တာဝန်ဝတ္တရား
Vol. 6 Ch. 83
Mနိုင်ငံမှ ထိပ်တန်းဟက်ကာတစ်ယောက်တဲ့လား?
ယဲ့ချန်း ခဏမျှတုံ့ဆိုင်းသွားသည်။
အမှန်ပင်။ တစ်ခါတုန်းက ဟွာရှားနိုင်ငံရှိ သိပ္ပံပညာရှင်အကြီးအကဲကျန်းက ပရောဂျက်တစ်ခုကို ဖန်တီးခဲ့သော်ငြား Mနိုင်ငံမှ ဟက်ကာများက သတင်းအချက်အလက်များကို ခိုးယူခဲ့သည်။
ဤပရောဂျက်တစ်ခုလုံးကို အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်ရန်အတွက် သူတို့က အကြီးအကဲကျန်းကိုသတ်ဖို့ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက် ငှားခဲ့ခြင်းပင်။
တည်နေရာပေါင်းများစွာဖြင့် အကြိမ်ပေါင်းများစွာ လမ်းလွှဲခဲ့ပါသော်လည်း ဟက်ကာများက အကြီးအကဲကျန်း၏ တည်နေရာကို အမြန်ဆုံးရှာဖွေနိုင်ခဲ့သည်။
လျိုဝေ့ဝေ့ညွှန်းဆိုချင်သော သိပ္ပံပညာရှင်က ကျန်းရီဖေးဖြစ်ကြောင်း ယဲ့ချန်း သဘောပေါက်လိုက်သည်။
"အကြီးအကဲကျန်း ထပ်လုပ်ကြံခံရပြန်ပြီလား"
"ဟုတ်တယ်။ ဒီတစ်ခေါက် ကျွန်မတို့ဘက်က လုံခြုံရေးဝန်ထမ်းခုနစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်"
"အကြီးအကဲကျန်းရဲ့တည်နေရာကို ဟက်ကာတွေ ခြေရာခံနေတယ်လို့ ကျွန်မ သံသယဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့လုံခြုံရေးအစီအမံတွေကလည်း တော်တော်တင်းကျပ်တာနော်။ ဘယ်နေရာကများ သတင်းပေါက်ကြားသွားတာလဲမသိဘူး"
"ကောင်းပြီလေ။ ဒီကိစ္စကို ငါ့တာဝန်ထားလိုက်"
ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းလည်း အကြီးအကဲကျန်း၏ သတင်းအချက်အလက်များကို စစ်ဆေးကြည့်ရှုလိုက်သည်။
အကြီးအကဲကျန်း၏ သတင်းအချက်အလက်များကို ထိပ်တန်းလုံခြုံရေးအဆင့်ဖြင့် ထားရှိပါသော်ငြား ယဲ့ချန်းအတွက်တော့ လုံခြုံရေးစနစ်ကို ထိုးဖောက်ရန် လွယ်ကူလှချေသည်။
ယဲ့ချန်းက ကွန်ပျူတာပေါ်တွင် ကုတ်တချို့ရေးလိုက်ပြီးနောက် အကြီးအကဲကျန်း၏ဖုန်းကို ခပ်မြန်မြန်ဟက်ခ်လိုက်လေသည်။ ထို့နောက် စနစ်အတွင်း၌ တိတ်တိတ်လေးခြေရာခံနေသော ဟက်ကာတစ်ယောက်ကို တွေ့လိုက်ရ၏။
ပြိုင်ဘက်က ယဲ့ချန်းကဲ့သို့ နတ်မျက်စိစနစ်မရှိသော်ငြား အကြီးအကဲကျန်း၏ဖုန်းကို တည်နေရာရှာဖွေကာ ဟက်ခ်ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကင်မရာများကို ဟက်ခ်နိုင်ပေသည်။
ဤနည်းဖြင့် သူတို့ဘက်က အကြီးအကဲကျန်း၏တည်နေရာကို အချိန်မရွေးရယူကာ တိကျမှန်ကန်သော တိုက်ခိုက်မှုများကို ပြုရန်အတွက် လုပ်ကြံသတ်ဖြတ်ရေးသမားများကို စေလွှတ်နိုင်ခြင်းပင်။
ဤဟက်ကာ၏ကျွမ်းကျင်မှုများမှာ ဟွားနိုင်ငံရှိ ထိပ်တန်းဟက်ကာများထက် သာလွန်လေသည်။
အကြီးအကဲကျန်း၏ ဖုန်းထဲတွင် အဆင့်အမြင့်ဆုံးFirewallရှိပါသော်လည်း တစ်ဖက်လူကတော့ ဟွားနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့၏ စောင့်ကြည့်စစ်ဆေးမှုကို ကျော်ဖြတ်ကာ စနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ အကြီးအကဲကျန်း၏ဖုန်းကို ဟက်ခ်လိုက်သည်။
ဟွားနိုင်ငံရှိ လုံခြုံရေးဗျူရိုတွင်မူ ဒါရိုက်တာလီကျွင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ယဲ့ချန်းက Mနိုင်ငံက ဟက်ကာတွေကို ကူဖြေရှင်းနိုင်တာ သေချာရဲ့လား"
"သူက ကျွန်မသိတဲ့အထဲ အကျွမ်းကျင်ဆုံးဟက်ကာပါ။ သူသာဆိုရင် ကျွန်မတို့ဟွားနိုင်ငံရဲ့ လုံခြုံရေးစနစ်ထဲကို အသာလေးထိုးဖောက်နိုင်မယ်လို့ ကျွန်မခံစားမိတယ်"
"ဘာ? ဒီလိုလူတစ်ယောက်သာ တကယ်ရှိရင် ငါတို့ သူ့ကို ထိန်းချုပ်ထားမှဖြစ်မှာပေါ့။ မဟုတ်ရင် ငါတို့ဟွားနိုင်ငံက ဘဏ်တွေကို သူ အသာလေးဖောက်ဝင်ပစ်မှာပေါ့"
လျိုဝေ့ဝေ့ခမျာ ခါးသက်သက်ရယ်လိုက်မိသည်။
"သူက အဲဒီလိုလုပ်မှာမဟုတ်ဘူး။ သူက ငွေလိုနေတဲ့လူလည်း မဟုတ်ဘူး။ Hackingဆိုတာက သူ့ဝါသနာသက်သက်ပဲ"
"ဝါသနာတဲ့လား"
ဒါရိုက်တာလီခမျာ တဒင်္ဂမျှကြက်သေသေသွားလေသည်။
"ဒါဆို သူက ဘာအလုပ်လုပ်တာလဲ"
"တက္ကစီဒရိုင်ဘာ"
လျိုဝေ့ဝေ့လည်း ခါးသက်သက်ပြုံးလျက် ပြောလိုက်၏။
ဤမျှအံ့ဖွယ်ကောင်းသော Hackingစွမ်းရည်မျိုးဖြင့် သူက တက္ကစီမောင်းနေသတဲ့လား။
ကိစ္စတော်တော်များများကို မြင်ဖူးကြုံဖူးသော ဒါရိုက်တာလီကျွင်းလည်း အံ့သြမှင်တက်သွားလေတော့သည်။
ထိုအချိန်၌ ယဲ့ချန်းက ခြေရာခံဆော့ဖ်ဝဲတစ်ခုအတိုင်း ခြေရာခံလိုက်သောအခါ Mနိုင်ငံထဲရှိ ထိုဟက်ကာ၏လိပ်စာကို ရှာတွေ့လိုက်သည်။
ဤဟက်ကာက ကမ္ဘာ့အတော်ဆုံးဟက်ကာစာရင်းတွင် ပထမနေရာ၌ ရပ်တည်နေသူဖြစ်ပြီး နာမည်ကတော့ တွမ်ပင်။
ဤတစ်ခေါက်တွင် သူသည် Mနိုင်ငံ၏ လုံခြုံရေးဗျူရိုနှင့် ပူးပေါင်း၍ Mနိုင်ငံငွေကြေးတစ်ဆယ်ဘီလီယံကို ဆုကြေးအဖြစ် ရရှိခဲ့သည်။
သူ့မစ်ရှင်မှာ အကြီးအကဲကျန်း၏တည်နေရာကို ခြေရာခံပြီး ဟွားနိုင်ငံ၏ လုံခြုံရေးအစီအစဉ်များကို ခိုးယူကာ လုပ်ကြံသတ်ဖြတ်ရေးသမားများကို စီစဉ်နိုင်ရန်အတွက် Mနိုင်ငံရှိ လုံခြုံရေးဗျူရိုထံသို့ အချက်အလက်များ ပေးပို့ရန်ပင်။
ဟွာရှားနိုင်ငံထဲမှာ လာသောင်းကျန်းပြီး ငါတို့ရဲ့သိပ္ပံပညာရှင်တွေကို သတ်ဖို့ကြံစည်ရဲတာကတော့ သေခြင်းတရားကို လက်ယပ်ခေါ်နေတာပဲ...
ယဲ့ချန်းက တစ်ဆယ်ဘီလီယံကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လွှဲလိုက်ပြီးနောက် တွမ်၏ကွန်ပျူတာထဲမှ ဒေတာများအားလုံးကို လျိုဝေ့ဝေ့ထံသို့ ပို့လိုက်၏။
အကုန်လက်စသတ်ပြီးနောက် ယဲ့ချန်းက တွမ်၏ကွန်ပျူတာထဲတွင် မက်ဆေ့ချ်တစ်စောင်ကို ချန်ထားခဲ့လိုက်သည်။
"ဟွာရှားကိုထိပါးတဲ့လူတိုင်း အဝေးကြီးမှာရှိနေရင်တောင် အပြစ်ပေးခံရမယ်!"
လျိုဝေ့ဝေ့ထံသို့ ဖုန်းဝင်လာသည်။
"အကြီးအကဲကျန်းရဲ့ဖုန်းကို ဟက်ကာတစ်ယောက်က ခြေရာခံစနစ်တစ်ခု ထည့်ထားတာ။ ငါ အဲဒီခြေရာခံစနစ်ကို ဖျက်ပြီးသွားပြီ။ အကြီးအကဲကျန်းကို အခုချက်ချင်းရွှေ့ပြောင်းပေးလိုက်။ သူ့တည်နေရာကို ရန်သူဘက်က အတိအကျခြေရာခံထားပြီးပြီ။ အခု ရန်သူဘက်က လှုပ်ရှားတော့မယ်"
"ဘာ?"
လျိုဝေ့ဝေ့၏အမူအရာ ပြောင်းလဲသွားလေသည်။
အကြီးအကဲကျန်း၏ဖုန်းကို သေချာစစ်ဆေးထားပြီးသားပင်။ ဟက်ကာတစ်ယောက်၏ ခြေရာခံစနစ်က မည်သို့ရှိနိုင်မည်နည်း။
ဤဟက်ကာ၏အစွမ်းအစများမှာ အလွန်အင်အားတောင့်လွန်းလှသည်။ သူတို့ဘက်က ဟွားနိုင်ငံ၏ လုံခြုံရေးအကာအကွယ်ပေါင်းများစွာကို ရှောင်ရှားနိုင်ခဲ့သည်။
လျိုဝေ့ဝေ့က ဖုန်းချပြီးနောက် စကားဆိုလိုက်၏။
"ဒါရိုက်တာလီ.. အကြီးအကဲကျန်းရဲ့တည်နေရာ ဖော်ထုတ်ခံလိုက်ရပြီတဲ့။ ကျွန်မတို့ သူ့ကို ချက်ချင်းတည်နေရာပြောင်းရွှေ့မှဖြစ်မယ်"
"မဖြစ်နိုင်တာ။ ဒီတစ်ခါတော့ ငါတို့လုံခြုံရေးအစီအမံတွေကို တင်းကျပ်ထားတာပါ"
"အကြီးအကဲကျန်းရဲ့ဖုန်းကို ခြေရာခံနေကြတာ"
လျိူဝေ့ဝေ့ သက်ပြင်းနက်နက်ရှူသွင်းလိုက်သည်။
လျိုဝေ့ဝေ့ကိုယ်တိုင်လည်း အစောပိုင်းတုန်းက အကြီးအကဲကျန်း၏ဖုန်းကို ခြေရာခံနေလေသလားဟု သံသယဖြစ်မိသော်ငြား စမ်းသပ်စစ်ဆေးမှုအရ ဘာပြဿနာမှမရှိကြောင်းသာ ပြသခဲ့သည်။
သို့သော် ယဲ့ချန်းကတော့ အကြီးအကဲကျန်း၏ဖုန်းထဲရှိ ဟက်ကာဆော့ဖ်ဝဲကို ခပ်မြန်မြန်ရှာတွေ့ပြီး ဖျက်ပစ်ခဲ့ခြင်းမှာ အလွန်ကျွမ်းကျင်လှပေသည်။
"အကြီးအကဲကျန်းကို အခုချက်ချင်းပြောင်းရွှေ့ပေးလိုက်"
ဒါရိုက်တာလီလည်း အလောတကြီးအမိန့်ပေးလိုက်ရသည်။
အကြီးအကဲကျန်းကို နေရာရွှေ့ပြောင်းပေးပြီး နာရီဝက်အကြာ၌ မူလတုန်းက အကြီးအကဲကျန်းရှိနေခဲ့သော တည်နေရာမှာ တိုက်ခိုက်ခံခဲ့ရသည်။
ထို့ပြင် ဤတစ်ခေါက်၌ လုပ်ကြံရေးသမားအရေအတွက်ကလည်း ပိုများလာသည်။
ကံကောင်းထောက်မစွာဖြင့် ဟွားနိုင်ငံဘက်က ခြေတစ်လှမ်းသာသွားခဲ့ပြီး အောင်အောင်မြင်မြင်ချုံခိုတိုက်ခိုက်နိုင်ခဲ့သည်။
ဒါရိုက်တာလီကျွင်းမှာ ထိုအစီရင်ခံစာကို လက်ခံရရှိချိန်၌ စိတ်လှုပ်ရှားလွန်းသောကြောင့် ထခုန်လိုက်မိသည်။
အဆုံးမှာတော့ တစ်ချိန်လုံးခြောက်လှန့်ခံနေခဲ့ရသော အဖြစ်ဆိုးကြီးကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်၏။ တစ်ချိန်လုံး ရဲဘော်ရဲဘက်များကို ဆုံးရှုံးရခြင်းမှာ အလွန်မွန်းကျပ်ဖွယ်ရာပင်။
"ယဲ့ချန်းက တော်တော်ထက်မြက်တာပဲ ဝေ့ဝေ့..ငါ ဒီသူရဲကောင်းကြီးနဲ့ တွေ့ချင်တယ်"
လျိုဝေ့ဝေ့ နေရခက်ဟန်ဖြင့် ပြုံးလိုက်လေသည်။
"ဒါရိုက်တာလီ..ယဲ့ချန်းက ကျွန်မတို့နဲ့ လက်မတွဲချင်ဘူးလို့ ပြောထားတယ်။ သူ့အနေနဲ့ အချိန်မရွေးကူညီပေးနိုင်ပေမဲ့ ကျွန်မတို့အဖွဲ့ထဲကိုတော့ မဝင်ချင်ဘူးလို့ ပြောထားတယ်"
"ငါနားလည်ပြီ"
ဒါရိုက်တာလီ သဘောပေါက်သွားချေသည်။ ယဲ့ချန်းကဲ့သို့ ပါရမီရှင်များတွင် ထူးခြားသောစရိုက်များ ရှိတတ်ကြသည်။ အတင်းဖိအားပေးလိုက်လျှင် နာကျည်းမုန်းတီးမှုများ ဖြစ်လာစေနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့်လည်း နောင်အနာဂတ်၌ သူ့အကူအညီကို လိုအပ်လာဦးမည်ဖြစ်၏။
Mနိုင်ငံ၌ တွမ်က ဘားထဲတွင် အနုပညာရှင်အမျိုးသမီးနှစ်ယောက်နှင့်အတူ အေးအေးလူလူပျော်ပါးရင်း ငွေရှင်းရန် ပြင်လိုက်၏။
"တောင်းပန်ပါတယ်။ ရှင့်ကတ်ထဲမှာ ငွေမလောက်တော့ပါဘူး"
ငွေရှင်းကောင်တာရှိ ငွေကိုင်က ကတ်ဖြတ်ကြည့်ပြီးနောက် ပြန်ပြောလိုက်သည်။
"ငွေမလောက်ဘူးပေါ့။ လာနောက်နေတာလား"
တွမ်လည်း အံ့သြမှင်တက်သွားချေသည်။ သူ့ကတ်ထဲတွင် တစ်ဆယ်ဘီလီယံကျော် ရှိ၏။
သို့သော် သူ့ဖုန်းမှတစ်ဆင့် လက်ကျန်ငွေကို စစ်ဆေးလိုက်သောအခါ နားမလည်နိုင်ဖြစ်သွားရသည်။ လက်ကျန်ငွေမှာ သုညဖြစ်နေချေသည်။
"သွားပြီ"
သူ့ကွန်ပျူတာ အဟက်ခံလိုက်ရကြောင်း သဘောပေါက်လိုက်သည့်အတွက် တွမ်၏အမူအရာလည်း သိသိသာသာပြောင်းလဲသွားလေတော့သည်။
ထိုအချိန်မှာပင် ဗလခပ်တောင့်တောင့်အမျိုးသားနှစ်ယောက်က အမြန်ပြေးဝင်လာပြီးနောက် စကားတစ်ခွန်းမပြောပါဘဲ တွမ့်ကို ဆွဲခေါ်ကာ ကားတစ်စီးထဲသို့ ဆွဲသွင်းလိုက်၏။
မျက်လုံးကာကို ဖြေချလိုက်သောအခါ သူ့အရှေ့ရှိလူများကို မြင်လိုက်ရသဖြင့် တွမ်လည်း ဒေါသတကြီး အော်လိုက်မိသည်။
"မင်းတို့ ဘာလုပ်တာလဲ"
"ငါတို့ ဘာလုပ်နေတာလဲတဲ့လား။ တွမ်… မင်းက အစာကျွေးတဲ့လက်ကိုကိုက်ပြီး နှစ်ဖက်ချွန်လုပ်လိမ့်မယ်လို့ ငါတို့ ထင်မထားဘူး"
"နှစ်ဖက်ချွန်? ဘာကိုပြောချင်တာလဲ"
"မင်းက ငါတို့ရဲ့အစီအစဉ်ကို ဟွားနိုင်ငံကို ဖော်ကောင်လုပ်လိုက်လို့ အခု ငါတို့ရဲ့ထိပ်တန်းလုပ်ကြံရေးသမားတွေအများကြီးကို ဆုံးရှုံးလိုက်ရပြီ"
"မဟုတ်ဘူး.. မဖြစ်နိုင်တာ။ ငါ မလုပ်ဘူး"
"မင်းမဟုတ်ဘူးလား။ မင်းရဲ့ကွန်ပျူတာက ငါတို့လက်ထဲမှာကွ။ သက်သေအထောက်အထားကလည်း ခိုင်လုံတယ်"
ထိုစကားများ ထွက်လာပြီးပြီးချင်းမှာပင် ဓားမြောင်တစ်ချောင်းက သူ့နှလုံးသားတည့်တည့် ထိုးစိုက်ပစ်လိုက်လေသည်။
….
ဟွားနိုင်ငံတွင်မူ ယဲ့ချန်းက နောက်ထပ်အမှာစာတစ်ခုကို လက်ခံထားသည်။ ကားတံခါးပွင့်လာပြီးနောက် ကားထဲကို ဝင်လာသူကြောင့် သူ မှင်တက်သွားရသည်။
လျိုဝေ့ဝေ့လား?
"ယဲ့ချန်း.. ဒီတစ်ခေါက် တကယ်ကျေးဇူးတင်ပါတယ်။ ရှင် ကျွန်မတို့ကို အကြီးအကျယ်ကူညီပေးခဲ့တာ။ ကျွန်မတို့ အေးဂျင့်ဆယ်ယောက်ကျော်လောက် ဖမ်းနိုင်ခဲ့ပြီး သူတို့ရဲ့ထောက်လှမ်းရေးကွန်ယက်ကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်"
"ဟားဟား.. ဒါက လုပ်သင့်လုပ်ထိုက်တာပဲလေ"
ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။
"အထက်လူကြီးတွေက ရှင့်ကို ဆုချီးမြှင့်ချင်လို့တဲ့။ ဒီတော့ ဘာမဆိုတောင်းဆိုလို့ရပါတယ်"
လျိုဝေ့ဝေ့ ပြောလိုက်၏။
ယဲ့ချန်း ခေါင်းခါပြလိုက်သည်။
"ထားလိုက်ပါ.. ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပဲပေးလေ"
"ကြယ်ငါးပွင့်ရီဗျူးနဲ့တင် လုံလောက်ပြီပေါ့"
လျိုဝေ့ဝေ့ အံ့ဩမှင်တက်သွားလေသည်။
တကယ်တမ်းတွင် ယဲ့ချန်းဘက်က ဘာမဆိုတောင်းဆိုနိုင်ကြောင်း သူ(မ)၏အထက်လူကြီးများက ပြောလိုက်သော်ငြား သူကတော့ ကြယ်ငါးပွင့်ရီဗျူးကိုသာ လိုချင်သည်ဟု ဆိုနေပေသည်။
လျိုဝေ့ဝေ့လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။
"ရော့"
လျိုဝေ့ဝေ့ပေးသော စာအုပ်လေးကိုမြင်သောအခါ ယဲ့ချန်း နားမလည်နိုင်ဖြစ်သွားရသည်။
"ဒါကဘာလဲ"
"ဒါက ကျွန်မတို့လုံခြုံရေးဗျူရိုရဲ့ အထူးဖြတ်သန်းခွင့်လေ။ ဒါသာပါရင် ရှင် ဟွားနိုင်ငံထဲက ဘယ်နေရာကိုမဆို လွတ်လွတ်လပ်လပ်သွားလို့ရတယ်"
လျိုဝေ့ဝေ့က ဆို၏။
"စိတ်ချပါ။ ဒါက ကျွန်မတို့ ရှင့်ကိုပေးထားတဲ့ ဆုလာဘ်တစ်ခုသက်သက်ပါ။ ရှင် ကျွန်မတို့အတွက် အများကြီးကူညီပေးခဲ့တာလေ။ ကျွန်မတို့ နောင်အနာဂတ်ကျရင်လည်း ရှင့်အကူအညီကို လိုလာဦးမှာ"
လျိုဝေ့ဝေ့ဆိုလိုချင်သော သဘောကို ယဲ့ချန်းနားလည်သည်။ ဤအနီရောင်စာအုပ်ကို ယူလိုက်လျှင် တာဝန်ဝတ္တရားလည်း ပိုလာပြီဟူသောသဘောပင်။
သို့သော် ယဲ့ချန်း ထိုစာအုပ်ကို ယူလိုက်ဆဲသာ။
အမိနိုင်ငံကသာ မိမိအိမ်ဖြစ်၏။ ထို့ကြောင့် နိုင်ငံကသာ သူ့ကို လိုအပ်လာလျှင် ယဲ့ချန်းလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားပေးမည်သာ။
ကားက လေဆိပ်သို့ရောက်လာသည်။ လျိုဝေ့ဝေ့လည်း ပြုံးကာရယ်ကာဖြင့် ကားထဲမှ ထွက်သွားလေသည်။
"အိုး.. ကြယ်ငါးပွင့်ရီဗျူးပေးရဦးမှာ..ဟုတ်သားပဲ"
တကယ်တမ်းတွင် ယဲ့ချန်းအလိုချင်ဆုံးမှာ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပင်။ ထိုကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို နောက်ထပ်နှစ်ကြိမ်ထပ်ရပါက နောက်ထပ်စွမ်းရည်အသစ်တစ်ခု ရနိုင်ပြီဖြစ်၏။
•••••••••••••