အဆိပ်နှင်းဆီ
Vol. 6 Ch. 76
မှုခင်းရဲဌာနတွင် ကိစ္စတစ်ခုပေါ်ကြောင်း ကြားလိုက်သဖြင့် ယဲ့ချန်းလည်း ကျိုးစုစုထံသို့ အမြန်ဖုန်းဆက်လိုက်သည်။
ကျိုးစုစုက မှုခင်းရဲတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သောကြောင့် ထိုကဲ့သို့သော တာဝန်တစ်ခုကို သူ(မ)ပင် တာဝန်ယူရမည်မှာ ကျိန်းသေပင်။
"ယဲ့ချန်း... ဘာကိစ္စရှိလို့လဲ"
"ငါ ရေဒီယိုကနေ ကြားလိုက်တယ်။ မှုခင်းရဲတပ်ဖွဲ့မှာ ကိစ္စတစ်ခုဖြစ်လို့ဆို။ မင်း အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်။ နည်းနည်းပဲထိတာ။ ကျွန်မ အခုအထိ ဆေးရုံမှာပဲရှိသေးတယ်"
"အိုး.. ငါလာခဲ့မယ်လေ"
ယဲ့ချန်း ဆေးရုံသို့ရောက်သွားချိန်မှာ ကျိုးစုစုက ဆေးရုံခုတင်ပေါ်တွင်လှဲနေတာကို မြင်လိုက်ရ၏။ သူ(မ)၏မျက်နှာက ကြည့်ရဆိုးနေဆဲသာ။
ကျိုးစုစုအဆင်ပြေကြောင်း မြင်လိုက်ရသောအခါမှသာ ယဲ့ချန်း သက်မချမိသည်။
ကျိုးစုစု၏ မျက်ဝန်းထဲတွင် အပြစ်ရှိစိတ်၏ အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ကျွန်မကြောင့် ဒီအစ်ကိုတွေသေရတာ"
ကျိုးစုစု အံတင်းတင်းကြိတ်၍ လက်သီးတင်းတင်းဆုပ်ထားမိသည်။
"အဲဒီလူယုတ်မာကို ကျွန်မ မိအောင်ဖမ်းမယ်"
ယဲ့ချန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"မင်းမှာ အဲဒီလူရဲ့ဓာတ်ပုံရှိလား။ ငါ ကြည့်ကြည့်မယ်"
ကျိုးစုစုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုန်းထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်၏။
"ဒီမိန်းမက ရွှီကျင်းတဲ့။ ဒုစရိုက်လောကမှာတော့ အဆိပ်နှင်းဆီလို့ သိကြတယ်။ သူ့ရဲ့အဆိပ်နည်းလမ်းတွေက အရမ်းကျွမ်းကျင်တာ။ သူ့လက်က သွေးတွေအများကြီးစွန်းထားတယ်"
ယဲ့ချန်း ထိုစကားကိုကြားလိုက်ရပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"စိတ်မပူနဲ့။ ငါ မင်းအတွက် သူ့ကိုကူဖမ်းပေးမယ်"
ယဲ့ချန်းလည်း အာရုံစုစည်းလိုက်ပြီးနောက် နတ်မျက်စိစနစ်ကို အသက်သွင်းလိုက်သည်။
နတ်မျက်စိစနစ်ဆိုသည်မှာ တကယ်တော့ အဆင့်မြှင့်ထားသော Hackingနည်းလမ်းတစ်ခုပင်။ ၎င်းမှာ စောင့်ကြည့်စစ်ဆေးရေးစနစ်များထဲသို့ အချိန်တိုအတွင်း ထိုးဖောက်ဝင်ရောက်ပြီး စုစည်းထားသောရုပ်ပုံများကို အကျဉ်းချုပ်ကာ ဒေတာဘီလျံပေါင်းများစွာကြားက ပစ်မှတ်ကို အချိန်တိုအတွင်း ရှာဖွေပေးသည်။
နိုင်ငံတော်တော်များများတွင်လည်း နတ်မျက်စိစနစ်များ ရှိကြသော်ငြား လူတစ်ယောက်ကို အချိန်တိုအတွင်းမှာတော့ ဘယ်သူမှမရှာနိုင်ပေ။
ယဲ့ချန်း၏မျက်စိရှေ့တွင် ကမ္ဘာမြေကြီး၏ရုပ်ပုံက ဟွားနိုင်ငံမှ မိုတုမြို့ ပေါ်လာသည်အထိ အကျယ်ချဲ့လိုက်သည်။ ထို့နောက် အံ့သြသွားရသည်မှာ ပစ်မှတ်က မိုတုပြည်သူ့ဆေးရုံတွင် ရှိနေခြင်းပင်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
သူက ဆေးရုံထဲမှာတဲ့လား?
ယဲ့ချန်း၏မျက်လုံးများက အာရုံစုစည်းသွားပြီး မေးကြည့်လိုက်သည်။
"ဆေးရုံမှာ အကာအကွယ်ပေးဖို့ လိုအပ်နေတဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်များရှိလား"
"ရှင် ဘယ်လိုလုပ်သိလဲ"
ကျိုးစုစု၏အမူအရာ ပြောင်းလဲသွားချေသည်။
ဆေးရုံတွင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် အမှန်တကယ်ရှိ၏။ ရောဂါတစ်ခုကို လာရောက်ကုသနေသော ဟွားနိုင်ငံရှိ သိပ္ပံပညာရှင်ကျန်းရီဖေးပင်။
ရဲတပ်ဖွဲ့ဘက်က သူ့ကိုကာကွယ်ပေးရန်အတွက် အရပ်ဝတ်အရာရှိများနှင့် ရဲသားများကို စေလွှတ်ပေးထားသည်။
ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လျက် ပြောလိုက်၏။
"ဒါဆို ဟုတ်ပြီ။ သူ့ပစ်မှတ်က အဲဒီလူပဲဖြစ်ရမယ်။ အစတုန်းက မင်းတို့ခြေရာခံခဲ့တဲ့အရာက သူ သက်သက်အာရုံလွှဲခဲ့တာပဲ။ မင်းတို့ သူ့ကိုလိုက်ဖမ်းနေတဲ့အချိန် သူက ဆေးရုံထဲကို ဖောက်ဝင်ပြီးနေပြီဆိုတာကို မင်း လုံးဝထင်ထားမှာမဟုတ်ဘူး"
ကျိုးစုစုခမျာ ဤစကားကိုကြားပြီးနောက် အလွန်အမင်းစိုးရိမ်ပူပန်သွားသည်။
"သေချာလား"
"သေချာတယ်။ သူလည်း အခု ဆေးရုံထဲမှာပဲ။ လှုပ်ရှားဖို့ အဆင်သင့်ပြင်တော့"
…
ထိုအချိန်မှာ ရွှီကျင်းက သူနာပြုဝတ်စုံကို ဝတ်ဆင်၍ မိုတုဆေးရုံ၏ ကော်ရစ်တာတွင် လျှောက်နေလေသည်။
သူ(မ)က ညမှောင်မည့်အချိန်ကို စောင့်နေခြင်းပင်။
မှောင်လာသည်နှင့် သူ(မ)လည်း မြန်မြန်လှုပ်ရှားပြီး ညအမှောင်အောက်မှာပင် ထွက်ပြေးသွားနိုင်သည်။
ထွက်ပြေးရမည့်လမ်းကြောင်းကိုလည်း ရွေးချယ်ထားပြီးဖြစ်၏။ ကော်ရစ်တာအဆုံးရှိ သန့်စင်ခန်းထဲက ပြတင်းပေါက်သေးသေးလေးတစ်ခုမှ ဖောက်ထွက်သွားရန် စီစဉ်ထားသည်။
အောင်မြင်သည်နှင့် ပြတင်းပေါက်က အသာလေးခုန်ချလိုက်လျှင် မလှမ်းမကမ်း၌ ဈေးတစ်ခုရှိသည်။
လူအုပ်ထဲတွင် ဝင်ရောလိုက်ပါက ရဲတွေ သိသွားသည့်တိုင် သူ(မ)ကို ဖမ်းဆီးရန် ခက်ခဲသွားပေလိမ့်မည်။
သူ(မ)၏ အစီအစဉ်ကတော့ ချောချောမွေ့မွေ့ပင်။ ယခုအချိန်တွင် ရဲများက မြို့ထဲတွင် သူ(မ)ကို အမဲလိုက်ဖို့သာ အာရုံရောက်နေသည်ဖြစ်ရာ ဆေးရုံမှာ ပေါ်လာလိမ့်မည်ဟု လုံးဝထင်ထားကြမည်မဟုတ်ချေ။
ထိပ်တန်းလုပ်ကြံရေးသမဖြစ်သော အဆိပ်နှင်းဆီမှာ အဆိပ်များကို အသုံးပြုရာတွင် အလွန်ကျွမ်းကျင်မှုရှိသည်။
ဤတစ်ခေါက်တွင် လျှို့ဝှက်ဆန်းကြယ်သော အလုပ်ရှင်တစ်ယောက်က ပစ်မှတ်၏အသက်ကို ဝယ်ယူရန်အတွက် တစ်ဘီလျံကမ်းလှမ်းထားသည်။
ဤတာဝန် ပြီးမြောက်သည်နှင့် သူ(မ)လည်း လက်ကျန်ဘဝကို အေးအေးလူလူ ဂုဏ်သိက္ခာရှိရှိဖြင့် နေထိုင်နိုင်ပြီဖြစ်၏။
သူ(မ)၏ လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်းများက ကျွမ်းကျင်အဆင့်ကို ရောက်နေပြီဖြစ်သော်ငြား ရေနှင့်နီးလျှင် ဖိနပ်ရေမစိုအောင်လုပ်ရန် ခက်ခဲကြောင်းကိုလည်း သူ(မ) ကောင်းကောင်းနားလည်သည်။
ဤမစ်ရှင်ပြီးမြောက်သွားလျှင် သူ(မ)၏လက်ကျန်ဘဝလည်း ပူပင်ကြောင့်ကြကင်းစွာ နေထိုင်နိုင်ပြီဖြစ်၏။ ဤမက်လုံးက သူ(မ)ကို မဆွဲဆောင်နိုင်ဘဲ နေပါ့မလား။
အဆိပ်နှင်းဆီက Mနိုင်ငံရှိ ဆေးကျောင်းတစ်ခုမှ ဘွဲ့ရထားသူတစ်ယောက်ဖြစ်၏။ ဆရာဝန်တစ်ယောက်အနေနှင့် ဤဆေးရုံက သူ(မ)အတွက် အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားပင်။
သူ(မ) ဆေးရုံ၏ကော်ရစ်တာမှ ဆင်းလာရင်း နာရီကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်မှာ ကျန်းရီဖေး၏ဆေးကို လဲပေးမည့် သူနာပြုမလေးတစ်ယောက်က IVပုလင်းများပါသော တွန်းလှည်းတစ်ခုကို တွန်းလာလေသည်။
အဆိပ်နှင်းဆီလည်း ထိုသူနာပြုမလေးအနားမှ မထိတထိဖြင့် ဖြတ်သွားလိုက်၏။
ရုတ်ခြည်းပင် အဆိပ်နှင်းဆီက လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ပြီး ထိုသူနာပြုမလေးကို လှမ်းခေါ်လိုက်သည်။
"မင်းရဲ့ယူနီဖောင်းက ဘာလို့ညစ်ပတ်နေတာလဲ"
ထိုသူနာပြုမလေးကလည်း အောက်ကိုငုံ့ကြည့်လိုက်လေရာ သူ(မ)၏ သူနာပြုဝတ်စုံတွင် မင်အနက်ရောင်တစ်စက် စွန်းထင်းနေတာကို မြင်လိုက်ရ၏။
"အမလေး..ဒါက ဘယ်တုန်းကပေသွားတာပါလိမ့်"
သူနာပြုဝတ်စုံကား အဖြူရောင်ဖြစ်သောကြောင့် မည်းနက်နေသော မင်အရောင်က မျက်လုံးထဲ ထင်းနေလေသည်။
သူနာပြုမလေးက သူ(မ)၏ယူနီဖောင်းထံတွင် အာရုံရောက်နေခိုက် အဆိပ်နှင်းဆီက ထိုးဆေးပုလင်းကို လဲပစ်လိုက်သည်။
အဆိပ်နှင်းဆီက လက်မြန်လွန်းလှသည်။ သူနာပြုမလေးခမျာ ဆေးပုလင်းအလဲခံလိုက်ရကြောင်း သတိပင်မထားမိပေ။
သူနာပြုမလေးက ခေါင်းမော့ကြည့်လာချိန်မှာ အဆိပ်နှင်းဆီက ခပ်ဖွဖွပြုံးပြလိုက်၏။
"နောက်တစ်ခါသတိထားနော်။ သေချာလျှော်ဖွပ်ထားတဲ့ သူနာပြုဝတ်စုံက ညစ်ပတ်နေရင် ရှက်စရာကြီး"
"သတိပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ"
သူနာပြုမလေးကတော့ အဆိပ်နှင်းဆီကို ကျေးဇူးတင်စကားဆိုလိုက်သည်။
အဆိပ်နှင်းဆီက မက်စ်တပ်ထားသောကြောင့် သူ(မ)က ဌာနတစ်ခုခုမှ ဆရာဝန်အသစ်တစ်ယောက်ဟု ထင်ခဲ့မိသည်။ သူ(မ)၏ဆေးက အဆိပ်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝထင်မထားချေ။
ထို့ပြင် ဤဆေးပုလင်းကလည်း ကျန်းရီဖေးကို ဆေးပုလင်းလဲပေးလိုက်သည်နှင့် သူ့အသက်ကိုနှုတ်ယူရန် စက္ကန့်အနည်းငယ်မျှသာ ကြာပေလိမ့်မည်။
အဆိပ်နှင်းဆီ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ်ကော့ညွတ်သွားလေသည်။ သူ(မ)၏မစ်ရှင်ကတော့ ချောချောမွေ့မွေ့ပင်။
ထိုသူနာပြုမလေးက ဆေးတွန်းလှည်းကို လူနာဆောင်ထဲသို့ တွန်းသွားလိုက်သည်။ ထို့နောက် ဆေးပုလင်းလဲပေးတော့မည့်အချိန်မှာပင် ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလာလေသည်။
"သူနာပြု.. ခင်ဗျားရဲ့ဆေးပုလင်းက အလဲခံထားရတယ်"
ထိုအချိန်၌ အသံတစ်သံက တယ်လီကွန်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။
"ပစ်မှတ်ကို ဝိုင်းထားပြီးပါပြီ"
ယဲ့ချန်းက ပြုံး၍ ကျိုးစုစုကို ပြောလိုက်၏။
"အဆိပ်နှင်းဆီကို အတူသွားတွေ့လိုက်ရအောင်"
အဆိပ်နှင်းဆီကတော့ ဆေးရုံထဲမှထွက်ရန် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်၏။
ကြာချိန်ကို သူ(မ) တွက်ချက်ထားပြီးဖြစ်၏။ သူနာပြုမလေး ဆေးပုလင်းလဲပြီးသည်နှင့် သူ(မ)လည်း ဆေးရုံထဲက ချောချောမွေ့မွေ့ထွက်သွားနိုင်သည်။ ထို့နောက် လေဆိပ်သို့ တန်းသွားပြီး ဟွားနိုင်ငံထဲမှ ထွက်သွားမည်။
အရာအားလုံးကို ပြီးပြည့်စုံစွာ စီစဉ်ထားသည်။
ရုတ်တရက်ပင် အဆိပ်နှင်းဆီ၏ မျက်ဝန်းများမှာ စူးရှသွားရသည်။
လုပ်ကြံသတ်ဖြတ်ရေးသမလုပ်လာသည့် နှစ်ပေါင်းများစွာအတွင်း သူ(မ)သည် အန္တရာယ်အငွေ့အသက်ကို ခံစားနိုင်၏။
ဤကော်ရစ်တာမှာ အလွန်တိတ်ဆိတ်လွန်းပြီး သူ(မ)တစ်ယောက်တည်းသာ ရှိ၏။
"သေစမ်း! ဘယ်လိုလုပ်ပြီး လူမိသွားရတာလဲ"
အဆိပ်နှင်းဆီ၏ မျက်နှာကား အေးစက်သွားလေသည်။ ထို့နောက် သူ(မ)ပြင်ဆင်ထားသော လမ်းကြောင်းကို လှည့်ပြေးရန် ကြံလိုက်၏။
ထိုအချိန်မှာပင် လူငယ်တစ်ယောက်က ထိုပြတင်းပေါက်နားတွင် ပေါ်လာခဲ့သည်။
ယဲ့ချန်းက အဆိပ်နှင်းဆီကို မြင်သောအခါ ခဏမျှတုံ့ဆိုင်းသွားသည်။
ဤမိန်းကလေးမှာ အလွန်ချောမောလှပလွန်းသည်။ သူ(မ)က စင်စစ်ပင် ဆူးနှင်းဆီတစ်ပွင့်ဖြစ်၏။
အဆိပ်နှင်းဆီကလည်း သူ(မ)၏လမ်းကြောင်းကို တစ်စုံတစ်ယောက်က ပိတ်ထားကြောင်း မြင်လိုက်ရသောအခါ ပြန်လှည့်လိုက်သည်။ သို့သော် ကျိုးစုစုက လက်နက်ကိုင်ရဲအရာရှိဆယ်ယောက်ကျော်နှင့် သူ(မ)ကို ဝိုင်းထားကြောင်း တွေ့လိုက်ရ၏။
ယဲ့ချန်း တည်တည်ငြိမ်ငြိမ်ပြုံးလိုက်၏။
"အဆိပ်နဲ့ကစားရတာ စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒါက မင်းရဲ့အဆုံးသတ်ပဲ"
အဆိပ်နှင်းဆီခမျာ နှုတ်ခမ်းကိုကိုက်၍ ခါးသက်သက်ရယ်လိုက်လေသည်။
"ကျွန်မရဲ့အစီအစဉ်ကို ရှင်တို့ ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းလည်း တဟားဟားရယ်လိုက်လေသည်။
"ဟွားနိုင်ငံက မင်းတို့လို လုပ်ကြံသတ်ဖြတ်ရေးသမားတွေ ထွက်ပြေးချင်တိုင်း ပြေးလို့ရတဲ့နေရာမဟုတ်ဘူး။ ဒီကိုရောက်လက်စနဲ့ ဒီမှာပဲနေလိုက်ပါတော့"
•••••••••••••••••