← Chapters

ရင်းနှီးမြှုပ်နှံခြင်း

Vol. 1 Ch. 79

ရင်းနှီးမြှုပ်နှံခြင်း

Vol. 1 Ch. 79

ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် အလွန်ကျယ်ဝန်းသည်။ ကျောင်းကို အရှေ့ဘက်အဆောင်၊ အနောက်ဘက် အဆောင်နှင့်၊ တောင်ဘက် အဆောင်ဟူ၍ အပိုင်းလေးခု ခွဲထားသည်။ ကျန်းရီတို့ နေရသော အဆောင်သည်ကား အနောက်ဘက် အဆောင် ဖြစ်သည်။ အရှေ့ဘက်ရှိ အဆောင်များတွင် ထူးချွန် ကျောင်းသားများနှင့် ပါရမီရှင် ကျောင်းသားများ နေထိုင်ကြပြီး မြောက်ဘက် အဆောင်တွင် ဆရာများ နေထိုင်ကြသည်။ တောင်ဘက်တွင် ကျင့်ကြံရာတွင် အသုံးပြုနိုင်သော အထောက်အကူပြု ပစ္စည်းများ ထားရှိသည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ဝါစဉ်ကို အလွန် အလေးထားသည်။ တရားမဝင် ကျောင်းသားများနှင့် သာမန် ကျောင်းသားများသည် အရှေ့ဘက်နှင့် မြောက်ဘက်ရှ် အဆောင်များကို သွားရန် တားမြစ်ထားခြင်း ခံရသည်။ အမှတ် အလုံအလောက် မရှိသော သူများသည်လည်း တောင်ဘက်ရှိ အဆောင်သို့ သွားခွင့်မရှိပေ။

တရားမဝင် ကျောင်းသားများသည် နှစ်နှစ်အတွင်း နောက်တစ်ဆင့်သို့ မရောက်နိုင်လျှင် ကျောင်းမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။ သာမန်ကျောင်းသားများ အတွက်လည်း အလားတူပင်။ သူတို့သည် နှစ်နှစ်အတွင်း နောက်တစ်ဆင့်သို့ မတက်နိုင်လျှင် တရားမဝင် ကျောင်းသား အဆင့်သို့ ပြန်ကျမည် ဖြစ်သည်။

သင်တန်းကျောင်းတွင် တရားမဝင် ကျောင်းသားများ၏ အဆင့်သည် အနိမ့်ဆုံး ဖြစ်ရာ နေ့စဉ် အလုပ်များကို လုပ်ရလေသည်။ သူတို့ ဝတ်ရသော အဝတ်အစားများ၊ သူတို့ စားရသော အစားအစာများသည် အဆင့်အနိမ့်ဆုံး ဖြစ်သည်။ သူတို့တွင် ကျင့်ကြံခြင်းကို ညွှန်ကြား ပြသမည့် ဆရာလည်း မရှိသလို ကျင့်စဉ် များကိုလည်း သင်ယူခွင့် မရှိပေ။ သင်တန်းကျောင်း၏ အပြင်နှင့် ကွာခြားသော တစ်ခုတည်းသော အချက်သည်ကား အားစိုက်ရသည့် အလုပ်များကို လုပ်ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းရီနှင့် လူတစ်အုပ်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ အနောက်ဘက်ရှိ တောင်တစ်ခုပေါ်သို့ နတ်ဆိုး သားရဲများကို အမဲလိုက်၍ သတ်ဖြတ်ရန် ရောက်ရှိ နေကြသည်။ လူတိုင်းသည် တစ်နေ့တွင် နတ်ဆိုးသားရဲ သုံးကောင်ကို သတ်ရမည် ဖြစ်ပြီး ထပ်ဆောင်း တာဝန်အနေနှင့် ထိုအကောင်တို့၏ အဖိုးတန် အစိတ်အပိုင်းများကို ဖြတ်တောက် ယူရလေသည်။ သုံးရက်ဆက်တိုက် အလုပ်ပျက်ကွက်မိလျှင် သင်တန်းကျောင်းမှ အထုတ်ခံရမည် ဖြစ်သည်။

အဖွဲ့ကို ဦးဆောင် လာသူသည် ငယ်ရွယ်သော ဆရာတစ်ယောက် ဖြစ်သည်။ သူသည် အဖွဲ့ကို တောင်ခြေသို့ ဦးဆောင် လာပြီးနောက် တိုတိုတုတ်တုတ်ပင် ညွှန်ကြားလိုက်ကာ သစ်ပင်ကြီး တစ်ပင်အောက်တွင် ထိုင်၍ အနားယူရန် ပြင်ဆင် နေခဲ့သည်။

"သွားကြ ...  တောင်ပေါ်ကို တက်ကြတော့"

ကျန်းရီသည် မြင့်မားသော တောင်ထိပ်ကို မော့ကြည့်လိုက်ပြီးနောက် ဘေးရှိ ဖက်တီးကို စကားတစ်ခွန်း ပြောလိုက်ပြီး တောင်ပေါ်သို့ စတက်ခဲ့လေသည်။ နတ်ဆိုးသားရဲ သုံးကောင်ကို အမဲလိုက်ခြင်းသည် ခက်ခဲသော အလုပ်မဟုတ်ပေ။ ကံကောင်းလျှင် နှစ်နာရီမှ လေးနာရီ အတွင်း၌ပင် ပြီးမြောက် နိုင်လေသည်။

"ငါတို့က ဘာလို့ သွားသင့်တာလဲ"

ဖက်တီးသည် ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျောက်ဂူ တစ်ခုကို သတိပြုမိ သွားခဲ့သည်။ သူသည် ပြုံးလိုက်ကာ စကား ဆိုလာခဲ့သည်။

"အစ်ကိုကြီး ...  ဟိုနေရာမှာ ဂူတစ်လုံးရှိတယ်။ လာစမ်းပါ၊ သွားပြီး အနားယူရအောင်"

ကျန်းရီသည် မျက်မှောင် ကြုတ်လိုက်ပြီး ခပ်လှမ်းလှမ်းရှိ သစ်ပင်အောက်တွင် ထိုင်၍ တရား ထိုင်နေသော ဆရာကို တစ်ချက် ကြည့်လိုက်သည်။ သူသည် တိုးတိုး ပြောလိုက်သည်။

"မင်းရူးနေပြီလား ...  ဆရာက အနားမှာ ရှိနေတာတောင် မင်းက ပျင်းနေရဲတယ်။ နတ်ဆိုး သားရဲတွေကို သတ်ဖို့ အစီအစဉ် မရှိဘူးလား"

"ကျွန်တော်က ဘယ်နတ်ဆိုး သားရဲကို သတ်ရမှာလဲ၊ နေပူလွန်းလို့ သေသွားလိမ့်မယ်"

ဖက်တီးသည် အများကြီး တွေးမနေတော့ဘဲ ကျန်းရီကို ဂူဆီသို့ ဆွဲခေါ် လာခဲ့သည်။ သူသည် လမ်းလျှောက်ရင်း ရှင်းပြလာခဲ့သည်။

"စိတ်အေးအေးထားစမ်းပါ။ ကျွန်တော့် လူတွေက ကျွန်တော်တို့ အလုပ်တွေကို လုပ်ပေးလိမ့်မယ်။ ဆရာကျောက်ကိုလည်း စိတ်ပူမနေနဲ့ သူက ကျွန်တော်ဆီကနေ ခရမ်းရောင်ရွှေ တစ်ထောင်တေးလ်ကို လက်ခံထားတယ်။ ဒါကြောင့် အခုက စပြီး ကျွန်တော်တို့ ဘာလုပ်လုပ် သူဂရုစိုက်နေမှာ မဟုတ်ဘူး"

ကျန်းရီ၏ မျက်လုံးများသည် တောက်ပ သွားခဲ့သော်လည်း ဆွံ့အ နေခဲ့လေသည်။

"ဒီလိုလုပ်လို့ ရတာလား"

"ဟီးဟီး ...  ပိုက်ဆံက စကားပြောတယ်လေ၊ မဟုတ်ရင် ကျွန်တော့်ရဲ့ အစွမ်းအစလောက်နဲ့ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဘယ်လိုလုပ် ရောက်လာပါ့မလဲ"

ဖက်တီးသည် ဂူအတွင်းသို့ အနည်းငယ် လျှောက်သွားလိုက်ပြီး လှည့်ပတ် ကြည့်လိုက်သည်။ သူသည် နှစ်ခြိုက်စွာ ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး။ ဒီနေ့က စပြီး ကျွန်တော်တို့ အလုပ်ချိန် ရောက်တိုင်း ဒီမှာလာပြီး အနားယူကြတာပေါ့။ အစ်ကိုကြီးက ဒီမှာ ကျင့်ကြံလို့လည်း ရတယ်။ ကျွန်တော်က စောင့်ကြည့် ပေးထားမယ်လေ"

ကျန်းရီသည် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး သိချင်လာလွန်း၍ မေးလိုက်သည်။

"ချမ်ဝမ်ကွမ် ...  မင်းက သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ပဲ ရှိသေးတယ်။ မင်း သင်တန်းကျောင်းကို လာတဲ့ ရည်ရွယ်ချက်က စွမ်းအားတွေ တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ မင်းက ဒီကို လာကစား နေတာလား"

"ကျင့်ကြံရတာ ဘာပျော်စရာ ကောင်းလို့လဲ"

ချမ်ဝမ်ကွမ်သည် သူ့ခေါင်းကို ညွှန်ပြလိုက်ပြီး ဟန်ပါပါ ပြုံးလိုက်သည်။

"ငါမင်းကို ပြောချင်တာက ငါတို့ချမ်ဂိုဏ်းရဲ့ အကြီးအကဲတွေက တစ်ယောက်မှ အင်အားမရှိဘူး။ သူတို့ထဲက အားအကောင်းဆုံး သူတောင် ခရမ်းရောင် နန်းတော်ရှင် အဆင့်ပဲ ရှိတယ်။ ဒါပေမဲ့ ငါတို့ချမ်ဂိုဏ်းက နှစ်ပေါင်းတစ်သောင်း ကျော်တောင် ရပ်တည် နေနိုင်တာ ဘာလို့လဲ  ...  ဘာလို့လဲဆိုတော့ ငါတို့မှာ ဦးနှောက်တွေ၊ အဆက်အသွယ်တွေ ရှိတယ်။ ငါသင်တန်းကျောင်းကို လာတာက ဆက်ဆံရေး တချို့ တည်ဆောက်ဖို့ပဲ။ ဒီသင်တန်းကျောင်းက ရှန်ဝူနိုင်ငံတော်ရဲ့ ဂိုဏ်းအားလုံးက ထူးချွန်တဲ့ ဆက်ခံသူတွေ စုစည်းထားတယ်။ ငါက အဲဒီလူတွေနဲ့ မိတ်ဆွေ လုပ်လိုက်ရင် သူတို့သာ သူတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေ ဖြစ်လာရင် ငါ့အတွက် အကျိုးရှိတယ်လေ"

"ဒါကြောင့်လား"

ကျန်းရီသည် ထိုအကြောင်းအရာများနှင့် မရင်းနှီးပေ။ သူသည် ရှုပ်ထွေး နေဆဲပင် ဖြစ်ကာ မေးမြန်းလိုက်သည်။

"ဒါဆို မင်းက ဘာလို့ငါ့ကို အရမ်း အာရုံစိုက်နေတာလဲ။ ငါ့ရဲ့ သရုပ်မှန်ကြောင့်လား။ ကျန့်ဝူရွှမ်းက ငါ့ကို အကြွေးတစ်ခု တင်နေလို့လား။ ငါ့ကို အမှန်အတိုင်းပြော ...  မဟုတ်ရင် ငါ အဆင်မပြေသလို ခံစားနေရလို့"

ချမ်ဝမ်ကွမ်သည် တစ်ချက်ကြည့်လာပြီး အလေးအနက် ပြန်ဖြေလာခဲ့သည်။

"ရိုးရိုးသားသား ပြောရရင် အစက မင်းကို အသုံးချပြီး ကျန့်ဝူရွှမ်းနဲ့ ရင်းနှီးချင်လို့ ...  နောက်ကျတော့ မင်းရဲ့ သရုပ်မှန်ကြောင့် ...  အခုကျ ငါမင်းကို လူတစ်ယောက်လို ခံစားလာရလို့ ...  မင်းရဲ့ စွမ်းရည်က အရမ်းမကောင်းပေမဲ့ အနာဂတ်ကျ ငါ့စိတ်ကူးနိုင်တာ ထက်တောင် သာလွန် သွားမယ်လို့ ငါခံစားနေရတယ်။ ဒါကြောင့် ငါအားလုံးကို ဆုံးရှုံးရမယ် ဆိုရင်တောင် အလောင်းအစား လုပ်ကြည့်ချင်တယ်"

"အမ် ...  ငါအခု အဆင်ပြေသွားပြီ"

ကျန်းရီသည် ဖျော့တော့စွာ ပြုံးလိုက်သည်။ ချမ်ဝမ်ကွမ်သည် သူ့အပေါ် အလောင်းအစား လုပ်ကြည့်ချင်သည် ဆိုမှတော့ သူသည်လည်း သမားရိုးကျ နည်းလမ်းများကို ထားခဲ့ရပေမည်။ သူသည် ဘာကိုမှ အလကား အဖြစ် မခံနိုင်ပေ။ သူသာ ချမ်ဝမ်ကွမ် ခန့်မှန်း ထားသလို အနာဂတ်တွင် အောင်မြင်လာပါလျှင် သူ့ကို သေချာပေါက် ကျေးဇူးကြွေး ပြန်ဆပ်မည် ဖြစ်သည်။

ချမ်ဝမ်ကွမ်သည် အာလုံးကို စီစဉ်ထားပြီး ဖြစ်ကြောင်း သိလိုက်သည်နှင့် ကျန်းရီသည် အချိန် ဆွဲမနေတော့ပေ။ သူသည် ချက်ချင်း တင်ပျဉ်ချိတ် ထိုင်လိုက်သည်။ သူ့ကျင့်ကြံနှုန်းသည် အလွန် မြန်ဆန်နေသည် ဆိုလျှင်တောင် သူ့တွင် အရှားပါးဆုံးသည် အချိန်ဖြစ်သည်။ သူသည် လက်ရှိ မျိုးဆက်ရှိ ထူးချွန် သူများကို အမီလိုက်နိုင်ရန် အဝေးကြီး လိုနေသေးသည်။

ချမ်ဝမ်ကွမ်သည် ကျန်းရီစတင် ကျင့်ကြံသည်ကို မြင်လျှင် ကျောက်ပြား တစ်ခုရှာကာ လဲချလိုက်သည်။ သူသည် နှုတ်ခမ်းတွန့်ကွေး သွားသည်အထိ ပြုံးလိုက်ပြီး ကျန်းရီကို ကြည့်ကာ ရေရွတ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ဝက်က မင်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်ပဲ ရှိသေးတယ်။ လနည်းနည်းလောက် ကြာပြီးတော့ မင်းက ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် ကိုတောင် သတ်နိုင်လိုက်တယ်။ မင်းလို ပါရမီရှင် တစ်ယောက်ကမှ ငါချမ်ဝမ်ကွမ် ရင်းနှီးမြှုပ်နှံဖို့ မထိုက်တန်သေးဘူး ဆိုရင် သင်တန်းကျောင်း တစ်ခုလုံးမှာ ဘယ်သူကများ ထိုက်တန်ပါဦးမလဲ"

ချမ်ဂိုဏ်းသည် စီးပွားရေးကိုသာ လုပ်ပြီး အင်အားအတွက် မည်သည့် အခါကမှ မတိုက်ခိုက်ခဲ့ပေ။ ချမ်ဂိုဏ်း အနှစ်သက်ဆုံး အလုပ်သည် ပါရမီရှင် တစ်ယောက် အပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ထိုသူများသာ အင်အား ရှိလာလျှင် ချမ်ဂိုဏ်းအတွက် အကျိုးအမြတ်သည် အဆုံးမဲ့ပေသည်။ ချမ်ဝမ်ကွမ်သည် ငယ်ရွယ် သေးသော်လည်း ချမ်ဂိုဏ်း၏ ဗီဇများ ကူးစက် ထားသည်မှာ ထင်ရှားသည်။

ထို့ပြင် ကျန်းရီအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းက ဆုံးရှုံးမှုလား၊ အကျိုးအမြတ် ရမည်လား ဆိုသည်ကို ဘုရားမှသာ သိပေလိမ့်မည်။

ကျန်းရီသည် မွန်းတည့်ချိန် တိုင်အောင် ကျင့်ကြံပြီးနောက် ချမ်ဝမ်ကွမ်ကြောင့် သတိဝင် လာခဲ့သည်။ သူ့ကို စောင့်ကြိုနေသည်ကား အစားအသောက် စားပွဲတစ်ခုပေ။ စားပွဲပေါ်တွင် စွပ်ပြုတ် တစ်ခွက်နှင့် ဟင်းလေးမျိုး ရှိနေခဲ့ပြီး အရသာရှိပုံ ပေါ်နေသည်။

"အစ်ကိုကြီး ...  အစားစားဖို့ အချိန်ရောက်ပြီ"

ချမ်ဝမ်ကွမ်သည် တောက်ပစွာ ပြုံးလိုက်ပြီး သူ့ကို တူတစ်စုံ ကမ်းပေးလာခဲ့သည်။ ကျန်းရီသည် စိတ်ထဲမှနေ၍ လက်မှ ထောင်လိုက်ပြီး ချမ်ဝမ်ကွမ်၏ နည်းလမ်း များကိုလည်း တိတ်တဆိတ် အံ့အားသင့် ရပေသည်။ ပိုက်ဆံရှိခြင်းသည် အရာရာကို လွယ်ကူ စေပေသည်။

စားကောင်းသောက်ဖွယ်တို့ စားသောက်ပြီးသော် ကျန်းရီသည် ဆက်လက် ကျင့်ကြံ နေလိုက်သည်။ သူ့တွင် မြေကမ္ဘာအဆင့် ဆေးလုံးတချို့ ကျန်သေးသည်။ သူသည် သူ့ကို ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ရန် ကျန်းယွင်ဟိုင် ပြောခဲ့သည်ကို ပြန်သတိ ရသွားသည်။ ဆေးများ ကုန်သည်နှင့် သူထပ်မံ ပို့ပေးမည်ဟု ပြောထားခဲ့သည်။

နေဝင်သည့် အချိန်ရောက်အောင် စောင့်ဆိုင်းပြီးသော် ကျန်းရီသည် ထပ်မံ အသိ ဝင်လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် သူ့အနားသို့ တိုးလာခဲ့ပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။

"အစ်ကိုကြီး ...  ကျွန်တော်အရင် ထွက်နှင့်မယ်။ မကြာခင် ကျန်းယွင်ဟိုင် ရောက်လာလိမ့်မယ်။ အစ်ကိုကြီးတို့က စကားအကြာကြီး မပြောသင့်ဘူး။ ကျွန်တော်တို့ မကြာခင် သင်တန်းကျောင်းကို ပြန်ဖို့လိုတယ်"

ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ဖက်တီး ထွက်သွားသည်ကို စောင့်ကြည့်ကာ ဂူအပြင်တွင် စောင့်ဆိုင်း နေလိုက်သည်။

"ဝှစ်"

မကြာခင်မှာပင် အဘိုးအို တစ်ယောက်သည် လျှပ်စီးအလျင်နှင့် သူ့ထံ ပျံသန်းလာခဲ့သည်။ အရှိန်သည် မြန်လွန်းသဖြင့် အနီးရှိ ကျောင်းသားများသည် အလင်းတန်းတစ်ခု ဖြတ်သွားသည် ဟုသာ ခံစား လိုက်ရသည်။

"အဘိုး"

ကျန်းရီပြုံးမိသွားသည်။ ဤခြေထောက် မသန်စွမ်းသော လူကြီးသည် သူ့ကို မိသားစုဝင် တစ်ယောက်၏ နွေးထွေးမှုကို ခံစားရစေသည်။

ကျန်းယွင်ဟိုင်သည် ပြုံးနေရာမှ ခေါင်းညိတ်၍ ရယ်မောလိုက်သည်။

" အရှင်ငယ် ...  ဘာလို့ ချမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေးနဲ့ အတူရှိနေတာလဲ"

"ဂိုဏ်းချုပ်ငယ်"

ကျန်းရီသည် ဆွံ့အ သွားခဲ့သည်။ သူသည် ချမ်ဂိုဏ်းတွင် ချမ်ဝမ်ကွမ်၏ အဆင့်အတန်းမှာ မနိမ့်ဟု ခန့်မှန်းမိသော်လည်း ဤသို့ ဖြစ်နေလိမ့်မည်ဟု တစ်ခုမှ မတွေးခဲ့မိချေ။ သူသည် သွေးရှင်းတမ်း အတွင်းရှိ မတော်တဆမှုကို အလျင်အမြန် ပြန်တွေးလိုက်သည်။ ချမ်ဝမ်ကွမ် မသိသည်မှာ ယွီမိန်အာနှင့် တွေ့ဆုံခဲ့သော အပိုင်းကိုပင် ဖြစ်သည်။ သူသည် ပြောစရာ စကားပင် ပျောက်ဆုံး သွားရသည်။

"ကျန်းချီလင်း ...  ဘာလို့ သူ့ကို ဆန့်ကျင်လိုက်တာလဲ။ အရှင်ငယ် ဒီတစ်ကြိမ်မှတော့ စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်"

ကျန်းယွင်ဟိုင်၏ မျက်နှာသည် တည်ကြည် နေခဲ့သည်။ သူ့မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ အသံကို နှိမ့်၍ ပြောလာခဲ့သည်။

"ကျန့်ဝူရွှမ်းနဲ့ ချမ်ဝမ်ကွမ် ရှိနေလို့ ကျန်းချီလင်းက မင်းကို ထိရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စသာ ကျန်းရိလျှိုကို အာရုံစိုက်မိ သွားစေရန် ပြဿနာ တက်လိမ့်မယ်"

ထင်တဲ့အတိုင်းပဲ။

ကျန်းရီသည် စိတ်တွင်းမှ ခက်ခက်ခဲခဲ သက်ပြင်း ချလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

"အဘိုး ...  ကျွန်တော့်အမေရဲ့ မိသားစုနာမည်က 'ရီ'လား"

"ဟုတ်တယ် ...  မင်းဘယ်လို သိသွားတာလဲ"

ကျန်းယွင်ဟိုင်သည် မဆိုင်းမတွပင် ဖြေလိုက်သည်။ သူသည် မေးလာခဲ့သည်။

"အရှင်ငယ် ...  အားလုံးကို သိပြီး သွားပြီလား"

ကျန်းရီ ခေါင်းညိတ်ခဲ့ လိုက်သည်ကို မြင်လျှင် ကျန်းယွင်ဟိုင်သည် သက်ပြင်းရှည် တစ်ချက်ချလိုက်ကာ ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

"ကျွန်တော် ဒါကို ဒီလောက်မြန်မြန် ရှင်းပြဖို့ အစီအစဉ် မရှိပေမဲ့ အားလုံးကို သိသွားပြီ ဆိုတော့ ဖုံးကွယ် မထားတော့ပါဘူး။ ဟုတ်တယ် ...  မင်းက တကယ်ပဲ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ကျန်းပိုင်လီရဲ့ သားပဲ။ ဒါပေမဲ့ သူက မင်းရဲ့ တည်ရှိမှုကို ဂရုစိုက်လိမ့်မယ်လို့ ငါမထင်ဘူး"

*****

All Chapters