← Chapters

အခန်း (၃၈၅)

Vol. 28 Ch. 385

အခန်း (၃၈၅)

Vol. 28 Ch. 385

ရှားထောင်ရွာသည် ရှန်းထောင်ရွာနှင့် ဝေးကွာပြီး ရွာ၏တည်နေရာသည် အတော်လေး ခေါင်၏။

ဝူဟုန်သည် ဆေးများသယ်ဆောင်၍ ရှန်းထောင်ရွာသို့ ရောင်လျှင်ရောက်ချင်း ဝူကျုံးသည် ဝူဟုန်ကို အိမ်ထဲပင် မဝင်ခိုင်းဘဲ ရှားထောင်ရွာရှိ အခန်းလွတ်တစ်ခုဆီသို့ ချက်ချင်းစေလွှတ်လိုက်သည်။

ထို့နောက်တွင် သမားတော်ပိုင်သည် ဝူဟုန်ရောက်လာကြောင်း သိပြီးနောက်တွင် သိမ်းဆည်းထားသည့် ဆေးလုံးဖော်စပ်သည့် အဂ္ဂိရတ်ဖိုကို ထုတ်ယူသည်။

သမားတော်ပိုင်သည် အသက်လုယူသမားတော် အန်းသာ့ရှန်းဟု အမည်ကျော်ကြားသည့် သမားတော်၏ တပည့်ဖြစ်သည်။

စစ်မှန်သော အံ့ဖွယ်သမားတော်တစ်ဦးဖြစ်သည့် သမားတော်အန်းသည် တစ်ချိန်က မင်းသားစံအိမ်တော်၏ တော်ဝင်သမားတော်တစ်ဦးဖြစ်ခဲ့ဖူးသည်။ သမားတော်အန်းသည် အလွန်တရာ ထူးကဲသည့် တစ္ဆေတံခါးအပ်ဆယ့်သုံးသွယ်ကို အထူးကျွမ်းကျင်ကာ ဆေးဝါးအသုံးပြုရန်ပင် မလိုအပ်ဘဲ အပ်စိုက်ကုသမှုတစ်ခုတည်းဖြင့် ယမမင်းထံမှ လူ့အသက်ကို ပြန်လည်လုယူနိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် အသက်လုယူသမားတော်ဟု အမည်ကျော်ကြားခြင်းဖြစ်သည်။

အန်းသာ့ရှန်းသည် စုန့်မင်းဆက်ခေတ်အစောပိုင်းတွင် အမည်ကျော်ကြားသည့် နတ်ဆေးသမားတော် အန်းသောက်ချွမ်၏ မျိုးဆက်ဟု ဆိုကြ၏။

သမားတော်ပိုင်သည် သမားတော်အန်း၏ အလွန်နည်းပါးလှစွာသော တပည့်များထဲမှ တစ်ဦးသော်ငြား တစ္ဆေတံခါးအပ်ဆယ့်သုံးသွယ်ကို မသင်ယူခဲ့ရဘဲ ဆေးဝါးပညာတစ်ခုတည်းကိုသာ သင်ယူခွင့်ရခဲ့သည်။

သို့တိုင် သမားတော်ပိုင်သည် မျန့်ရွှေစီရင်စုတွင် ကျော်ကြားသည့် သမားတော်တစ်ဦးဖြစ်ခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့၏ အတွင်းခန်းမ သမားတော်ကြီး၈ဦးထဲမှတစ်ဦးဖြစ်နိုင်ခဲ့သည်။ သမားတော်ပိုင်သည် ဆေးဝါးပညာရပ်တွင် အထူးကျွမ်းကျင်ကာ အဂ္ဂိရတ်ပညာတွင်လည်း ထူးချွန်သည်။

ချန်ကျဲ့သည် ရတနာတစ်ပုံကြီးကို သယ်ယူလျက် ရှားထောင်ရွာသို့ ရောက်လာသည်။ ထို့နောက် ဝူဟုန်နှင့် သမားတော်ပိုင်ကို ရှာတွေ့ခဲ့သည်။

“ကျိုစစ်!”

ချန်ကျဲ့ကို မြင်သောအခါ သမားတော်ပိုင်နှင့် ဝူဟုန်တို့နှစ်ဦးစလုံးသည် ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။ ဝူဟုန်မှ ပြောသည်။

“ကျိုစစ် မင်းအရင်ဝင်သွားနှင့်လိုက်။ ငါ နောက်ယောင်ခံလိုက်တဲ့သူရှိလား သွားစစ်ကြည့်လိုက်မယ်”

ထိုသို့ပြောလျက် ဝူဟုန်သည် ထွက်သွားခဲ့သည်။ ချန်ကျဲ့လည်း အိမ်ထဲသို့ ဝင်ခဲ့သည်။ သမားတော်ပိုင်သည် ချန်ကျဲ့၏ ဖရိုဖရဲဖြစ်နေသည့်ပုံစံကို ကြည့်ကာ ပြောလာသည်။

“ကျိုစစ် မင်းအဆင်ပြေရဲ့လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘာမှ မပြင်းထန်ပါဘူး၊ အပေါ်ယံဒဏ်ရာလေးတွေပါပဲ”

သမားတော်ပိုင်မှ ပြောသည်။

“ငါတစ်ချက်ကြည့်ပေးမယ်”

သမားတော်ပိုင်သည် ချန်ကျဲ့၏ဒဏ်ရာများကို စစ်ဆေးကြည့်ပြီးနောက် အံ့အားသင့်စွာ ပြောသည်။

“ဟမ်… ဒီဒဏ်ရာက ဘာလို့ ဒီလောက်မြန်မြန် အနာကျက်လာနေတာလဲ? လုံးဝ ပျောက်လုနီးဖြစ်နေပြီ!”

သမားတော်ပိုင်သည် ချန်ကျဲ့၏ ဘယ်ဘက်လက်မောင်းရှိ ဝံပုလွေကုတ်ခြစ်ခံခဲ့ရသည့် ဒဏ်ရာနက်သည့် ပြတ်ရှရာကို စစ်ဆေးကြည့်နေခြင်းဖြစ်သည်။ သို့သော် ၎င်းဒဏ်ရာသည် ပျောက်ကင်းလုနီးဖြစ်နေခဲ့ပြီး အမာရွတ်ဖျော့ဖျော့သာ ကျန််ရစ်တော့သည်။ ၎င်းဒဏ်ရာသည် သာမန်လူတစ်ဦး၏ကိုယ်ပေါ်တွင်ဖြစ်ပါက အသက်သေလုနီးသော ဒဏ်ရာမျိုး ဖြစ်ပေလိမ့်မည်။

ချန််ကျဲ့လည်း ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုက်ဆွေ့ဆေးလုံး၏အာနိသင်ဖြစ်ကြောင်း စဉ်းစားမိလိုက်သည်။

ထို့နောက် ဝူဟုန်ပြန််ရောက်လာပြီး ချန်ကျဲ့ကို ပြောသည်။

“နောက်ယောင်ခံလိုက်လာတဲ့သူ မရှိဘူး”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော်လည်း စစ်ဆေးခဲ့သေးတာမို့လို့ ဘယ်သူမှမရှိနိုင်ပါဘူး။ ကျွန်တော် သတိမထားမိဘဲ ကျွန်တော့်ကို နောက်ယောင်ခံလိုက်မယ်ဆိုရင် အနည်းဆုံး သံမဏိအရိုးအဆင့်တော့ ရှိထားမှဖြစ်မှာရယ်”

ဝူဟုန်မှ ပြောသည်။

“အင်း ဒါနဲ့ ကျိုစစ်၊ ငါ မင်းတောင်းဆိုထားတဲ့ ဆေးတွေကို ယူလာခဲ့တယ်။ အိုး ပြီးတော့ ယွင်ကျင်းက မင်းကို စာတစ်စောင်ပေးလိုက်တယ်”

ချန််ကျဲ့မှ ပြောသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုဟုန်”

ဝူဟုန်မှ ပြန်ပြောသည်။

“ညီအစ်ကိုတွေအချင်းချင်း ကျေးဇူးတင်ဖို့မလိုပါဘူးကွာ”

ထို့နောက် ဆက်ပြောသည်။

“ယွင်ကျင်းပေးလိုက်တဲ့စာကို ဖတ်ကြည့်လိုက်ဦး။ ငါမင်းကိုပြောမယ် မင်းလုပ်တဲ့ အဲဒီသရဲတစ္ဆေလိုအဆောင်ကလေ ယွင်ကျင်းပဲ သိတယ်ကွ။ ငါကြည့်တာတော့ ဘာတွေမှန်းမသိ ခေါင်းထဲကိုမဝင်နိုင်ဘူး”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“အဲဒါက ကျွန်တော်တို့ဇနီးမောင်နှံကြားက လျှို့ဝှက်ချက်လေးလေဗျာ”

ထိုသို့ပြောလျက် ချန််ကျဲ့ စာကိုဖတ်ကြည့်လိုက်သည်။

[ယောကျ်ား ရှင့်ရဲ့စာကို ရလိုက်တာက ရှင့်ကို လူကိုယ်တိုင်တွေ့လိုက်ရသလိုပါပဲ]

[ရှင် အဝေးမှာရောက်နေတုန်း အိမ်အတွက် ဘာမှစိတ်ပူမနေနဲ့ဦး။ ဒီမှာ အရာအားလုံးအဆင်ပြေတယ်။ အစ်မဟွားက ကျွန်မတို့ကို အရမ်းဂရုစိုက်ပေးတယ်။ ရှောင်ဟူနဲ့ တခြားဒဏ်ရာရထားတဲ့သူတွေကိုလည်း ကယ်ပေးထားပြီ။ ရှောင်ဟူက ရှင့်ကိုသွားရှာမယ်လို့ ခေါင်းမာနေတာ၊ ဒါပေမဲ့ ကျွန်မ သူ့ကိုတားထားလိုက်တယ်]

[ရွေ့ရွေ့လည်း ရှင့်ကို အရမ်းလွမ်းနေတယ်။ သူ့ရဲ့အစ်ကိုကြီး ဘယ်တော့ပြန်လာမလဲလို့ နေ့တိုင်းမေးနေတာ။ သူက လွန်ခဲ့တဲ့ရက်နည်းနည်းမှာ ကောင်းကောင်းမစားရလို့ဆိုပြီး ဝမ်းနည်းနေတာလေ]

[ဒါပေမဲ့ ရွေ့ရွေ့က အရမ်းစဉ်းစားဆင်ခြင်တတ်ပါတယ်။ ရှင်အိမ်မှာမရှိတာသိတော့ ဒီရက်တွေအတွင်း စာကြိုးစားလေ့လာနေပြီး အစ်မဟွားကိုလည်း သူ့ကို သိုင်းသင်ပေးဖို့ ပူဆာနေတော့တာ။ အင်း ကျွန်မလည်း သင်နေပါတယ်။ အစ်မဟွားက ပြောတယ် ကျွန်မက သိုင်းပညာမှာ ပါရမီရှိတယ်တဲ့။ ဟားဟား ရှင်ပြန်လာတဲ့အခါကျ ကျွန်မက သိုင်းပညာရှင်ကြီးဖြစ်နေမလားတောင် မသိဘူးနော်]

[ယောကျ်ား ရှင် အပြင်မှာနေရတာ ခက်ခဲနေလောက်မှာပဲ။ ခုနောက်ပိုင်း ရာသီဥတုကလည်း ခန့်မှန်းရမနေဘူး။ အဝတ်ထူထူဝတ်၊ အအေးမမိစေနဲ့]

[အိမ်မှာ အရာအားလုံးအဆင်ပြေတယ်။ ကျွန်မ၊ ရွေ့ရွေ့နဲ့ အကုန်လုံးက ရှင်ပြန်လာမှာကို စောင့်နေတယ်…]

မှ :

ဇနီး စူးယွင်ကျင်း

[ကျစ်ကျန်းကိုးနှစ်မြောက်…]

ချန်ကျဲ့သည် စာကို အစမှ အဆုံးအထိ ဖတ်ပြီးနောက် နှလုံးသားတစ်လျှောက် အနွေးစီကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ဘဝမှာ မည်မျှအန္တရာယ်များသည်ဖြစ်စေ၊ သူ၏တည်ရှိမှုသည် မည်မျှခက်ခဲပင်ပန်းသည်ဖြစ်စေ၊ ချန်ကျဲ့သည် သူ့အား အမြဲစောင့်ဆိုင်းနေသည့် အိမ်လေးရှိနေကြောင်းကို ခံစားရပေသည်။

ဤသည်မှာ ချန်ကျဲ့ အလိုအပ်ဆုံးသောအရာဖြစ်သည်။ ချန်ကျဲ့သည် အန္တရာယ်ကို မကြောက်ရွံ့ပါချေ။ သေခြင်းရှင်ခြင်းကြား စွန့်စားခရီးသည် သူ့အတွက်တော့ တကယ်တမ်းတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းပါ၏။ သူကြောက်ရွံ့သည့်အရာမှာ အထီးကျန်ခြင်းဖြစ်သည်။ သူ့အနေဖြင့် ဤကမ္ဘာ၏ အရှင်သခင်ဖြစ်လာပြီး တုနှိုင်းမဲ့သော တည်ရှိမှုတစ်ခုဖြစ်လာခဲ့ပါသော်ငြား သူ၏နံဘေးတွင် ချစ်ရသူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပါလျှင် သူ၏ ထိုသို့တည်ရှိမှုသည် အဘယ်သို့များ အဓိပ္ပာယ်ရှိပါတော့မည်နည်း။

ချန်ကျဲ့သည် သူ့တွင် ယခုကဲ့သို့ သူ့အား စောင့်ဆိုင်းနေသည့် ဇနီးသည်၊ ညီမငယ်နှင့် သူ့အား သစ္စာစောင့်သိသည့် ရှောင်ဟူကဲ့သို့ ညီနောင်များ၊ ဆရာတစ်ယောက်၊ ဝူဟုန်၊ ဦးလေးကျုံး၊ ဒေါ်လေးပိုင်၊ ဦးလေးအာ့ပါး… တို့ ရှိနေခြင်းအတွက် မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု ခံစားမိပါသည်။

သူ့အား ဂရုစိုက်သည့် လူများစွာကို သူပိုင်ဆိိုင်ထားသည်။ ထို့ပြင် ထိုလူများကြောင့်ပင် သူ၏တည်ရှိမှုသည် အဓိပ္ပာယ်ပြည့်ဝနိုင်ခဲ့သည်။

သို့မဟုတ်ပါက သူသည် အသက်ရှင်နေလျှင်သော်မှ အထီးကျန်ဆန်သည့် တည်ရှိမှုတစ်ခုသာ ဖြစ်လိမ့်မည်။ အထီးကျန်ခြင်းသည် အမျိုးသားတစ်ယောက်အတွက် အကြီးမားဆုံးသောရန်သူ ဖြစ်ပါ၏။

ချန််ကျဲ့သည် သူ၏စိတ််ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် သမားတော်ပိုင်သို့ ပြောသည်။

“ဆရာ ဒီဆေးညွှန်းမှာ တစ်ခုခုလွဲမှားနေတာရှိလားလို့ ကျွန်တော့်ကို စစ်ကြည့်ပေးနိုင်မလား”

ချန်ကျဲ့ ဆေးညွှန်းကို သမားတော််ပိုင်အား ပေးလိုက်သည်။

သမားတော်ပိုင်သည် ဆေးညွှန်းကိုမြင်သောအခါ အနည်းငယ် အံ့ဩသွား၏။ ထို့နောက်ပြောသည်။

“ပြဿနာမရှိဘူး”

“အာ ဆရာဆိုလိုတာက?”

သမားတော်ပိုင်မှ ရှင်းပြသည်။

“ဒီဆေးညွှန်းကို ငါတို့အတွင်းခန်းမ သမားတော်ကြီး၈ဦး တီထွင်ထားတာပဲ။ ပြီးတော့ ဒီဆေးရှစ်မျိုးကို ငါပေါင်းထည့်ခဲ့တာ။ နောက်တော့ ဒီဆေးညွှန်းကို ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းကို လက်လွှဲပေးခဲ့ပြီး စိတ်ဝိဉာဉ်ပြောင်းလဲဆေးလေးလုံးကို ဖော်စပ်ခဲ့တယ်”

“‌‌အဲဒီအထဲက နှစ်လုံးကို ဖန်းရှစ်ကျုံးနဲ့ နန်ပါးထျန်းကို ချီးမြှင့်ခဲ့ပြီး ကျန်တဲ့ဆေးလုံးတွေအကြောင်းကိုတော့ ငါလည်း မသိဘူး။ ငါးဖမ်းကုန်သည်အဖွဲ့က နောက်ထပ်ဆက်ပြီး ‌စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတွေ ဖော်စပ်သေးလားဆိုတာလည်း ငါမသိဘူး။ ဒါပေမဲ့ သူ့ရဲ့ပါဝင်ပစ္စည်းတွေက အရမ်းရှာရခက်တယ်။ အထူးသဖြင့် စိတ်ဝိဉာဉ်ပြောင်းလဲမြက်ပဲ”

ချန်ကျဲ့ စန္ဒကူးသေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် ခရမ်းရောင်ဆေးဖက်ဝင်အပင်တစ်မျိုး ရှိနေသည်။

သမားတော်ပိုင်၏ မျက်လုံးများ တောက်ပသွား၏။

“စိတ်ဝိဉာဉ်ပြောင်းလဲမြက်!”

ချန်ကျဲ့မှ ပြောသည်။

“ဆရာ တစ်ချက်လောက်ထပ်ကြည့်ပါဦး”

ထို့နောက် ချန်ကျဲ့ နောက်ထပ် အဓိကပါဝင်ပစ္စည်းနှစ်မျိုးကို ပြသည်။

[သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့] [နှစ်ငါးရာသက်တမ်းသွေးလင်ဇီး]

သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့ကို စစ်ဆေးရန်မူ မလိုအပ်ပါချေ။ သို့သော် သမားတော်ပိုင်သည် ချန်ကျဲ့ကမ်းပေးလာသည့် ‌နှစ်ငါးရာသက်တမ်းသွေးလင်ဇီးကို အာရုံစိုက်ကြည့်နေခဲ့သည်။

All Chapters