နတ်ဘုရားမကို ဦးညွှတ်အောင်လုပ်ခြင်း
Vol. 6 Ch. 79
လီရွှမ်း၏အမူအရာလည်း မှိုင်းညှို့သွားလေသည်။
ဤနေရာတွင် သူက အများဆုံးလှူဒါန်းသူဖြစ်သော်ငြား လီယွမ်ယွမ်၏မိဘများကတော့ ယဲ့ချန်းကို ကျေးဇူးတင်နေပေသည်။
သူ အလောတကြီးပြောလိုက်၏။
"ဒေါ်လေး… ကျွန်တော်တို့အတန်းဖော်တွေထဲမှာ ကျွန်တော်က အများဆုံးလှူခဲ့တာ။ ငါးသောင်းနော်။ ယဲ့ချန်းက တစ်သောင်းပဲလှူတယ်"
ထိုသို့ပြောပြီးနောက် လီရွှမ်း ဘဝင်ခိုက်သွားလေသည်။
အခြားအတန်းဖော်များမှာ ဤစကားကြောင့် စိတ်မသက်မသာဖြစ်သွားရသော်လည်း ဤသည်မှာ အမှန်တရားပင်။
သို့သော် ပါပါးလီက ခေါင်းခါပြလိုက်၏။
"မင်းတို့တွေရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့မလိုပါဘူး။ ယဲ့ချန်းက ငါတို့ကို ငွေတစ်သန်းပေးထားပြီးပြီ။ အဲဒါနဲ့ ဆေးကုသစရိတ်လုံလောက်နေပါပြီ"
"ဘာ?"
ပတ်ပတ်လည်ကား ရုတ်ခြည်းတိတ်ဆိတ်သွားလေသည်။ သူတို့အားလုံး၏အကြည့်ကလည်း ယဲ့ချန်းထံသို့ ကျရောက်သွား၏။
အစောကပင် ယဲ့ချန်းကို သူတို့ ချမ်းသာသော်ငြား သစ္စာမရှိဟုဆိုကာ လှောင်ပြောင်သရော်ခဲ့ကြသည်။ ဖြစ်ချင်တော့ သူက ငွေတစ်သန်းကို တိတ်တဆိတ်လှူဒါန်းပေးခဲ့သည်။
ယခုမူ သူတို့အားလုံးကို အရှက်မကွဲစေချင်သောကြောင့် ယဲ့ချန်း ထိုအကြောင်းကို ထုတ်မပြောခဲ့ခြင်းဖြစ်ကြောင်း သူတို့ နားလည်သွားသည်။
အစောကပင် အလွန်ဂုဏ်ယူဝင့်ကြွားနေခဲ့သော လီရွှမ်းမှာ တစ်ဖန်အရှက်ကွဲရပြန်သည်။
တစ်သန်းတဲ့လား!
သူ့မှာ ပိုက်ဆံရှိပါသော်ငြား ငွေတစ်သန်းကို သည်အတိုင်းထုတ်ပေးလိုက်ဖို့တော့ မဖြစ်နိုင်ပေ။
ပါးပါးလီက ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်းက အရမ်းတွေးပေးတတ်တာပဲ။ တစ်ခွန်းမှမပြောဘဲ ပိုက်ဆံကိုလွှဲပေးလိုက်တာ..။ ငါသာ ဘဏ်မှာသွားမစစ်ကြည့်မိရင် မင်းပို့လိုက်မှန်းတောင် သိမှာမဟုတ်ဘူး"
ယဲ့ချန်း ရယ်လိုက်မိသည်။
"ဦးလေး…ကျွန်တော်ငယ်ငယ်တုန်းက အရမ်းခက်ခဲခဲ့တာ။ အဲဒီတုန်းက ယွမ်ယွမ်က သူ့ရဲ့နှစ်သစ်ကူးမုန့်ဖိုးတွေကို ကျွန်တော့်ကိုပေးခဲ့တယ်လေ။ ဒီတစ်သန်းက ကျွန်တော် သူ့ကို ကျေးဇူးပြန်ဆပ်တာပါ။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ"
ယဲ့ချန်း၏စကားများမှာ အတန်းဖော်များအားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။
ယဲ့ချန်းကို နှလုံးသားမရှိဘူးဟု မည်သူက ပြောခဲ့လေသလဲ။
သူက ပိုက်ဆံနှစ်သောင်းသာ ချေးခဲ့သော်ငြား တစ်သန်းအထိ ပြန်ဆပ်ခဲ့သည်။ ဤသည်မှာ စစ်မှန်သောသံယောဇဉ်နှင့် သစ္စာပင်။
အကြီးအကဲဟွားက လက်ရှိအချိန်တွင် ကျင်းဟန့်တွင် ရှိနေသောကြောင့် ကျင်းဟန့်မှ ကျိုတိုသို့ လေယာဉ်စီးလာရန် လိုအပ်သည်။
ကြွားလုံးထုတ်ရန် ထပ်ခါထပ်ခါကျရှုံးခဲ့ရသော လီရွှမ်းလည်း အဖတ်ပြန်ဆည်ရန် ဆုံးဖြတ်လိုက်သည်။
"ဒီလိုလုပ်ရင်ရော..ကျွန်တော့်မိသားမှာ စူပါစတားတွေသုံးတဲ့ မာစီးတီးRVတစ်စီးရှိတယ်။ အတွင်းပိုင်းအနေအထားကလည်း တော်တော်ကောင်းတယ်။ ကျွန်တော်တို့RVနဲ့ ကျိုတိုကိုသွားကြမယ်လေ။ ဒီလိုဆိုရင် ဆယ်နာရီလောက်ပဲကြာမှာ"
"ကောင်းသားပဲ။ ရထားစီးသွားရင် အရမ်းခုန်မှာစိုးနေတာ။ ယွမ်ယွမ်ရဲ့အခြေအနေနဲ့ သာမန်လေယာဉ်လည်း စီးလို့မရဘူး"
"အစ်ကိုရွှမ်းက အရမ်းမိုက်တာပဲ။ မာစီးတီးRVတဲ့။ အဲဒီလိုကားမျိုးကို စူပါစတားတွေပဲစီးနိုင်တာလို့ ကြားဖူးတယ်"
"အမှန်ပဲ။ ဒိတ်ဒိတ်ကြဲသူဌေးတွေပဲ မာစီးတီးRVတွေကို စီးနိုင်တာ။ အစ်ကိုရွှမ်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ"
အတန်းဖော်များထံမှ တအံ့တဩရေရွတ်သံများကို ကြားသောအခါ လီရွှမ်းလည်း ယုံကြည်မှုများ ပြန်ရသွားသည်။
သူက ယဲ့ချန်းကို ရန်စဟန်ဖြင့် ကြည့်လိုက်၏။
"ဘယ်လိုလဲ။ မိမိုက်တဲ့နေရာမှာတော့ မင်း ငါ့ကို မယှဉ်နိုင်သေးပါဘူး"
ယဲ့ချန်းက ရုတ်တရက်ဝင်ပြောလိုက်သည်။
"RVနဲ့သွားရင် သိပ်မကြာလွန်းဘူးလား။ လေယာဉ်နဲ့သွားတာ ပိုကောင်းမယ်ထင်တယ်"
"လေယာဉ်လား? ယဲ့ချန်း.. ယွမ်ယွမ့်အခြေအနေနဲ့ဆိုရင် ကိုယ်ပိုင်ဂျက်လေယာဉ်မှ အဆင်ပြေမှာ။ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးကို ဘယ်လောက်ပေးရလဲဆိုတာ မင်းသိလား"
"ယဲ့ချန်း ကြင်နာမှုအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကတော့ အရမ်းများလွန်းပါတယ်ကွာ။ မင်း ငါတို့ကို ပိုက်ဆံတွေအများကြီးပေးထားပြီးပြီ။ ငါတို့ ဒါကိုတော့ လက်မခံပါရစေနဲ့"
ပါပါးလီက ဆို၏။
ယဲ့ချန်းကတော့ တည်တည်ငြိမ်ငြိမ်သာ ပြုံး၏။
"ဦးလေး စိတ်မပူပါနဲ့။ လေယာဉ်က ကျွန်တော့်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ပါ။ အဲဒါကို ဒီအတိုင်းပစ်ထားမှ ဖြုန်းတီးရာကျမှာ"
ထိုနေရာတစ်ခုလုံး တစ်ဖန်တိတ်ဆိတ်သွားရပြန်သည်။
"ကိုယ်ပိုင်ဂျက်လေယာဉ်!"
အတန်းဖော်များအားလုံး ကြောင်အကုန်သည်။ ယဲ့ချန်းတွင် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ရှိနေပေသည်။
"သေစမ်း.. ယဲ့ချန်း…နင့်မှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းရှိတယ်ပေါ့။ အရမ်းခမ်းနားတာပဲ"
"ငါ အစိုးရဝန်ထမ်းအလုပ်ကနေ ထွက်ပြီး တက္ကစီမောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါက တော်တော်လှုံ့ဆော်နိုင်စွမ်းရှိတာပဲ"
"တကယ့်ဒိတ်ဒိတ်ကြဲသူဌေးအစစ်ဆိုတာ ဘယ်လိုမျိုးမှန်း ငါ အခုနားလည်သွားပြီ။ လက်ဖျားခါလောက်ပါတယ်"
အစောပိုင်းကအထိ အလွန်စိတ်ကျေနပ်နေသော လီရွှမ်းခမျာ အရူးဖြစ်ရပြန်သည်။
ဒေါ်လာတစ်သန်းတန်မာစီးတီးRVက ကိုယ်ပိုင်ဂျက်လေယာဉ်ကို မယှဉ်နိုင်ချေ။ အဆုံးမှာတော့ သူ့နှလုံးသားလေး ကွဲကြေသွားရသည်။
သူ ဟိတ်ဟန်ထုတ်ရန် ကြိုးစားလိုက်တိုင်း မအောင်မြင်ပေ။
ယဲ့ချန်းက ကျောင်းတုန်းက သူ မော့ကြည့်ခဲ့ရသူဖြစ်ပြီး ယခုအထိလည်း ယဲ့ချန်းကို သူမော့ကြည့်နေရဦးမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
လူနာတင်ကားက လီယွမ်ယွမ်တို့မိသားစုကို စုဟန့်ဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့သည်။
အတန်းဖော်များကလည်း သူတို့ကိုလိုက်ပို့ရန်အတွက် လေဆိပ်ကို လိုက်လာခဲ့ကြသည်။
"ယဲ့ချန်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်က ဘယ်လိုပုံစံမျိုးလဲမသိဘူး"
"ဟုတ်တယ်။ ငါလည်း မြင်ချင်လှပြီ"
လီရွှမ်းကတော့ လေယာဉ်ပြေးလမ်းကို လှမ်းကြည့်ရင်း စိတ်ထဲ မကျေမနပ်ဖြစ်နေလေသည်။
"အလွန်ဆုံးရှိလှ ယဲ့ချန်းရဲ့အင်အားနဲ့ဆိုရင် သန်းဂဏန်းလောက်ပဲပေးရတဲ့ အညံ့စားကိုယ်ပိုင်ဂျက်လေယာဉ်ပဲ ဖြစ်မှာပေါ့။ ငါသာဆိုရင် အဲဒီထဲမှာ ဝင်ထိုင်ဖို့တောင် ကြောက်မိမှာပဲ"
ထိုအချိန်မှာပင် အတန်းဖော်တစ်ယောက်က ကြည့်ကောင်းလှသော လေယာဉ်တစ်စင်းကို လက်ညှိုးထိုးပြ၍ ပြောလာလေသည်။
"ကြည့်လိုက်.. အဲဒီလေယာဉ်က အရမ်းလှတာပဲ"
"အဲဒါက Gulfstream G550ပဲ! သန်းသုံးရာကျော်တောင် ပေးရတာ။ မင်းတို့ ဟွားနိုင်ငံရဲ့ အစ်ကိုမာကို သိတယ်မလား။ သူ့ဂျက်လေယာဉ်က G550ပဲ။ ဒါက အစ်ကိုမားရဲ့ဂျက်လေယာဉ်ပဲ ဖြစ်ရမယ်"
"ဪ ငါက ယဲ့ချန်းရဲ့လေယာဉ်လို့ထင်လိုက်တာ"
အတန်းဖော်တစ်ယောက် အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် ပြောလာသည်။
"ယဲ့ချန်းက သန်းသုံးရာတန်လေယာဉ်ကို စီးနိုင်မှာတဲ့လား။ လာနောက်နေတာလား။ သူ့မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဒီအတိုင်းသာမန်သူဌေးတစ်ယောက်အဆင့်ပဲရှိတာ။ သူက အဲဒီလိုဇိမ်ခံဂျက်လေယာဉ်မျိုးမှာ ထိုင်နိုင်စွမ်းရှိမှာတဲ့လား"
လီရွှမ်းက အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်လေသည်။
ထိုအချိန်ဝယ် လူနာတင်ကားက လေယာဉ်ပြေးလမ်းဆီသို့ မောင်းလာသည်။
"နေဦး.. အဲဒီလူနာတင်ကားက လမ်းမှားနေပြီ။ Gulfstream G550နားမှာ ဘာလို့ရပ်လိုက်တာလဲ"
သူတို့အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် ဆေးရုံဝန်ထမ်းများက လီယွမ်ယွမ်ကို ထမ်းစင်ပေါ်တင်၍ လေယာဉ်ပေါ်သို့ သယ်သွားလေသည်။
အတန်းဖော်များမှာ တစ်ဖန်ထိတ်လန့်သွားရပြန်သည်။
"သေလိုက်ပါတော့.. အဲဒီလေယာဉ်က တကယ်ကြီး ယဲ့ချန်းရဲ့လေယာဉ်ပဲ"
လီရွှမ်း၏မျက်နှာကား ညိုမည်းသွားရချေသည်။
ဟွားနိုင်ငံရှိ ဒိတ်ဒိတ်ကြဲသူဌေးများ၏ အမှတ်သညာဖြစ်သော Gulfstream G550ကို ယဲ့ချန်းက ပိုင်ဆိုင်ထားပေသည်။
"ယဲ့ချန်းက အဲဒီလေယာဉ်မှာ ထိုင်နိုင်တဲ့ အရည်အချင်းမရှိဘူးလို့ ဘယ်သူပြောလိုက်တာလဲ"
အတန်းဖော်တစ်ယောက်က စနောက်လေတော့သည်။
လီရွှမ်း : "…"
ယဲ့ချန်း၏အောင်မြင်မှုမှာ သူ ထင်ထားတာထက် ပိုသာနေပေသည်။
…..
ရန်အိုက်ဆေးရုံတွင် ယဲ့ချန်း၏အကူအညီဖြင့် လီယွမ်ယွမ့်ကို အထူးစောင့်ရှောက်ရေးလူနာဆောင်တစ်ခုသို့ ချက်ချင်းတင်ပေးနိုင်ခဲ့သည်။
ယဲ့ချန်းက သူနာပြုများထံသို့ ချဉ်းကပ်ကာ မေးလိုက်၏။
"တစ်ဆိတ်လောက်.. ဆေးရုံခကို ဘယ်မှာပေးရမှာလဲဗျ"
ယဲ့ချန်းက ဆေးရုံ၏ အကြီးပိုင်းရာထူးကို ရထားသဖြင့် ဆေးရုံစရိတ်ပေးဖို့ မလိုအပ်သော်ငြား ငွေသန်းဂဏန်းမျှဖြင့် သူ့အထူးအခွင့်အရေးကို မသုံးချင်ပေ။
ထိုသူနာပြုက မော့ကြည့်လိုက်ချိန်ဝယ် ယဲ့ချန်းမှာ သူ့ရှေ့ရှိ အလှပဂေးလေးကြောင့် တဒင်္ဂမျှကြက်သေသေသွားရသည်။
ပိုးသားနှယ် နူးညံ့လှသော သူ(မ)၏ဆံနွယ်များက အဖြူရောင်ခေါင်းဆောင်းအောက်မှ ဖြာကျနေသည်။ တောက်ပပြီး နက်ရှိုင်းသော မျက်ဝန်းအစုံကလည်း ဆွဲဆောင်ညှို့ငင်မှုများကို ထုတ်လွှတ်နေချေသည်။ ဖြူဖွေးသောအသားအရေကမူ ချယ်ရီနှင်းပန်းအလား ချောမွေ့နူးညံ့လှ၏။
ရုပ်ရည်ရမှတ်၉၀ရှိပြီး ဩဇာတိက္ကမ ၈မှတ်ရှိသော ဤအလှပဂေးလေးမှာ ယဲ့ချန်း၏မျက်လုံးထဲမှာတော့ ရုပ်ရည်အမှတ် ၉၈ပင်။
"မင်္ဂလာပါ ဘာများကူညီပေးရမလဲ"
ထိုအလှလေး၏အသံကလည်း တေးဆိုငှက်၏အသံနှယ် ငြိမ့်ညောင်းလှပေသည်။
"မိန်းကလေး.. ခင်ဗျား ငွေရဲ့အစွမ်းအစကို ယုံကြည်လား"
ယဲ့ချန်း ရုတ်တရက်မေးလိုက်မိသည်။
ထိုသူနာပြုလေးခမျာ အနည်းငယ်ခေါင်းရှုပ်သွားပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်မိသည်။
"ငွေရဲ့ ဘယ်လိုအစွမ်းအစလဲ"
"ကျွန်တော် မင်းကို အရမ်းသဘောကျတယ်"
ထိုအလှပဂေးလေးက တခစ်ခစ်ရယ်မောလေသည်။
"ရှင်က တော်တော်ရယ်စရာကောင်းတာပဲ"
"ကျွန်တော့်ငွေရဲ့အစွမ်းအစကို ထုတ်ပြဖို့အတွက် မင်းရဲ့ ဝီချက်အိုင်ဒီလေး သိလို့ရမလား"
ယဲ့ချန်း ဆက်ပြောလိုက်၏။
ဤမြင်ကွင်းကိုမြင်သောအခါ တော်တော်များများက စက်ဆုပ်ရွံရှာဟန်ဖြင့် ကြည့်လာကြသည်။
ထန်းလုမှာ ဤဆေးရုံ၏ နတ်ဘုရားမပင်။
မရေမတွက်နိုင်အောင် များပြားလှသော ဆရာဝန်များနှင့် ဒုတိယမျိုးဆက်လူကုံထံများက သူ(မ)ကို လိုက်ပိုးရန် ကြိုးစားခဲ့သော်ငြား ထန်းလုကတော့ သူတို့ကို လျစ်လျူရှုခဲ့သည်။
နောက်တစ်ယောက်က ထန်းလု၏ဝီချက်ကိုရရန်အတွက် ကြိုးစားနေတာကို မြင်သောအခါ လူတိုင်းမှာ ယဲ့ချန်း အငြင်းခံရမည့်အချိန်ကို စောင့်မျှော်နေကြသည်။
ထန်းလုကို စိတ်ဝင်စားနေကြသော လုံခြုံရေးတချို့မှာ ကြားဝင်ဖို့ပင် အဆင်သင့်ပြင်ထားကြပြီး ဤလူ့ကို ထန်းလု နှင်ထုတ်ခိုင်းမည့်အချိန်ကို စောင့်နေကြ၏။
"ရတယ်လေ"
သို့သော် သူတို့ထင်ထားသလို ဖြစ်မလာဘဲ ထန်းလုက သဘောတူလိုက်ပြီးနောက် ယဲ့ချန်းနှင့် ဝီချက်အိုင်ဒီချင်း ဖလှယ်လိုက်သည်။
ဝိုး!
ဘာတွေဖြစ်ကုန်တာလဲ?
ထိုနေရာရှိ သူနာပြုများ၊ ဆရာဝန်များနှင့် လုံခြုံရေးဝန်ထမ်းများမှာ ကြက်သေသေကုန်ကြသည်။
အထူးသဖြင့် သူနာပြုဌာနအနီးရှိ လူများမှာ တစ်ညီတစ်ညာတည်း ညည်းညူလိုက်ကြသည်။
ဤကမ္ဘာကြီးက ရုပ်ရည်ကိုတန်ဖိုးထားသော အသိုင်းအဝိုင်းကြီး ဖြစ်နေဆဲပင်။
နတ်ဘုရားမက သင့်ကိုငြင်းပယ်ခဲ့ပါက သင့်ရုပ်ရည်ကြောင့်သာဖြစ်၏။ သင့်ဆွဲဆောင်မှုက သူ(မ)ကို ဖမ်းစားနိုင်သရွေ့ သူ(မ)က သင့်ကို ဦးညွှတ်လာပေလိမ့်မည်။
•••••••••••••