← Chapters

ငါရှိနေရင် ဘယ်သူမှ မင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး

Vol. 1 Ch. 78

ငါရှိနေရင် ဘယ်သူမှ မင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး

Vol. 1 Ch. 78

"ဘန်း"

ကျန်းရီသည် အခြေအနေကို ဆုံးဖြတ်ပြီးသည်နှင့် အခန်းထဲမှ ပြေးထွက်လာကာ ဝတုတ်၏ တံခါးကို ဆောင့်ကန် ဖွင့်လိုက်သည်။ စာအုပ် အထပ်လိုက်ကို ရှေ့ချ၍ ဖတ်နေသော ဖက်တီးကို ခြောက်လှန့်သလို ဖြစ်သွားခဲ့လေသည်။

ဖက်တီးသည် သူကိုင်ထားသည့် စာအုပ်ကို ချမည့် အရိပ်အယောင် မပြုပဲ မချိပြုံး ပြုံးလိုက်သည်။

"အစ်ကိုကြီး နည်းနည်းပါးပါး နူးနူးညံ့ညံ့ လုပ်လို့မရဘူးလား။ နောက်ဆို တံခါးမရှိတော့ရင် ကျွန်တော် ဘယ်လို စိတ်ချလက်ချ အိပ်လို့ရမှာလဲ"

ကျန်းရီသည် သူဘာဖတ် နေသည်ကို လုံးဝ လှည့်မကြည့်ခဲ့ပေ။ သူသည် တစ်ခဏမျှ ရပ်နေခဲ့ပြီး ပြောလာခဲ့သည်။

"ချမ်ဝမ်ကွမ် ...  ငါ့အဖိုးဆီ ပြောစရာရှိလို့ ငါ့ကို ကူညီပေးလို့ ရမလား"

"ကျန်းယွင်ဟိုင်လား"

ဝတုတ်သည် မျက်မှောင် ကြုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည်။

"ဒါက လွယ်ပါတယ်။ မင်းဘယ်အချိန် သူ့ကို သွားတွေ့ချင်လဲ"

"ဒီနေ့ကတော့ နောက်ကျနေပြီ။ မနက်ဖြန်ပေါ့"

ကျန်းရီသည် ဖက်တီး၏ အိပ်ရာထက်သို့ တုံ့ဆိုင်းမနေဘဲ တက်ထိုင်လိုက်သည်။ သူသည် တစ်လက်လက် တောက်ပနေသော မျော်လင့်ချက်အပြည့် မျက်ဝန်းများနှင့် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ချမ်ဝမ်ကွမ် ...  မင်းငါ့ကို တစ်ခု ကူညီပေးနိုင်မယ် မဟုတ်လား ...  ဒီကိစ္စသာ ပြီးမြောက်သွားရင် ငါကျန်းရီက မင်းအပေါ် အကြွေးတစ်ခု တင်သွားပြီ"

ဖက်တီး၏ မျက်လုံးသေးသေးလေး များသည် တောက်ပသွားပြီး ဟိတ်ဟန် အပြည့်ဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးက ယဉ်ကျေး လွန်းနေပါပြီ။ ကျွန်တော့် အစ်ကိုကြီးလို့ ကျွန်တော် သတ်မှတ်လိုက်တည်းက အစ်ကိုကြီးရဲ့ ကိစ္စကလည်း ကျွန်တော့်ကိစ္စပဲလေ။ အကြွေးတင် သွားပြီလို့ မပြောစမ်းပါနဲ့။ အဲဒီလို ပြောလိုက်ရင် ကျွန်တော်က အကောင်းဆုံး ကြိုးစားပြီး ကူညီပေးရမှာပေါ့"

"ဖတ်"

ကျန်းရီ၏ ရိုက်ချက်သည် ထွက်ပေါ် လာခဲ့ပြန်သည်။ သူသည် ဖက်တီးကို စိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

"ချမ်ဝမ်ကွမ် ...  မင်းက ငါ့မိတ်ဆွေ ဖြစ်ချင်ရင် မင်းရဲ့ အရှိအတိုင်းပဲ နေစမ်းပါ။ ငါက ကြောင်သူတော်လိုမျိုး ဟန်ဆောင်နေတတ်တဲ့ လူတွေကို မုန်းတယ်"

ဖက်တီး၏ အပြုံးသည် ရပ်တန့် သွားခဲ့သည်။ သူ့မျက်နှာထားသည် အလေးအနက် ဖြစ်သွားကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ...  အစ်ကိုကြီးက အဲဒီလိုပြောမှတော့ ကျွန်တော် အစ်ကိုကြီးဆီမှာ အကြွေးတစ်ခု ရှိတယ်လို့ မှတ်ထားလိုက်ပြီ"

ကျန်းရီသည် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

"မင်းဘက်က အရှုံးဖြစ်သွားမှာ မကြောက်ဘူးလား။ ငါ့ကတိက ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ"

"ဟီးဟီး"

ချမ်ဝမ်ကွမ်သည် ယုံကြည်မှုရှိစွာ သူ့ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။

"ချမ်ဂိုဏ်းက လူငယ်တွေက အရည်အချင်း မရှိဘူး ဆိုရင်တောင် အလုပ်ဘယ်လို လုပ်ရတယ်ဆိုတာ သိကြတယ်။ အလုပ်လုပ်တဲ့ နေရာမှာ ပထမဆုံး ခြေလှမ်းက လူတွေရဲ့ စိတ်ကို ဖတ်တတ်ဖို့ပဲ။ ကျွန်တော် ပြောနိုင်တာက အစ်ကိုကြီးက သာမန် လူတစ်ယောက် မဟုတ်ဘူး။ အစ်ကိုကြီးက ကျွန်တော့်ကို ပေးစရာ အကြွေးရှိရင် သေချာပေါက် ပြန်ပေးမဲ့ လူစားမျိုးပဲ"

ကျန်းရီသည် ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

"မင်းက ငါ့ရဲ့သရုပ်မှန်ကို အစွမ်းကုန် ဖုံးကွယ် ပေးစေချင်တယ်။ ငါက အဲဒီလူရဲ့ သား ဟုတ်ဟုတ် မဟုတ်ဟုတ် ...  ဒီကိစ္စတွေသာ ကျန်းရိလျှိုဆီ ပေါက်ကြားသွားမယ် ဆိုရင် သူက နည်းလမ်းပေါင်းစုံကို သုံးပြီး ငါ့ကို ရှင်းပစ်ဖို့ ကြိုးစားလိမ့်မယ်"

"ဒါအမှန်ပဲ ... "

ချမ်ဝမ်ကွမ်သည် ခေါင်းညိတ်လိုက်သည်။

"ကျန်းရိလျှိုရဲ့ စိတ်သဘောအရ ဆိုရင် မင်းရဲ့ သရုပ်မှန်ကို သူသိသွားတာနဲ့ မင်းကို ရှင်းပစ်ခိုင်းလိမ့်မယ်။ မင်းက မင်းရဲ့ သရုပ်မှန်ကို လောကကို ပေးမသိချင်ရင် လော့ကဲအရှင် ကိုလည်း ပေးသိလို့ မရဘူး။ မဟုတ်ရင် မင်းက ကျန်းရိလျှိုကို ဆန့်ကျင်သလို ဖြစ်ပြီးတော့ သူ့လက်ထဲမှာ မင်းသေသွားနိုင်တယ်။ မင်းက သင်တန်းကျောင်းထဲမှာ တစ်သက်လုံး ပုန်းသွားဖို့ ကြတော့လည်း မဖြစ်နိုင်ဘူး"

စကားပြောပြီးနောက် ချမ်ဝမ်ကွမ်သည် မျက်မှောင် ကြုတ်လိုက်သည်။ သူသည် တစ်ခဏမျှ ရပ်တန့်ပြီးနောက် ခါးသက်သက် ပြုံးရင်း ဆက်ပြောလာခဲ့သည်။

"အစ်ကိုကြီး ...  ငါမင်းကို ဒီကိစ္စ ကူညီပေးနိုင်တယ်။ ငါ့ဂိုဏ်းက လူတွေကို သုံးပြီး ဒီကိစ္စကို ခဏ ဖုံးကွယ် ခိုင်းထားလို့ ရတယ်။ ဒါပေမဲ့ မင်းသာ ကျောင်းမှာ မထင်မရှား မနေနိုင်ရင် ဒီကိစ္စကို ရေရှည် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး။ မင်းသာ ထူးချွန်ကျောင်းသား ဖြစ်သွားရင် ဂိုဏ်းကြီးတွေက မင်းအကြောင်းကို စုံစမ်းကြမှာပဲ။ အဲဒီကနေ မင်းရဲ့ သရုပ်မှန် ပေါ်သွားနိုင်တယ်"

"ထူးချွန်ကျောင်းသား"

ကျန်းရီ၏ မျက်နှာသည် မည်းသွားခဲ့သည်။ သင်တန်းကျောင်း၏ အသိအမှတ်ပြုခြင်း ခံရရန် သူသည် ထူးချွန်ကျောင်းသား တစ်ယောက် ဖြစ်လာရန် လိုလေသည်။ သို့မှသာ သူသည် ကောင်းကင်အဆင့် ကုသသူကို တွေ့ခွင့်ရနိုင်၍ ရှောင်နူကို ကုသပေးရန် တောင်းဆိုခွင့် ရှိမည် ဖြစ်သည်။ ထို့ပြင် သူထူးချွန်ကျောင်းသား ဖြစ်မှသာလျှင် ဝိညာဉ်သားရဲများကို လေ့ကျင့်ပေးနိုင်သည့် လျှို့ဝှက် ကျင့်စဉ်ကို ရမည် ဖြစ်သည်။ သို့သော် သူထူးချွန်ကျောင်းသား ဖြစ်လာသည်နှင့် လူတိုင်းသည် သူ့ကို အာရုံစိုက်လာကာ သူ့နောက်ကြောင်းကို စုံစမ်းတော့မည် ဖြစ်သည်။

"တွေးမနေနဲ့တော့ ...  မင်းက အခုသာ ကြိုးစားပြီး ဖုံးကွယ်ထားပေး"

ကျန်းရီသည် ခေါင်းကိုက် လာရသည်။ သူသည် ယခုသာ ခြေတစ်လှမ်း လှမ်းထားလိုက်မည်။ ဖက်တီးသူ့ကို ရောင်းစားသည် ဖြစ်စေ၊ မရောင်းစားသည် ဖြစ်စေ သူစိတ်မပူပေ။ ဖက်တီးသာ သူ့ကို ရောင်းစားချင်ပါလျှင် သူနှင့် ရင်းနှီးရန် ကြိုးစားနေမည် မဟုတ်ဘဲ ကျန်းရိလျှိုကိုသာ တိုက်ရိုက် ချည်းကပ်လိမ့်မည် ဖြစ်သည်။

သူ့အခန်းသို့ ပြန်ရောက်သည်နှင့် ကျန်းရီသည် ချက်ချင်း ကျင့်ကြံလိုက်သည်။ သူ့စိတ်သည် အလျင်လိုနေရာ ပို၍ အားကောင်း လာချင်စိတ်သည် တိုး၍သာ လာရသည်။ သူ့ဘဝကို ကိုယ်တိုင် ထိန်းချုပ်ရန်နှင့် သူဆန္ဒရှိရာ လုပ်ဆောင်နိုင်ရန်မှာ သူ ပို၍ အားကောင်းလာသူ ဖြစ်လာရန် လိုအပ်ကြောင်း သူသိသည်။

သူ၏ ကျင်ကြံနှုန်းသည် အလွန့်ကို မြန်ဆန်လွန်းနေပြီး သူ့တွင် ဆန်းကြယ်သော အနက်ရောင် အတွင်းအားလည်း ရှိနေသည်။ ထိုသို့သော စွမ်းရည်များနှင့် အခြေအနေ ကောင်းများကိုသာ ကောင်းကောင်း အသုံးမချနိုင်လျှင် သူသည် လူဖျင်း ဖြစ်သွားပေလိမ့်မည်။

ညသည် တိတ်ဆိတ်စွာပင် ကုန်ဆုံး သွားခဲ့သည်။

အာရုဏ်ဦး ရောင်ခြည်သည် အတော်လေး တောက်ပနေချိန်တွင် ကျန်းရီသည် တံခါးခေါက်သံ တစ်ခုကြောင့် သတိ ဝင်လာရလေသည်။ ကျန်းရီသည် တံခါးဖွင့်လိုက်ပြီး အပြင်တွင် ရှိနေသော ချမ်ဝမ်ကွမ်၏ ဝိုင်းစက်စက် မျက်နှာကြီးကို မြင်သော် မအံ့သြတော့ပေ။ ကျန်းရီသည် သိလိုသဖြင့် စူးစမ်းလိုက်သည်။

"မင်းဘာလို့ အစောကြီး ထလာတာလဲ။ သင်တန်းကျောင်းက ကျောင်းသားသစ်တွေ အတွက် ကြိုဆိုပွဲ အခမ်းအနားများ ကျင်းပပေးလို့လား"

"အစ်ကိုကြီး တကယ် နိုးတာရော ဟုတ်လား "

ဖက်တီးသည် မျက်ဖြူလန်ပြကာ နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်တော်တို့က ဘာတွေလဲ။ ကျောင်းသားလောင်းတွေပဲ ရှိသေးတာလေ။ သင်တန်းကျောင်းရဲ့ အဆင့်အနိမ့်ဆုံး ကျောင်းသားတွေပဲ။ တကယ်လို့ ကြိုဆိုပွဲအခမ်းအနား ရှိရင်တောင် ကျွန်တော်တို့အတွက် မဟုတ်ဘူး။ လာစမ်းပါ ...  အလုပ်လုပ်ရမဲ့ အချိန်ပဲ"

"အလုပ် ...  ဘာအလုပ် လုပ်ရမှာလဲ ... "

ကျန်းရီသည် ဇဝေဇဝါ ဖြစ်သွားကာ မေးလိုက်သည်။

"အစ်ကိုကြီးက ဝိညာဉ်သားရဲ သင်တန်းကျောင်း အကြောင်း ဘာမှမသိဘူးနဲ့ တူတယ်"

ဖက်တီးသည် ခေါင်းယမ်းလိုက်ကာ ခါးသက်စွာ ပြုံး၍ ရှင်းပြ လာခဲ့သည်။

"ဒီသင်တန်းကျောင်းမှာ ဘယ်သူမှ အဆင့်အတန်းကို ဂရုမစိုက်ဘူး။ အရည်အချင်း အဆင့်အတန်းကိုပဲ ဂရုစိုက်ကြတယ်။ အဆင့်အနိမ့်ဆုံး ကျောင်းသားတွေက အောက်ခြေသိမ်း အလုပ်တွေအကုန် လုပ်ရတယ်။ မလုပ်ရင် ကန်ထုတ် ခံရလိမ့်မယ်။ ကျောင်းသားလောင်းတွေက ခရမ်းရွှေသာ မသုံးဘဲ ကျောင်းကပေးတဲ့ ဘယ်အကျိုးအမြတ်ကိုမှ ခံစားခွင့် မရှိဘူး။ မဟုတ်ရင် မင်းက ကျင့်ကြံတဲ့ အခန်းတွေထဲကို ဝင်ခွင့် မရှိဘူး။ သာမန် ကျောင်းသားတွေ ကတော့ အလုပ်တွေ လုပ်စရာ မလိုဘူး။ သူတို့က တာဝန်လေးတွေ လုပ်ပြီးတော့ အမှတ်တွေ စုဆောင်းရတယ်။ ထူးချွန်ကျောင်းသားတွေ ကတော့ လတိုင်းမှာ အမှတ်တွေ အလကားရနေမယ်။ ပါရမီရှင် အဆင့်ကျတော့ သင်တန်းကျောင်းရဲ့ ပစ္စည်းတွေကို အကန့်အသတ်မရှိ သုံးစွဲနိုင်တယ်"

"ငါသိပြီ"

ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။

"ဒါဆိုရင် ငါတို့က သာမန် ကျောင်းတော်သား အဆင့်ကို ဘယ်လိုရောက်အောင် လုပ်ရမလဲ။ သွေးရှင်းတမ်းကို ကျော်ဖြတ်ပြီးတော့လား"

"ဟုတ်တယ် ...  အဲဒါက နည်းလမ်းတစ်ခုပဲ"

ချမ်ဝမ်ကွမ်သည် စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။

"နှစ်ဝက်တိုင်းမှာ သင်တန်းကျောင်းက သွေးရှင်းတမ်း ပြိုင်ပွဲတစ်ခု ကျင်းပပေးလေ့ ရှိတယ်။ အဲဒါကို ကျောင်းသားတွေ အကုန်လုံးက ပါဝင် ဆင်နွှဲနိုင်တယ်။ သူတို့ အောင်မြင်သွားရန် နောက်တစ်ဆင့် မြင့်သွားလိမ့်မယ်။ ပြီးတော့ ...  တခြား နည်းလမ်းတစ်ခုလည်း ရှိသေးတယ်။ ဒါက နောက်တစ်ဆင့်က ကျောင်းသားငါးယောက်ကို စိန်ခေါ်ရမှာပဲ၊ တစ်ယောက်က ငါးယောက်နဲ့ တစ်ပြိုင်တည်း တိုက်ခိုက်ရမယ်။ သင်တန်းကျောင်းရဲ့ သာမန်ကျောင်းသား အများစုက ခရမ်းရောင် နန်းတော်ရှင်အဆင့်က လူတွေပဲ။ ဒါကြောင့် အစ်ကိုကြီး အလုပ်တွေကို ပါးစပ်လေး ပိတ်ပြီး လုပ်နေတာက ပိုကောင်းမယ်"

"ခရမ်းရောင် နန်းတော်ရှင် အဆင့်က လူငါးယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက် ရမှာလား"

ကျန်းရီသည် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ သူ၏ လက်ရှိစွမ်းရည်နှင့် ဆိုလျှင် လူနှစ်ယောက်ကို ယှဉ်နိုင်ရုံသာ ရှိမည်။ ငါးယောက်ကိုတော့ ပြောနေရန်ပင် မလိုတော့ပေ။

သူသည် သင်တန်းကျောင်း၏ ပတ်ဝန်းကျင်ကို စူးစမ်းရင်း ချမ်ဝမ်ကွမ်၏ အနောက်က နေ၍ အပြင်သို့ လိုက်လာခဲ့ လိုက်သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းက နယ်မြေ တစ်ခုလုံးရဲ့ သင်တန်းကျောင်းကြီး သုံးခုထဲက တစ်ခုဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူး။ ကျောင်းက အရမ်း ကျယ်တာပဲ။ ကျန်းရီနေသော အဆောင်နောက်တွင်ပင် တူညီသော အဆောင်များစွာကို တစ်ပုံစံတည်း တည်ဆောက်ထားသည်။

ထိုအချိန်တွင် အခြား အဆောင်များမှ ကျောင်းသား များသည်လည်း လျှောက်လာကြသည်။ သို့သော် ဤနေရာတွင် နေသူများသည် တရားဝင် ကျောင်းသား မဟုတ်သေးရာ အားနည်းလွန်းသည်။ ခရမ်းရောင် နန်းတော်ရှင်အဆင့် တစ်ယောက်ကို ရှာရန်ပင် ခက်ခဲသည်။

ရုတ်တရက် ပုံရိပ်တစ်ခုသည် သူတို့၏ အရှေ့ဘက်ရှိ အဆောင်ထံမှ ထွက်လာခဲ့သည်။ ထိုသူသည် ကြံ့ခိုင်၍ ယောက်ျား ပီသသော လက္ခဏာ ရပ်များနှင့် ကြေးညိုရောင် အသားအရေ ရှိသည်။ ထိုသူ၏ မျက်လုံးများသည်လည်း အလွန် တောက်ပနေသည်။

သူသည် သူ့ထံသို့ လျှောက်လာနေသော ချမ်ဝမ်ကွမ်နှင့် ကျန်းရီကို မြင်သွားခဲ့သည်။ သူသည် ရပ်တန့်လိုက်ပြီး ကျန်းရီကိုသာ ကြည့်၍ ရေရွတ်လိုက်သည်။

"ကျန်းရီ"

"အစ်ကို ဝူရွှမ့် တိုက်ဆိုင်လိုက်တာ ...  မင်းရော ဒီအနားမှာပဲ နေတာလား"

ဖက်တီး၏ မျက်နှာသည် အပြုံးများနှင့် ဖုံးလွှမ်းနေကာ ကျန့်ဝူရွှမ်းကို ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။ ကျန့်ဝူရွှမ်းသည် သူ့ကို တစ်ချက်မှတောင် ကြည့်မလာခဲ့ဘဲ ကျန်းရီကိုသာ ကြည့်နေခဲ့သည်။

အရံဇာတ်ကောင်လေး အဖြစ် သရုပ်ဆောင်နေရန် ဆန္ဒမရှိရာ ကျန်းရီသည် သူ့ကို ယုံကြည်မှု ရှိစွာ ပြန်စိုက်ကြည့်လိုက်ပြီး တူညီသော အသံအနေအထားဖြင့် ပြောဆိုလိုက်သည်။

"ကျန့်ဝူရွှမ်း"

"အရင်နေ့က ငါ့ညီမလေးကို ကယ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ မင်းက ပြဿနာ တစ်ခုခုကြုံရရင် ငါ့ကို လာရှာနိုင်တယ်။ ငါရှိနေရင် မင်းကို ဘယ်သူမှ လက်ဖျားနဲ့တောင် မထိစေရဘူး"

ကျန့်ဝူရွှမ်းသည် စကားဆုံးသည်နှင့် ဂုဏ်ယူစွာ ထွက်သွားခဲ့သည်။ ကျန်းရီသည် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး နှုတ်ခမ်းများက တွန့်ကွေး သွားခဲ့သည်။

"ကျန့်ဝူရွှမ်းက ဘဝင်မြင့်လွန်း နေတာ မဟုတ်လား။ သူလည်း တရားမဝင် ကျောင်းသား တစ်ယောက်ပဲလေ။ ငါ့ကို ကျောင်းက ပါရမီရှင်အဆင့် ကျောင်းသား တစ်ယောက်ကသာ တိုက်ခိုက်လာရင် သူဘယ်လို ရှင်းပေးနိုင်မှာလဲ"

"မင်းမှားနေပြီ"

ဖက်တီးသည် အဝေးသို့ သွားနေသော ကျန့်ဝူရွှမ်းကို တစ်ချက် ကြည့်လိုက်ပြီး ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။

"မင်း စောင့်သာကြည့်နေ ...  သုံးရက် အတွင်းမှာပဲ ကျန့်ဝူရွှမ်းက တရားဝင် ကျောင်းသား တစ်ယောက် ဖြစ်လာလိမ့်မယ်။ သူ ထူးချွန်ကျောင်းသား ဖြစ်လာဖို့ သုံးလတောင် မလိုဘူး။ တစ်နှစ် အတွင်းမှာပဲ သူက ပါရမီရှင် ကျောင်းသားတစ်ယောက် ဖြစ်လာလိမ့်မယ်။ သူက ဘဝင် မြင့်လွန်းနေတာ မဟုတ်ဘူး။ သူ့မှာ အဲဒီလို စွမ်းရည်ရှိလို့ပဲ။ စစ်နတ်ဘုရားဂိုဏ်းရဲ့ ဆက်ခံသူဆိုတဲ့ ဂုဏ်ပုဒ်က အလကား ရထားတာမှ မဟုတ်တာ"

*****

All Chapters