အတွင်းရေးကိစ္စများ
Vol. 6 Ch. 84
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်(၄/၅)ကို ရရှိပါပြီ။ ဆုလာဘ်ကတော့ အန္တရာယ်အာရုံခံနိုင်စွမ်းရည်ပါ]
စနစ်ထံမှ သတိပေးစာတစ်စောင်က ယဲ့ချန်း၏စိတ်အာရုံထဲ၌ ပေါ်ပေါက်လာသည်။
အန္တရာယ်အာရုံခံနိုင်စွမ်း…
ပစ်မှတ်က Hostကို မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိတဲ့အချိန်မှာ စနစ်ဘက်က အလိုအလျောက်သတိပေးမှာပါ။
အန္တရာယ်အဆင့်တွေကိုတော့ အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။
ဤစွမ်းရည်မှာ ယဲ့ချန်းအတွက် အလွန်အရေးပါလှသည်။
ယခုလက်ရှိတွင် သူသည် လုံခြုံရေးဗျူရို၏ တာဝန်များကို ကူညီပေးနေရသည်ဖြစ်ရာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များကို ရန်စမိလေမလားဆိုသည်ကို ကြိုမသိနိုင်ပေ။
ထို့ပြင် အဆိပ်နှင်းဆီကလည်း သူ(မ)အတွက် တစ်စုံတစ်ယောက်က လက်စားချေပေးလိမ့်မည်ဟု ပြောခဲ့သေးသည်။
ယဲ့ချန်း ပြန်တော့မည့်အခိုက်မှာပင် အမှာစာအသစ်တစ်ခုကို လက်ခံရရှိလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ခြေတံရှည်သွယ်လှသော အလှပဂေးလေးတစ်ယောက်က ကြော့ကြော့မော့မော့ ချဉ်းကပ်လာပြီး သူ့ကားပြတင်းပေါက်ကို လာခေါက်လေသည်။
ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေပြီးနောက် ကားပြတင်းပေါက်ကိုချကာ အလှလေးကို ပြုံးပြလိုက်၏။
"ဟယ်လို ဒီကားက ကျွန်မခေါ်ထားတဲ့တက္ကစီလား"
အလှလေးက နေကာမျက်မှန်တပ်ထားပြီး အနက်ရောင်ဆံနွယ်ရှည်များက လေထဲတွင် လွင့်နေချေသည်။
ယဲ့ချန်းကို သွေးတက်စေသောအရာမှာ ထိုအလှလေးက သူ(မ)၏အင်္ကျီကို တမင်တကာဆွဲချကာ ဆွဲဆောင်မှုရှိလှသော ပခုံးကို ထုတ်ဖော်ပြသလာခြင်းပင်။
ယဲ့ချန်းခမျာ သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။
"ဟယ်လို..တက်ပါဗျ"
"ရှင်က ယဲ့ချန်းမလား"
အလှလေးက ရုတ်တရက်ဆိုသလို တအံ့တဩရေရွတ်၍ သူ(မ)၏နေကာမျက်မှန်ကို ချွတ်လိုက်၏။
ထိုအခါမှသာ ယဲ့ချန်းလည်း တစ်ဖက်လူက တက္ကသိုလ်တုန်းက အတန်းဖော်လင်းယောင်ယောင်ဖြစ်ကြောင်း သိလိုက်ရသည်။
တက္ကသိုလ်တုန်းက လင်းယောင်ယောင်သည် သူတို့ကျောင်း၏ နတ်ဘုရားမဖြစ်ပြီး နောက်ပိုင်းတွင် PhDယူရန်အတွက် နိုင်ငံခြားသို့ ထွက်သွားခဲ့သည်။
"တိုက်ဆိုင်လိုက်တာ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ဟုတ်ပါရဲ့။ အိမ်ပြန်ရောက်ရောက်ချင်း မိတ်ဆွေဟောင်းနဲ့တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"
ယဲ့ချန်းလည်း ကားထဲကထွက်ပြီးနောက် သူ(မ)၏ခရီးဆောင်အိတ်ကို ကားနောက်ဖုံးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပြုံးရယ်လျက် ပြောလိုက်သည်။
"မင်းက အခုမှ နိုင်ငံခြားက ပြန်ရောက်တာလား"
"ဟုတ်တယ်။ နိုင်ငံခြားမှာနေရတာကို ငြီးငွေ့နေလို့ ဒီကိုပြန်လာပြီး အလုပ်ရှာဖို့ စိတ်ကူးရလို့လေ"
သူတို့နှစ်ယောက်သား ကားထဲသို့ ဝင်လာခဲ့ပြီးနောက် ယဲ့ချန်း မေးကြည့်လိုက်လေသည်။
"ပြန်ရောက်ပြီဆိုတော့ မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
"မသေချာသေးဘူး.. ယဲ့ချန်း အခု ရှင် အဆင်ပြေနေပြီဆိုတဲ့အကြောင်း အတန်းဂရုထဲမှာ တွေ့လိုက်တယ်နော်။ ရှင့်ဆီမှာ အလုပ်လုပ်လို့ရလား"
"မင်းရဲ့မေဂျာက ဘာလဲ"
ယဲ့ချန်း မေးကြည့်လိုက်ပြန်သည်။
"စီးပွားစီမံမေဂျာလေ"
လင်းယောင်ယောင် ပြန်ဖြေလိုက်၏။
ယဲ့ချန်းလည်း စီးပွားစီမံရေးအပိုင်းတွင် ကျွမ်းကျင်သော လူတစ်ယောက်ကို လိုအပ်နေပေသည်။ တက္ကသိုလ်တုန်းက လင်းယောင်ယောင်က သူ့နတ်ဘုရားမဖြစ်၏။
ယခု နတ်ဘုရားမက သူ့ထံမှ အလုပ်တောင်းလာသဖြင့် အလွန်ဝမ်းသာမိသည်။
စနစ်က ယဲ့ချန်းကို ကုမ္ပဏီပေါင်းများစွာ ဆုချီးမြှင့်ထားသော်ငြား တကယ်တမ်းတွင် သူ့အပိုင်ကုမ္ပဏီဟူ၍ တစ်ခုမှမရှိပေ။
ယခု ကုမ္ပဏီအသစ်တစ်ခု တည်ထောင်ရန် အချိန်ကျချေပြီ။
"သိပ်မကြာခင် ငါ ကုမ္ပဏီတစ်ခုထောင်ဖို့ ပြင်ထားတယ်။ ဒီတော့ မင်းလည်း အိမ်ပြန်ပြီး ခဏနားလိုက်ဦးလေ။ အဆင်သင့်ဖြစ်တာနဲ့ ငါ ဆက်သွယ်လိုက်မယ်"
ယဲ့ချန်း ပြောလိုက်လေသည်။
"ကောင်းသားပဲ"
လင်းယောင်ယောင်က ခေါင်းညိတ်ပြ၏။
ယဲ့ချန်းလည်း လင်းယောင်ယောင်ကို ဟိုတယ်သို့ လိုက်ပို့ပေးခဲ့သည်။ လင်းယောင်ယောင်ကလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ပေးလိုက်သည်။
"ဒါဆို ကျွန်မ ရှင့်ဖုန်းကိုစောင့်နေမယ်နော်"
လင်းယောင်ယောင်က ဖုန်းခေါ်ရန် လက်ဟန်ပြ၍ ပြောလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်(၅/၅)ကို ရရှိပါပြီ။ ဆုလာဘ်ကတော့ အမှန်ပြောဆေးရည်၁၀ပုလင်းဖြစ်ပါတယ်]
ယဲ့ချန်းက ထွက်ခွာသွားသော လင်းယောင်ယောင်၏ပုံရိပ်ကိုကြည့်ရင်း မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်မိသည်။
လင်ယောင်ယောင် ကားပေါ်တက်ပြီးပြီးချင်းမှာပင် စနစ်က အနီရောင်အန္တရာယ်သတိပေးချက်တစ်ခု ထုတ်ပြလာသည်။
ဤသည်မှာ ဤအမျိုးသမီးနှင့်ပတ်သက်၍ တစ်ခုခုမူမမှန်ကြောင်း ပြသနေခြင်းပင်။
ယဲ့ချန်းလည်း ကွန်ပျူတာကိုဖွင့်၍ စစ်ဆေးကြည့်လိုက်သောအခါ တွေ့လိုက်ရသောအရာကြောင့် လန့်ဖျပ်သွားချေသည်။
ဤအတန်းဖော်ဟောင်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်နေလေသည်။
ယဲ့ချန်းက နိုင်ငံခြားထောက်လှမ်းရေးဗျူရို၏ ဝက်ဆိုက်ဘ်တစ်ခုကို ဟက်ခ်လိုက်ခြင်းပင်။
လင်းယောင်ယောင်၏ပရိုဖိုင်းအရတော့ သူ(မ)က Mနိုင်ငံတွင် ပညာသင်ကြားခဲ့သော်လည်း လွန်ခဲ့သည့်သုံးလတုန်းက ရုတ်တရက်ပျောက်သွားခဲ့သည်။
ထိုသုံးလအတွင်းမှာပင် သူ(မ)က လျှို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤတစ်ခေါက် နိုင်ငံသို့ပြန်လာရသည့် သူ(မ)၏မစ်ရှင်မှာ ယဲ့ချန်းကိုချဉ်းကပ်၍ သူ့သရုပ်မှန်ကို ဖော်ထုတ်ရန်ပင်။
ကံကောင်းချင်တော့ သူ့တွင် Hackingစွမ်းရည်ရှိထားသည်။ သို့မဟုတ်ပါက သူ့ဘေးတွင် လျှို့ဝှက်အေးဂျင့်တစ်ယောက်ရှိနေမှန်း သိနိုင်မည်မဟုတ်ပေ။
ကြည့်ရပုံထောက်တော့ သူ စောင့်ကြည့်ခံနေရဟန်တူ၏။ တစ်ဖက်လူကလည်း ယဲ့ချန်း၏သရုပ်မှန်ကို မသိသောကြောင့် သူ့အကြောင်းကို စုံစမ်းခိုင်းရန်အတွက် လင်းယောင်ယောင်ကို လွှတ်လိုက်ခြင်းပင်။
သေလိုက်ပါတော့.. သူတို့က အလှပဂေးလေးတစ်ယောက်နဲ့ ငါ့ကို ထောင်ချောက်ဆင်ဖို့ကြိုးစားနေတာပဲ…
သူတို့ဘက်က ဒီလိုကစားချင်တာဆိုရင်လည်း လိုက်ကစားပေးရတာပေါ့..
ယဲ့ချန်းက လင်းယောင်ယောင်၏သရုပ်မှန်ကို သိလိုက်ရပြီဖြစ်သောကြောင့် သူ(မ)က သူ့အတန်းဖော်ဟောင်းဖြစ်နေသည့်တိုင် တရားဥပဒေကို ချိုးဖောက်ခဲ့ပါက ယဲ့ချန်းကလည်း သူ(မ)ကို တရားဥပဒေနှင့်အညီ အရေးယူမည်သာဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူ(မ) အဖမ်းခံမည်ဖြစ်၏။ သို့သော် ဤအလှပဂေးလေးကို အရင်ဆုံး အသုံးချရလျှင် ပိုကောင်းလေသည်။
ယဲ့ချန်းက သူ့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ရန် ပြင်ဆင်နေခြင်းပင်။
ပထမဆုံးအနေနှင့် ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ရမည်။
ယနေ့ခေတ်တွင် လူအများ ဘယ်လိုအလုပ်မျိုးနှင့် ငွေရှာကြသလဲ။
"အင်တာနက် အိမ်ခြံမြေ.."
ယဲ့ချန်းက အချိန်ခရီးသွားတစ်ဦးဖြစ်သောကြောင့် အားသာချက်ရှိ၏။ နောင်အနာဂတ်တွင် ဘယ်အရာက အမြတ်အစွန်းရနိုင်မလဲဆိုတာကို သိထားသည်။ ယခုအချိန်တွင် သူ့၌ ငွေကြေးအင်အားလည်း ရှိနေလေပြီ။
"ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုကို ထောင်လိုက်မယ်လေ။ အမြတ်အစွန်းရမဲ့အရာတိုင်းကို ရင်းနှီးမြှုပ်နှံတာပေါ့"
ယဲ့ချန်းက ကုမ္ပဏီနာမည်ကိုပင် စဉ်းစားထားပြီးလေပြီ။ စတားလုပ်ငန်းစုဟု ခေါ်တွင်ရမည်။
အစစအရာရာစီစဉ်ပြီးသည်နှင့် ရုံးခန်းနှင့် ဝန်ထမ်းများသာ လိုတော့သည်။
ထိုအချိန်မှာပင် ယဲ့ချန်းထံသို့ နောက်ထပ်အမှာစာတစ်ခု ထပ်ရောက်လာသည်။ ထို့ကြောင့် ယုံချွင်းသိုင်းအတတ်သင်ကျောင်းသို့ မောင်းလိုက်သည်။
ထိုအချိန်၌ ရုပ်ရည်ရမှတ်၉၀ရှိသော အလှလေးတစ်ယောက်က ကားထဲသို့ ဝင်လာသည်။
ဤအလှလေးကား သေချာလေ့ကျင့်သင်ကြားပေးထားသူဖြစ်ကြောင်း သိသာလှ၏။
သူ(မ)၏အသားအရေက ဖြူဖွေးသော်ငြား မျက်လုံးများကလည်း ထက်ရှသည်။ သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း အသိသာချည်းပင်။
ကားထဲကိုဝင်လာပြီးနောက် ထိုအလှလေးက တစ်ခုခုကြောင့် အလုပ်များနေဟန်ပင်။
ထို့နောက် သတင်းတစ်ပုဒ်က ရေဒီယိုထဲမှ ထွက်လာလေသည်။
ဟွားနိုင်ငံရဲ့နာမည်ကြီးလက်ဝှေ့သမား လီချန်းက ထိုက်ချိပညာရှင်ဝူကို ဒီနေ့မှာပဲ စိန်ခေါ်ခဲ့ပြီး လီချန်းက သုံးဆယ်စက္ကန့်အတွင်းမှာတင် လက်သီးတစ်ချက်တည်းနဲ့ သူ့ကို အလဲထိုးနိုင်ခဲ့တာကြောင့် ဟွားနိုင်ငံရဲ့ သိုင်းပညာအတွက်တော့ ဆုတ်ယုတ်မှုတစ်ခုပါပဲ။
လီချန်းက ဝမ်ချွင်းသိုင်းပညာရှင်ယဲ့ရှောင်းကိုပါ စိန်ခေါ်ထားတယ်လို့ သိရပါတယ်…
ဤသတင်းကိုကြားပြီးနောက် ထိုအလှလေးက မျက်မှောင်တင်းတင်းကြုတ်လိုက်လေသည်။
"ဟွားနိုင်ငံရဲ့သိုင်းပညာက ဒီလိုဆရာအတုတွေကြောင့် ပျက်စီးကုန်ပြီ"
ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ စနစ်က ယဲ့ချန်းကို တိုက်ခိုက်ရေးဘုရင်စွမ်းရည်ကို ပေးထားသောကြောင့် ယဲ့ချန်းအနေနှင့် ဟွားနိုင်ငံသိုင်းပညာအကြောင်း ကောင်းကောင်းသိနေပေသည်။
"အဓိကပြဿနာက သတင်းမီဒီယာတချို့က မီးလောင်ရာလေပင့်နေတာပဲ။ ကျွန်မတို့ဟွားနိုင်ငံကွန်ဖူးက နိုင်ငံ့ရတနာတစ်ပါးပဲ။ ဒါပေမဲ့ ဆန်ကုန်မြေလေးတချို့က အဲဒါကို နာမည်ကြီးဖို့အတွက် ခြေနင်းကျောက်တုံးတစ်ခုလို သဘောထားချင်ကြတယ်လေ"
ထိုအလှလေးကလည်း ဒေါသတကြီးဝင်ပြောလာသည်။
"အလှလေး.. မင်းက ယုံချွင်းသိုင်းပညာကျောင်းကလား"
"ဟုတ်တယ်"
"မင်းတို့ဝမ်ချွင်းကရော စိန်ခေါ်မှုကိုလက်ခံထားလား"
ယဲ့ချန်း မေးကြည့်လိုက်သည်။
"ဒါပေါ့.. နိုင်နိုင်ရှုံးရှုံး ဝမ်ချွင်းက ဟွားနိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရမှာပဲ"
ထိုအချိန်မှာပင် အလှလေးထံသို့ ဖုန်းဝင်လာသည်။
"သမီး.. အဖေ လီချန်းနဲ့တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ။ အဖေ တစ်ခုခုဖြစ်ခဲ့ရင် သမီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ်နော်"
"အဖေ.. အဖေ့မှာ အတွင်းဒဏ်ရာတွေရှိတယ်လေ။ သမီးပဲ အဖေ့အစား ပြိုင်ပွဲဝင်ပါရစေ"
"မဖြစ်နိုင်တာ.. သမီးက ဘယ်လိုလုပ်ပြီး လီချန်းကို ယှဉ်နိုင်မှာလဲ။ ပြီးတော့ သူက အဖေ့ကို စိန်ခေါ်ထားတာ။ အဖေ့ဘက်ကသာ လက်တုံ့မပြန်ဘူးဆိုရင် အလှောင်ခံရလိမ့်မယ်"
"အဖေ ဒါပေမဲ့ အဖေ့မှာ အတွင်းဒဏ်ရာတွေရှိတယ်လေ။ တစ်ခုခုသာဖြစ်သွားခဲ့ရင်…"
"စိတ်မပူပါနဲ့။ သမီးအဖေက ဒီလူမိုက်တစ်ယောက်လောက်တော့ ကိုင်တွယ်နိုင်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် အဖေတို့ဟွားနိုင်ငံရဲ့သိုင်းပညာကို ဂုဏ်တက်အောင်လုပ်မှဖြစ်မယ်"
ဖုန်းချလိုက်ချိန်ဝယ် ထိုအလှလေး၏မျက်ဝန်းထဲ၌ မျက်ရည်များ ရစ်သိုင်းနေရှာသည်။
[တင်! ငါးခုမြောက်ကြယ်ငါးပွင့်ကို ဖြည့်နိုင်ခဲ့တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ အထူးစွမ်းရည်အသစ်တစ်ခုကို ချီးမြှင့်ပေးပါ့မယ်။ ရွေးချယ်ရေးတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခြင်းအားဖြင့် ကမ္ဘာကျော်သူဌေးတစ်ယောက်ဖြစ်နိုင်ခြေအလားအလာကို မြှင့်တင်နိုင်ပါပြီ]
[ခရီးသည်၏အလုပ်အကိုင် : သိုင်းပညာရှင်]
[ရွေးချယ်စရာနံပါတ်တစ် : ယဲ့ရှန်းကိုနှစ်သိမ့်ပေးပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ပြိုင်ဘက်ကင်းနေကြာသိုင်းကျမ်းကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်နှစ် : ယဲ့ရှန်းအတွက် လီချန်းကို အနိုင်ယူပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ဝမ်ချွင်းသိုင်းပညာစွမ်းရည်နဲ့ မိုတုဘဏ္ဍာရေးအိမ်တော်ကို အရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်သုံး : ဟွားနိုင်ငံသိုင်းပညာကို လှောင်ပြောင်ပြီး ယဲ့ရှန်းကို ရန်စရင်း စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ Dit Da Jowဆေးတစ်ပုလင်းနဲ့ ဘက်စုံသုံးသံမဏိတုတ်ကောက်တစ်ချောင်းကို ရယူပါ]
ရွေးချယ်စရာနံပါတ်တစ်၏ ဆုလာဘ်မှာ နေကြာသိုင်းကျမ်းပင်။
၎င်းမှာ အလွန်အစွမ်းထက်သော သိုင်းတစ်ခုဖြစ်သော်လည်း ယဲ့ချန်းကတော့ ထိုအရာကို လုံးဝစိတ်မဝင်စားချေ။
အကြောင်းမှာ ဤနတ်ဘုရားစွမ်းရည်ကိုသင်ယူရန်အတွက် ကိုယ့်ကိုယ်ကိုယ်သင်းကွပ်ရမည်ဖြစ်ကြောင်း သိထားသည့်အတွက် ထိုအရာကို ချက်ချင်းပယ်ချလိုက်သည်။
ရွေးချယ်စရာနံပါတ်သုံးကတော့ အနည်းငယ်စိတ်ဝင်စားဖို့ကောင်းလှသည်။ Dit Da Jowဆေးတစ်ပုလင်းနှင့် သံမဏိတုတ်ကောက်တစ်ချောင်းကို ရမည်ဆိုခြင်းမှာ ဤအလှလေးထံမှ ဒုက္ခိတဖြစ်သည်အထိ အရိုက်အနှက်ခံရမည်ဟု အရိပ်အမြွက်ပြနေပေသည်။
ထို့ကြောင့် ယဲ့ချန်းလည်း လီချန်းကို အနိုင်ယူရန်သာ ရွေးချယ်လိုက်ရသည်။
ဝမ်ချွင်းသိုင်းပညာစွမ်းရည်နှင့် မိုတုဘဏ္ဍာရေးအိမ်တော်တို့မှာ သူ့အတွက် အလွန်အသုံးဝင်လှသည်။
ဝမ်ချွင်းသိုင်းပညာစွမ်းရည်ကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် အသုံးပြုနိုင်ပြီး မိုတုဘဏ္ဍာရေးအိမ်တော်ကိုတော့ ကုမ္ပဏီ၏ဌာနချုပ်အဖြစ် အသုံးချနိုင်သည်။
ယဲ့ချန်းလည်း နံပါတ်နှစ်ကိုသာ တန်းရွေးချယ်လိုက်သည်။
•••••••••••