← Chapters

ဒီနေ့ဝယ်လိုက်ကြစို့

Vol. 6 Ch. 89

ဒီနေ့ဝယ်လိုက်ကြစို့

Vol. 6 Ch. 89

ယဲ့ချန်းကတော့ ရှောင်ယာနှင့် အစ်ကိုဟောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်မဝင်စားပေ။ သူက ထိုစင်မြင့်ထက်တွင် ရပ်ရင်း Lykanကို သဘောကျနေလေသည်။

အခြားသူများ၏မျက်လုံးထဲတွင် ဤLykanက အလှမ်းမမီသော ကားတစ်စင်းပင်။ သို့သော် ယဲ့ချန်းအတွက်တော့ သူသာ သဘောကျလျှင် ဝယ်လိုက်လို့ရသည်။

အကြောင်းမှာ သူ့တွင် ဖခင်စနစ်တစ်ခုလုံးရှိ၏။

စင်မြင့်ထက်ရှိ အရောင်းဝန်ထမ်းမလေးက ယဲ့ချန်းကိုမြင်လိုက်ရချိန်မှာ ကြက်သေသေသွားသည်။ သူ(မ)ရှေ့ရှိ အမျိုးသားမှာ အလွန်ခန့်ညားလှချေသည်။

အထူးသဖြင့် သူ့မျက်နှာပင်။ ချောမောခန့်ညားပြီး အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်၏ အရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။

ယဲ့ချန်းက သာမန်ဆန်သောအဝတ်အစားများကို ဝတ်ဆင်ထားသော်ငြား သူ့အရှိန်အဝါကတော့ ထိုအရောင်းဝန်ထမ်းမလေးကို မထိန်းချုပ်ထားနိုင်ဘဲ ချဉ်းကပ်လာစေသည်။

အရောင်းဝန်ထမ်းမလေးက ပြုံးလျက် ပြောလိုက်၏။

"ဆရာ.. ပြခန်းထဲမှာ စိတ်ဝင်စားတဲ့ ကားတစ်စီးစီးများရှိလို့လား။ ကျွန်မ ရှင့်ကို ရှင်းပြပေးနိုင်ပါတယ်"

အရောင်းဝန်ထမ်းအများကြီးထဲကမှ ဤတစ်ယောက်က သူ့အား စကားလာပြောလိမ့်မည်ဟု ယဲ့ချန်း ထင်မထားချေ။

သူ့ဟန်ပန်က သိသာလွန်းသောကြောင့် ဤအရောင်းဝန်ထမ်းမလေးက သူ့အား လုပ်ငန်းရှင်တစ်ယောက်မှန်း အတည်ပြုလိုက်နိုင်သောကြောင့်လေလား။

ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်သည်။

"ဒီကားက တော်တော်အဆင်ပြေတယ်ထင်တာပဲ"

ယဲ့ချန်း၏စကားကိုကြားသော် ထိုအရောင်းဝန်ထမ်းမလေးက တဒင်္ဂမျှကြက်သေသေသွားသည်။ ထို့နောက် ပြုံးလျက် ပြောလိုက်၏။

"ဟုတ်ပါတယ်။ ဒီLykanက အကန့်အသတ်နဲ့ထုတ်ထားတဲ့ ပြိုင်ကားပါ။ ဒါပေမဲ့ ဈေးကတော့ တော်တော်မြင့်ပါတယ်"

ထိုအချိန်ဝယ် ယဲ့ချန်းနှင့် ထိုအရောင်းဝန်ထမ်းမလေးက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပါနေချေသည်။

[ဘုရားရေ… ဒီလူက အဲဒီကားကို ဝယ်မလို့လား]

[မင်းအတွေးလွန်နေပြီ။ သူပြောတာ မကြားလိုက်ဘူးလား။ ဒီကားကို စိတ်ဝင်စားတယ်တဲ့။ ငါလည်း စိတ်ဝင်စားတာပဲ။ ဒါပေမဲ့ မဝယ်နိုင်ဘူးလေ]

[အမှန်ပဲ။ ဒီကားက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းသိလား။ သန်းတစ်ရာနီးနီးပဲ။ ဒီလူ့မှာ ဝယ်နိုင်တဲ့အစွမ်းအစမျိုးရှိမယ်များထင်နေလား]

….

အနီးအနားတွင် တိုက်ရိုက်ထုတ်လွှင့်နေသော စုရှောင်ယာနှင့် အစ်ကိုဟောင်တို့လည်း အံ့ဩသွားရသည်။

ယဲ့ချန်းက ငွေရေးကြေးရေးတောင့်တင်းကြောင်း စုရှောင်ယာသိသည်။ သူသည် သူ(မ)အား ရတနာမြေပုံများပင် ပို့ပေးခဲ့သည်မဟုတ်ပါလော။

အစ်ကိုဟောင်ခမျာတော့ အတန်ငယ်ဆွံ့အသွားရသည်။

ရှားလိကားမောင်းသော တက္ကစီဒရိုင်ဘာတစ်ယောက်က အရောင်းဝန်ထမ်းကို Lykanကားအကြောင်း မေးမြန်းနေသတဲ့လား။

အရောင်းဝန်ထမ်းလေးကတော့ ယဲ့ချန်း ဝယ်နိုင်မဝယ်နိုင်ဆိုတာကို စိတ်ထဲမထားသောကြောင့် ပြုံးလျက် ထိုကားအကြောင်း ရှင်းပြလေတော့သည်။

"ဒီLykanက ၃.၈လီတာတာဘိုအင်ဂျင်နှစ်လုံးတပ်ဆင်ထားပြီး အမြင့်ဆုံးမြင်းကောင်ရေအားကလည်း ၈၀၀ရှိပါတယ်။ ဒီတစ်စင်းက ပထမမျိုးဆက်Lykanထက် အများကြီးပိုသာပါတယ်။ တစ်နာရီ၁၀၀ကီလိုမီတာနှုန်းကို ၂.၇စက္ကန့်အတွင်း တင်နိုင်ပါတယ်။ သူ့ရဲ့အမြင့်ဆုံးအရှိန်က တစ်နာရီကို ၃၉၄ကီလိုမီတာရှိပြီး ပထမမျိုးဆက်ထက် အများကြီးပိုကောင်းတယ်။

ဒီLykanက တစ်ကမ္ဘာလုံးမှာ သုံးစင်းပဲထုတ်ထားပါတယ်။ နှစ်စင်းကိုတော့ ဘီလျံနာနှစ်ယောက်က ဝယ်သွားပါပြီ။ ဒါက နောက်ဆုံးတစ်စင်း…"

အရောင်းဝန်ထမ်းမလေးက အသေးစိတ်ရှင်းပြနေသော်ငြား သူ(မ)ရှေ့ရှိ ဤအမျိုးသား ဤကားကို ဝယ်နိုင်ခြေကား အလွန်နည်းပါးလှ၏။ သို့သော် သူ(မ)ကတော့ ဤကား၏လုပ်ဆောင်ချက်ကို စိတ်ပါလက်ပါမိတ်ဆက်ပေးနေဆဲပင်။

ယဲ့ချန်း ဤကားကို တကယ်သဘောကျမိသည်။

ဤကားပြခန်းတွင် ဇိမ်ခံကားအမြောက်အများရှိပါသော်ငြား ဤတစ်စင်းကသာ ယဲ့ချန်းကို မျက်စိဖမ်းစားနိုင်သည်။

Pagani၏စတိုင်က တည်တည်ငြိမ်ငြိမ်ရှိပြီး တန်ဖိုးကြီးပုံမပေါ်သော်ငြား ဤLykanကတော့ မိမိုက်လှသော ဇိမ်ခံကားများ၏ ပြယုဂ်ပင်။

ထိုအချိန်တွင် အစ်ကိုဟောင်က ကင်မရာကို အရောင်းဝန်ထမ်းမလေးဆီသို့ ချိန်ထားလိုက်သည်။ သူက မှော်ဆန်လှသော ဤကားအကြောင်း သူ့ပရိသတ်များကို သိစေချင်နေပေသည်။

"ဒီကားရဲ့ဈေးနှုန်းက အခွန်ပါပြီး ၉၈.၈၈သန်းပါ။ တခြားကုန်ကျစရိတ်တွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဒါကိုဝယ်ဖို့ သန်းတစ်ရာနီးပါးတော့ ပေးရပါလိမ့်မယ်"

အရောင်းဝန်ထမ်းမလေး၏ စကားအဆုံး၌ စုရှောင်ယာနှင့် အစ်ကိုဟောင်တို့နှစ်ယောက်စလုံး အံ့ဩမှုကြောင့် စုတ်သပ်လိုက်မိသည်။

သေလိုက်ပါတော့.. သန်းတစ်ရာတန်ကားတစ်စီးတဲ့…

ဤသည်မှာ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များသာ ဝယ်နိုင်သော ဇိမ်ခံကားတစ်စီးပင်။

"သန်းတစ်ရာလား.. တအားလည်းဈေးမကြီးပါဘူး"

ယဲ့ချန်းက သန်းတစ်ရာကို ဒေါ်လာအနည်းငယ်အလား မှတ်ယူ၍ ခေါင်းတညိတ်ညိတ်လုပ်လျက် ပြောလိုက်၏။

အရောင်းဝန်ထမ်းမလေး : "…"

စုရှောင်ယာ : "…"

အစ်ကိုဟောင် : "…"

[ဒီလူက တော်တော်ဟန်ဆောင်ကောင်းတာပဲ။ သန်းတစ်ရာကိုများ ဈေးမကြီးဘူးတဲ့]

[ပေါက်ကရတွေ.. ဒီလူက နားကြားမှားတာများလား.. သူ့တစ်သက်လုံးရှာရင်တောင် အဲဒီလောက်ပိုက်ဆံကိုရနိုင်မှာမဟုတ်ဘူး]

[သူမဝယ်နိုင်ဘူးဆိုတာ သူသေချာပေါက်သိတယ်။ သက်သက်ဟန်ဆောင်နေတာ]

[ဒီလူ ဟန်ဆောင်ပြီးရင် ထွက်ပြေးလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်]

[ဟားဟား.. ငါတော့ရယ်သေပြီ။ ဒီလောက်အရှက်မရှိတဲ့လူကို ငါ ပထမဆုံးမြင်ဖူးတာပဲ]

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သက်ဝင်လှုပ်ရှားလာပြန်လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများမှာ အပျော်သက်သက်လာကြည့်ကြခြင်းသာ။

ဤလူမှာ သက်သက်ကြွားဝါနေခြင်းဖြစ်ကြောင်း သူတို့ သိပြီးသားပင်။ တချို့အင်တာနက်အသုံးပြုသူများက စနောက်လာကြသည်‌။

"အစ်ကိုဟောင်.. ခင်ဗျားရှေ့မှာ လူတစ်ယောက်က လာဟန်ဆောင်ပြနေတယ်လေ။ ခင်ဗျား သည်းခံနိုင်တယ်ပေါ့"

"အစ်ကိုဟောင်.. သန်းတစ်ရာကို ဆွဲထုတ်ပြပြီး ဒီကလေးရဲ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်စမ်းပါ"

"ဟုတ်တယ် ဟုတ်တယ် အစ်ကိုဟောင်… ဒီချာတိတ်ကို တကယ့်ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ဆိုတာ ဘာမှန်းသိအောင် ပြလိုက်"

တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ရုတ်တရက်အသက်ဝင်တက်ကြွလာသည်။ အစ်ကိုဟောင်လည်း ထိုကားကို သေချာပေါက်မဝယ်နိုင်ပေ။

သူသာ သန်းတစ်ရာတန်ကားကို ဝယ်နိုင်ပါက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရင်း အပင်ပန်းခံနေမည်မဟုတ်ချေ။

သန်းတစ်ရာတန်ဇိမ်ခံကားဆိုသည်မှာ ဘာကိုကိုယ်စားပြုနေလေသလဲ။

ဤကားကိုဝယ်နိုင်သူမှာ အနည်းဆုံးတော့ ပိုင်ဆိုင်မှု၁၀ဘီလျံလောက်ရှိရမည်မဟုတ်လား။

ဟွားနိုင်ငံရှိ ထိပ်တန်းသူဌေးသားများပင် ဟိတ်ဟန်ထုတ်ရန်အတွက် သန်းသုံးလေးဆယ်တန်ကားများကိုသာ ဝယ်နိုင်ကြသည်။

သန်းတစ်ရာတန်ကားဆိုသည်မှာ လူကုံထံအသိုင်းအဝိုင်းထဲမှာပင် အထင်ကြီးဖို့ကောင်းသောအရာတစ်ခု ဖြစ်၏။

ထို့ကြောင့်လည်း ရက်ပေါင်းများစွာခင်းကျင်းပြသထားသည့်တိုင် ရောင်းမထွက်သေးခြင်းပင်။

အရောင်းဝန်ထမ်းမလေးက ယဲ့ချန်းအား လိပ်စာကတ်ကမ်းပေးလိုက်ပြီးနောက် ပြုံးလိုက်လေသည်။

"ဆရာ.. စိတ်ဝင်စားတယ်ဆိုရင် ကျွန်မကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်"

ယဲ့ချန်းလည်း ထိုကတ်ကိုယူ၍ လက်ထဲတွင်ကစားနေလိုက်သည်။ု

"ငါ ဒီကားကိုဝယ်နိုင်တယ်လို့ မင်းထင်လား။ ငါ့ကို ဒီအကြောင်းရှင်းပြရတာ အချိန်ကုန်တယ်လို့ မထင်ဘူးပေါ့"

ဤမေးခွန်းမှာ စုရှောင်ယာ၊ အစ်ကိုဟောင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများအားလုံး သိချင်နေကြသော မေးခွန်းပင်။

ဤကား၏တန်ဖိုးမှာ သန်းတစ်ရာပင်။

အရောင်းဝန်ထမ်းမလေးက ခပ်ဖွဖွပြုံး၍ ပြောလိုက်လေသည်။

"အခုတော့ ရှင် ဒီကားကို မဝယ်နိုင်သေးတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျွန်မက ရှင့်အနာဂတ်ကို ရင်းနှီးမြှုပ်နှံလိုက်တာပါ။ တစ်နေ့နေ့ ရှင် အောင်မြင်သွားလို့ ပြိုင်ကားတစ်စီးလောက်ဝယ်ချင်လာရင် ကျွန်မလည်း ရောင်းဖို့ အခွင့်အရေးရမယ်မဟုတ်လား။ ဆရာ… အဲဒါကြောင့် ဒီကတ်ကို သိမ်းထားပေးပါ"

ယဲ့ချန်းလည်း တဒင်္ဂမျှ ကြက်သေသေသွားရသည်။

ဤအရောင်းဝန်ထမ်းမလေးက ယဉ်ကျေးမှုရှိပြီး စကားပြောတတ်ဆိုတတ်လေသည်။ စကားတစ်ခွန်းတည်းဖြင့် သူ့ကိုလည်း အရှက်မကွဲစေဘဲ အားပေးရာလည်းရောက်ပြီး သူ့အား မျှော်လင့်ချက်လည်း ပေးနိုင်ခဲ့သည်။

ထိုကားကို ယဲ့ချန်း မဝယ်နိုင်လျှင်ပင် ရှက်နေဖို့မလိုတော့ပေ။ ဤစကားမှာ အလွန်နွေးထွေးလှချေသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များပင် ကြောင်အကုန်ကြသည်။

[ဇိမ်ခံကားအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ စကေးကို ကြည့်လိုက်ကြစမ်းပါဦး]

[သေလိုက်ပါတော့… ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့ကို လျှောက်ပတ်ကြည့်လို့ဆိုပြီး BMWအရောင်းဝန်ထမ်းတစ်ယောက်က လှောင်ခဲ့တာကွ]

[ဟုတ်တယ် Benzနဲ့ BMWအရောင်းဝန်ထမ်းတွေက အရမ်းမောက်မာတာ။ သန်းတစ်ရာတန်ပြိုင်ကားကို ရောင်းနေတဲ့လူတွေရဲ့ စိတ်နေစိတ်ထားကိုလည်း ကြည့်လိုက်စမ်းပါဦး]

[ငါ ဒီအရောင်းဝန်ထမ်းကို သဘောကျတယ်။ အပြောလည်းချိုတယ်..စိတ်ထားလည်းလှတယ်]

….

ယဲ့ချန်းလည်း ရင်ထဲထိရှသွားရသည်။

ယနေ့ တက္ကစီမောင်းရမည်ဖြစ်သောကြောင့် ထသွားထလာအဝတ်အစားများကိုသာ ဝတ်ဆင်ထားသည့် သူ့ကို ဤမိန်းကလေးက မလှောင်ပြောင်သည့်အပြင် ကားများအကြောင်း စိတ်အားထက်သန်စွာ ရှင်းပြပေးပြီး အဆုံးတွင် သူ့အတွက် လွတ်လမ်းတစ်ခုပင် ဖန်တီးပေးခဲ့လေသည်။

ဤအရောင်းဝန်ထမ်းမလေးက ယဲ့ချန်းကို စိတ်သက်သာစေသည်မှာ ငြင်းမရသော အမှန်တရားပင်တည်း။

ယဲ့ချန်း‌ ခေါင်းညိတ်လိုက်၏။

"ငါ ဒီကားကိုဝယ်မယ်ဆိုရင် ကြိုတင်စာရင်းသွင်းရဦးမလား။ ဒါမှမဟုတ် တစ်ခါတည်းငွေချေပြီး ယူသွားလို့ရလား"

တစ်ကမ္ဘာလုံးတွင် သုံးစီးသာရှိသော ဤကားသည် ဟွားနိုင်ငံတွင် တစ်စီးတည်းသာရှိသည်ဖြစ်ရာ ဟိတ်ဟန်ထုတ်လို့ အသင့်တော်ဆုံးပင်။

ယဲ့ချန်း၏စကားများကို ကြားသောအခါ အရောင်းဝန်ထမ်းမလေးမှာ ခဏမျှမှင်တက်သွားချေသည်။

အစကတော့ ယဲ့ချန်းက နေရခက်ဟန်ဖြင့် ထွက်ခွာသွားလိမ့်မည်ဟု သူ(မ) ထင်ထားသော်လည်း တကယ်ဝယ်လာလိမ့်မည်ဟုတော့ ထင်မထားပေ။

သို့သော် အရောင်းဝန်ထမ်းမလေးမှာ ခပ်မြန်မြန်သတိပြန်ဝင်လာသည်။ အသွင်အပြင်အားဖြင့် သာမန်သာဖြစ်သော်ငြား တကယ်တမ်းတွင် အခြားလူများကို အံ့အားသင့်သွားအောင်လုပ်နိုင်စွမ်းရှိသော ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တချို့ကို သူ(မ) တွေ့ဖူးသည်။

ထို့ကြောင့် သူ(မ) ခပ်မြန်မြန်ပြောလိုက်၏။

"လူကြီးမင်းသာဝယ်ချင်ရင် တစ်ခါတည်းယူသွားလို့လည်းရပါတယ်"

အရောင်းဝန်ထမ်းမလေးက တွေဝေတုံ့ဆိုင်းစွာ မေးလိုက်လေသည်။

"လူကြီးမင်း ဒီကားကို တကယ်ဝယ်ချင်တာလား"

သူ(မ)က ထိုသို့ပြောပြီးနောက် အနည်းငယ်စိတ်ပူပန်သွားရသေးသည်။

ဤကားသာ ရောင်းထွက်သွားလျှင် သူ(မ)၏ကော်မရှင်ခလည်း တစ်သန်းနီးနီးရမည်ဖြစ်၏။ သူ(မ) စိတ်လှုပ်ရှားမိပါသော်ငြား ယဲ့ချန်း စနောက်နေခြင်းဖြစ်မည်ကိုလည်း စိုးရိမ်မိသည်။

အနားတွင် အစ်ကိုဟောင်နှင့် စုရှောင်ယာတို့ တိုက်ရိုက်ထုတ်လွှင့်နေတာကိုလည်း သူ(မ) မြင်သည်။

Streamerများက အရောင်းဝန်ထမ်းများကို စနောက်ရန်အတွက် ယခုလိုအကွက်ဆင်တတ်ကြသည်။ သူ(မ)ကိုယ်တိုင်လည်း ယခင်က ကြုံခဲ့ဖူးသည်။

သို့သော် ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံးလိုက်၏။

"ငါတို့ဆုံတယ်ဆိုတာကလည်း ကံပါလို့လေ။ ငါ ဒီကားကိုသဘောကျနေပြီဆိုမှတော့ ချက်ချင်းပဲ ဝယ်လိုက်တော့မယ်"

••••••••••••

All Chapters