

ချန်ကျဲ့သည် ထိုအခေါ်အဝေါ်ကို အတော်လေး ရင်းနှီးနေပါ၏။ သူ၏အရင်ဘဝတွင် ကျန်းမာရေးထုတ််ကုန်အတုများဖြင့် လိမ်လည်သူအများစုသည် ထိုက်ဆွေ့ဟူသည့်အမည်ကို အသုံးပြုလေ့ရှိကြသည်။ သို့သော် သိပ္ပံပညာရပ်အားဖြင့် သေချာသည့်အဖြေဟူ၍ မရှိသေးပါချေ။

သို့သော် ဤကမ္ဘာ၏ထိုက်ဆွေ့မှာ လုံးဝကွဲပြားကြောင်း သိသာလှသည်။

မျက်မမြင်လူကြီးမှ ရှင်းပြသည်။

“ထိုက်ဆွေ့ဆိုတာ သက်ရှိသတ္တဝါတွေရဲ့ခန္ဓာကိုယ်ကို စားသုံးပြီး အာဟာရပြုတဲ့ သဘာဝစိတ်ဝိဉာဉ်ရဲ့ တည်ရှိမှုပဲ”

“ဒီအရာကြီးက တကယ်စားနိုင်လို့လား”

ချန်ကျဲ့သည် အံ့အားသင့်စွာဖြင့် မျက်မမြင်လူကြီးကို ကြည့်နေခဲ့သည်။ မျက်မမြင်လူကြီးသည် သူ၏အိတ်ထဲမှ ဘူးသီးခြောက်ရေဘူးအသေးလေးကို ထုတ်ယူကာ အဖုံးဖွင့်လိုက်ပြီးနောက် နီညိုရောင်ဆေးလုံးကို ကမ်းပေး၍ ပြောသည်။

“သောက်ကြည့်လိုက်!”

ချန်ကျဲ့သည် လောကထိပ်တန်းပညာရှင်ကြီးတစ်ဦးမှ သူ့အား အန္တရာယ်ပြုလိမ့်မည်ဟု လုံးဝ သံသယမဖြစ်ချေ။ ချက်ချင်း မော့သောက်လိုက်သည်။

ဆေးလုံးကို မျိုချပြီး အစပိုင်းတွင် ဘာကိုမျှ မခံစားရပေ။ သဖန်းသီးကဲ့သို့ အရသာကို အနည်းငယ် ခံစားရသည်။ သို့သော် ဆေးလုံး အစာအိမ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ဝမ်းဗိုက်မှာ အပြင်းအထန် ပူပြင်းလာခဲ့သည်။ ပူလောင်မှု ပျံ့နှံ့သွားပြီးနောက် လျော့ပါးနေသည့်အင်အားများ ပြန်လည်အားပြည့်လာခြင်းကို ချန်ကျဲ့ခံစားလိုက်ရသည်။ ဒဏ်ရာများသည်လည်း သိသိသာသာ သက်သာလာခဲ့သည်။

All Chapters