← Chapters

ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်အစစ်

Vol. 6 Ch. 90

ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်အစစ်

Vol. 6 Ch. 90

ယဲ့ချန်းက တကယ်ကားဝယ်ချင်နေကြောင်း မြင်သောအခါ အရောင်းဝန်ထမ်းမလေးလည်း ဝမ်းသာသွားလေသည်။

ဤတစ်ခေါက်တွင်မူ အရဲစွန့်လိုက်ခြင်းမှာ မှန်သွားလေပြီ။ တစ်ဖက်လူက အမှန်စင်စစ် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေသည်။

အရောင်းဝန်ထမ်းမလေးက အားဟောင်ဆီသို့ လျှောက်လာပြီး‌ ပြောလိုက်၏။

"တောင်းပန်ပါတယ်။ ရှင် ရိုက်ကူးရေးဆက်လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဆက်ရိုက်နေရင် ကျွန်မတို့ဝယ်သူရဲ့ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားပါလိမ့်မယ်။ ခုနက ရှင်ရိုက်လိုက်တဲ့ဗီဒီယိုရောပဲ။ ဖျက်ပေးရမယ်ထင်တယ်"

သန်းတစ်ရာကျော်တန်ကြေးရှိသော ကားတစ်စီးကို ဝယ်နိုင်သူမှာ ထူးခြားလှသော အဆင့်အတန်းတစ်ခု ရှိရပေမည်။ ပုံမှန်ဆိုလျှင် လူတစ်ယောက်က ချမ်းသာလေလေ ပိုနှိမ့်ချတတ်လေလေပင်။ ထင်ထင်ပေါ်ပေါ်နေရခြင်းကို သဘောမကျကြချေ။

ထို့ကြောင့်လည်း ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တချို့က လမ်းဘေးဆိုင်မှ အဝတ်အစားများကို ဝတ်စားကြခြင်းဖြစ်၏။ သို့ဖြစ်လေရာ ဝယ်သူအတွက်တွေးပေးပြီး အရောင်းဝန်ထမ်းမလေးမှာ အားဟောင်နှင့် စုရှောင်ယာ၏ရိုက်ကူးရေးကို တားလိုက်ရသည်။

အားဟောင်နှင့် စုရှောင်ယာတို့ကတော့ ငေးကြောင်နေဆဲပင်။

သန်းတစ်ရာကျော်တန်ကားတစ်စီးကို တက္ကစီဒရိုင်ဘာတစ်ယောက်က ဝယ်လိုက်သတဲ့လား?

သို့သော် အရောင်းဝန်ထမ်းမလေး၏ စကားကို ကြားလိုက်ရချိန်၌ အားဟောင်လည်း သတိပြန်ဝင်လာသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့.. ကျွန်တော် အခုချက်ချင်းရပ်လိုက်ပါ့မယ်"

ဤသည်မှာ သူ့အတွက် နစ်နာသော်ငြား အရောင်းဝန်ထမ်းမလေး၏ တောင်းဆိုမှုက ဆီလျော်မှုရှိသည်ဖြစ်ရာ သူ့ဘက်ကလည်း ငြင်းဆန်ရန် အကြောင်းပြချက်မရှိပေ။

တကယ်တမ်းတွင် သူ အတန်ငယ်နှမြောမိသည်။ လမ်းဘေးဆိုင်မှ အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က သူ့သရုပ်မှန်ကို ထုတ်ဖော်လာခြင်းပင်။ ဤသည်မှာ ပြီးပြည့်စုံသော အကြောင်းအရာတစ်ခုဖြစ်၏။

လက်ဖျားခါလောက်သော ဤဇာတ်ကြောင်းမျိုးက ဝတ္ထုထဲတွင်သာ ဖြစ်လေ့ရှိသော်ငြား အပြင်လောကတွင်လည်း တကယ်ရှိသည်။

ဤဗီဒီယိုကိုသာ အဆုံးအထိ ရိုက်ကူးခွင့်ရလျှင် အာရုံစိုက်မှုအမြောက်အများကို ရရှိမည်မှာ ကျိန်းသေပေါက်ပင်။

"ရပါတယ်။ သူတို့ကို ရိုက်ခိုင်းလိုက်ပါ။ ကိစ္စမရှိပါဘူး"

ယဲ့ချန်းက ရက်ရောစွာ ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဘရို"

ယဲ့ချန်းဘက်က ရိုက်ကူးရေးလုပ်ခွင့်ပြုကြောင်း ကြားလိုက်ရသောအခါ အားဟောင် အပျော်လုံးဆို့သွားသည်။

"လူကြီးမင်း..အပြီးသတ်ထားတဲ့ဗီဒီယိုကို ကျွန်တော် ပို့လိုက်ပါ့မယ်။ ခင်ဗျား အရင်ကြည့်ကြည့်လို့ရပါတယ်။ မသင့်တော်တာတစ်ခုခုရှိရင် အွန်လိုင်းပေါ်မတင်ခင် ကျွန်တော် တည်းဖြတ်လိုက်ပါ့မယ်"

ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရချိန်မှာ အားဟောင်လည်း အလွန်ရိုကျိုးသွားချေသည်။

သန်းတစ်ရာတန်ကားတစ်စင်းကို ဝယ်နိုင်သည်ဆိုခြင်းမှာ သူ့သရုပ်မှန်နှင့် နောက်ခံက ထူးခြားသည်ဟူသော သဘောပင်။

ယဲ့ချန်းဘက်က မကန့်ကွက်သည့်အတွက် အရောင်းဝန်ထမ်းမလေးကလည်း ဘာမှထပ်မပြောတော့ချေ။

ထိုအရောင်းဝန်ထမ်းမလေးက မျက်နှာလိုမျက်နှာရ ဆိုလာလေသည်။

"လူကြီးမင်း..ကျွန်မနာမည်က ချန်းပင်းပါ။ ရှင် ကျွန်မကို ရှောင်ချန်းလို့ ခေါ်လို့ရပါတယ်။ ရှင့်ကို ဘယ်လိုခေါ်ရမလဲ"

"ကျွန်တော့်မျိုးရိုးနာမည်က ယဲ့ပါ"

ယဲ့ချန်းကလည်း အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။

စုရှောင်ယာက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ယဲ့ချန်းကိုကြည့်လိုက်၏။

ယဲ့ချန်းက ချမ်းသာကြောင်း သူ(မ) သိပါသော်ငြား သန်းတစ်ရာကျော်တန်ကားတစ်စင်းကို သာမန်ကာလျှံကာ ဝယ်နိုင်လိမ့်မည်ဟုတော့ ထင်မထားပေ။

"အစ်ကိုယဲ့.. ရှင်က ဒီလောက်အထိချမ်းသာလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ ကြိုသိခဲ့ရင် ကျွန်မ ရှင့်ကို ရတနာမြေပုံတွေ ပိုသုံးပေးဖို့ ပြောခဲ့မိမှာ"

စုရှောင်ယာ စနောက်လိုက်လေသည်။

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်၏။

"နောက်တစ်ခါကျရင် မင်း ငါ့အတွက် လေ့ကျင့်ခန်းလုပ်ပြလေ။ ဒါဆို ငါ ရတနာမြေပုံတွေ အများကြီးပို့ပေးမယ်"

စုရှောင်ယာ၏မျက်နှာကား ရုတ်ခြည်းနီမြန်းလာလေသည်။

စုရှောင်ယာ၏စိတ်ထဲတွင် ယဲ့ချန်းကို အလွန်ကျေးဇူးတင်မိသည်။

ယဲ့ချန်းကြောင့်သာ မဟုတ်ပါက သူ(မ)လည်း နာမည်ကြီးဖို့ဝေးစွ။ streamerတစ်ယောက်ပင် ဆက်လုပ်နိုင်မည်မဟုတ်ချေ။

ယခုအချိန်တွင် ဒုတိယမျိုးဆက်လူကုံထံများနှင့် သူ(မ) ကြုံဆုံနေရပြီဆိုသော်ငြား ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင် မပြောပလောက်ပေ။

ယဲ့ချန်းက အခြားဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များနှင့် မတူပေ။ သူသည် လူကြီးလူကောင်းဆန်ပြီး လုံခြုံစိတ်ချရသော ခံစားချက်မျိုး ပေးစွမ်းလေသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာတော့ ယဲ့ချန်းက ထိုကားကို ဝယ်လိုက်ပြီဟု ကြားသောအခါ ပရိသတ်များမှာ ရူးခါကုန်ကြသည်။

[ဘုရားရေ.. ငါတော့ ဒဏ္ဍာရီလာဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ကို မြင်လိုက်ရပြီ]

[သန်းတစ်ရာကျော်တန်ပြိုင်ကားကို တစ်ခါတည်းတန်းဝယ်ပစ်လိုက်တာ တော်တော်မိုက်တာပဲ]

[ဆင်းရဲမှုက ငါ့စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်ထားတာပဲ။ ဒါကြီးက တော်တော်လက်ဖျားခါလောက်တယ်]

[streamerအလှလေး.. ဘာတွေစောင့်နေတာလဲ။ သူ့ကိုသွားကပ်တော့လေ]

[အားဟောင်.. အဲဒီသူဌေးကြီးမှာ တစ်ခုခုလိုအပ်ရင် မင်းလည်း လုပ်ပေးနိုင်ပါတယ်လို့ ပြောလိုက်လေ]

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် တက်ကြွလှုပ်ရှားနေသဖြင့် လိုင်းထစ်တော့မတတ်ပင် ဖြစ်သွားလေသည်။

ယဲ့ချန်းက ထိုအရောင်းဝန်ထမ်းနောက်ကိုလိုက်၍ ဗီအိုင်ပီအခန်းထဲသို့ ဝင်သွားပြီးနောက် ကားဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုပ်လိုက်သည်။

ထိုအရောင်းဝန်ထမ်းမလေးက ပြောလိုက်သည်။

"မစ္စတာယဲ့.. ဒီကားအတွက် အထူးအစိတ်အပိုင်းတချို့ရှိပါသေးတယ်။ ရှင် လိုအပ်မလားမသိဘူး"

ဇိမ်ခံကားတစ်စီးအတွက် အထူးအစိတ်အပိုင်းများမှာ အလွန်ဈေးကြီးကြောင်း ယဲ့ချန်းနားလည်သည်။ ကား၏ရှေ့မီးသီးတစ်လုံးကပင် Porscheကားတစ်စီးကို ဝယ်နိုင်လောက်သည်။

သာမန်လူတစ်ယောက်သာဆိုလျှင် ထိုအစိတ်အပိုင်းများကို မဝယ်နိုင်ပေ။ အကြောင်းမှာ ၎င်းသည် အကျိုးအမြတ်မြင့်မားသော ငွေရပေါက်တစ်ခု ဖန်တီးခြင်းဖြစ်ကြောင်း သူတို့ သိထားကြသောကြောင့်ပင်။

ယဲ့ချန်းက အရောင်းဝန်ထမ်းမလေး ကမ်းပေးလာသော ဘောင်ချာကိုတစ်ချက်ကြည့်၍ ပြောလိုက်သည်။

"ကြည့်နေစရာမလိုပါဘူး။ ထပ်ဖြည့်လို့ရသမျှ အကုန်ထပ်ဖြည့်လိုက်"

သူ့အနေနှင့် သန်းတစ်ရာသုံးလိုက်ပြီဆိုမှတော့ သန်းဂဏန်းလောက်ထပ်သုံးတော့ရာ ဘာဖြစ်သွားမှာတဲ့လဲ?

ထိုအရောင်းဝန်ထမ်းမလေးခမျာ ဤစကားကိုကြားအပြီး ဝမ်းသာပျော်မြူးသွားချေသည်။ ထို့နောက် ဂဏန်းပေါင်းစက်တစ်ခုထုတ်၍ တွက်ချက်လိုက်သည်။

"မစ္စတာယဲ့.. ကားက ၉၈.၈၈သန်းပါ။ အပိုပစ္စည်းတွေကတော့ ၃.၂၂သန်းပါ။ အာမခံတွေပါ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ၁၀၂.၁၈သန်းဖြစ်ပါတယ်"

အရောင်းဝန်ထမ်းမလေး၏ ဈေးသတ်မှတ်ချက်ကို ကြားပြီးနောက် စုရှောင်ယာနှင့် အားဟောင်တို့လည်း ကြောင်အသွားချေသည်။

အပိုပစ္စည်းကတင် ၃.၂၂သန်းရှိသတဲ့။ ဤသည်မှာ အလွန်လက်ဖွာလိုက်သည့် အဖြစ်ပင်။

ဤသည်မှာ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များ၏ ကမ္ဘာပင်။

ယဲ့ချန်း ထိုစာရွက်စာတမ်းကို ယူကြည့်လိုက်ပြီးနောက် ဘဏ်ကတ်ကို ဆွဲထုတ်လိုက်သည်။

"ကတ်ဖြတ်လိုက်ပါ"

"လူကြီးမင်းယဲ့.. ကျွန်မတို့ ရှင့်အတွက် လိုင်စင်နံပါတ်ပြားစီစဉ်ပေးပါ့မယ်။ ရှင် သဘောကျတဲ့နံပါတ်တစ်ခုခုများရှိလား"

"လိုင်စင်နံပါတ်ပြားမလိုပါဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင်တစ်ခုရှိပြီးသား။ နောက်မှပဲ တပ်ပေးပေါ့"

"ရှင့်ကိုယ်ပိုင်လိုင်စင်နံပါတ်ပြားလား"

ထိုအရောင်းဝန်ထမ်းမလေးက မေးလိုက်မိသည်။

ယဲ့ချန်းလည်း ပြောလိုက်၏။

"နတ်ဆိုး A99999"

ပင့်သက်ရှိုက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။

ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက် ပီသပါပေသည်။ ဤမျှအထင်ကြီးဖို့ကောင်းသော လိုင်စင်နံပါတ်ပြားကိုပင် ပိုင်ဆိုင်ထားလေသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်အသုံးပြုသူများမှာ ပို၍ပင် ရူးခါကုန်ကြသည်။

[သေစမ်းကွာ။ နတ်ဆိုးA99999တဲ့.. ဒီလိုင်စင်နံပါတ်ပြားကို ငါ လမ်းပေါ်မှာ မြင်ဖူးတယ်။ ဖြစ်ချင်တော့ ဒီလုပ်ငန်းရှင်ကြီးရဲ့အပိုင်ဖြစ်နေတာကိုး]

[သန်းတစ်ရာကျော်တန်ကားကို ဝယ်နိုင်တာလည်း မဆန်းတော့ပါဘူး။ ဒီလိုင်စင်နံပါတ်ပြားကတင် တော်တော်အံ့ဩဖို့ကောင်းနေပြီ]

[ထိပ်တန်းလိုင်စင်နံပါတ်ပြားတဲ့လား.. တော်တော်လက်ဖျားခါလောက်တယ်ဟေ့]

"လူကြီးမင်း.. ငွေကို အရစ်ကျသွင်းချင်လား။ အပြည့်သွင်းချင်လားရှင့်"

"အပြည့်သွင်းမယ်။ ချက်ချင်းကတ်ဖြတ်လိုက်ပါ"

အရောင်းဝန်ထမ်းလေးခမျာ တဒင်္ဂမျှ မှင်တက်သွားလေသည်။

ဒိတ်ဒိတ်ကြဲသူဌေးများပင် ကားတစ်စီးဝယ်သည့်အခါ အရစ်ကျငွေသွင်းခြင်းကို ရွေးချယ်ကြသည်။

လက်ထဲတွင် ငွေသားချန်ထားခြင်းမှာ ပိုအကျိုးအမြတ်ရှိသည်။ ထိုကဲ့သို့အသုံးချခြင်းကသာ ပိုထိုက်တန်ပေသည်။

ယဲ့ချန်းကတော့ မျက်တောင်တစ်ချက်မျှပင် မခတ်ပါဘဲ ငွေအပြည့်ချေနိုင်လေသည်။ ဤသဘောကား သူ့တွင် တကယ်ပိုက်ဆံပေါသည်ဟူသော သဘောပင်။

အရောင်းဝန်ထမ်းမလေးက ယဲ့ချန်းကို စာချုပ်လှမ်းပေးလိုက်၏။

"မစ္စတာယဲ့.. လုပ်ထုံးလုပ်နည်းတွေကို လုပ်ပြီးသွားရင် ခုနစ်ရက်အတွင်း ကားက အဆင်သင့်ဖြစ်မှာပါ"

ယဲ့ချန်းက ကားဝယ်ဖို့ ကတ်ဖြတ်လိုက်တာကိုမြင်သောအခါ အားဟောင်နှင့် စုရှောင်ယာတို့ခမျာ အကြည့်ချင်းဖလှယ်လိုက်မိကြသည်။

သူ့တို့တွင် ဖော်လိုဝါသန်းပေါင်းများစွာ ရှိပါသော်ငြား ယဲ့ချန်းနှင့်ယှဉ်လိုက်ပါက သူတို့အနေနှင့် ဘာမှမဟုတ်တော့သလို ခံစားလိုက်ရသည်။

"မစ္စတာယဲ့..ကျွန်မ ရှင့်ကို ဝီချက်မှာအပ်လို့ရမလား။ ကားအတွက် လုပ်ထုံးလုပ်နည်းတွေလုပ်ပြီးသွားရင် ကျွန်မ ရှင့်ကို အကြောင်းကြားလိုက်ပါ့မယ်"

စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ဝမ်းသာပျော်ရွှင်နေသော အရောင်းဝန်ထမ်းမလေးက ထိုသို့ပြောလိုက်၏။

ဤငွေလွှဲမှုကား တစ်နှစ်စာလစာနှင့် ညီမျှလေသည်။

ထိုအရောင်းဝန်ထမ်းမလေး၏ အမြင်မှာတော့ ယဲ့ချန်းက ရွှေတွင်းပိုင်ရှင်ဒယ်ဒီတစ်ယောက်အလားပင်။ ထို့ကြောင့် သူ့ကို သူများနှင့်မတူအောင် ဆက်ဆံသင့်သည်။

အရေးအကြီးဆုံးအရာမှာ ဤဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးကို ဝီချက်တွင်အပ်ထားခြင်းအားဖြင့် အပြန်အလှန်ဆက်သွယ်ကာ ပတ်သက်မှုတချို့ တည်ဆောက်နိုင်သည်။

သူ့ဘက်က သူ(မ)ကို စကားမပြောချင်လျှင်ပင် သူ့သူငယ်ချင်းရပ်ဝန်းကို ကြည့်ခွင့်ရခြင်းကပင် ကောင်းနေလေပြီ။

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုဝန်ထမ်းမလေးကို ဝီချက်တွင် အပ်လိုက်၏။

"ဘာပြဿာနာမှမရှိဖို့ မျှော်လင့်ပါတယ်။ ခုနစ်ရက်နေရင် အဲဒီကားကို မြင်ချင်တယ်နော်"

"ပြဿနာမရှိပါဘူး။ ပြဿနာမရှိပါဘူး။ စိတ်ချပါ"

အရောင်းဝန်ထမ်းမလေးကလည်း ထပ်ခါတလဲလဲ အာမခံလိုက်သည်။

ထိုအချိန်တွင် အားဟောင်က ပြုံးတုံ့တုံ့ဖြင့် မေးလိုက်၏။

"မစ္စတာယဲ့.. ကျွန်တော်တို့လည်း ဝီချက်အပ်ရအောင်လေ။ ဗီဒီယိုကိုတည်းဖြတ်ပြီးသွားတာနဲ့ ကျွန်တော် ခင်ဗျားဆီကို ပို့လိုက်မယ်လေ"

အားဟောင်၏အတွေးကလည်း ထိုအရောင်းဝန်ထမ်းမလေးနှင့် အတူတူပင်။

မည်သို့ပင်ဖြစ်စေ ဒိတ်ဒိတ်ကြဲသူဌေးများကို တီဗီဒရမ်မာထဲတွင် မကြာခဏမြင်တွေ့ရတတ်သော်ငြား တကယ်တမ်းတွင်မူ တွေ့ဆုံဖို့ခက်လှသည်။

သူငယ်ချင်းများ ဖြစ်မလာနိုင်လျှင်ပင် သူတို့ထံမှ စကားတစ်ခွန်းကတင် ကိုယ့်ဘဝကို ပြောင်းလဲသွားစေနိုင်သည်။ ထို့ပြင် ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်၏ ဝီချက်ကို ရထားခြင်းမှာ အလွန်ဂုဏ်ရှိလှ၏။

ယဲ့ချန်းကလည်း ထိုstreamerကို မျက်နှာပျက်အောင် မလုပ်ချင်သောကြောင့် ဝီချက်အပ်ပေးလိုက်သည်။

ထိုအချိန်မှာပင် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်ချိန်ဝယ် ယဲ့ရှန်း၏အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

"ယဲ့ချန်း.. ရှင် အားကစားခန်းမကို စောစောလေးလာပေးလို့ရမလား။ ကျွန်မအဖေက သူ့အစား ရှင် ကြိုးဝိုင်းထဲဝင်မှာကို လက်မခံဘူးတဲ့"

••••••••••••••

All Chapters