← Chapters

လိုင်ကန်

Vol. 6 Ch. 88

လိုင်ကန်

Vol. 6 Ch. 88

ယဲ့ချန်းက ဇာတ်လမ်းတစ်ခုပြောပြမည်ဟု ဆိုလာသည့်အခါ လင်းယောင်ယောင် တဒင်္ဂမျှ ကြက်သေသေသွားသည်။

"ပြောလေ"

ယဲ့ချန်း ဇာတ်လမ်းတစ်ပုဒ် စပြောလေတော့သည်။

တစ်ခါတုန်းက ကြက်မွေးမြူရေးလုပ်သည့် လယ်သမားတစ်ယောက်ရှိ၏။ တစ်နေ့မှာ သူ့သူငယ်ချင်းက လယ်ကွင်းထဲမှ ပြောင်းဖူးခိုးနေတာကို မြင်လိုက်ပြီး ထိုသူငယ်ချင်းကို သူခိုးဟု မှတ်ယူကာ မယုံကြည်ထိုက်ဟုသတ်မှတ်ပြီး အဆက်အသွယ်ဖြတ်လိုက်၏။

နောက်ပိုင်းမှသာ သူ့သူငယ်ချင်းက အကြောင်းအရင်းကို မေးလာခဲ့သည်။

ထိုလယ်သမားက ပြောလိုက်၏။

"မင်းက သူခိုးလေ"

ထိုသူငယ်ချင်းကလည်း ပြန်ပြောလိုက်သည်။

"ငါ မင်းဆီက ကြက်တစ်ကောင််ဝယ်လို့ရမလား"

ထိုလယ်သမားကလည်း ရကြောင်းပြောလိုက်၏။

သူငယ်ချင်းဖြစ်သူက အမွေးများကျွတ်ပြီး သေခါနီးဆဲဆဲဖြစ်နေသော ကြက်တစ်ကောင်ကို ရွေးလိုက်၏။

ထိုလယ်သမားကလည်း နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။

"ငါ့လယ်ကွင်းထဲမှာ ကြက်တွေအများကြီးရှိတယ်။ အကုန်လုံးက ကျန်းကျန်းမာမာနဲ့သန်သန်စွမ်းစွမ်းတွေချည်းပဲ။ မင်း ဘာလို့ ဒီသေခါနီးကြက်ကိုမှ ရွေးယူရတာလဲ"

သူငယ်ချင်းဖြစ်သူက ဆိုလေသည်။

"ငါ ဒီကြက်ကို တံခါးဝမှာချထားပြီး မင်းဆီက ဝယ်ခဲ့တာပါလို့ လူတိုင်းကို ပြောမလို့"

ထိုလယ်သမားကလည်း အလွန်စိတ်လှုပ်ရှားသွားပြီး ပြောလိုက်လေသည်။

"ငါ့ကြက်တွေက ဒီတစ်ကောင်ကလွဲရင် အကုန်လုံး အကောင်းတွေချည်းပဲ။ ဒီတစ်ကောင်လေးကြောင့်နဲ့ ငါ့ကြက်တွေရဲ့အရည်အသွေးကို ဘယ်ဆုံးဖြတ်လို့ရမလဲ"

ထိုသူငယ်ချင်းကလည်း ဆို၏။

"အဲဒီနေ့တုန်းက ငါ ပြောင်းဖူးတစ်ဖူးခူးမိတာနဲ့ပဲ ငါ့ကိုယ်ကျင့်သိက္ခာက မကောင်းဘူးလို့ မင်းတွေးလိုက်ရောလား။ ငါ အဲဒီပြောင်းဖူးကို ခူးခဲ့တာမှန်တယ်။ ဒါပေမဲ့ ပိုင်ရှင်ကို ပြောပြီးသား။ အဲဒါလေးကြောင့်နဲ့ မင်း ငါ့ရဲ့ကိုယ်ကျင့်တရားကို သတ်မှတ်ချင်တိုင်း သတ်မှတ်လိုက်ရသလား"

လင်းယောင်ယောင်က ဝိုင်သောက်ရင်း ထိုဇာတ်လမ်းကို နားထောင်နေသည်။

ထိုအချိန်မှာပင် ယဲ့ချန်းက တီဗီဖွင့်လိုက်လေသည်။ တီဗီတွင် အံ့ဖွယ်ဟွာရှားအစီအစဉ်ကို ပြသနေသည်။

လင်းယောင်ယောင် ကြက်သေသေသွားရသည်။

ဒါက ဘာအဓိပ္ပာယ်လဲ?

ရိုမန့်တစ်ဆန်သော ဤအခြေအနေမျိုးတွင် ထိုဇာတ်လမ်းကို ဖွင့်ပြခြင်းမှာ သင့်တော်ရဲ့လား။

သို့သော် ထိုဇာတ်လမ်းထဲရှိ အကြောင်းအရာကြောင့် လင်းယောင်ယောင် စိတ်ဝင်စားသွားရသည်။

ယခင်က အားနည်းနေခဲ့သော ဟွားနိုင်ငံက အင်အားတောင့်တင်းလာတာကို မြင်သောအခါ နောင်တမျက်ရည်များက သူ(မ)မျက်လုံးထဲမှ စီးကျလာသည်။

ထိုသူဌေးသားက မုန်းဖို့ကောင်းသည်မှာ မှန်သော်ငြား သူ(မ) ဘယ်လိုလုပ်ပြီးတော့များ ဟွားနိုင်ငံကို သစ္စာဖောက်နိုင်ရလေသလဲ။

ငါ ဘယ်လိုလုပ်ပြီးတော့များ တုံးအရတာလဲ?

ငါ ဘာလုပ်ခဲ့မိတာလဲ?

လျှို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်လာခဲ့တာတဲ့လား...

ထိုအချိန်မှာပင် လင်းယောင်ယောင်ခမျာ နောင်တမျက်ရည်များ ကျဆင်းလာချေသည်။

ယဲ့ချန်းက လင်းယောင်ယောင်၏ဝိုင်ခွက်ထဲသို့ အမှန်ပြောဆေးရည်ကို ထည့်ခဲ့သည်။

လင်းယောင်ယောင်မှာ ရုတ်တရက်ကြီး ဝမ်းပန်းတနည်းငိုကြွေးပါလေတော့သည်။

သူ(မ)က ယဲ့ချန်းကို ရုတ်တရက်ကြီး ပွေ့ဖက်လိုက်၏။

"ယဲ့ချန်း ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကျွန်မရဲ့ရည်ရွယ်ချက်က ရှင့်ရဲ့သရုပ်မှန်ကို ဖော်ထုတ်ဖို့အတွက် ရှင့်အနား ချဉ်းကပ်ဖို့လေ"

ယဲ့ချန်း၏ဇာတ်လမ်းက အမှန်ပင်တည်း။

လူယုတ်မာတစ်ယောက်ကြောင့်နှင့် သူ(မ)၏နိုင်ငံကို သစ္စာမဖောက်သင့်ပေ။

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် သူ(မ)ကိုချစ်ပေးပြီး ဂရုစိုက်ပေးကာ ကူညီပေးခဲ့သူများလည်း အမြောက်အများရှိနေဆဲပင်။

"တောင်းပန်ပါတယ် ယောင်ယောင်.. တကယ်တော့ မင်းက လျှို့ဝှက်အေးဂျင့်ဆိုတာ အစကတည်းက ငါ သိထားပြီးသားပါ။ မင်းကို တမင်တကာ ထောင်ချောက်ဆင်ခဲ့တာ"

ယဲ့ချန်းလည်း ဆေးမိသွားသည်။

သေလိုက်ပါတော့!

ယဲ့ချန်း အလွန်ဒေါသထွက်သွားရသည်။ ဤဆေးရည်က ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ ထင်မထားပေ။ အနံ့ခံလိုက်ရုံဖြင့် သူကိုယ်တိုင်ပါ ဆေးမိသွားခဲ့သည်။

လေထုကား ရုတ်ခြည်းတိတ်ဆိတ်သွားသည်။ အနေအထားကလည်း အလွန်ကိုးရိုးကားရားနိုင်သွားသည်။

ထိုအချိန်ဝယ် လျိုဝေ့ဝေ့က အပြင်ဘက်မှ ဝင်လာပြီး လင်းယောင်ယောင်ကို လက်ထိပ်ခတ်လိုက်သည်။

"ဝေ့ဝေ့.. မင်းက အရမ်းလှတာပဲ။ အဲဒီနေရာက နည်းနည်းသေးနေရုံပဲ"

ယဲ့ချန်း ထုတ်မပြောဘဲ မနေနိုင်ချေ။

လျိုဝေ့ဝေ့၏အမူအရာမှာ အေးစက်သွားပြီးနောက် ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။

"ရှင် ဘာပြောလိုက်တာလဲ"

ယဲ့ချန်း : "..."

"အိုး.. ငါ ဗိုက်နာနေလို့ သန့်စင်ခန်းသွားမှဖြစ်မယ်"

သူ စနစ်ကိုပြန်စစ်ဆေးကြည့်လိုက်ရာ ဆေးရည်၏အာနိသင်က ဆယ်မိနစ်အကြာတွင် ပြယ်သွားမည်ဟု သိရသည်။

ယဲ့ချန်းလည်း သန့်စင်ခန်းထဲတွင် ဆယ်မိနစ်လောက်နေလိုက်၏။

နမော်နမဲ့နိုင်လိုက်တာ!

လင်းယောင်ယောင် အံ့သြမှင်တက်သွားချေသည်။ ယဲ့ချန်းကလည်း သူ(မ)ဘာဆက်ဖြစ်မလဲဟု လျိုဝေ့ဝေ့အား မေးလိုက်၏။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်က အတူအိပ်ခဲ့ကြသည်ဖြစ်ရာ ခံစားချက်များလည်း ရှိနေဆဲသာ။

လျိုဝေ့ဝေ့ကတော့ လင်းယောင်ယောင် အပြစ်ကျူးလွန်ခဲ့သလားဆိုတာနှင့် အပြစ်ဝန်ခံလိုစိတ်ရှိမရှိအပေါ် မူတည်သည်ဟု ဆို၏။

အစီအစဉ်မှာ ပြီးပြည့်စုံလှပေသည်။ တစ်ခုတည်းသောပြစ်ချက်ကတော့ သူ ဆေးမိသွားခဲ့ခြင်းပင်။

တစ်ဦးတည်းသော အတွင်းရေးမှူးက အချုပ်ကျနေပြီဖြစ်ရာ ကုမ္ပဏီထောင်မည့် ယဲ့ချန်း၏အစီအစဉ်ကလည်း ယာယီချောင်ထိုးခံလိုက်ရလေပြီ။

တက္ကစီသာ ပြန်မောင်းနေတော့မည်။

စုရှောင်ယာက တက္ကစီငှားချင်သည်ဟုဆိုကာ ယဲ့ချန်းကို ဆက်သွယ်လာသည်။

ယနေ့ သူ ဇိမ်ခံကားကို မောင်းမလာခဲ့ပေ။ အကြောင်းမှာ ဇိမ်ခံကားကို မောင်းလာလျှင် မိန်းကလေးတော်တော်များများက သူ့ဝီချက်ကို တောင်းတတ်ကြသောကြောင့် ဒုက္ခများလှသည်။

ယခုဆိုလျှင် သူ့ဝီချက်၌ မိန်းမလှလေးတော်တော်များများကို အပ်ထားရသည်။

တကယ်တမ်းတော့ ယဲ့ချန်းက အလွန်ရိုးရှင်းလှသော လူတစ်ယောက်ပင်။ တိတ်တိတ်လေးတက္ကစီမောင်းကာ ကြယ်ငါးပွင့်ရီဗျူးများကို လက်ခံ၍ စွမ်းရည်အသစ်များကို ရယူပြီး ဘဝအထွတ်အထိပ်ကို တက်လှမ်းရန်ပင်။

ယနေ့ ယဲ့ချန်းလက်ခံလိုက်သော အမှာစာက စုရှောင်ယာ၏အမှာစာပင်။

"အစ်ကိုချန်း.. ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

စုရှောင်ယာက ပြုံးပြလေသည်။

"ပြဿနာမရှိပါဘူး။ မင်း ဒီနေ့ အပြင်ဘက်မှာ ရိုက်ကူးရေးလုပ်မလို့လား"

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ယဲ့ချန်းက ရတနာမြေပုံတစ်ခုကို ပေးခဲ့သောကြောင့် စုရှောင်ယာ၏ကျော်ကြားမှုကလည်း မြင့်တက်သွားခဲ့သည်။

ယခုအချိန်၌ သူ(မ)သည် မောင့်ရီ၌ နာမည်ကြီးထုတ်လွှင့်သူတစ်ယောက် ဖြစ်နေလေပြီ။

"ဟုတ်တယ်။ မိတ်ဆက်ပေးရဦးမယ်။ ဒါက အစ်ကိုဟောင်တဲ့။ သူလည်း Streamerပဲလေ။ ဒီတစ်ခေါက် ကျွန်မတို့တွေ အဖွဲ့လိုက်တိုက်ရိုက်ထုတ်လွှင့်မလို့"

အစ်ကိုဟောင်ကလည်း မောင့်ရီတွင် နာမည်ကြီးStreamerတစ်ယောက် ဖြစ်၏။

သူ့ပရောဂျက်က လူကုံထံတစ်ယောက်၏ ဘဝအကြောင်းပင်။

သို့သော် တကယ်တမ်းတွင် သူသည် ထိုမျှအထိ မချမ်းသာပေ။

BMW 7စီးရီးကိုသာ စီးနိုင်ပြီး ဗီလာကလည်း ငှားထားခြင်းသာ။ သူက သူ့ကိုယ်သူ လူချမ်းသာတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။

ဉာဏ်ပြေးသော ပရိသတ်တော်တော်များများကတော့ သူက အတုအယောင်သူဌေးတစ်ယောက်ဖြစ်ကြောင်း အစကတည်းက သိထားကြသော်ငြား လူတိုင်းက အပျော်သက်သက်စောင့်ကြည့်နေကြခြင်းဖြစ်၏။

အစ်ကိုဟောင်က ပရိသတ်အင်အားတောင့်တင်းသော Streamerဟောင်းတစ်ယောက်ဖြစ်သည်။ သူက နာမည်ကြီးကျော်ကြားရန်အတွက် အလှလေးတစ်ယောက်ကို အသုံးချချင်နေသူဖြစ်၏။ ထို့ကြောင့် စုရှောင်ယာကို အတူထုတ်လွှင့်ရန် ဖိတ်ကြားခဲ့ခြင်းပင်။

စုရှောင်ယာက ယခုအချိန်တွင် နာမည်ကြီးကျော်ကြားလာပြီဆိုသော်ငြား သူ(မ)၏ ကျော်ကြားမှုကို ပိုမြှင့်တင်ချင်သောကြောင့် ဤပူးပေါင်းမှုကို လက်ခံခဲ့သည်။

သူတို့နှစ်ယောက်က ရိုက်ကူးရေးကိရိယာများကိုလည်း ယူလာခဲ့သည်။

စကားပြောဆိုနေရင်းဖြင့် သူတို့သွားလိုသောနေရာက မိုတုကားပြခန်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့သည် ကားများအကြောင်း တိုက်ရိုက်ထုတ်လွှင့်ရန် ရည်ရွယ်ထားကြခြင်းပင်။

"ဒီကားပြခန်းက Lykanကို အဓိကအသားပေးထားတာ.. ဒီကားကို တစ်ကမ္ဘာလုံးမှာ သုံးစင်းပဲထုတ်ထားတယ်။ ကျန်တဲ့နှစ်စင်းက ရောင်းထွက်သွားပြီ။ ဒါက နောက်ဆုံးတစ်စင်းပဲ"

"Lykanလား။ "Fast and Furious"ဇာတ်လမ်းထဲက အဓိကဇာတ်လိုက်တွေ အာဘူဒါဘီမိုးမျှော်တိုက်ပေါ်က မောင်းချသွားတဲ့ကားလား"

ယဲ့ချန်းမေးကြည့်လိုက်သည်။

"ဟုတ်တယ်။ ဒါပေမဲ့ ဒီတစ်စီးက နောက်ဆုံးပေါ်မော်ဒယ်လေ။ သိရသလောက်ဆိုရင် ဒီကားက တစ်ဘီလျံနီးနီးရှိတယ်တဲ့"

အားဟောင်က စိတ်လှုပ်ရှားစွာ ဆိုလိုက်လေသည်။

ယဲ့ချန်း ထိုရုပ်ရှင်ကိုကြည့်စဉ်က မိုးမျှော်တိုက်ပေါ်မှ Lykanကား ထိုးဆင်းသွားတာကို မြင်ပြီး စိတ်လှုပ်ရှားမှုတို့ ထက်သန်ခဲ့ရသည်။ ထို့ကြောင့် ဤကားပြခန်းသို့ သွားလည်ဖို့ ပိုစိတ်ဝင်စားသွားသည်။

ကားများကိုချစ်မြတ်နိုးခြင်းမှာ ယောကျ်ားများ၏သဘာဝပင်။

ယဲ့ချန်းတွင် Paganiတစ်စီး၊ Venenoတစ်စီးနှင့် Cullinanတစ်စီးရှိသော်ငြား ထိပ်တန်းသူဌေးများတွင်လည်း အလဲအလှယ်စီးရန်အတွက် ဇိမ်ခံကားခုနစ်စီး သို့မဟုတ် ရှစ်စီးရှိသည်။

ကားက သွားလိုရာနေရာသို့ ရောက်လာခဲ့သည်။

စုရှောင်ယာလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်ရီဗျူးပေးလိုက်၏။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိလိုက်တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်(၁/၅)ရရှိတဲ့အတွက် ရရှိပါပြီ။ ဆုလာဘ်ကတော့ Mega A99999လိုင်စင်နံပါတ်ပြားဖြစ်ပါတယ်]

ထိပ်တန်းအဆင့်လိုင်စင်နံပါတ်ပြားတဲလား…

လိုင်စင်နံပါတ်ပြားက သရုပ်သကန်ကို ကိုယ်စားပြုကြောင်း ယဲ့ချန်းသိသည်။ ထိုလိုင်စင်နံပါတ်ပြားမှာ စင်စစ်အစွမ်းထက်ပြီး ဩဇာညောင်းလှ၏။ ငွေပေးတိုင်းလည်း ဝယ်မရနိုင်ပေ။

ယဲ့ချန်းက ကားပါကင်တွင် ကားရပ်ထားခဲ့လိုက်ပြီး ထိုနှစ်ယောက်နှင့်အတူ ကားပြခန်းထဲသို့ လိုက်သွားချေသည်။

ယဲ့ချန်းလိုက်လာသည်ကို မြင်သောအခါ အားဟောင်က ရယ်လိုက်၏။

"တက္ကစီဒရိုင်ဘာအစ်ကို..ခင်ဗျားလည်း ကားပြခန်းကို လိုက်ကြည့်ချင်လို့လား"

"ဟုတ်တယ်။ ငါလည်း အဲဒီLykanကို လာကြည့်တာ"

"ဟားဟား… ယောကျ်ားတိုင်း ကားတွေကိုချစ်ကြတာပါပဲ။ ဒါပေမဲ့ ဒီလိုကားမျိုးက ကျွန်တော်တို့တွေ ငေးနေရုံပဲတတ်နိုင်တယ်"

ကားပြခန်းရှိ စင်မြင့်ထက်၌ စုရှောင်ယာနှင့် အစ်ကိုဟောင်တို့က တိုက်ရိုက်ထုတ်လွှင့်ရေးကိရိယာများကို ပြင်ဆင်ရင်း အလုပ်များနေလေသည်။

ယဲ့ချန်း စင်ပေါ်တွင်ရပ်ရင်း အနီရောင်Lykanကားကို သဘောကျနေသည်။

ဤကားက ရင်သပ်ရှုမောဖွယ်ကောင်းလှကြောင်းကိုမူ သူ ဝန်ခံရပေလိမ့်မည်။

ရုပ်ရှင်ထဲတွင် မြင်ရခြင်းနှင့် အပြင်တွင် လူကိုယ်တိုင်မြင်လိုက်ရခြင်းမှာ မတူညီပေ။

ထိုကား၏ပတ်ပတ်လည်တွင် ကားဝါသနာရှင်အမြောက်အများ စုဝေးနေကြသည်။

စုရှောင်ယာနှင့် အားဟောင်တို့လည်း ကိရိယာများ ပြင်ဆင်၍ ပြီးသွားလေပြီ။ ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များအမြောက်အများက မှတ်ချက်ပေးလာကြသည်။

[ဝိုး အစ်ကိုဟောင်က ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲ သူ့ကောင်မလေးကို ခေါ်လာတာလား]

[ဘာကောင်မလေးလဲ? အဲဒါက ရှောင်ယာပါ.. အခုလတ်တလော နာမည်ကြီးနေတဲ့ Streamerလေ]

အားဟောင်က ဖုန်းထဲရှိ မှတ်ချက်များကို ရှောင်ယာအား ပြသလိုက်၏။

ရှောင်ယာက ကင်မရာဘက်သို့ လက်ယမ်းပြသည်။

"မင်္ဂလာပါ။ အားလုံးပဲ… ကျွန်မက ရှောင်ယာပါ။ အချိန်ရရင် ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို လာခဲ့ဦးနော်"

ယခုအချိန်တွင် စုရှောင်ယာလည်း ယခင်လို ခပ်စိမ်းစိမ်းဖြစ်မနေတော့ဘဲ သူ(မ)ကိုယ်သူ(မ) ဘယ်လိုကြေညာရမလဲဆိုတာကို သိနေပြီဖြစ်၏။

ဤပူးပေါင်းမှုမှာ ပရိသတ်များကို ဆွဲဆောင်ရန်အတွက်ပင်။ ထို့ကြောင့် အားဟောင်က ရှောင်ယာ ပရိသတ်များကို ဆွဲခေါ်နေခြင်းကို စိတ်ထဲမထားပေ။

[ရှောင်ယာရဲ့အသံက အရမ်းနားထောင်လို့ကောင်းတာပဲ။ ငါတော့ သူ့ဆီကို မကြာမကြာသွားကြည့်ဖြစ်တော့မယ်]

ဇိမ်ခံကားများနှင့် မိန်းမလှလေးများမှာ ခွဲခြား၍မရသောအရာပင်။ ထို့ကြောင့် ကြည့်ရှုသူများမှာ တက်ပြီးရင်းတက်နေချေသည်။

အားဟောင်လည်း အလွန်စိတ်ကျေနပ်နေတော့သည်။ ဤအကွက်က စင်စစ်အဆင်ပြေပုံပင်။

[အနောက်မှာရှိတဲ့ကားက Lykanမလား.. အရမ်းလှတာပဲ]

[အဲဒါက "Fast and Furious"ထဲက မိုးမျှော်တိုက်သုံးခုကနေ မောင်းချသွားတဲ့ကားတွေမလား။ ငါ့အိပ်မက်ထဲက ကားလေး]

[အိပ်မက်ထဲကကားဆိုတာ အိပ်မက်မက်ပိုင်ခွင့်ပဲရှိတယ်]

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များ၏ အာရုံစိုက်မှုကား မိမိုက်လှသော Lykanဆီသို့ ကျရောက်သွားလေသည်။

••••••••••••••

All Chapters