အချစ်နှင့်သစ္စာ
Vol. 6 Ch. 78
ထိုအချိန် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။
"မစ္စတာယဲ့..အကြီးအကဲဟွားက ခွဲစိတ်မှုလုပ်ပေးဖို့ သဘောတူလိုက်ပါပြီ။ ကျုပ်တို့ လူနာကို အခုချက်ချင်းခေါ်လာလို့ရပြီ"
"ကောင်းပြီလေ။ ကျွန်တော်တို့ အဲဒီကိုချက်ချင်းလာခဲ့ပါ့မယ်"
ယဲ့ချန်းက ဖုန်းချလိုက်ပြီးနောက် လီယွမ်ယွမ်၏မိဘများကို ပြောလိုက်၏။
"ဦးလေးနဲ့ဒေါ်လေး.. သူတို့ကို ဆက်သွယ်ပြီးပြီ။ အကြီးအကဲဟွားက ယွမ်ယွမ်ကို ကိုယ်တိုင်ခွဲစိတ်ပေးမယ်တဲ့"
"ဘယ်လို?"
ထိုနေရာရှိ အတန်းဖော်များအားလုံး ကြက်သေသေကုန်ကြသည်။
ယဲ့ချန်း တကယ်လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။
ယဲ့ချန်းကို လှောင်ပြောင်ရန် အသင့်ပြင်ထားသော လီရွှမ်းလည်း ကြောင်အသွားသည်။
"ယဲ့ချန်း.. နင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"
"မင်း ဒီလောက်လုပ်ရည်ကိုင်ရည်ရှိလိမ့်မယ်လို့ ထင်မထားဘူး"
"ဟားဟား သူ့ကို တက္ကစီဒရိုင်ဘာမို့လို့ဆိုပြီး ခုနတုန်းက အထင်သေးခဲ့တာ ဘယ်သူပါလိမ့်။ တက္ကစီဒရိုင်ဘာက ဘာဖြစ်နေလို့လဲ။ သူများတွေမလုပ်နိုင်တာ သူလုပ်နိုင်တယ်လေ"
လီရွှမ်း၏မျက်နှာမှာ သုန်မှုန်သွားလေတော့သည်။
ယဲ့ချန်းက လီရွှမ်းကို ကျီစယ်လိုဟန်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပြော၏။
"ငါ့ကို အဖေလို့ခေါ်ဖို့ မလိုပါဘူး။ နောက်တစ်ခေါက်ကျရင်သာ နှိမ့်နှိမ့်ချချနေဖို့မမေ့နဲ့။ ဒီကမ္ဘာပေါ်မှာ မင်းထက် ပိုစွမ်းတဲ့လူတွေ အများကြီးပဲ"
လီရွှမ်းခမျာ နှုတ်ခမ်းကိုသာကိုက်ထားရင်း ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ပေ။
အတန်းဖော်များက ဟိုတယ်ကို ထွက်သွားကြပြီး ယွမ်ယွမ်၏အဖေက ရန်အိုက်ဆေးရုံကို ဆက်သွယ်လိုက်သည်။
ဖုန်းပြောပြီးနောက် ယွမ်ယွမ့်အဖေ၏မျက်နှာမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။
"ဘယ်လိုလဲ။ ဆက်သွယ်လို့ရလား"
ယွမ်ယွမ်၏အဖေက ခေါင်းညိတ်ပြသည်။
"အကြီးအကဲဟွားက သူကိုယ်တိုင်ခွဲစိတ်ပေးဖို့ သဘောတူပြီးပြီ။ ဒါပေမဲ့ ခွဲစိတ်ခက တစ်သန်းတဲ့"
"ဘာရယ်? အရမ်းဈေးကြီးတာပဲ"
ယွမ်ယွမ့်အမေလည်း မျက်နှာပျက်သွားရသည်။
အစောကပင် ယွမ်ယွမ်ကိုကုသဖို့အတွက် သူတို့ ပိုက်ဆံအမြောက်အများ သုံးပစ်လိုက်ပြီဖြစ်၏။
ယွမ်ယွမ်တို့မိသားစုမှာ ယခင်က စီးပွားရေးအခြေအနေကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် မိဘနှစ်ယောက်စလုံး အလုပ်ပြုတ်သွားသဖြင့် ဘဝက ခက်ခဲလာခဲ့သည်။ အိမ်မှာရှိသမျှပိုက်ဆံများကိုလည်း သုံးပစ်လိုက်ပြီဖြစ်ရာ ထိုတစ်သန်းကို သူတို့ မည်သို့ တတ်နိုင်မည်နည်း။
ယွမ်ယွမ့်အမေခမျာ နာကျင်စွာ မြည်တမ်းလေတော့သည်။
"ယွမ်ယွမ်ရဲ့ဘဝက အရမ်းခါးတာပဲ။ ကျွန်မတို့တွေအသုံးမကျလို့ အခုလိုဖြစ်ရတာ…"
ယွမ်ယွမ့်အဖေကလည်း သက်ပြင်းချသည်။
"ယွမ်ယွမ် အဖေတောင်းပန်ပါတယ်။ အဖေတို့ သမီးကို မကယ်ချင်လို့မဟုတ်ရပါဘူး။ အဖေတို့မှာ တကယ်ပိုက်ဆံမရှိတာပါ"
ထိုအချိန်မှာပင် ယွမ်ယွမ့်အဖေ၏ဖုန်းထဲသို့ အသိပေးစာတစ်စောင်ဝင်လာခဲ့သည်။
[တင်! ၈၈၃၁နှင့်ဆုံးသော သင့်ရဲ့ကတ်ထဲကို ငွေတစ်သန်း လက်ခံရရှိပါတယ်]း
ဒါက!
ယွမ်ယွမ်၏အဖေခမျာ ထိုသတိပေးစာကိုကြည့်ပြီး ရုတ်ခြည်းကြက်သေသေသွားလေသည်။
အတန်းဖော်များက မိုတုကိုပြန်ရင် ပြင်ဆင်နေကြသည်။ လီရွှမ်းက လီချင်းကို ပြောလိုက်၏။
"ရှောင်ချင်း.. မင်း ငါ့ကားနဲ့လိုက်ခဲ့လို့ရတယ်။ ငါ့ကားက BMW X6လေ… အရမ်းသက်သောင့်သက်သာရှိတာ"
သွမ့်ချင်းက ယခင်တုန်းက ကျောင်းပန်းပွင့်လေးယောက်ထဲမှ တစ်ယောက်အပါအဝင်ဖြစ်၏။
အထက်တန်းကျောင်းပန်းလေးယောက်ထဲတွင် လင်းရွှမ်အာ၊ သွမ့်ချင်းနှင့် လီယွမ်ယွမ်တို့ ပါဝင်လေသည်။ လီရွှမ်အာက ဤနေရာသို့ ရောက်မလာပေ။ လီယွမ်ယွမ်ကလည်း ဆေးရုံခုတင်ပေါ်တွင် လဲနေသည်ဖြစ်ရာ သွမ့်ချင်းကသာ အလှဆုံးဖြစ်နေသည်။
"ယဲ့ချန်း နင်ကရော"
သွမ့်ချင်းက စိုးရိမ်ဟန်ဖြင့်မေးလိုက်သည်။
"ငါလည်း ဒီကိုကားမောင်းလာတာ"
ယဲ့ချန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။
လီရွှမ်းက အေးတိအေးစက်သရော်ပြန်လေသည်။
"ကားမောင်းလာတာတဲ့လား။ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုကားမျိုး မောင်းနိုင်လို့လဲ။ အလွန်ဆုံးရှိလှ ရှားလိကားပဲဖြစ်မှာပေါ့"
"လီရွှမ်း နင် ဘယ်လိုလုပ်ပြီး ဒါမျိုးပြောရတာလဲ။ တက္ကစီမောင်းတာ ဘာများဖြစ်နေလို့လဲ။ တက္ကစီကလည်း ကားပဲလေ။ ငါကတော့ တက္ကစီထဲမှာ ထိုင်လိုက်ရတာကို ပိုသဘောကျတယ်"
သွမ့်ချင်း အေးတိအေးစက်သရော်လိုက်၏။
အားလုံးက စကားတပြောပြောဖြင့် ကားပါကင်သို့ ရောက်လာကြသည်။
"ဟိုSUVကားကို ကြည့်လိုက်ကြဦး။ အရမ်းမိုက်တာပဲ"
"ဒီကားက ဘယ်သခင်လေးရဲ့ကားပါလိမ့်"
လီရွှမ်းက ဘဝင်ခိုက်နေဟန်အပြုံးဖြင့် ပြောလာလေသည်။
"မင်း နားမလည်ဘူးမလား။ ဒီကားကို Cullinandလို့ခေါ်တယ်။ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးSUVကားပဲ။ ဒီတစ်စီးက အကန့်အသတ်နဲ့ထုတ်ထားတာလေ။ တစ်ကမ္ဘာလုံးမှာ ဆယ်စင်းပဲရှိတာ။ ဒီကားက SUVတွေရဲ့ဘုရင်ပေါ့။ ဒီကားကိုစီးတဲ့လူရဲ့အဆင့်အတန်းကလည်း သေချာပေါက်သာမန်မဟုတ်ဘူး။ ဒိတ်ဒိတ်ကြဲသူဌေးအဆင့်ပဲဖြစ်ရမယ်။ ငါ့အိပ်မက်က Cullinanတစ်စီးပိုင်ဆိုင်ရဖို့ပဲ"
"လီရွှမ်း ပီသပါပေတယ်။ အရမ်းဗဟုသုတကြွယ်တာပဲ"
"ဟားဟား.. ငါကတော့ BMWစီးနိုင်ရင်တောင် ကျေနပ်နေပါပြီ။ သခင်လေးလီက အရမ်းရည်မှန်းချက်ကြီးတာပဲ"
"လီရွှမ်းနောက်ကလိုက်လို့ကတော့ မင်းတို့ အမြင်ကျယ်လာမှာပဲ"
အတန်းဖော်များ၏ ချီးကျူးစကားများကို ကြားသောအခါ လီရွှမ်းလည်း အလွန်ကျေနပ်သွားပြီး သူ့မျက်နှာထက်၌ ဘဝင်ခိုက်နေလေဟန် အမူအရာတို့ အထင်းသားပင်။
"တစ်ဆိတ်လောက်.. အားလုံးပဲ.. လမ်းဖယ်ပေးကြပါဦး"
ယဲ့ချန်းက ဘေးနားမှ ဆိုလာလေသည်။
"ယဲ့ချန်း တကယ်ပါပဲ.. မင်း ဇိမ်ခံကားတွေကို မမြင်ဖူးဘူးလား။ ဝေးဝေးနေ.. မင်းသာ ဒီကားကို ခြစ်ရာထင်အောင် လုပ်မိသွားရင် တစ်သက်လုံး တက္ကစီမောင်းစားရင်တောင် ကျေအောင်ဆပ်နိုင်မှာမဟုတ်ဘူး"
လီရွှမ်းက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းကတော့ အမှုမထားဟန်ဖြင့် ပြုံးလိုက်သည်။
"ဆောရီး ဒီကားက ငါ့ကား"
ထို့နောက် သူက ကားသော့ကိုထုတ်၍ ပေါ့ပေါ့ပါးပါးနှိပ်လိုက်လေရာ Cullinanကား၏ မိမိုက်လှသော ကားရှေ့မီးက လင်းလက်လာသည်။
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ကုန်ကြသည်။ လီရွှမ်းလည်း ကြက်သေသေသွားသည်။ သွမ့်ချင်းလည်း အံ့အားသင့်သွားရသည်။ ကျန်အတန်းဖော်များလည်း အံ့ဩမှင်တက်သွားလေသည်။
"ယဲ့ချန်း.. မင်းက ဒီCullinanနဲ့ တက္ကစီမောင်းတာလား"
အတန်းဖော်တစ်ယောက်က ထိတ်လန့်တကြား မေးလိုက်မိသည်။
"တစ်ခါတလေကျရင် Paganiလည်းမောင်းတယ်"
ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေသည်။
သူတို့အားလုံး တစ်ညီတစ်ညာတည်း ကြက်သေသေကြရပြန်သည်။ ထိုနေရာတစ်ခုလုံးလည်း တိတ်ဆိတ်မြဲသာ။
မိန်းကလေးများ၏မျက်ဝန်းများမှာ တောက်ပရွှန်းစိုလာသည်။
ယဲ့ချန်းက ကျွမ်းကျင်ဆရာဝန်တစ်ယောက်ဖြစ်သော အကြီးအကဲဟွားကို ဆက်သွယ်နိုင်သည်မှာ အံ့ဩစရာတော့မရှိပေ။ Cullinanကားနှင့် တက္ကစီမောင်းသည်ဟု ဆိုနေခြင်းကို မည်သူက ယုံနိုင်မည်နည်း။
ယဲ့ချန်း၏သရုပ်မှန်ကား အခိုင်အမာဖုံးကွယ်ထားသော ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ပင် ဖြစ်ရမည်။
"ယဲ့ချန်း.. မင်းက ငါတို့အတန်းထဲမှာ တကယ့်အကောင်ကြီးပဲကွ"
"ဟုတ်တယ်။ မင်း ငါတို့ကို လှည့်စားထားတာပဲ။ သိပ်မိုက်တာကွာ"
"ယဲ့ချန်း.. နင့်ရဲ့Cullinanကားနဲ့ ငါ လိုက်ခဲ့လို့ရမလား"
….
ယဲ့ချန်းက အာရုံစိုက်မှု၏ ဗဟိုချက်ပြန်ဖြစ်သွားတာကို မြင်သောအခါ လီရွှမ်း ဒေါသထွက်ရပြန်သည်။
ဟိုတယ်သို့ရောက်သောအခါ လီချင်းက လူစုလိုက်လေသည်။
"အားလုံးပဲ… ရန်အိုက်ဆေးရုံက ပုဂ္ဂလိကဆေးရုံဆိုတော့ ဆေးကုသစရိတ်တွေက တော်တော်ဈေးကြီးမှာပဲ။ ငါတို့ ယွမ်ယွမ့်ကိုကူညီပြီး လှူဒါန်းငွေကောက်ခံပေးသင့်တယ်နော်"
အလှူငွေအကြောင်း ကြားသောအခါ သူတို့အားလုံး၏အမူအရာမှာ အနည်းငယ်ကိုးရိုးကားရားဖြစ်သွားသည်။
ထိုအချိန်မှာပင် လီချင်းက ပြောလိုက်၏။
"ငါ ဥပမာအနေနဲ့လုပ်ပြမယ်။ ငါ တစ်သောင်းလှူမယ်"
"ငါက ငါးထောင်လှူမယ်"
"ငါကတော့ သုံးထောင်"
"ငါ တစ်ထောင်လှူမယ်"
အတန်းဖော်များလည်း စတင်လှူဒါန်းကြလေတော့သည်။
ထိုအချိန်ဝယ် အားလုံး၏အကြည့်က ယဲ့ချန်းထံသို့ ရောက်သွားသည်။
ယဲ့ချန်းက Cullinanကားကိုမောင်းပြီး Paganiကားကိုလည်း မောင်းကြောင်း ပြောထားလေသည်။
ယဲ့ချန်းက ယွမ်ယွမ့်အဖေထံသို့ ပိုက်ဆံတစ်သန်းလွှဲထားပြီးသားပင်။ ထို့ကြောင့် ထိုကိစ္စကိုထုတ်ပြောလိုက်လျှင် အတန်းဖော်များက သူ့ကို ကြွားလုံးထုတ်နေသည်ဟု ထင်သွားမည်စိုးသောကြောင့် ဤသို့သာပြောလိုက်၏။
"ငါ တစ်သောင်းလှူမယ်"
တစ်သောင်းဆိုသည်မှာ အခြားလူများအတွက် များပြားလှသော ပမာဏတစ်ခုဖြစ်သော်ငြား ယဲ့ချန်းအတွက်တော့ နည်းလွန်းလှသည်။
ယဲ့ချန်းက ဒေါ်လာသန်းပေါင်းများစွာပေးရသော ကားကိုစီးကြောင်း သိထားသည့်အတွက် တစ်သောင်းအလှူငွေမှာ အလွန်တွန့်တိုနေခြင်းပင်။
အတန်းဖော်များက ယဲ့ချန်းကို စိတ်ပျက်သွားဟန်ဖြင့် ကြည့်လိုက်ကြ၏။
"ချမ်းသာလေလော ပိုတွန့်တိုလေလေပဲတဲ့။ အဲဒီစကားက မှန်တဲ့ပုံပဲ"
"ချမ်းသာတာတောင် တစ်သောင်းပဲလှူသတဲ့။ ယွမ်ယွမ်ကဖြင့် အရင်တုန်းက သူ့ကို ကူညီပေးခဲ့ဖူးတာကို"
"ဪ ကျေးဇူးကန်းတဲ့သူဌေးတစ်ယောက်ပဲ။ တကယ်စိတ်ပျက်ဖို့ကောင်းလိုက်တာ"
အတန်းဖော်များ၏ စကားများကို နားထောင်ရင်း ယခုအထိ တစ်ချိန်လုံးထိုးနှက်ခံလာရသော လီရွှမ်းလည်း ပြန်လည်တက်ကြွလာသည်။
ဤသည်မှာ ကြွားလုံးထုတ်ရန်အတွက် တစ်သက်မှာ တစ်ခါသာရသည့် အခွင့်အရေးပင်။
သို့ဖြင့် လီရွှမ်းလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
"ငါ ငါးသောင်းလှူမယ်"
"လီရွှမ်းကတော့ ရက်ရောတယ်ဟေ့"
"ဟုတ်တယ်။ ဒါကမှ သံယောဇဉ်ကြီးပြီး သစ္စာရှိတဲ့ အတန်းဖော်ဟောင်းလို့ခေါ်တာ"
"ဒါပေမဲ့ လီရွှမ်းက စိတ်ရင်းစစ်မှန်ပြီး သစ္စာရှိနေတုန်းပဲ"
….
အတန်းဖော်များ၏ ချီးကျူးစကားများကို ကြားသောအခါ လီရွှမ်း ပို၍ပင်ဘဝင်ခိုက်သွားချေသည်။
"အမလေး တချို့လူတွေကတော့ ပိုက်ဆံရှိတော့ရော ဘာလုပ်ရမှာလဲ။ ဘာခံစားချက်မှလည်း မရှိသလို သစ္စာလည်းမရှိဘူး"
အခြားအတန်းဖော်များကမူ စကားတစ်ခွန်းမှ ဝင်မပြောကြသော်လည်း ယဲ့ချန်းကို စိုက်ကြည့်နေကြသည်။
လီရွှမ်းကတော့ ဤခံစားချက်ကို ကျေနပ်နေသည်။
"ငါးသောင်းက ငါ့အတွက် သိပ်မများပါဘူး။ ထမင်းတစ်နပ်စာပဲရှိတယ်။ ဒါပေမဲ့ အတန်းဖော်တစ်ယောက်ကို ကူညီလိုက်ရတော့ ငါလည်း ဝမ်းသာမိတယ်"
ထိုအချိန်မှာပင် အပြင်ဘက်၌ ခြေသံများ ထွက်ပေါ်လာသည်။ လီယွမ်ယွမ်၏မိဘများ ဟိုတယ်သို့ လိုက်လာခြင်းပင်။
ယွမ်ယွမ်၏မိဘများကို မြင်သောအခါ လီချင်းက ခပ်မြန်မြန်ပြောလိုက်၏။
"ဦးလေးနဲ့ဒေါ်လေး.. ကျွန်မတို့အတန်းဖော်တွေက အခုပဲ ပိုက်ဆံတချို့လှူထားကြတယ်။ တစ်သောင်းနှစ်သောင်းလောက်ဆိုပေမဲ့ ကျွန်မတို့ရဲ့စေတနာကို လက်ခံပေးပါ"
လီရွှမ်းမှာ ပို၍ပင်ဘဝင်ခိုက်သွားလေသည်။
"ဦးလေးနဲ့ဒေါ်လေး..ကျွန်တော် ငါးသောင်းလှူထားပါတယ်။ ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော်တို့က အတန်းဖော်တွေပဲ"
ကျေးဇူးတင်စရာမလိုပါဘူးဟု ပြောနေသော်လည်း လီရွှမ်း၏အမူအရာကတော့ "ကျွန်တော် ငါးသောင်းလှူထားတယ်လေ။ အများဆုံးပဲ.. မြန်မြန်ကျေးဇူးတင်တော့"ဟု ပြောနေချေသည်။
သို့သော် လီယွမ်ယွမ်၏အဖေက ခေါင်းခါပြသည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်။ ဦးလေးတို့ ယွမ်ယွမ်ရဲ့ဆေးကုသစရိတ်အတွက် ပိုက်ဆံရထားပြီးပါပြီ"
ယွမ်ယွမ်၏မိဘများ ယဲ့ချန်းထံသို့ လျှောက်သွားပြီးနောက် ရုတ်တရက်ဦးညွှတ်လိုက်သည်။
"ရှောင်ချန်း.. ကျေးဇူးတင်ပါတယ်။ ငါတို့သမီးလေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အတန်းဖော်များခမျာ ထိုမြင်ကွင်းကြောင့် နားမလည်နိုင်ဖြစ်သွားရသည်။
•••••••••••••••