အခန်း (၃၈၀)
Vol. 28 Ch. 380
မကြာမီက ဝံပုလွေများနှင့် တိုက်ပွဲ၌ ချန််ကျဲ့သည် အကြိမ်ရေအနည်းငယ်မျှ ဝံပုလွေလက်သည်းများဖြင့် ကုတ်ခြစ်ခံခဲ့ရသည်။ ထို့ကြောင့် သူ၏လက်မောင်းနှင့် ပေါင်များတွင် ကုသမှုခံယူရန်လိုအပ်သော ဒဏ်ရာများရှိနေခဲ့သည်။
သို့သော် ဆေးသောက်ပြီးနောက် ချက်ချင်းပင် သူ၏အင်အားများ ပြန်လည်အားပြည့်လာခဲ့ပြီး ဒဏ်ရာများသည်လည်း နာကျင်မှုသက်သာသွားခဲ့သည်။ လျော့ပါးကုန််ခမ်းနေခဲ့သည့် ယန်ချွမ်ကျင့်စဉ်အတွင်းအားပင်လျှင် ပြန်လည်အားပြည့်သွားခဲ့သည်။
အချိန်အတော်ကြာ တိုးတက်မှုမရှိခဲ့သည့် ကျင့်ကြံမှုသည်လည်း တိုးတက်လာခဲ့သည်။ အကယ်၍ သံမဏိအရိုးအဆင့်၌ အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်များရှိခဲ့ပါလျှင် မျက်မမြင်လူကြီး၏ ဆေးလုံးသည် ချန်ကျဲ့ကို အစောပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်သို့ တိုးတက်စေခဲ့သည်ဟု ဆိုနိုင်ပေသည်။
ဤဆေးလုံးသည် အရိုးသန်မာဆေးလုံးထက် မနိမ့်ကျဟု ချန်ကျဲ့ ခံစားမိလိုက်သည်။
အတိအကျဆိုရသော် အချို့ကဏ္ဍများတွင် အရိုးသန်မာဆေးလုံးထက်ပင် ပို၍ အသုံးဝင်ပေသည်။
ထိုစဉ် မျက်မမြင်လူကြီးမှ ပြောသည်။
“ဟားဟား မင်းခံစားမိလား။ အဲဒါက မြေထိုက်ဆွေ့ကနေ ဖော်စပ်ထားတဲ့ သာမန်ထိုက်ဆွေ့ဆေးလုံးပဲ။ သူ့ရဲ့အာနိသင်က သိုင်းပညာရှင်တွေကို အင်အားအမြန်ပြန်ပြည့်စေေတာပဲ။ သူ့ကို ပုံမှန်သောက်သုံးနိုင်မယ်ဆိုရင် ကျင့်ကြံသူရဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ကျယ်ပြောစေနိုင်တဲ့အပြင် နယ်ပယ်အဆင့်တက်လှမ်းဖို့လည်း အကူအညီဖြစ်နိုင်တယ်”
“အဆင့်တက်လှမ်းချင်ရင် အဆင့်တက်လှမ်းဖို့ အသုံးပြုတဲ့ အထူးဆေးလုံးတွေက သေချာပေါက် ပိုပြီး အကျိုးသက်ရောက်မှုရှိတာပေါ့။ ဒါပေမဲ့ ထိုက်ဆွေ့ဆေးလုံးကို သိုင်းပညာရှင်တွေ အားအင်အမြန်ပြန်ပြည့်ဖို့အတွက် အများဆုံးအသုံးပြုကြတယ်”
“ဒီဆေးက သိုင်းလောကမှာ လှည့်လည်သွားလာနေတဲ့ သိုင်းပညာရှင်တွေအတွက် မရှိမဖြစ်အရာပဲ။ အဲဒါကြောင့် ကျင့်ကြံသူတွေကြားမှာ ထိုက်ဆွေ့ဆေးလုံးကို ငွေကြေးအဖြစ် အသုံးပြုကြတာလည်း ရှိတယ်။ အရည်အသွေးမြင့် ကောင်းကင်ရတနာမြေရတနာတွေအပြင် လျှို့ဝှက်သိုင်းကျမ်းတွေ၊ လက်နက်တွေလိုမျိုးအရာတွေကို ဝယ်ယူဖို့အတွက်လည်း ထိုက်ဆွေ့ဆေးလုံးကို ငွေကြေးအစားထိုး အသုံးပြုတတ်ကြတယ်”
“အကြောင်းအရင်းကတော့ ဒီဆေးက လူတိုင်းအသုံးပြုနိုင်တဲ့အရာဖြစ်တာကြောင့်ပဲ”
မျက်မမြင်လူကြီးသည် ထိုသို့ပြောပြရင်း မြေပြင်တွင်ကျနေသည့် ထိုက်ဆွေ့သားရဲ၏ အသားတစ်စကို ညွှန်ပြသည်။
“ဒါနဲ့ ဒီထိုက်ဆွေ့အသားတစ်စက မင်းခုနက သောက်လိုက်တဲ့ ဆေးလုံးလိုမျိုး ထိုက်ဆွေ့ဆေးလုံးကို ၁၀လုံးလောက် ဖော်စပ်လို့ရနိုင်တယ်”
ထိုစကားတွင် ချန်ကျဲ့သည် မျက်မမြင်လူကြီးကို ကြည့်၍ မေးလိုက်သည်။
“လူကြီးမင်း၊ အဲဒီထိုက်ဆွေ့ဆေးတစ်လုံးနဲ့ လူကြီးမင်း ဘာကိုဝယ်နိုင်ပါသလဲ”
မျက်မမြင်လူကြီးသည် ခဏမျှစဉ်းစားပြီးနောက် ပြောသည်။
“ဒီဆေးတစ်လုံးနဲ့ နှစ်ငါးရာ၊ခြောက်ရာသက်တမ်းရှိတဲ့ သွေးလင်ဇီးကို ဝယ်ယူလို့ရနိုင်တယ်၊ အကြမ်းဖျင်းပေါ့”
ချန်ကျဲ့ ခပ်မဲ့မဲ့ပြုံးလိုက်သည်။
ငါခုနက သွေးလင်ဇီးတစ်ပွင့်ကို တစ်ကြိမ်တည်း စားပစ်လိုက်တာပဲ။
သို့သော် ဤဆေးသည် အမှန်တကယ်ပင် ကောင်းမွန်သည့်အရာတစ်ခုဖြစ်ပါ၏။ သိုင်းပညာရှင်များကို အင်အားအမြန်ပြန််ပြည့်ရန် ကူညီပေးနိုင်သည်။ တိုက်ခိုက်ရသည့် အခြေအနေများ သို့မဟုတ် လိုက်လံဖမ်းဆီးခံနေရသည့် အခြေအနေများတွင် ထိုသို့ဆေးတစ်မျိုးရှိနေခြင်းဖြင့် အခြားသူများထက် အင်အားပြန်ပြည့်နိုင်သည့် အခွင့်အရေးပိုများလိမ့်မည်။
ချန်ကျဲ့သည် တွေးတောနေရင်း အသားတုံးကို ကြည့်လိုက် မဝေးလှသည့်နေရာရှိ ထိုက်ဆွေ့ကိုကြည့်လိုက် လုပ်နေခဲ့သည်။
ထိုက်ဆွေ့သည် မြေပြင်အထက် မီတာ၅၀မြင့်မားသည့် အရွယ်အစားရှိသည်။ ၎င်းတစ်ကိုယ်လုံးကို ထိုက်ဆွေ့ဆေးလုံးအဖြစ် ပြောင်းလဲဖော်စပ်ပါက မည်မျှတန်ကြေးရှိလိမ့်မည်နည်း။
မျက်မမြင်လူကြီးသည် ချန််ကျဲ့၏အတွေးကို နားလည်နေဟန်ဖြင့် ပြောလာ၏။
“စိတ်ကူးယဉ်အတွေးတွေထဲ နစ်မြောမနေနဲ့။ ဒါက အားအနည်းဆုံးအမျိုးအစား မြေထိုက်ဆွေ့ဆိုပေမဲ့လည်း သူ့ရဲ့အင်အားက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အထက်ရှိတယ်။ သာမန်လူတွေ ဖက်ပြိုင်ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်း သူ့ကို ထိုက်ဆွေ့ဆေးလုံးအဖြစ် ပြောင်းလဲချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်တိုင်က သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အထက်ကို ရောက်ပြီး လူထောင်ချီပါဝင်တဲ့စစ်တပ်ကြီး ပိုင်ဆိုင်နိုင်တဲ့အထိ စောင့်လိုက်ဦး”
“ဒါပေမဲ့ သူ့ကိုရှာတွေ့တယ်ဆိုတာလည်း မင်းကံကောင်းတာပါပဲ။ သူ့ရဲ့တည်နေရာကို မှတ်ထား။ မင်းရဲ့အင်အားက ဝံပုလွေအငွေ့အသက်အဆင့်ကို ရောက်တဲ့တစ်နေ့ကျ ဒီနေရာကိုပြန်လာပြီး ဒီမြေထိုက်ဆွေ့ကို အနိုင်တိုက်လိုက်ပေါ့။ ပြီးရင် မင်း စစ်တပ်ထောင်တဲ့အခါ စစ်တပ်အထောက်ပံ့ရိက္ခာတစ်မျိုးအဖြစ် အသုံးပြုပေါ့”
ထိုစကားတွင် ချန်ကျဲ့ မျက်မမြင်လူကြီးကို ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် မေးခွန်းများစွာဖြင့် ရုတ်ချည်း ပြည့်နှက်သွား၏။
ရှေ့တည့်တည့်မှာ သက်ရှိဗုဒ္ဓတစ်ပါးရှိနေမှတော့ သိချင်တာကို မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ရမှာပေါ့။ ဘာလို့ဆို ဒီတစ်ကြိမ်အခွင့်အရေး ကျော်လွန်သွားပြီးရင် နောက်တစ်ကြိမ်မရှိတော့တာလည်း ဖြစ်နိုင်တယ်လေ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ ပထမဆုံးမေးခွန်းကို မေးလိုက်သည်။
“လူကြီးမင်း ကျွန်တော့်မှာ မေးခွန်းနှစ်ခုရှိပါတယ်”
“လူကြီးမင်း ခုနက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အထက်နဲ့ ဝံပုလွေအငွေ့အသက်အဆင့်တွေအကြောင်းကို ပြောခဲ့ပါတယ်။ အဲဒီအဆင့်တွေက ဘာတွေပါလဲ။ အဲဒီအဆင့်တွေက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရဲ့ အထက်က နယ်ပယ်အဆင့်တွေလားဗျ”
မျက်မမြင်လူကြီးမှ ပြန်ပြောသည်။
“အွန်း အမှန်ပဲ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပြီးရင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၊ ဝံပုလွေအငွေ့အသက်အဆင့်၊ သက်တံအဆင့်၊ နဂါးအဆင့်၊ မီးပြင်းဖိုအဆင့်နဲ့ နျင်ရှန်အဆင့်ဆိုပြီး အဆင့်၆ဆင့်ရှိတယ်”
“အဲဒီကျင့်ကြံဆင့်အားလုံးက အခြေခံအုတ်မြစ်အဖြစ် ချီစွမ်းအင်နဲ့ သွေးကို လိုအပ်တာမို့လို့ အဲဒီနယ်ပယ်အဆင့်တွေကို ချီသွေးနဲ့ အစပြုကျင့်ကြံနိုင်တယ်”
“ဒါပေါ့ အဲဒီအဆင့်တွေက အခုအချိန်မှာ မင်းအတွက် ဝေးကွာလွန်းပါသေးတယ်။ မင်းက အခုလောလောဆယ် ခန္ဓာကိုယ်နယ်ပယ်အဆင့်ကိုတောင် ပြီးဆုံးသေးတာ မဟုတ်ဘူး၊ ချီသွေးနယ်ပယ်အဆင့်ကတော့ လိုသေးတာပေါ့လေ”
ချန်ကျဲ့ ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။
“လူကြီးမင်း ကျွန်တော်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ကျော်လွန်သွားပြီးပါပြီ”
မျက်မမြင်လူကြီးမှ ရယ်မော၏။
“ခန္ဓာကိုယ်နယ်ပယ်အဆင့်ဆိုတာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ပြောတာမဟုတ်ဘူးကွ။ ခန္ဓာကိုယ်နယ်ပယ်အဆင့်ဆိုတာ သိုင်းပညာမှာ ပထမဆုံးနယ်ပယ်အဆင့်ပဲ။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအောက်အဆင့်အားလုံးကို ရည်ညွှန်းတဲ့ နယ်ပယ်အဆင့်ပေါ့”
“သိုင်းပညာက အရှင်းဆုံးပြောရရင် နယ်ပယ်အဆင့်သုံးခုရှိတယ်။ ခန္ဓာကိုယ်နယ်ပယ်အဆင့်၊ ချီသွေးနယ်ပယ်အဆင့်နဲ့ ဉာဏ်အလင်းပွင့်နယ်ပယ််အဆင့်တွေပဲ”
“အကြမ်းဖျင်းပြောရရင် သိုင်းလောကသားတွေအတွက် ခန္ဓာကိုယ်နယ်ပယ်အဆင့်ကို တက်လှမ်းနိုင်ရင်ပဲ အင်အားကြီးမားသန်မာနေပါပြီ။ ပုံမှန်အားဖြင့် ချီသွေးနယ်ပယ်အဆင့်ကို ဂုဏ်သရေကြီးမြင့်တဲ့ဂိုဏ်းတွေရဲ့ တပည့်တွေ ဒါမှမဟုတ် မျိုးနွယ်စုကြီးတွေရဲ့ တပည့်တွေပဲ တက်လှမ်းနိုင်လေ့ရှိကြတာ။ ပြီးတော့ ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ကို တက်လှမ်းနိုင်တာလည်း လောကမှာ လူနှစ်ယောက်ပဲ ရှိခဲ့ဖူးတယ်”
ချန်ကျဲ့မှ ပြောသည်။
“စစ်မှန်သောအထွပ်အထိပ်ပုဂ္ဂိုလ်ကြီးနှစ်ဦးလား”
မျက်မမြင်လူကြီးမှ ရယ်မောလိုက်ပြီး အတည်ပြုဖြေပေးသည်။
“အမှန်ပဲ။ တောင်ပိုင်းက ကျန်းစန်းဖုန်းနဲ့ မြောက်ပိုင်းက ပီအားစီးပါးတို့ပဲ”
ထိုအခါ ချန်ကျဲ့သည် မျက်မမြင်လူကြီးကို တစ်ဖန်ကြည့်လိုက်ပြီး မေးသည်။
“လူကြီးမင်းကရော? လူကြီးမင်းရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်လဲဗျ”
ချန်ကျဲ့သည် မျက်မမြင်လူကြီး၏ကျင့်ကြံဆင့်ကို အလွန်သိချင်နေခဲ့သည်။ မျက်မမြင်လူကြီးသည် သူ၏ လောကထ်ိပ်တန်းပညာရှင်ကြီးသုံးဦးထဲမှ တစ်ဦးဖြစ်သည့် ယွမ်စန်းကျားဟူသော သရုပ်မှန်ကို ချန်ကျဲ့ သိရှိထားပြီဖြစ်ကြောင်းကို မသိသေးပေ။
လောကထိပ်တန်းနှစ်ယောက်က အရမ်းထူးခြားပြောင်မြောက်ကြတယ်ဆိုတော့ လောကထိပ်တန်းနံပါတ်သုံးကလည်း အရမ်းအထင်ကြီးလောက်တဲ့စွမ်းရည် ရှိလိမ့်မယ်မဟုတ်လား။
မျက်မမြင်လူကြီးမှ ပြောသည်။
“အို ငါက အားမနည်းသလို အင်အားလည်း မကြီးမားပါဘူး”
မျက်မမြင်လူကြီးသည် ပွင့်ပွင့်လင်းလင်း မဖြေခဲ့ပေ။ မျက်မမြင်လူကြီးသည် မပြောပြချင်ကြောင်း ချန်ကျဲ့သိပါ၏။ ထို့ကြောင့် ချန်ကျဲ့လည်း ထိုအကြောင်းကို ထပ်မမေးတော့ဘဲ ဆက်ပြောခဲ့သည်။
“လူကြီးမင်း ကျွန်တော် နောက်တစ်ခုမေးချင်ပါသေးတယ်”
“လူကြီးမင်းပြောခဲ့တာ ဒီထိုက်ဆွေ့က မြေထိုက်ဆွေ့ဆိုတော့ တခြားထိုက်ဆွေ့တွေလည်း ရှိသေးတယ်လို့ ဆိုလိုတာပါလား”
မျက်မမြင်လူကြီးမှ ပြုံးလိုက်သည်။
“ဒါပေါ့၊ ထိုက်ဆွေ့က မတူကွဲပြားတဲ့အဆင့်တွေ ရှိတယ်။ မြေထိုက်ဆွေ့က အားအနည်းဆုံးလို့ မှတ်ထားလို့ရတယ်။ ပြီးရင် ရေထိုက်ဆွေ့၊ သစ်ထိုက်ဆွေ့၊ မီးထိုက်ဆွေ့နဲ့ ရွှေထိုက်ဆွေ့၊ ထိုက်ဆွေ့နက်နဲ့ သွေးထိုက်ဆွေ့တွေကတော့ အင်အားအကြီးမားဆုံးနဲ့ အဖိုးအတန်ဆုံးပဲ”
“အဲဒီအဖိုးအတန်ဆုံးဆိုတဲ့ နှစ်မျိုးစလုံးက တပ်မက်ချင်စရာကောင်းတယ်ဆိုပေမဲ့ အထူးသဖြင့် သွေးထိုက်ဆွေ့က ပိုပြီး တက်မက်ချင်စရာကောင်းလောက်တယ်”
“လူကြီးမင်း ထိုက်ဆွေ့အမျိုးအစားတွေက သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အလိုက် ခွဲခြားထားတာပါလား။ ဥပမာ မြေကြီးထဲမှာ နေတာကို မြေထိုက်ဆွေ့လို့ ခေါ်တာမျိုးပေါ့”
မျက်မမြင်လူကြီးမှ ပြန်ဖြေသည်။
“ဟုတ်တယ်၊ ထိုက်ဆွေ့မှာ ပုံသေ ပုံပန်းသဏ္ဍာန်မရှိဘူး။ ထိုက်ဆွေ့တိုင်းက ဒီလိုပုံစံမျိုး မဟုတ်ကြဘူး။ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး သူတို့ကို အမျိုးအစားခွဲခြားနိုင်တယ်”
“ဥပမာ မြေကြီးထဲမှာ နေတဲ့ မြေထိုက်ဆွေ့၊ ရေမှာနေတဲ့ ရေထိုက်ဆွေ့၊ သစ်တောထဲ နေတတ်တဲ့ သစ်ထိုက်ဆွေ့၊ မီးတောင်ကျောက်ရည်ပူထဲမှာ နေထိုင်တဲ့ မီးထိုက်ဆွေ့၊ ရွှေကြောတွေမှာ နေထိုင်တဲ့ ရွှေထိုက်ဆွေ့တွေပေါ့"