← Chapters

အန္တရာယ်

Vol. 1 Ch. 77

အန္တရာယ်

Vol. 1 Ch. 77

"ဘန်း"

ချမ်ဝမ်ကွမ်၏ စကားဆုံးသည်နှင့် ကျန်းရီသည် သူ့ကို ဆယ်ပေခန့် လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်။ ကျန်းရီ၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲ့ပြီး အေးစက်စွာ အော်လိုက်သည်။

"ချမ်ဝမ်ကွမ် ...  ငါ့ကို ကစားနေတာ ပျော်စရာ ကောင်းတယ်လို့ ထင်လား၊ 'အရှင့်သား' ဆိုတဲ့ စကားကို အဲလောက် လွယ်လွယ် ပြောထွက်ရလား။ မင်းက ငါတို့ တစ်အိမ်လုံးကို သေစေချင် နေတာလား"

"အွတ်ရှ် ... "

ချမ်ဝမ်ကွမ်သည် မတ်တတ် ရပ်လိုက်ပြီး ရင်ဘတ်မှ ဝတ်ရုံစကို ခါလိုက်သော်လည်း သူသည် ကျန်းရီကို စိတ်မဆိုးခဲ့ပေ။ သူသည် ကျန်းရီကို နားမလည်နိုင်စွာသာ ကြည့်လိုက်သည်။ သူသည် ကျန်းရီ ရိုးသားစွာ ပြောနေသည်ကို မြင်လျှင် မေးကြည့်လိုက်သည်။

"ကျန်းရီ ... မင်းကို ကျန်းယွင်ဟိုင်က မင်းရဲ့ အဆင့်အတန်းအကြောင်း မပြောဘူးလား။ ငါတို့ရဲ့ ထောက်လှမ်းမှုအရ ဆိုရင် မင်းက သေချာပေါက် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့သား ...  ကျန်းရိလျှိုရဲ့ အမေမတူတဲ့ ညီအစ်ကိုပဲ"

ကျန်းရီ၏ ကိုယ်သည် တုံ့ခနဲ ဖြစ်သွားသော်လည်း သူသည် ချမ်ဝမ်ကွမ်ကို မယုံကြည်သေးပေ။ သူသည် စိတ်တိုစွာ ပြောလိုက်သည်။

"ဘယ်မှာလဲ မင်းရဲ့သက်သေ ...  ဘာကို အခြေခံပြီး ငါက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ သားလို့ မင်းပြောတာလဲ။ အဲလိုသာ ရကြေးဆိုရင် မင်းက ငါ့သားလို့တောင် ငါပြောလို့ရတယ်"

ဖက်တီးသည် အားရပါးရ ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"ကျန်းရီ ...  မင်းအဲဒါကို ခန့်မှန်းထားပြီးသား မလား။ မဟုတ်ရင် … မင်းဘာလို့ ဒီလောက် ဒေါသကြီးနေမှာလဲ။ ကျန်းယွင်ဟိုင်က အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ အိမ်တော်မှာ အိမ်တော်ထိန်းအဖြစ် ဆောင်ရွက်ဖူးတယ်။ တစ်ခါက သူအမှားတစ်ခု လုပ်မိပြီး ကွပ်မျက်ခံရလု နီးပါး ဖြစ်ခဲ့တယ်။ အိမ်တော်ထဲက မိန်းမပျိုတစ်ဦးက သူ့အတွက် ခွင့်လွှတ်မှု တောင်းဆို ပေးခဲ့တာကြောင့် သူအသက်ရှင်ခွင့် ရခဲ့ပေမဲ့ သူ့ခြေထောက်တွေ ကတော့ မသန်မစွမ်း ဖြစ်သွားခဲ့တယ်။ ဒါက အနောက်ဘက် မြို့စောင့်တပ်ထဲမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီး လူတွေအများကြီး သိကြတယ်။ ကျန်းယွင်ဟိုင်က ဒီမိန်းကလေးက သူ့သခင်အဖြစ် သတ်မှတ်လိုက်တာက ဖြစ်သင့်ပါတယ်"

"အဲဒီမိန်းကလေး ဘယ်ကလာတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး။ သူမကို အနောက်ဘက် မြို့စောင့်တပ်ဆီ ကျန်းပိုင်လီက ခေါ်လာခဲ့ပြီးတော့ သူမ အဲဒီမှာ နှစ်နှစ်နေခဲ့တယ်။ အနောက်ဘက် မြို့စောင့်တပ်ကတော့ သူမကို ဘာရာထူးမှ မပေးခဲ့ဘူး။ ကျန်းပိုင်လီ လော့ကဲအရှင် ရာထူးကို ဆက်ခံတဲ့အချိန်မှာ သူမက ရုတ်တရက် ထွက်သွားခဲ့တယ်။ သူမ ထွက်သွားတာနဲ့ ကျန်းယွင်ဟိုင်က ကျန်းမာရေး မကောင်းဘူး ဆိုပြီး ကောင်းကင်တောင်ပံမြို့ကို ပြန်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ် ... "

"အနောက်ဘက် နယ်စပ်မြို့မှာ ရှိတဲ့ ငါတို့ရဲ့ သတင်းပေးတွေ ပြောပုံအရ ...  အဲဒီမိန်းကလေး ထွက်သွားတဲ့ အချိန်က သူမက ကိုယ်ဝန် ရှိနေခဲ့ပြီးတော့ ကလေးတစ်ယောက်လည်း ပါသွားခဲ့တယ်။ သုံးနှစ်အကြာမှာ ကျန်းယွင်ဟိုင်က ရုတ်တရက်ကြီး ကလေးနှစ်ယောက်ကို ခေါ်လာပြီး ကောင်းကင် တောင်ပံမြို့က ကျန်းဂိုဏ်းကို ပြန်လာခဲ့တယ်။ အဲဒီ ကလေးတွေက မင်းနဲ့ မင်းရဲ့အစေခံ မိန်းကလေးပဲ။ ကျန်းယွင်ဟိုင်က မင်းကို အရှင်ငယ်လို့ ခေါ်မှတော့ မင်းရဲ့ အဆင့်အတန်းက ဘာဆိုတာ သိသာနေပြီ"

ကျန်းရီသည် ချမ်ဝမ်ကွမ် ပြောသမျှကို နားထောင်နေခဲ့သည်။ သူသည် စကားတစ်ခွန်းမှ မဆိုခဲ့သော်လည်း သူ့မျက်နှာသည် ပျက်ယွင်း နေခဲ့သည်။ သူ့မျက်လုံးများသည် တောက်ပ နေခဲ့သော်လည်း သူဘာတွေး နေသည်ကို ဘယ်သူမှ မသိနိုင်ပေ။

ချမ်ဝမ်ကွမ်သည် တိတ်တိတ်လေး ရပ်နေကာ အကဲခတ် နေခဲ့သည်။ သူသည် ဆက်ပြောလာခဲ့သည်။

"အခု ကျွန်တော် ပြောမှာက အဲဒီ မိန်းကလေးက တကယ်ထူးဆန်းတယ်။ သူမရဲ့ နာမည်ရော၊ သူမရဲ့ဂိုဏ်းရောကို ဘယ်သူမှ မသိကြဘူး။ သူမရဲ့ တစ်ခုတည်းသော သတင်းက သူမရဲ့ မျိုးရိုးနာမည် 'ရီ'ဆိုတာပဲ၊ သူမက နတ်ဘုရားမ တစ်ပါးလို ပုံပန်းသွင်ပြင် ရှိရုံသာမကဘူး။ ကျန်းပိုင်လီတဲ့ အဆအများကြီး သာလွန်တဲ့ သာမန်ထက် လွန်ကဲတဲ့ အင်အားကို ပိုင်ဆိုင်တယ်။ ဒီမိန်းကလေးကို ကျန်းပိုင်လီက ချစ်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပေမဲ့လို့ သူမကို ဘာလို့ လက်မထပ်ခဲ့တာလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ သူက သူမအစား ကျန်းစွန်းဂိုဏ်းက မိန်းကလေး တစ်ယောက်ကို လက်ထပ်ခဲ့တယ်။ အဲဒီနောက် အဲ့ဒီမိန်းကလေးက အနောက်ဘက် နယ်စပ်မြို့ကနေ ထူးထူးဆန်းဆန်းပဲ ထွက်ခွာ သွားခဲ့တယ်"

ကျန်းရီသည် ထိုစကားများကို ကြားသောအခါ သူ့စိတ်သည် ပေါက်ကွဲ သွားခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်လိုက်မိသောအခါ ကျန်းယွင်ဟိုင် ပြောခဲ့သော အရာအားလုံးကို ပြန်ကြားယောင် လာခဲ့သည်။

"မင်းအမေက ငါ့သခင်မ ဖြစ်ပြီးတော့၊ သူမသာ မရှိခဲ့ရင် ငါသေခဲ့တာ ကြာပြီ"

"မင်းရဲ့ အဖေကတော့ သခင်မ ပြောတာက၊ မင်းမှာ အဖေမရှိဘူးတဲ့"

"သခင်မနဲ့ အဲဒီလူနဲ့က အရမ်းအားကောင်း နေမှတော့ အရှင်ငယ် ကလည်း ဘယ်လိုလုပ်ပြီး သာမန် ဖြစ်နိုင်မှာလဲ"

"မင်းအဖေက အင်အားကြီးတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက အဲဒီနေ့က သခင်မကို ပစ်ပယ်သွားခဲ့တယ်။ သူ့အတွက်သာ မဟုတ်ရင် သခင်မ သေစရာအကြောင်း မရှိဘူး။ ဒါကြောင့်မို့ ငါရွေးစရာ မရှိတာ မဟုတ်ဘဲ သူ့ဆီ မသွားချင်ဘူး။ ငါသူ့မျက်နှာကို မတွေ့ချင်ဘူး။ မြင်မိရင် ငါ့မှာ ရှိသမျှ အားလုံးနဲ့ ပုံအောပြီး သူ့ကို သတ်ဖို့ ကြိုးစားမိလိမ့်မယ်"

ကျန်းရီသည် အကြောင်းအရာများကို သေချာ မသိသော်လည်း စကား တစ်ခွန်းချင်းစီတိုင်းသည် ချမ်ဝမ်ကွမ် ပြောခဲ့သမျှနှင့် အပိုအလိုမရှိ ကိုက်ညီနေခဲ့သည်။

ရုပ်လုံးသည် ပေါ်လာခဲ့ပေပြီ။ ကျန်းပိုင်လီသည် သူ့အမေနှင့် တွေ့ဆုံကာ ချစ်ကြိုက်သွားပြီး အနောက်ဘက် နယ်စပ်မြို့ကို သွားခဲ့ပေလိမ့်မည်။ သူ့အမေသည် ကျန်းယွင်ဟိုင်ကို တစ်ကြိမ် ကယ်ခဲ့ဖူးသောကြောင့် ကျန်းယွင်ဟိုင်သည် အသက်ကို နှင်း၍ သစ္စာရှိခြင်း ဖြစ်ရပေမည်။ ကျန်းပိုင်လီသည် သူ့အမေကို ဘာကြောင့် လက်မထပ်ခဲ့သည်ကို မသိကြသော်လည်း  ကိုယ်ဝန် လွယ်ထားရသော သူ့အမေသည် နာကြည်းချက်များနှင့် ထွက်ခွာ သွားခဲ့သည်။ သူ့ကို မွေးဖွားပြီး နှစ်နှစ်အကြာတွင် သူမသည် သေလုနီးပါး ဖြစ်နေခဲ့လိမ့်မည်။ထို့နောက် သူမသည် သူနှင့် ရှောင်နူကို ကျန်းယွင်ဟိုင်ထံ ထားခဲ့လိမ့်မည်။ ထို့နောက် သူမသည် သူ့အတိတ်ကို မသိဘဲ ကောင်းကင် တောင်ပံမြို့တွင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်စေရန် သူ့ဒန်တျန်းနှင့် ကျန်းယွင်ဟိုင်၏ မှတ်ဉာဏ်များကို ချိတ်ပိတ်ခဲ့ ပေလိမ့်မည်။

ဖက်တီးသည် သူ့ကို မလိမ်လည်ဘဲ ချမ်ဂိုဏ်း၏ သတင်း အချက်အလက် များလည်း မှန်နေသည်ဆို ပါက သူသည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ တရားမဝင်သား ဖြစ်နိုင်ချေ တော်တော်များလေသည်။ သူသည် ထို'အရှင့်သား' ဖြစ်ပေလိမ့်မည်။

"ဟူး"

သူ၏ အဆင့်အတန်း အမှန်ကို သိသွားသော် ကျန်းရီသည် ပျော်ရွှင်မနေဘဲ ဒေါသများသာ ထွက်လာရသည်။ သူ့အဖေ ရုတ်တရက် ပေါ်ပေါက်လာမှုကို သူလက်ခံရန် ခံစားချက် မရှိပေ။ သူ့အမေ ပြောခဲ့သလို ...  သူ့တွင်အဖေ မရှိပေ ...  အရင်တုန်းကရော ...  အခုရော ...  နောင်ပါ …

ကျန်းရီ၏ မျက်လုံးများသည် ရုတ်တရက် လှုပ်ရှားသွားကာ ချမ်ဝမ်ကွမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဝတုတ် ...  သေချာနားထောင် ...  ငါကျန်းရီက မိဘမဲ့ပဲ၊ ငါ့မှာ မိဘတစ်ယောက်မှ မရှိဘူး။ မင်းက ဒီသတင်းတွေကို ဖြန့်ရဲမယ်ဆိုရင် ငါက ငါ့အသက်ကိုရင်းပြီး မင်းကို နှုတ်ပိတ်ပစ်မယ်"

"အာ ... "

ချမ်ဝမ်ကွမ်သည် အတော်လေး စိတ်ရှုပ်သွားခဲ့သည်။ သူသည် တစ်ယောက်ယောက်ကို ကျန်းရီအကြောင်း စုံစမ်းရန် စေခိုင်း၍ ကျန်းရီ၏ အဆင့်အတန်းကို ဖော်ထုတ်လိုက်သည်။ သူသည် ကျန်းရီနှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာစေရန် အဆောင်တစ်ခုတည်း အတူတူ နေဖို့ရန်တောင် စီစဉ် ခိုင်းလိုက်သေးသည်။ ကျန်းရီသာ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ရာထူးကို ဆက်ခံလျှင် ဘယ်လို ဖြစ်လာမည်နည်း။ ချမ်ဂိုဏ်းအတွက် သေချာပေါက် အကျိုးကျေးဇူး ရလာမည်ပေ။ သို့သော် ကျန်းရီ လက်မခံ ဖြစ်လိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။

ကျန်းရီ၏ အခြေအနေကို မြင်လျှင် ချမ်ဝမ်ကွမ်သည် ထပ်မံ မနှောင့်ယှက်ရဲတော့ပေ။ သူသည် လက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ...  ငါဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးတယ်။ ဒါပေမဲ့ မင်းရဲ့ အဆင့်အတန်းက အရမ်း ထင်ရှားနေတယ်။ မင်းသာ ကောင်းကင် တောင်ပံမြို့က မင်းအကြောင်း သိတဲ့သူ မှန်သမျှကို မရှင်းပစ်ရင် ဘယ်သူမဆို အဲဒီကို သွားပြီး စုံးစမ်းနိုင်တယ်။ ကျန်းချီလင်းက မင်းအကြောင်းကို စုံစမ်းပြီးတော့ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ကို သွားပြီး လျှောက်တင်ရင် ဘယ်လို လုပ်မလဲ"

"အမ်"

ကျန်းရီ၏ မျက်ခုံးတို့သည် လှုပ်ရှားသွားကြပြီး စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ ကျန်းယွင်ဟိုင်သည် လော့ကဲအရှင်၏ အိမ်တော်တွင် တာဝန် ထမ်းဆောင်ဖူးပြီး သူ့ကို လူအများရှေ့တွင် အရှင်ငယ်ဟု ခေါ်ဆိုခဲ့သည်။ အတွင်းရေး ကိစ္စများကို သိသူတိုင်း နားလည်နိုင်ကြပေမည်။

"ဟူး"

ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ လက်ရှိ အခြေအနေကို မြင်လျှင် စတင် သိမ်းသွင်းတော့သည်။

"ကျန်းရီ ...  လော့ကဲအရှင်က မင်းရဲ့ အဖေရင်းပဲလေ။ မင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အနှေးနဲ့ အမြန်တော့ အသိအမှတ် ပြုရမှာပဲ။ ငါသေချာပေါက် ပြောနိုင်တာက မင်းအမေ ထွက်သွားတုန်းက ကိုယ်ဝန်ရှိတဲ့ အကြောင်းကို မင်းအဖေ မသိဘူး။ မဟုတ်ရင် သူမင်းကို လာရှာပြီးလောက်ပြီ။ မင်းသာ သူရဲ့ တိုက်ရိုက် ဆက်ခံသူ ဖြစ်မယ်ဆိုရင် မင်းရဲ့အနာဂတ် အတွက်လည်း အကျိုး ကျေးဇူးတွေ ရမယ်။ မင်းလုပ်ချင်တာတွေကို လုပ်ရာမှာလည်း ပိုပြီး လွယ်ကူလာလိမ့်မယ်"

"ပါးစပ်ပိတ်ထား"

ကျန်းရီ၏ အမူအရာသည် ပို၍ပင် ကြောက်စရာ ကောင်းလာခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

"ငါမင်းကို နောက်တစ်ခါ ထပ်ပြောလိုက်မယ်။ ငါ့မှာ အဖေမရှိဘူး။ ကျန်းပိုင်လီ ငါ့ရှေ့မှာ ပေါ်လာရင်တောင် ငါသူ့ကို ဓားနဲ့ ခုတ်ပစ်မယ်။ မင်းနောက်တစ်ခါ ထပ်ပြောရဲရင် ငါမင်းကို မသတ်လောက်ဘူးလို့ မထင်နဲ့"

ကျန်းယွင်ဟိုင်သည် သူ့ကို ပြောခဲ့ဖူးသည်။ သူသည် သူ့အဖေကို သွားရှာ၍ အသိအမှတ်ပြုနိုင်သည်ဟု ...  သို့သော် သူတို့နှစ်ယောက် ဘယ်တော့မှ ထပ်မတွေ့တော့ဘူးဟု ဆိုခဲ့သည်။ ကျန်းရီအတွက် ကျန်းယွင်ဟိုင်သည် သူ့အဖေထက် ပို၍ အရေးပါပေသည်။ ထို့ပြင် သူ့အဖေသည် သူ့အမေကို စွန့်ပစ်ခဲ့ခြင်းကြောင့်သာ သူ့အမေသည် နာကြည်းမှုများနှင့် သေသွားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့အဖေကို အကောင်းမမြင်ဘဲ အတော်လေး မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။ မုန်းတီးမှုသည် အရိုးများထဲထိပါ စွဲနေခဲ့သည်။

သူရူးသွားပြီ ...

ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ ကျန်းပိုင်လီကို သတ်ချင်နေသည် ဟုသော စကားကို ကြားလိုက်လျှင် ဆွံ့အ သွားရလေသည်။ ကျန်းရီက အတော်လေး သတ္တိရှိနေတာ မဟုတ်လား။ ကျန်းပိုင်လီသည် နယ်မြေ တစ်ခုလုံး၏ အားအကောင်းဆုံး စစ်သည်တော်များထဲမှ တစ်ယောက်ဖြစ်ပြီး ရှန်ဝူနိုင်ငံတော်၏ ဂုဏ်ဆောင်ဖြစ်သည်။

"ထွက်သွား"

ကျန်းရီသည် တံခါးကို ညွှန်ပြကာ ချမ်ဝမ်ကွမ်ကို အော်လိုက်သည်။ ဖက်တီးသည် နှာခေါင်းတစ်ချက် ပွတ်ကာ လျှောက်သွားလိုက်သည်။ ကျန်းရီသည် အိပ်ရာပေါ် ပစ်လှဲလိုက်ကာ မျက်လုံးများကို နာကျင်စွာ မှိတ်ထားလိုက်သည်။ သူ့စိတ်သည် အတော်လေး ရှုပ်ထွေး နေခဲ့သည်။ သူသည် တစ်ခဏ စိတ်ကို အလုပ် ပေးလိုက်ပြီးနောက် ရုတ်တရက် ထထိုင်ကာ မျက်နှာကို ပွတ်လိုက်လေသည်။ သူသည် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားလိုက်ပြီးနောက် အခြေအနေကို သေချာ သုံးသပ်လိုက်သည်။

မကြာခင်တွင် သူသည် ဆုံးဖြတ်တစ်ခုကို ချလိုက်နိုင်လေသည်။ ကျန်းပိုင်လီသည် သူ့အဖေ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အသိအမှတ်ပြုမည် မဟုတ်ပေ။ သူသည် နှစ်ပေါင်းများစွာ မိဘမဲ့ တစ်ယောက်အဖြစ် နေလာခဲ့ပြီးရာ အသားကျနေခဲ့ပြီး ဖြစ်သည်။ နောက်တစ်ခုသည်ကား သူသည် အကြောင်းအရာ အားလုံးကို သိဖို့ရန်နှင့် သူ့အဆင့်အတန်းကို ဖုံးကွယ်ထားနိုင်ရန် ကျန်းယွင်ဟိုင်ကို တွေ့နိုင်ဖို့ လိုအပ်နေသည်။

သူ့အဆင့်အတန်းကို ဖုံးကွယ် ထားရပေမည်။ သူ့ကို မလိုလားသော သူများသာ သိရှိသွားပါလျှင် သူနှင့် ကျန်းယွင်ဟိုင်သည် အန္တရာယ် ရှိနိုင်ပေသည်။ အဘယ့်ကြောင့် ဆိုသော် ကျန်းပိုင်လီတွင် ကျန်းရိလျှိုဟူသော သားတစ်ယောက်လည်း ရှိသေးသောကြောင့် ဖြစ်သည်။

တစ်ဦးတည်းသော ဆက်ခံသူကသာ သူ့တွင် အမေမတူသော ညီအစ်ကိုတစ်ယောက်၊ သူ့အဖေ၏ မတရားမဝင် ကလေးတစ်ယောက် ရှိသေးကြောင်း သိရှိသွားပါလျှင် သူ့ကို သတ်ရန် အစွမ်းကုန် ကြိုးစား ပေလိမ့်မည် မဟုတ်ပါလား။ ဘယ်လိုလုပ် သည်းခံနိုင်ပါမည်လဲ။

အဖြေသည် ရှင်းလင်းနေခဲ့ပေပြီ။

*****

All Chapters