← Chapters

ယဲ့ရှန်း၏ဆုလာဘ်

Vol. 6 Ch. 85

ယဲ့ရှန်း၏ဆုလာဘ်

Vol. 6 Ch. 85

ယဲ့ချန်း ကားမောင်းထွက်လာခဲ့ပြီးနောက် ပြုံးလျက် မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုများကြုံလို့လား"

ယဲ့ရှန်းက လှမ်းကြည့်လာသည်။

အစကမူ သူ(မ)လည်း ယဲ့ချန်းနှင့် စကားပြောချင်စိတ်မရှိသော်ငြား ချောမောခန့်ညားလှသော သူ့ဘေးတိုက်မျက်နှာကို မြင်သောအခါ သူ(မ) ရုတ်တရက်မှင်တက်သွားလေသည်။

ဒီလူက တော်တော်ခန့်ညားတာပဲ!

"တစ်စုံတစ်ယောက်က ကျွန်မတို့ဝမ်ချွင်းသိုင်းပညာကို အသရေဖျက်ဖို့ ကြိုးစားနေတာလေ"

ယဲ့ရှန်း ခွန်းတုံ့ပြန်လိုက်၏။

"အဲဒီလီချန်းကို ငါ ရင်ဆိုင်လိုက်ရင်ရော? ငါလည်း ဝမ်ချွင်းသိုင်း နည်းနည်းတတ်တယ်"

"ရှင်က ဝမ်ချွင်းသိုင်းတတ်တယ်ပေါ့"

ယဲ့ရှန်း ခဏမျှ အံ့သြမှင်တက်သွားလေသည်။

"ဟုတ်တယ်။ အရင်က နည်းနည်းသင်ဖူးတယ်"

ယဲ့ရှန်း ခါးသက်သက်ပြုံးလိုက်မိသည်။

"ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လီချန်းက ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတစ်ယောက်ရှင့်...ရှင် သူ့ကိုနိုင်မှာမဟုတ်ဘူး"

"မပြိုင်ကြည့်ရသေးဘဲနဲ့တော့ မသိနိုင်ဘူးမလား"

ကားက လက်ဝှေ့ရုံတစ်ခုရှေ့၌ ရပ်လိုက်လေသည်။

ယဲ့ရှန်းကမူ ခေါင်းခါယမ်းပြ၏။

"ကိစ္စမရှိပါဘူး။ ဒါက ကျွန်မတို့ယဲ့မိသားစုရဲ့ပြဿနာပါ။ ဒါပေမဲ့ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် ယဲ့ရှန်း ကားထဲကထွက်သွားလေသည်။

ယဲ့ချန်းလည်း ကားကို ပါကင်ထိုးလိုက်ပြီးနောက် ယဲ့ရှန်းနှင့်အတူ လက်ဝှေ့ရုံထဲသို့ လိုက်သွားလေသည်။

ယဲ့ချန်းက သူ(မ)နှင့်အတူ လိုက်လာတာကို မြင်လိုက်ရသောအခါ ယဲ့ရှန်း လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်၏။

"ရှင် ဘာလို့လိုက်လာတာလဲ"

ယဲ့ချန်း အေးအေးလူလူသာ ပြုံးပြလိုက်၏။

"ဒီလိုဆိုရင်ရော.. ပြိုင်ပွဲတစ်ခုလောက် လုပ်ကြည့်ကြတာပေါ့။ ငါက ဝမ်ချွင်းသိုင်းပညာအတွက် ကိုယ်စားပြုဖို့ အရည်အချင်း ပြည့်မီပါ့မလားဆိုတာကို ကြည့်ကြမယ်လေ"

ချက်ချင်းဆိုသလိုပင် အားကစားရုံတစ်ခုလုံး တိတ်ဆိတ်သွား၏။

"လူတစ်ယောက်က သခင်မလေးကို စိန်ခေါ်နေတာပဲ"

ယဲ့ရှန်း၏စွမ်းရည်က အားကစားရုံတစ်ခုလုံးတွင် သူ့ဆရာပြီးလျှင် သူ(မ)က ဒုတိယဖြစ်၏။ ယခင်ကလည်း လူတချို့က သူ(မ)ကိုလိုက်ပိုးရန်အတွက် သိုင်းပညာအရာ၌ သူ(မ)ကို စိန်ခေါ်ခဲ့ဖူးသော်ငြား အဆုံးမှာတော့ ဆိုးဆိုးဝါးဝါးရိုက်နှက်ခံခဲ့ရသည်သာ။

"ကောင်းပြီလေ။ ဒါပေမဲ့ ရှင်ရှုံးရင် ဆေးရုံမှာ လဝက်လောက်လှဲနေရမှာနော်"

ယဲ့ရှန်းက အေးတိအေးစက်ပြောလိုက်၏။

ယဲ့ချန်းကလည်း စနောက်လေသည်။

"ငါနိုင်ရင် ဆုချမှာလား"

ယဲ့ရှန်းက သရော်ပြုံးပြုံးလိုက်ချေသည်။

"ဆုပေးတာပေါ့။ ကျွန်မရှုံးရင် ရှင်ကြိုက်တာလုပ်လို့ရတယ်"

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာ ဖြစ်၏။ အကယ်၍ သူ ဝမ်ချွင်းသိုင်းအကြောင်း သိလျှင်ပင် အများကြီးတော့မဖြစ်နိုင်ပေ။

ယဲ့ရှန်းကတော့ သူ(မ)ရှုံးလိမ့်မည်ဟု လုံးဝထင်မထားပေ။ ထို့ကြောင့် ချက်ချင်းသဘောတူလိုက်သည်။

"မိန်းကလေးယဲ့က စည်းမျဉ်းတစ်ခုထုတ်ထားတယ်။ သူ့ကိုနိုင်တဲ့လူကို သူကိုယ်တိုင် အနမ်းတစ်ပွင့်ပေးမယ်တဲ့"

ထိုစကားကိုကြားပြီးနောက် ယဲ့ချန်း၏မျက်ဝန်းအစုံ လင်းလက်သွားရသည်။

အကျိုးအမြတ်က တော်တော်ကြီးတာပဲ!

"တကယ်လား"

ယဲ့ရှန်းက စကားပြောလိုက်သောကျောင်းသားကို စူးစူးရဲရဲစိုက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"အမှန်ပဲ"

သခင်မလေးကို တစ်စုံတစ်ယောက်က စိန်ခေါ်နေကြောင်း သိလိုက်ရသောအခါ အားကစားရုံထဲရှိ လူအပေါင်းမှာ စုဝေးလိုက်ကြသည်။

ယဲ့ရှန်းက သိုင်းဝတ်စုံကိုလဲဝတ်၍ ထွက်လာသည်။

ဤဝတ်စုံကို ဝတ်လိုက်သည့်အခါ ယဲ့ရှန်းကို သူရဲကောင်းဆန်ပြီး ပိုရဲရင့်သွားစေသည်။ အထူးသဖြင့် သွယ်လျကျစ်လျစ်သော သူ(မ)၏ခန္ဓာကိုယ်လေးက ထိုဝတ်စုံအောက်တွင် ပို၍ဆွဲဆောင်ညှို့ငင်နိုင်စွမ်းရှိသွားသည်။

ရုပ်ရည်ရမှတ်၉၈မှတ်ရှိသော သူ(မ)၏ရုပ်ရည်နှင့် ပေါင်းလိုက်သောအခါ စင်စစ်ရှားပါးလှသော အလှပဂေးလေးတစ်ယောက်ဖြစ်သွားချေသည်။

ချယ်ရီနှုတ်ခမ်းတစ်စုံက သူ့မျက်နှာကို အနမ်းခြွေမည့်အဖြစ်ကို တွေးမိသောအခါ ယဲ့ချန်း ဂနာမငြိမ်မဖြစ်ဘဲ မနေနိုင်ချေ။

"ရှင် ချောင်ချောင်ချိချိရှိတဲ့ အဝတ်အစားကို လဲမဝတ်ဘူးလား"

ယဲ့ရှန်းက ကြိုးဝိုင်းထဲမှာ ပျင်းတိပျင်းလျော့မတ်တတ်ရပ်နေသော ယဲ့ချန်းကိုကြည့်၍ မေးလိုက်၏။

"မိနစ်ပိုင်းလောက်ပဲဟာကို..မလိုပါဘူး"

ယဲ့ချန်း ပြုံးလိုက်လေသည်။

"မိနစ်ပိုင်းလောက်တဲ့လား"

ယဲ့ချန်း၏ မောက်မာလှသော စကားများကို ကြားလိုက်ရချိန်ဝယ် ထိုနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

ယဲ့ရှန်းက ငယ်စဉ်ကတည်းက ဝမ်ချွင်းသိုင်းကို လေ့ကျင့်လာခဲ့ပြီး နိုင်ငံတွင်းမှာပင် ထိပ်တန်းဆယ်ယောက်စာရင်းဝင်သည်။

ဤလူငယ်လေးက သူ(မ)ကို မိနစ်ပိုင်းအတွင်း အနိုင်ယူနိုင်မည်ဟု ထင်နေခြင်းမှာ မောက်မာလှပေသည်။

ယဲ့ချန်း၏စကားကြောင့် ယဲ့ရှန်းလည်း မျက်ခုံးပင့်လိုက်မိသည်။

"ကောင်းပြီလေ။ အစတုန်းကတော့ ကျွန်မက ရှင့်ကို အိပ်ရာထဲမှာ နှစ်ရက်သုံးရက်လောက် မထနိုင်အောင်ပဲ လုပ်မလို့။ ဒါပေမဲ့ အခုတော့ စိတ်ပြောင်းသွားပြီ။ ရှင့်ကို တစ်လလောက် အိပ်ရာထဲက မထနိုင်အောင်လုပ်ပြမယ်"

ယဲ့ရှန်း မျက်ခုံးပင့်လျက် အေးတိအေးစက်ဆိုလိုက်ချေသည်။

ယဲ့ချန်းလို ယောကျ်ားတော်တော်များများက သူ(မ)ကို သိုင်းပညာကတစ်ဆင့် ချဉ်းကပ်ရန် ကြိုးစားခဲ့ဖူးသည်။ ထို့ကြောင့် ယဲ့ရှန်းအနေနှင့် ယဲ့ချန်းကိုလည်း ထိုလူများထဲမှ တစ်ယောက်အဖြစ်သာ စာရင်းသွင်းလိုက်၏။

ထို့ပြင် ယဲ့ချန်းက အခြားလူများထက် ပိုမောက်မာပေသည်။

သူ(မ)ကို အနမ်းပေးချင်ပါက တန်ရာတန်ကြေးကိုတော့ ပေးဆပ်ရလိမ့်မည်။

ယဲ့ရှန်း၏မျက်ဝန်းများမှာ လက်ခနဲဖြစ်သွားလေသည်။ ထို့နောက် ယဲ့ချန်း၏မျက်နှာတည့်တည့်ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ယဲ့ချန်းကလည်း မကောင်းဆိုးဝါးဆန်‌သော အပြုံးတစ်ပွင့်ကို ဆင်မြန်း၍ ထိုလက်သီးချက်ကို အသာလေးရှောင်တိမ်းလိုက်သည်။

ယဲ့ရှန်း၏လက်သီးချက်က လွဲသွားသဖြင့် မျက်ခုံးပင့်လိုက်မိပြီး နောက်တစ်ချက်ထပ်ထိုးလိုက်သည်။

ဘန်း ဘန်း ဘန်း!

ယဲ့ရှန်း သုံးချက်ဆက်တိုက်ပစ်သွင်းလိုက်၏။ သို့သော် ယဲ့ချန်းကတော့ အသာလေးရှောင်တိမ်းလိုက်သည်။

ယဲ့ရှန်းလည်း ခဏမျှတုံ့ဆိုင်းသွားသည်။ ယဲ့ချန်းက ဤမျှမြန်မြန်ဆန်ဆန်ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူ(မ) ထင်မထားချေ။

ဒီလူ့မှာ အစွမ်းအစနည်းနည်းတော့ရှိပုံပဲ…

ယဲ့ရှန်း၏မျက်ဝန်းများ အနည်းငယ်မှေးကျဉ်းလိုက်မိပြီး သူ့ကို အထင်မသေးရဲတော့ပေ။

ယဲ့ချန်း ရယ်လိုက်မိသည်။

"မင်းက မိန်းကလေးဆိုတော့ ငါ မင်းကို အကွက်သုံးကွက်အကျောပေးထားတာ။ အခု ငါ တန်ပြန်တိုက်ခိုက်ဖို့ အချိန်ကျပြီ"

သူက စကားဆုံးသည်နှင့် ရှေ့တိုး၍ ယဲ့ရှန်းရှေ့တည့်တည့်၌ ပေါ်လာလေသည်။

ဘန်း ဘန်း ဘန်း!

ယဲ့ချန်း၏လက်သီးချက်များက လျှပ်စီးအလားပင်။

ယဲ့ရှန်းခမျာ သူ(မ)၏မျက်စိရှေ့တွင် လျှပ်စီးလက်သွားသလိုသာ ခံစားလိုက်ရသည်။ ထိုလက်သီးက သူ(မ)၏မျက်နှာပေါ်သို့ ကျရောက်လာမည့်ဟန်တူသော်ငြား မီလီမီတာအနည်းငယ်အကွာတွင် ရပ်တန့်သွားလေသည်။

ယဲ့ရှန်းလည်း ခြေလှမ်းအနည်းငယ်မျှ ပြန်ဆုတ်၍ ပင့်သက်ရှိုက်လိုက်မိသည်။

ယဲ့ချန်း၏လက်သီးအရှိန်မှာ အံ့ဖွယ်ကောင်းလောက်အောင် မြန်လွန်းလှသည်။ ဝမ်ချွင်းသိုင်း၏အနှစ်သာရမှာ အမြန်နှုန်းပင်။ ယဲ့ချန်းက ထိုအမြန်နှုန်းကို အပြည့်အဝပြသနိုင်ခဲ့သည်။

အစောပိုင်းက ယဲ့ချန်းပစ်သွင်းလိုက်သော လက်သီးချက်များက သူ(မ)ကို ထိမှန်နိုင်သည်။ သို့တိုင် ယဲ့ချန်းကတော့ သူ(မ)ကိုထိခါနီးတိုင်း ပြန်ဆုတ်ခွာသွားသည်သာ။

သို့မဟုတ်ပါက ယခုလောက်ဆိုလျှင် သူ(မ) ကြမ်းပြင်ပေါ် လဲနေလေပြီ။

အားကစားရုံတစ်ခုလုံးလည်း တိတ်ဆိတ်ကုန်သည်။

လူတိုင်း အံ့ဩမှင်တက်နေကြသည်။ ပြိုင်ဘက်ကင်းသော ယဲ့ရှန်းက ယဲ့ချန်းကို ပြန်မတိုက်နိုင်ဘဲ ရှိလိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။

သိုင်းပညာရှင်များအားလုံးကလည်း ယဲ့ချန်းက ယဲ့ရှန်းအပေါ် ညှာတာပေးထားကြောင်း သဘောပေါက်ကြသည်။

ယဲ့ချန်းကပြုံးလျက် ယဲ့ရှန်းကို မေးလိုက်၏။

"ဆက်ပြိုင်ဦးမလား"

"ဒါပေါ့ ပြိုင်ရမှာပေါ့"

ယဲ့ရှန်းကတော့ အရှုံးကိုလက်မခံနိုင်ပေ။ အရှုံးကို ဝန်ခံလိုက်လျှင် ဤလူ့ထံမှ သူ(မ) အနမ်းခံရမည်ဟူသော သဘောပင်။ ထို့ကြောင့် သူ(မ) ရှုံးလို့မဖြစ်ပေ။

ဝှစ် ဝှစ် ဝှစ်!

ယဲ့ရှန်းလည်း နှစ်ပေါင်းများစွာကြာအောင် သူ(မ)ဖုံးကွယ်ထားခဲ့သော သိုင်းကွက်များကိုပါ ထုတ်သုံး၍ ဆက်ထိုးလိုက်သည်။

သို့သော် ယဲ့ချန်းက အသာလေးရှောင်တိမ်းနိုင်သဖြင့် သူ(မ) မွန်းကျပ်ရသည်။ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို လာကစားနေသလိုပင်။

ယဲ့ချန်း ရယ်လိုက်မိ၏။

"အလှလေး… ငါ တက္ကစီမောင်းရဦးမှာ။ မင်းနဲ့ ကစားနေဖို့ အချိန်မရှိဘူး။ လက်စသတ်လိုက်ကြတာပေါ့"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ဤတစ်ခေါက်မှာမူ ရှောင်တိမ်းမနေတော့ဘဲ တိုက်စစ်ဆင်လေတော့သည်။

ယဲ့ရှန်းခမျာ ထိုတိုက်စစ်ကို ရှောင်တိမ်းနိုင်ခြင်းမရှိပေ။ ယဲ့ချန်း၏ထိုးချက်များကို ရှောင်တိမ်းရန် ကြိုးစားရင်း ခြေချော်ပြီး ကြိုးဝိုင်းပေါ်မှ ပြုတ်ကျသွားသည်။

ယဲ့ချန်းကလည်း "လမင်းကိုထွေးပွေ့ခြင်း"သိုင်းကွက်ကိုသုံး၍ သူ(မ)ကို ရင်ခွင်ထဲသို့ သွင်း၍ ထိန်းထားလိုက်ရသည်။

ဝိုး!

ဤမြင်ကွင်းကိုမြင်သောအခါ အားကစားရုံထဲရှိ သိုင်းပညာရှင်များမှာ လုံးဝတိတ်ဆိတ်ကုန်ကြသည်။

ဤသည်မှာ ပေါက်ကွဲအားပြင်းလှချေသည်။

သူတို့၏ဆရာတူညီမဖြစ်သူ နတ်ဘုရားမလေးက လူတစ်ယောက်၏ ရင်ခွင်ထဲသို့ ရောက်သွားလေသည်။

ထိုအခိုက်အတန့်ဝယ် ယဲ့ရှန်း၏မျက်နှာမှာ ပို၍ပင် ရှက်သွေးဖြာသွားရသည်။ သူ(မ) အသားယူခံနေရတာ သိသာသော်လည်း ဘာမှမပြောနိုင်ခဲ့ပေ။

အကြောင်းမှာ ထိုလူက သူ(မ)ကို ကယ်တင်ပေးခဲ့သောကြောင့်ပင်။

ယဲ့ချန်းသာ မလှုပ်ရှားလိုက်ပါက သူ(မ)လည်း ကြိုးဝိုင်းပေါ်မှ ပြုတ်ကျသွားပြီဖြစ်၏။

ယဲ့ချန်းကတော့ ယဲ့ရှန်း၏ခါးသွယ်သွယ်လေးကိ ကိုင်ထားရင်း ကြည်နူးမိသည်။ သို့သော် ယဲ့ရှန်း၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို မြင်လိုက်ရချိန်ဝယ် သူလည်း အသိတရားရှိရှိ လွှတ်ပေးလိုက်သည်။

ယဲ့ချန်း အနောက်သို ခြေနှစ်လှမ်းဆုတ်ပြီး လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်၏။

"ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးယဲ့"

ယဲ့ရှန်းခမျာ ငေးငိုင်သွားရသည်။ ဤတက္ကစီဒရိုင်ဘာ၏ ဝမ်ချွင်းသိုင်းက ဖြုံချင်စရာကောင်းလိမ့်မည်ဟု သူ(မ) ထင်မထားချေ။

သူ(မ)၏အဖေကိုယ်တိုင်ပင် ယဲ့ချန်းကို ယှဉ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူ(မ) ရှင်းရှင်းလင်းလင်းသိသည်။

အားကစားရုံထဲရှိ လူတိုင်းလည်း လုံးဝငေးကြောင်သွားလေသည်။

အစောတုန်းက ယဲ့ချန်းပြသသွားသော ခွန်အားမှာ စင်စစ်သန်မာလွန်းလှ၏။ သူက ဝမ်ချွင်းသိုင်း၏ ဝိသေသလက္ခဏာဖြစ်သော အရှိန်နှင့် တိကျမှုကို ကောင်းကောင်းထုတ်ပြသွားခဲ့သည်။

အနိုင်ရပြီးနောက် ယဲ့ချန်းက ဆုလာဘ်ကို မတောင်းဆိုတော့ဘဲ သည်အတိုင်းသာ လှည့်ပြန်ရန် ပြင်လိုက်၏။

ထိုအခိုက်မှာ ယဲ့ရှန်း၏အသံက အနောက်မှထွက်ပေါ်လာသည်။

"ရပ်လိုက်"

ယဲ့ချန်းလည်း တုံ့ခနဲရပ်လိုက်ပြီးနောက် တစ်ဖက်လှည့်ကာ ပြုံးပြလိုက်သည်။

"အလှလေး ကိစ္စရှိသေးလို့လား"

ယဲ့ရှန်း၏မျက်နှာကား ရဲခနဲဖြစ်သွားသည်။

"ကျွန်မ ယဲ့ရှန်းက အမြဲကတိတည်တယ်။ ကျွန်မ ရှုံးသွားပြီဆိုမှတော့ ကျွန်မကတိကို ဖြည့်ဆည်းပေးရမှာပေါ့"

"ကတိလား"

ယဲ့ချန်းလည်း ထိုအနမ်းတစ်ပွင့်ကို ရုတ်တရက်သတိရလိုက်သည်။ သူ သေချာပေါက်မမေ့ပါချေ။ သူက အမှုမထားဟန်ဖြင့် ထွက်သွားရန် ဟန်ဆောင်နေခြင်းသာဖြစ်၏။ ယဲ့ရှန်း သူ့အား တားလိမ့်မည်ဟု ကြိုသိထားသည်။

သူ့ဘက်ကသာ တက်တက်ကြွကြွတောင်းဆိုလိုက်လျှင် သူ့ပုံစံက နှာဘူးဆန်သွားပေလိမ့်မည်။

သို့သော် ယခုမူ အလှလေးကိုယ်တိုင် ကမ်းလှမ်းလာသည်ဖြစ်ရာ မတူတော့ပေ။ သူ လိုချင်ပါသော်ငြား ဤသို့သာ ပြောလိုက်လေသည်။

"အလှလေး ထားလိုက်ပါတော့.. အဲဒါက ဒီအတိုင်းနောက်လိုက်တာပါ"

သို့သော် ယဲ့ရှန်းကတော့ ယဲ့ချန်းနားသို့ လျှောက်သွားပြီး ပြောလိုက်၏။

"ရှင်က ကျွန်မကို မယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်မလို့လား"

သူ(မ)၏စကားဆုံးသည်နှင့် ယဲ့ချန်းမှာ သူ့မျက်နှာထက်တွင် စိုစွတ်သွားသလို ခံစားလိုက်ရ၏။

ဝိုး သူ အနမ်းခံလိုက်ရတာပဲ!

•••••••••••••

All Chapters