ငါ့အတွင်းရေးမှူးလုပ်ပေး
Vol. 6 Ch. 86
ခန်းမတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။ ခန်းမထဲရှိ လူငယ်လေးများအားလုံးလည်း အသည်းကွဲသွားရသည်။
နတ်ဘုရားမ၏ပထမဆုံးအနမ်းကတော့ ပါသွားလေပြီ..
ယဲ့ရှန်းက နမ်းပြီးသည်နှင့် မျက်နှာလှလှလေးက ရှက်သွေးဖြာသွားရလေတော့သည်။
"ယဲ့ချန်း.. ရှင့်ကတိကို မမေ့နဲ့နော်။ မနက်ဖြန်ညရှစ်နာရီကျရင် ဒီနေရာကိုပဲလာခဲ့။ ကျွန်မ ရှင့်ကိုစောင့်နေမယ်"
ယဲ့ရှန်းက လီချန်းနှင့်ပြိုင်ရမည့်ပွဲကို ပြောချင်နေမှန်း ယဲ့ချန်း ကောင်းကောင်းသိသည်။
"စိတ်မပူပါနဲ့"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်း၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း ယဲ့ရှန်း သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
သူ(မ)အဖေက အသက်လည်းကြီးပြီး အတွင်းဒဏ်ရာများလည်း ရထားသည်။ သူက အရှုံးမပေးချင်သော်ငြား လီချန်းကို သူမယှဉ်နိုင်ကြောင်း လူတိုင်း နားလည်ထားသည်။
သူသာ ရှုံးသွားလျှင် ဝမ်ချွင်းသိုင်းလည်း အခြားသိုင်းများကဲ့သို့ လှောင်ရယ်ခံရပေလိမ့်မည်။ ရှုံးသွားပါက သူ(မ)၏အဖေလည်း ခံနိုင်ရည်ရှိမည်မဟုတ်။
ယဲ့ချန်း..ရှင်ကတော့ ကျွန်မကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။
"ဆရာတူညီမ.. ခုနတုန်းကလူက ဘယ်သူလဲ"
"သူက အရမ်းတော်တာပဲ"
"သူက မင်းရှာတွေ့ထားတဲ့ သိုင်းအကျော်အမော်လား ဆရာတူညီမ"
လူငယ်သိုင်းပညာရှင်များအားလုံးက ယဲ့ချန်းအကြောင်း စိတ်ဝင်တစားမေးမြန်းကြသည်။
ယဲ့ရှန်းလည်း နူးညံ့ညင်သာစွာ စကားဆိုလိုက်၏။
"သူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ"
တက္ကစီဒရိုင်ဘာလား?
ပတ်ပတ်လည်ကား တိတ်ဆိတ်သွားပြန်လေသည်။
ဒီနေ့ခေတ်မှာ တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင်တော်နေပြီလား?
ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရသောအခါ လူတိုင်း ကြက်သေသေကုန်ကြသည်။
ယဲ့ချန်းကတော့ မိုတုဘဏ္ဍာရေးအိမ်တော်သို့ မောင်းလာခဲ့လိုက်သည်။
မိုတုဘဏ္ဍာရေးအိမ်တော်က မိုတုမြို့၏ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး အနောက်ဘက်တွင် ဖူရှီမြစ်နှင့် ဟွမ်းဖူမြစ်တို့ရှိကာ တောင်ဘက်တွင် မိုတုစီးပွားရေးလမ်းမကြီး တည်ရှိ၏။
ဧရိယာအကျယ်အဝန်းမှာ ၁၆၆၀၀စတုရန်းမီတာရှိပြီး အဆောက်အဦးဧရိယာစုစုပေါင်း ၃၈၁၆၀၀စတုရန်းမီတာရှိ၏။ အထပ်ပေါင်း၁၀၁ထပ်နှင့် မြေအောက်ထပ်သုံးထပ်လည်းပါရှိကာ အမြင့်၄၉၂မီတာရှိသည်။
အပြင်ပန်းပုံသဏ္ဍာန်မှာ စတုရန်းသဏ္ဍာန်ရှိပြီး "တစ်နှစ်တာ၏အမြင့်ဆုံးအဆောက်အအုံ"အဖြစ် သတ်မှတ်ခံထားရသည်။
ယခုမူ ဤအဆောက်အဦး၏ပိုင်ရှင်မှာ ယဲ့ချန်း ဖြစ်လာခဲ့လေပြီ။
ယဲ့ချန်း အဝင်ဝသို့ ရောက်သွားသည်နှင့် မိုတုစီးပွားရေးစင်တာ၏ မန်နေဂျာလီယွမ် သူ့အား နှုတ်ဆက်လေသည်။
"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"
လီယွမ်က တရိုတသေဦးညွှတ်ချေသည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် မိုတုစီးပွားရေးစင်တာထဲသို့ ဝင်သွားလိုက်သည်။
လီယွမ်ကတော့ ထိုလူငယ်လေးကို စိတ်ဝင်တစားအကဲခတ်နေလေသည်။
ဘီလျံပေါင်းများစွာတန်ဖိုးရှိသော မိုတုစီးပွားရေးစင်တာမှာ မိုတုမြို့တွင် အထင်ကရအဆောက်အအုံတစ်ခုပင်။
သို့သော် ယနေ့တွင် ထိုအဆောက်အအုံပိုင်ရှင်က ယဲ့ချန်းဖြစ်သွားပြီဟု သူ သတင်းရလိုက်သည်။
ဤမျှတန်ဖိုးကြီးမားသော အဆောက်အအုံတစ်ခုကို ဝယ်ယူရန်အတွက်ဆိုလျှင် ချမ်းသာကြွယ်ဝရုံတင်မကဘဲ အင်အားတောင့်တင်းလှသော နောက်ခံလည်းရှိဖို့လိုအပ်သည်။
ဖြုံချင်စရာကောင်းသော လူငယ်လေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ လီယွမ်လည်း အထင်မသေးရဲချေ။
"အထပ် B2 B1နဲ့ မိုတုစီးပွားရေးစင်တာနှစ်နဲ့သုံးက ဈေးဝယ်စင်တာတွေနဲ့ စားသောက်ဆိုင်တွေပါ။ ၇လွှာကနေ ၇၇လွှာအထိကတော့ ရုံးခန်းတွေပါ။ ၇၉လွှာကနေ ၉၃လွှာအထိက ဟိုတယ်တွေပါ။ ၉၄လွှာ ၉၇လွှာနဲ့ ၁၀၀ကတော့ စောင့်ကြည့်စစ်ဆေးရေးအလွှာတွေပါ"
လီယွမ်က ယဲ့ချန်းကို ရှင်းပြလိုက်သည်။
"ငါ့ရုံးခန်းရော အဆင်သင့်ပဲလား"
ယဲ့ချန်း မေးလိုက်သည်။
"အဆင်သင့်ဖြစ်ပါပြီ။ တစ်ချက်ကြည့်ကြည့်လိုက်ပါ။ စိတ်တိုင်းမကျတာရှိရင်လည်း ကျွန်တော်တို့ ပြန်ပြင်ပေးနိုင်ပါတယ်"
လီယွမ်က ပြန်ဖြေလိုက်သည်။
ယဲ့ချန်းလည်း ဥက္ကဋ္ဌရုံးခန်းဆီသို့ လီယွမ်အနောက်က လိုက်သွားချေသည်။
ရုံးခန်းမှာ ငါးရာစတုရန်းမီတာကျယ်ဝန်းပြီး တောက်ပပြီး အဖိုးတန်လှသော ပြတင်းပေါက်ရှည်များကို တပ်ဆင်ထားသည်။ မျက်နှာချင်းဆိုင်တွင်လည်း ဟွမ်ဖူမြစ်တည်ရှိပြီး မိုတုတစ်မြို့လုံးက သူ့အောက်တွင် ရှိပေသည်။
ဤရုံးခန်းကို ယဲ့ချန်း အလွန်စိတ်တိုင်းကျသည်။
"အဆင်ပြေတယ်။ မဆိုးဘူး။ အရမ်းစိတ်တိုင်းကျတယ်"
ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။
"ဥက္ကဋ္ဌယဲ့.. အလုပ်ဆက်လုပ်လိုက်ပါဦး။ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကိုခေါ်လိုက်ပါ"
လီယွမ်က တလေးတစားပြောလိုက်သည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းယောင်ယောင်ကို ဖုန်းဆက်လိုက်၏။
"မင်း အခု လာခဲ့လို့ရပြီ"
"ကောင်းပါပြီ ဥက္ကဋ္ဌယဲ့.. ကျွန်မ အခုချက်ချင်းလာခဲ့မယ်"
စိတ်လှုပ်ရှားနေသော လင်းယောင်ယောင်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းများမှာ အပြုံးတစ်ခုအဖြစ် ကော့တက်သွားချေသည်။
မင်းက နှစ်တစ်ထောင်မြေခွေးတစ်ကောင်ဆိုရင်တောင် ငါ မင်းရဲ့သရုပ်မှန်ကို ရအောင်ဖော်ထုတ်ပြမယ်…
နာရီဝက်အကြာတွင် OLစီးပွားရေးဝတ်စုံကို ဝတ်ဆင်ထားသော လင်းယောင်ယောင်က ယဲ့ချန်း၏ရုံးခန်းထဲသို့ ဝင်လာသည်။
လင်းယောင်ယောင်၏ရုပ်ရည်ရမှတ်က ၉၆မှတ်ဖြစ်ပြီး ဆွဲဆောင်မှုရှိသော OLဝတ်စုံနှင့်ပေါင်းလိုက်သောအခါ သူ(မ)မှာ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသွားသည်။
စနစ်၏ အန္တရာယ်သတိပေးချက်ကြောင့်သာ မဟုတ်ပါက၊ သူ့မှာ Hackingစွမ်းရည်ရှိနေသောကြောင့်သာ မဟုတ်ပါက ဤအလှလေး၏ထောင်ချောက်တွင် ယဲ့ချန်း ပိတ်မိသွားနိုင်သည်။
ကံဆိုးချင်တော့ ဤအမျိုးသမီးက လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်းသိထားသည်ဖြစ်ရာ သူ(မ) ဘယ်လောက်လှလှ သူကတော့ သူ(မ)ကို စိတ်ရင်းအစစ်အမှန်ဖြင့် ကြွေမိမည်မဟုတ်။
"ကျွန်မ အခု ရှင့်ကို ဘော့စ်ယဲ့လို့ ခေါ်သင့်လား"
လင်းယောင်ယောင်က ချစ်စဖွယ်ကောင်းအောင် ပြုံးလိုက်၏။
တက္ကသိုလ်တုန်းက လင်းယောင်ယောင်က ကျောင်းတွင်းနတ်ဘုရားမဖြစ်ပြီး ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော အပြုံးလေးကို အရယူရန်မှာ ယောကျ်ားတော်တော်များများ၏ အိပ်မက်ပင်။
သို့သော် ယခုတော့ ယဲ့ချန်း စိတ်လှုပ်ရှားခြင်းမရှိတော့ချေ။
လူဆိုသည်မှာ သည်အတိုင်းပင်။ တစ်စုံတစ်ယောက်ကို နတ်ဘုရားမအဖြစ် သတ်မှတ်ထားလျှင် တုံးအသွားတတ်သည်။ လုပ်သမျှအပြုအမူတိုင်းကို သတိကြီးကြီးထားမိနေပြီး သူ(မ) စိတ်ဆိုးသွားမည်ကို စိုးရိမ်မိမည်။ သူ(မ) မပျော်မရွှင်ဖြစ်သွားမည်ကို စိုးရိမ်မိမည်။ သူ(မ)ထံမှ အပြုံးတစ်ပွင့်ရလိုက်လျှင်ပင် ဆုလာဘ်ချီးမြှင့်ခံရသည့်အလား ခံစားရမည်။
သို့သော် သူ(မ)ကို အလေးအနက်မထားတော့ပါက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားတော့မည်မဟုတ်။
"မင်္ဂလာမနက်ခင်းပါ.. ကြိုဆိုပါတယ်"
ယဲ့ချန်းက တောက်တောက်ပပပြုံး၍ ပြောလိုက်၏။
"ဘော့စ်ယဲ့..ရှင် ကျွန်မကို ဘာရာထူးပေးမှာလဲ"
လင်းယောင်ယောင်က စိတ်အားထက်သန်မှုအပြည့်ဖြင့် မေးလိုက်၏။
"ငါ့ရဲ့အတွင်းရေးမှူးလုပ်လေ"
ယဲ့ချန်း ရယ်လိုက်မိသည်။
"ဘာရယ်? အတွင်းရေးမှူးလုပ်ရမှာလား"
လင်းယောင်ယောင်၏စိတ်ထဲမှာ ပျော်ရွှင်မြူးကြွနေချေသည်။ သူ(မ) စိတ်ကျေနပ်နေသော်ငြား ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားသူတစ်ယောက်ဖြစ်သောကြောင့် မျက်နှာပေါ်မှာတော့ ထုတ်မပြချေ။
ယဲ့ချန်း စနောက်လိုက်သည်။
"မင်းက ဒီလောက်ချောမောလှပပြီး နိုင်ငံခြားပြန်ဆိုတော့ ငါ့အတွင်းရေးမှူးလုပ်ဖို့ ကွက်တိပဲလေ။ ဒီလိုရုံးခန်းအကျယ်ကြီးထဲမှာ ငါတစ်ယောက်တည်းဆိုရင် အထီးကျန်တာပေါ့"
လင်းယောင်ယောင် တုံ့ဆိုင်းသွားရသည်။ ယဲ့ချန်းက ယခုလိုပုံစံမျိုးမဟုတ်ကြောင်း သူ(မ) မှတ်မိသည်။
ရိုးသားပြီး နုံအသည်။
ယောကျ်ားများက ပိုက်ဆံရှိလာလျှင် ပြောင်းလဲသွားတတ်သည်မှာ အမှန်ပင်တည်း။
ထို့ကြောင့် လင်းယောင်ယောင်၏အပြစ်ရှိစိတ်များလည်း ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။
"ရှင်က ကျွန်မကို တစ်ခုခုကြံစည်နေတာများလား"
လင်းယောင်ယောင်က ခေါင်းစောင်းလျက် ဆွဲဆောင်မှုရှိရှိပြုံးလိုက်ပုံမှာ ကောက်ကျစ်သော မြေခွေးတစ်ကောင်အလားပင်။
"မတတ်နိုင်ဘူးလေ… မင်းက အရမ်းလှတော့ အတွင်းရေးမှူးရာထူးမှ မထားလိုက်ရရင် အရည်အချင်းကို ဖြုန်းတီးသလို ဖြစ်နေမှာပေါ့"
ယဲ့ချန်း ပခုံးတွန့်ပြလိုက်သည်။
လင်းယောင်ယောင်က ယဲ့ချန်း၏သရုပ်မှန်ကို သိရဖို့အတွက် ချဉ်းကပ်လာခြင်းဖြစ်၏။ သူ့အတွင်းရေးမှူးအဖြစ် သူနှင့်နီးကပ်နေရန်မှာ သူ(မ) မျှော်မှန်းထားသော အနေအထားပင်။
ထို့ကြောင့် လင်းယောင်ယောင်လည်း တွေဝေတုံ့ဆိုင်းခြင်းမရှိပါဘဲ စာချုပ်တွင် လက်မှတ်ထိုးလိုက်၏။
ယဲ့ချန်းက ဖုန်းထုတ်၍ ဂိမ်းကောက်ဖွင့်ကာ ရုံးခန်းတံခါးဝတွင် ထိုင်နေသော လင်းယောင်ယောင်ကို ကြည့်လိုက်၏။
"ယောင်ယောင် ဒီကိုခဏလာပါဦး"
လင်းယောင်ယောင် အနားသို့ လျှောက်သွားလိုက်သည်။
"တစ်ခုခုလိုအပ်လို့လား ဥက္ကဋ္ဌယဲ့"
"ဪ ငါ့ပခုံးတွေညောင်းနေလို့။ မင်း နှိပ်ပေးလို့ရမလား"
"ဘာရယ်"
လင်းယောင်ယောင် ရုတ်တရက်ဒေါသထွက်သွားချေသည်။
ပခုံးကို နှိပ်ပေးရမတဲ့လား?
ကျွန်မက နိုင်ငံခြားပြန်PhDဘွဲ့ရပါနော်…
ကျွန်မလို ဂုဏ်သိက္ခာမြင့်မားတဲ့ နိုင်ငံခြားပြန်PhDဘွဲ့ရတစ်ယောက်ကို ရှင်က ပခုံးနှိပ်ပေးဖို့ လာပြောနေတယ်ပေါ့?
လင်းယောင်ယောင်က သူ(မ)ကိုယ်သူ(မ) အမြဲဂုဏ်ယူဝင့်ကြွားခဲ့သည်။
သူ(မ)ရှေ့တွင် ယောကျ်ားများကသာ ဖော်လံဖားများအဖြစ် သူ(မ)၏အမိန့်မှန်သမျှကို နာခံရသည်။
သူ(မ)နားလည်ထားသလောက်ဆိုလျှင် သူ(မ)က ချောမောလှပပြီး သူတို့ကလည်း အတန်းဖော်များဖြစ်သည့်အတွက် ယဲ့ချန်းကသာ သူ(မ)ကို စိတ်ကျေနပ်အောင် လုပ်ပေးသင့်သည်မဟုတ်လား။
သို့သော် ယဲ့ချန်းက သူ(မ)ကို အစေခံတစ်ယောက်နှယ် ဆက်ဆံနေပေသည်။
ဤဇာတ်ညွှန်းကား လုံးဝမှားနေလေပြီ။
"မြန်မြန်လုပ်.. ငါ မင်းကို ပခုံးနှိပ်ခိုင်းနေတာမဟုတ်လား။ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ"
ယဲ့ချန်းက စိတ်မကျေနပ်ဟန်ဖြင့် လင်းယောင်ယောင်ကို လှည့်ကြည့်လိုက်သည်။
သို့သော် ဂုဏ်သိက္ခာရှိလှသော Ph.Dဘွဲ့ရကြီးကတော့ တုတ်တုတ်မျှမလှုပ်ချေ။
"ယဲ့ချန်း ကျွန်မက နိုင်ငံခြားပြန်Ph.Dဘွဲ့ရတစ်ယောက်ပါ။ ကိုယ့်အိပ်မက်ကို ဖြည့်ဆည်းဖို့ရောက်လာတာ။ ရှင့်ဆီမှာ ကျွန်ခံပြီး အရှက်ကွဲဖို့အတွက်မဟုတ်ဘူး"
လင်းယောင်ယောင် အလွန်ဒေါသထွက်သွားသည်။
သူ(မ)မှာ မစ်ရှင်တစ်ခုရှိနေသောကြောင့်သာ မဟုတ်ပါက အစောကတည်းက ထွက်သွားပြီးနေလောက်ပြီ။
သို့သော် ယဲ့ချန်းကတော့ အေးအေးလူလူသာ။
"အရှက်ကွဲတယ်တဲ့လား? မင်း အတွေးလွန်နေပြီ။ စာလေ့လာရတဲ့ရည်ရွယ်ချက်က ဘာလဲ။ ပိုက်ဆံရှာဖို့မဟုတ်လား။ စိတ်မပူပါနဲ့။ ငါ မင်းကို နိုင်ငံခြားပြန်Ph.Dဘွဲ့ရတစ်ယောက်နဲ့တန်တဲ့ လစာကိုပေးမှာပါ။ နည်းနည်းလေးတောင် မနစ်နာစေရဘူး။ မင်း မလုပ်ချင်ဘူးဆိုရင်လည်း ငါ့အတွင်းရေးမှူးလုပ်ပြီး ပခုံးနှိပ်ပေးချင်တဲ့လူတွေမှ တန်းစီနေတာ"
လင်းယောင်ယောင်လည်း ဇဝေဇဝါဖြစ်သွားလေသည်။
လင်းယောင်ယောင်လှည့်ထွက်သွားဖို့ ယဲ့ချန်း တကယ်မျှော်လင့်မိသည်။ သူ(မ)ကသာ သူ့ကို ပစ်မှတ်မထားလျှင် သူ့ဘက်ကလည်း သူ(မ)လုပ်ခဲ့သည့်လုပ်ရပ်ကို ဂရုစိုက်မည်မဟုတ်ချေ။
သို့သော် လင်းယောင်ယောင်က သူ့အနောက်တွင် လာရပ်၍ နူးညံ့လှသော သူ(မ)၏လက်ကလေးများကို သူ့ပခုံးပေါ်တွင်တင်၍ စတင်နှိပ်နယ်ပေးနေသောကြောင့် ယဲ့ချန်း စိတ်ပျက်သွားရသည်။
ထို့ကြောင့် သက်ပြင်းချလိုက်မိသည်။
"အာ.. ငါ မင်းကို အခွင့်အရေးပေးပြီးပြီနော်"
••••••••••••