အခန်း (၃၈၃)
Vol. 28 Ch. 383
ဝန်ကြီးချုပ်ပေါ်ယန်သည် ၎င်အကြောင်းအရာများကို တင်သွင်းခဲ့သည်။
အစိုးရအရာရှိအားလုံးသည် တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။ ၎င်းမုလန်လူမျိုးအရာရှိများသည် နယ်မြေ၊ ကြွယ်ဝမှုနှင့် အမျိုးသမီးများကို သိမ်းပိုက်ခဲ့သည့် ကောင်းမွန်သည့်နေ့ရက်များကို ပြန်ပြောင်းတွေးတောရင်း စိတ်လှုပ်ရှားတက်ကြွစွာ ဟစ်ကြွေးနေခဲ့ကြသည်။ သူတို့သည် သူတို့၏အမျိုးသမီးကျွန်များကို ငြီးငွေ့နေကြပြီဖြစ်သည်။ တောင်ပိုင်းဒေသရှိ အမျိုးသမီးများသည် ရေကဲ့သို့ နူးညံ့သိမ်မွေ့သည်ဟု ကြားဖူးထားကြလေရာ သူတို့သည် တောင်ပိုင်းအမျိုးသမီးများကို ဖမ်းဆီး၍ မြည်းစမ်းကြည့်ရန် အလွန်တရာ စိတ်အားထက်သန်နေတော့သည်။
သို့သော် ကန့်ကွက်သူနှစ်ဦး ရှိနေခဲ့ပါ၏။
တစ်ဦးမှာ လက်ရှိဧကရာဇ်ယွမ်ရွှမ့်တိ ထောဟွမ်ထျဲမုအာဖြစ်သည်။
ကျန်တစ်ဦးမှာ ဒုဝန်ကြီးချုပ်နှင့် သာ့ချန်၏ဝန်ကြီးတစ်ဦးဖြစ်သော ဝန်ကြီးထောထောဖြစ်သည်။
သူတို့နှစ်ဦး၏ အလျှော့မပေးတမ်း ကန့်ကွက်မှုကြောင့် ၎င်းအခြင်းအရာသည် ဆွေးနွေးနေဆဲ အခြေအနေတွင်သာ ရပ်တန့်နေခဲ့ပြီး အကောင်အထည်ဖော်ဆောင်ခြင်း မရှိသေးပေ။
သို့သော် မုလန််လူမျိုးများမှ ထိုသို့အတွေးတွင် စိတ်ပျော်မွေ့လာသည်နှင့်တစ်ပြိုင်နက် ၎င်းမှာ ကျိန်းသေပေါက် အကောင်အထည်ဖော်ရလိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိထားကြပါ၏။ မည်သို့ပင်ဖြစ်စေ တောင်ပိုင်းဟန့်လူမျိုးများ ကံကောင်းနေသဖြင့် ဤတစ်ကြိမ်တွင် အကောင်အထည်မဖော်ဖြစ်လိုက်လျှင်သော်မှ နောက်တစ်ကြိမ်တွင်မူ မသေချာနိုင်ပေ။
ရန်သူကို ညှာတာဖို့အတွက်နှင့် မည်သူကများ မိမိ၏အသက်ကို စွန့်စားဝံ့ပါမည်နည်း။
ထို့ပြင် မျက်မမြင်လူကြီး၏ သုံးချက်ဟောကိန်းအရ သာ့ချန်သည် လာမည့်နှစ်များတွင် သဘာဝကပ်ဘေးများကို အဆက်မပြတ်ခံစားရလိမ့်မည်။ ၎င်းသည် ကြီးမားလှစွာသော ဖရိုဖရဲအခြေအနေများဖြစ်ပွားတော့မည့် ရှေ့ပြေးနိမိတ်လည်း ဖြစ်သည်။
တော်ဝင်ရုံးတော်၏ အကျိုးအမြတ်များ လျော့နည်းလာချိန်တွင် မုလန်လူမျိုးများသည် သူတို့၏အသုံးစရိတ်များကို ပြန်လည်ဖြတ်တောက်လျှော့ချပြီး အသုံးအဖြုန်းနည်းပါးသည့် ဘဝမျိုးကို ပြန်လည်နေထိုင်ကြလိမ့်မည်လော သို့မဟုတ် ဟန့်လူမျိုးများကို ပို၍ဖိနှိပ်ခြင်းဖြင့် နည်းလမ်းရှာကြလိိမ့်မည်လော။
အခွန်အခများ တိုးမြှင့်ကောက်ခံကြလိမ့်မည်။
ထိုအခါ ဟန့်လူမျိုးများအတွက် မည်သည့်ဘဝမျိုး စောင့်ကြိုနေလိမ့်မည်နည်း။ မိမိကိုယ်ကို ဝမ်းဝအောင် မဖြည့်တင်းနိုင်သော၊ မိသားစုငါးယောက်ရှိသည့် မိသားစုတစ်စုမှာ တစ်နှစ်တာအတွက် စားနပ်ရိက္ခာကို လုံလောက်စေနိုင်ဖို့ရာ ခက်ခဲသော ဘဝမျိုး စောင့်ကြိုနေပေလိမ့်မည်။
ထိုအခြေအနေကို ဟန့်လူမျိုးများသည် မည်သို့ဖြေရှင်းကြရမည်နည်း။ တစ်ယောက်မှ အငတ်ခံကာ ကျန်လေးယောက်ကို ဗိုက်ဖြည့်ပေးရပါမည်လော။
“ကျွန်တော့်အထင်တော့ လူကြီးမင်း၊ လူသုံးယောက်ကို ကျွေးမွေးနိုင်ရင်ပဲ လုံလောက်ပါပြီ။ လေးယောက်ကလည်း နည်းနည်းများနေသေးသလားလို့၊ လူကြီးမင်းရော ဘယ်လိုထင်လဲ”
“ဟုတ်တယ်၊ အခွန်ကို ၄၀ရာခိုင်နှုန်း ပိုကောက်ခံမယ်။ နန်းတော်ကို ၁၀ရာခိုင်နှုန်းသွင်းပြီး ကျန်််တဲ့၃၀ရာခိုင်နှုန်းကိုတော့ ကျုပ်အိမ်တော်ကို ပို့လိုက်…”
ဤသည်မှာ အရပ်ဒေသအားလုံးရှိ မုလန်လူမျိုးအရာရှိများ၏ မျက်နှာအစစ်အမှန်ဖြစ်သည်။
ချန်ကျဲ့သည် မျက်မမြင်လူကြီး၏ တွက်ချက်မှုများကို နားထောင်ပြီး နောက်ဆုံးတွင်တော့ ဤကမ္ဘာ၏ အစစ်အမှန်ပုံစံကို နားလည်သွားခဲ့သည်။ ထို့ပြင် တောင်ပိုင်းဟန့်လူမျိုးများ ရုန်းကန်ရှင်သန််နေနိုင်သေးသည့် အကြောင်းအရင်းမှာ ထိုမူဝါဒဥပဒေများ တောင်ပိုင်းသို့ ရောက်မလာသေးသောကြောင့်ဖြစ်ကြောင်းကိုလည်း သိလိုက်ရသည်။
ညီလာခံတွင် တောင်ပိုင်းဒေသအား မြောက်ပိုင်းဒေသကဲ့သို့ ပြုကျင့်စေဟူသည့် မူဝါဒအမိန့်ကို ချမှတ်လိုက်သည်နှင့်တစ်ပြိုင်နက်
တောင်ပိုင်းဒေသသည်လည်း လူတို့ အရှင်လတ်လတ်ကျခံရသည့် ငရဲဘုံဖြစ်သွားပေလိမ့်မည်။
တော်လှန်ပုန်ကန်ဖို့?
ဟက် ကြီးမြတ်လှစွာသော သာ့ချန်ပြည်ကြီးသည် ရှုံးနိမ့်လိမ့်မည် မဟုတ်၊ မြင့်မြတ်သည့် မုလန်လူမျိုးများသည် လူအင်အားနည်းပါးသည့်တိုင် ဟန့်လူမျိုးများ၏ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့သည် မဟုတ်ပါလော။
တည်ထောင်သူဧကရာဇ်သည် ဟန့်လူမျိုးများကို သက်သက်ညှာညှာဆက်ဆံပါဟူသည့် ယဲလွိချူချောင်၏ ရူးမိုက်တုံးအသည့် အကြံပေးစကားကို မှားယွင်းနားထောင်ခဲ့မိသည်။ အကယ်၍သာ တောင်ပိုင်းဒေသအား မြောက်ပိုင်းဒေသကဲ့သို့ ပြုကျင့်ခြင်းကို ထိုအချိန်ကတည်းက အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါက ဒီနေ့ဒီအချိန်အထိ စောင့်ဆိုင်းရန် လိုအပ်ခဲ့မည် မဟုတ်ပေ။
သို့ဖြင့် ညီလာခံရှိ မုလန်လူမျိုးအထက်တန်းအရာရှိများ၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုဖြင့်
တောင်ပိုင်းဒေသအား မြောက်ပိုင်းဒေသကဲ့သို့ ပြုကျင့်ရေးမူဝါဒသည် နိုင်ငံရေးဆိုင်ရာ အမှန်ပြုပြင်ရေးမူဝါဒ ဖြစ်လာခဲ့သည်။
“ကျုပ်တို့မုလန်လူမျိုးတွေဟာ ထူးကဲသာလွန်တယ်၊ ကျုပ်တို့က ကောင်းကင်ဘုံရဲ့ရင်သွေးတွေပဲ။ အခြားလူမျိုးစုတွေအားလုံးဟာ အဆင့်နိမ့်တွေဖြစ်ပြီးတော့ သူတို့အားလုံးဟာ ကျုပ်တို့ရဲ့ ယဉ်ကျေးမှုဓလေ့ကို လိုက်နာကျင့်သုံးကြရမယ်၊ ကျုပ်တို့ကို အားပေးထောက်ခံကြရမယ်၊ ကျုပ်တို့ရဲ့ ကျွန်တွေအဖြစ် ခစားကြရမယ်”
လက်ရှိဧကရာဇ်ယွမ်ရွှမ့်တိသာလျှင် အသိအာရုံခံစားမှုတစ်မျှင် ရှိနေခဲ့သည်။
ဝန်ကြီးထောထောသည်လည်း ဟန့်လူမျိုးများကို ဤသို့နည်းလမ်းဖြင့် လှုံ့ဆော်ခြင်းသည် အလွန်အန္တရာယ်များကြောင်း သိနေသဖြင့် ၎င်းမူဝါဒကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။
သို့သော် မုလန်လူမျိုးအရာရှိထုကြီးသည် ၎င်းမှာ မှန်ကန်သည့်လုပ်ရပ်ဟု တွေးနေကြသည်။ မင်းဧကရာဇ်တစ်ပါးနှင့် ဝန်ကြီးတစ်ဦးပင်လျှင် သူတို့အား မဟန့်တားနိုင်ချေ။
ထို့အပြင် အဆက်မပြတ်သော သဘာဝကပ်ဘေးများနှင့် ပေါင်းလိုက်သော် အနာဂတ်သည် အလွန်တရာ ဖရိုဖရဲသော အခြေအနေဖြစ်ရန် ကံကြမ္မာဖန််ထားခဲ့လေပြီ။
ထိုသို့ဖရိုဖရဲအခြေအနေများအတွင်း ဒုက္ခအခံစားရဆုံးသူများမှာ သာမန်ပြည်သူများသာ ဖြစ်ပေသည်။
မျက်မမြင်လူကြီးသည် ထိုမျှစိတ်မချမ်းမြေ့ဖွယ်ဆိုးရွားလွန်းသည့် လောကကြီးကို မြင်တွေ့နေရခြင်းငှာ ခံနိုင်ရည်မရှိသောကြောင့် မိမိကိုယ်ကိုယ် မျက်ကန်းဖြစ်စေခဲ့ပြီး လောကကြီးကို ငြိမ်းချမ်းမှုဆောင်ကြဉ်းပေးနိုင်မည့်သူကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
မျက်မမြင်လူကြီးအပြင် အခြားလူများစွာသည်လည်း ထိုသို့စွမ်းဆောင်နိုင်မည့်သူကို ရှာဖွေနေကြသည်။ အချို့ဆိုလျှင် ထိုသူမှာ သူတို့ကိုယ်တိုင်ဟုပင် ယုံကြည်နေကြသေးသည်။
မျက်မမြင်လူကြီးမှ ဤကမ္ဘာ၏အဖြစ်အပျက်များကို ပြောပြခါမှသာ ချန်ကျဲ့သည် အခြေအနေမှာ သေရေးရှင််ရေးတမျှ ပြင်းထန်နေကြောင်းကို နားလည်သွားခဲ့သည်။ သူ၏ဘဝသည် ကောင်းမွန်ပါ၏။ သို့သော် ထိုသို့ကောင်းမွန်မှုသည် လူနည်းစုလေးအတွက်သာဖြစ်ပြီး ဟန့်လူမျိုးများ၏ ဒုက္ခဝေဒနာများသည် အလွန်တရာ ကျယ်ပြောလွန်းလှသည််။
ယခုပိုင်ဆိုင်ထားရသည့် ကောင်းမွန်သည့်နေ့ရက်များသည်လည်း တာရှည်ခံမည် မဟုတ်တော့။ အကြောင်းမှာ တောင်ပိုင်းဒေသအား မြောက်ပိုင်းဒေသကဲ့သို့ ပြုကျင့်ခြင်းအမိန့်ကို အမှန်တကယ် ထုတ်ပြန်လိုက်ပါက တောင်ပိုင်းဒေသသည် စစ်မြေပြင်ကြီးဖြစ်သွားလိမ့်မည်။
လက်ရှိအချိန်တွင် ချန်ကျဲ့လုပ်ဆောင်ရမည့်အရာမှာ ၎င်းမူဝါဒ အသက်မဝင်ခင်တွင် အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားရန်ဖြစ်သည်။
သူ့တွင် ဤကမ္ဘာကြီးအား ကျိန််းသေပေါက် ငြိမ်းချမ်းမှုဆောင်ကြဉ်းပေးမည်ဟူသည့် ရည်မှန်းချက်မျိုး မရှိသည့်တိုင် ဤကမ္ဘာတွင် မိမိချစ်မြတ်နိုးသူများကို ကာကွယ်ပေးလိုပါက လုံလောက်သည့်အင်အားကို ပိုင်ဆိုင်ထားရမည်။ ၎င်းအင်အားတွင် သိုင်းပညာရော ထိန်းချုပ်မှုအာဏာပါ ပါဝင်သည်။ တစ်ခုတစ်လေသော်မျှ လစ်ဟာ၍ မဖြစ်ချေ။
ထိုသို့အတွေးတွင် ချန်ကျဲ့၏မျက်လုံးအစုံမှာ တိုက်ခိုက်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှေ့ဆက်လျှောက်ရမည့် လမ်းသည် ခက်ခဲသော်ငြား ချန်ကျဲ့သည် ရှေ့သို့ သတ္တိရှိရှိချီတက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
“ကောင်းပြီ ကျိုစစ်၊ ငါမင်းကိုပြောချင်တာ ဒါအကုန်ပဲ။ မင်းရဲ့အနာဂတ််လမ်းကြောင်းအတွက်တော့ ငါလည်း အများကြီးမကူညီနိုင်ဘူး။ ဒါပေမဲ့ ရော့၊ ဒီကြေးဒင်္ဂါးသုံးပြားကို ယူသွားလိုက်”
မျက်မမြင်လူကြီးမှ သူ၏လက်ထဲရှိ ကြေးဒင်္ဂါးသုံးပြားကို ညွှန်ပြရင်း ပြောသည်။
“ဒါဆို ငါကိုယ့်လမ်းကိုယ် ဆက်သွားလိုက်ပါဦးမယ်”
ချန််ကျဲ့သည် မျက်မမြင်လူကြီးမှ ပေးသည့် ေကြးဒင်္ဂါးများကို မတ်တပ်ရပ်လျက် လက်ခံယူခဲ့သည်။
“လူကြီးမင််း၊ ခင်ဗျား ဟောက်ကျိုးကိုသွားပြီး ကျူးချုံပါးနဲ့တွေ့မှာ မဟုတ်ဘူးလား”
မျက်မမြင်လူကြီး ရပ်သွား၏။
“ဟုတ်တယ်လေ”
“အဲဒါဆို ဒီဘက်ကိုပြန်သွားရမှာလေ။ ဘာလို့ မြူခိုးထုတောရဲ့အနက်ပိုင်းထဲကို ဆက်ဝင်သွားရတာလဲ”
“မင်း မြူခိုးထုတောက ဘာလဲဆိုတာ သိလား”
မျက်မမြင်လူကြီးမှ မေးသည်။
ချန်ကျဲ့ ခေါင်းခါလိုက်သည်။ မျက်မမြင်လူကြီိးမှ ပြောသည်။
“ဒါက နဂါးသွေးကြောပဲ”
“နဂါးသွေးကြော?”
မျက်မမြင်လူကြီးမှ ရှင်းပြသည်။
“သာ့ဟေးတောင်က ဟူပေလမ်းကြီးမှာ တည်ရှိတာ၊ သာ့ပါးတောင်တန်းရဲ့ တောင်ခွဲတစ်ခုဖြစ်ပြီးတော့ လောကတစ်ခုလုံးကို ဖြန့်ကျက်နေတဲ့ လောကနဂါးသွေးကြော၁၀ခုထဲက တစ်ခုပဲ။ ဒီမြူခိုးထုက နဂါးသွေးကြောကနေ ထုတ်လွှတ်တဲ့ စိတ်စွမ်းအင်ဖြစ်ပြီးတော့ သက်ရှိသတ္တဝါအားလုံးကို အာဟာရဖြစ်စေတယ်။ မှတ်ထား၊ အစွန်အဖျားမှာပဲနေ၊ အတွင်းထဲကို အရမ်းမဝင်နဲ့။ အတွင်းထဲမှာ ကြောက်မက်ဖွယ်အရာကြီးရှိနေတယ်။ ဉာဏ်အလင်းပွင့်အဆင့်သိုင်းပညာရှင်ကြီးတွေတောင်မှ အဓိကနေရာကို လက်လွတ်စပယ် မဝင်ရဲကြဘူး”
ထိုသို့ပြောပြီးနောက် မျက်မမြင်လူကြီးသည် အဝေးသို့ပျောက်ကွယ်သွားခဲ့သည်။ မျက်မမြင်လူကြီးသည် ဖြေးညှင်းစွာ လျှောက်သွားခဲ့ခြင်းဖြစ်သော်ငြား ခြေတစ်လှမ်းသည် ပေပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိနိုင်ပြီး ဒဏ္ဍာရီလာမြေချုံ့သိုင်းကို အသုံးပြုထားခြင်းဖြစ်ပေသည်။
ချန်ကျဲ့သည် မျက််မမြင်လူကြီး၏စကားများကို အာရုံပြုလျက် မြူခိုးထုတောနက်အတွင်းသို့ ငေးစိုက်ကြည့်နေခဲ့သည်။ ဤသည်မှာ မြူခိုးထုတော၏ အစွန်အဖျားမျှသာဖြစ်လိမ့်မည်ဟု ချန်ကျဲ့ ထင်မထားမိပါချေ။
အတွင်းထဲမှာ ဘာတွေရှိနေလောက်မလဲ။
ချန်ကျဲ့သည် သိချင်သည့်တိုင် ဝင်မသွားရဲပါချေ။ သူသည် သဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်မျှ ရှိနိုင်သည့် ဝံပုလွေဖြူနှင့် အနည်းဆုံး ဝံပုလွေအငွေ့အသက်အဆင့်မျှ ရှိနိုင်သည့် မြေထိုက်ဆွေ့နှင့် တွေ့ဆုံပြီးနောက်တွင် ခက်ခက်ခဲခဲ အသက်ရှင်နေခဲ့ခြင်း မဟုတ်ပါလော။ ဒီထက်ပို၍ ရှေ့ဆက်သွားခြင်းသည် ပြန််လမ်းမရှိဟု အဓိပ္ပာယ်ဆောင်လိမ့်မည်။
ထို့ပြင် သူ၏ ဤတစ်ကြိိမ်ရောက်လာရသည့် ရည်မှန်းချက်ဖြစ်သော နှစ်ငါးရာသက်တမ်းသွေးလင်ဇီးကို ရှာဖွေရန်မှာလည်း ပြည့်ဝသွားခဲ့ပြီးဖြစ်သည်။