ပိုလီယို၏ အကူအညီ တောင်းခံခြင်း
Vol. 31 Ch. 452
နဂါးမျိုးနွယ်သား ဝိုင်ဗန်နဂါး၏ ဖမ်းဆီးခြင်းကို ခံလိုက် ရသည်။ တိတိကျကျပြောရလျှင် သူက ဝိုင်ဗန်နဂါး၏ ကျောပေါ်တွင် စီးနင်းနေခြင်း ဖြစ်သည်။
သူ၏ နာမည်က သူ၏ လက်ရှိ အခြေအနေနှင့် လိုက်ဖက်လှသည်။
ဂိမ်းမာများက နဂါးမျိုးနွယ်သား ဝိုင်ဗန်နဂါး နှင့်အတူ ပါသွားသည်ကို မြင်တွေ့ လိုက်သောအခါ စိတ်လှုပ်ရှား သွားကြပြီး ဗီဒီယိုကို ဖိုရမ်သို့ ချက်ချင်း တင်လိုက်ကြ၏။
သူတို့က နဂါးမျိုးနွယ်သား ပေါ်လာပြီး သူ၏ ဝိုင်ဗန်နဂါး စီးနင်းသည့် အတွေ့အကြုံကို ရေးသားလိမ့်မည်ဟု ထင်မြင် ခဲ့ကြသည်။ ဂိမ်းမာများ အချိန်အကြာကြီး စောင့်ဆိုင်း နေသော်လည်း နဂါးမျိုးနွယ်သားက ဖိုရမ်တွင် မည်သည့် ပိုစ့်မှ မတင်ခဲ့ပေ။
နဂါးမျိုးနွယ်သား အော့ဖ်လိုင်း သွားမည် မဟုတ်ပေ။ ဝိုင်ဗန်နဂါး နှင့်အတူ ခရီးသွားရန် အခွင့်အရေး ရရှိခြင်းမှာ လွယ်ကူနေသည် မဟုတ်ပေ။ အကယ်၍ သူသာ အော့ဖ်လိုင်း သွားခဲ့ပါက သူ၏ အခွင့်အရေး ပျောက်ဆုံး သွားနိုင်၏။
"ဝိုင်ဗန်နဂါးရဲ့ ဇာတ်လမ်းကနေ လျှို့ဝှက် မစ်ရှင်ကို ဒီလိုနည်းနဲ့ စတင် တာလား။ နဂါးမျိုးနွယ်သားက အံ့မခန်းပဲ"
"ငါတို့က နဂါးမျိုးနွယ်သား အတွက် နင်းပြားတွေ ဖြစ်နေတယ်လို့ ငါ ခံစားမိတယ်။ မစ်ရှင် စတင်ပြီးတာနဲ့ ငါဆို အရှင်လတ်လတ် မီးလောင် သေဆုံးခဲ့ရတယ်။ ဒါက ငါ့ အတွက် အရမ်း ဆိုးတယ်"
"မင်းတို့ အားလုံး ငပဲ့ကောင်တွေ။ ငါတို့ကို မပြောဘဲ ဝိုင်ဗန်နဂါးကို ဖမ်းဆီးဖို့ ကြိုးစား ခဲ့ကြတယ်။ ငါတို့ သာသိရင် နဂါးမျိုးနွယ်သားလိုပဲ ဝိုင်ဗန်နဂါးရဲ့ ကိုယ်ပေါ်မှာ ချိတ်ဆွဲထားဖို့ အကြံပေးခဲ့မှာ"
"နဂါးမျိုးနွယ်သားက ဝိုင်ဗန်နဂါးရဲ့ စီးနင်းသူလား။ သူက အံ့မခန်း အောင်မြင်မှုတွေ ရနိုင်လောက်တယ်"
"ရယ်စရာ ကောင်းလိုက်တာ။ ဒီအံ့မခန်း ဂိမ်းမာက ဘယ်ကနေ ရောက်လာတာလဲ"
ဂိမ်းမာများက ဖိုရမ်တွင် နဂါးမျိုးနွယ်သား၏ ဝိုင်ဗန်နဂါးနှင့် အတွေ့အကြုံကို စိတ်အားထက်သန်စွာ ဆွေးနွေး နေကြ၏။
ဆွေးနွေးမှု အများစုတွင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသာ ပါဝင်ကြသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ဂန်ဒမ်ကို ပြန်လည် တည်ဆောက် နေရသောကြောင့် စိတ်မဝင်စား ခဲ့ကြပေ။
...
ထာဝရတိုင်းပြည်၏ ဒန်ဂျင်အရှင် ခန်းမဆောင် အတွင်း၌။
ကြောင်နက်လေး တစ်ကောင် သူ၏ ကိုယ်ပိုင်နေရာတွင် ပျင်းရိစွာ လဲလျောင်း နေ၏။ သူ့ အပေါ်တွင် ကြက်တူရွေး တစ်ကောင် ဟိုဟိုသည်သည် လျှောက်နေသည်။
ကြက်ဥခေါင်းက ကွန်ပျူတာ ရှေ့တွင် ထိုင်ကာ ကီးဘုတ်ကို အားပါးတရ ရိုက်နှိပ် နေ၏။ သူက အလုပ်,လုပ်ရင်း သူနှင့် စကားပြောရန် အွန်လိုင်းတွင် တန်းစီစောင့်ဆိုင်းနေသော ဂိမ်းမာများနှင့် စကားပြောဆို နေသည်။ သူက ဂိမ်းမာများ ကြုံတွေ့နေရသော ပြဿနာများ အတွက် ဖြေရှင်းနည်းများ ပံ့ပိုးပေးခြင်း သို့မဟုတ် ဂိမ်းအပေါ် သူတို့၏ တုံ့ပြန်မှုများကို မှတ်တမ်း တင်ပေးခြင်းတို့ ပြုလုပ် လိမ့်မည်။ ထို့နောက် သူက သူ၏ တွေ့ရှိချက်များကို အားလပ်ချိန်တွင် ရှားလော့ခ်ထံ တင်ပြ လိမ့်မည်။
ကြက်ဥခေါင်းက သူတို့၏ ဂိမ်းနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းရန် အကူအညီ တောင်းခံသော ဂိမ်းမာများနှင့် ရှားရှားပါးပါးသာ ကြုံတွေ့ရ၏။ သူတို့ အများစုက ကြက်ဥခေါင်းကို နဂါးနက်မတစ်ကောင်ဟု ထင်မြင် နေကြသောကြောင့် သူနှင့် စကားပြော လိုကြသည်။
"ငါ စိတ်မရှည်တော့ဘူး။ ဝိညာဉ်ကောလိပ်က တိုက်ပွဲလိုမျိုး တစ်ခုခု ငါတို့ လုပ်လို့ မရဘူးလား"
ကြက်တူရွေးက ဗီရိုပေါ်တွင် စိတ်မရှည်စွာ လမ်းလျှောက်နေ၏။
"ငါတို့ နောက်ဆုံး တိုက်ပွဲကနေ အနားရတာ ဆယ်ရက်လောက်ပဲ ရှိသေးတယ်။ မင်း ဘာတွေ စဉ်းစားနေ တာလဲ၊ မြောင်" ပိုလီယိုက ကြက်တူရွေးကို ကြည့်ရင်း ပြောလိုက်သည်။
"အရှင်ရှားလော့ခ်မှာ မိုက်ကယ်အိန်ဂျယ်လိုရဲ့ ဩဇာအရှိန်အဝါ ရှိတယ်လို့ ငါ ခံစားမိတယ်။ အရှင်ရှားလော့ခ်ကို ဆောင်းတောင်ကုန်းမြို့ကို တိုက်ခိုက်ဖို့ ငါတို့ ဖျောင်းဖျ ကြည့်ကြမလား။ ငါတို့ အဲ့ဒါကို ငါတို့ ခံတပ်အဖြစ် သိမ်းပိုက်နိုင်ရင်ပဲ... အဲ့ဒါက ငါတို့ ကမ္ဘာကို သိမ်းပိုက်ဖို့ အတွက် ကောင်းမွန်တဲ့ အစပြုမှု တစ်ခု ဖြစ်လိမ့်မယ်" ကြက်တူရွေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့သော် ပိုလီယိုက သဘောမတူဘဲ ပြန်ပြောလိုက်သည်။ "မင်း အချုပ်ခံထားရတာ ကြာသွားလို့ နေမှာ။ မင်းက လက်ရှိ အချိန်ကာလကို နားမလည်တော့ဘူး၊ မြောင်။ မင်း မှော်အမြောက်တွေ အကြောင်းရော သိလား။ ဒါက တစ်ချက် ပစ်ရုံနဲ့ တောင်တစ်ဝက်ကို အပိုင်းပိုင်းဖြစ်အောင် ဖောက်ခွဲနိုင်တဲ့ မှော်လက်နက် တစ်ခုပဲ။ အရှင်ရှားလော့ခ် တိုက်ရိုက် ထိမှန်ရင်တောင် ကြည့်ကောင်းမှာ မဟုတ်ဘူး၊ မြောင်။ ဂန်ဒမ် အကြောင်းကိုတော့ ထည့်တောင် မပြောနဲ့တော့"
ကြက်တူရွေးက ပိုလီယိုကို လှောင်ပြောင်ပြီး ပြန်တုန့်ပြန်၏။ "ဒါဆို ဘာဖြစ်လဲ။ အရှင်ရှားလော့ခ်က အစွမ်းထက်တယ်၊ ဒါပေမဲ့ သူက မိုက်ကယ်အိန်ဂျယ်လို သူ့ အကောင်းဆုံး အချိန်ကနဲ့ ယှဉ်ရင် အများကြီး လိုနေ သေးတယ်။ အရှင်ရှားလော့ခ်က စိတ်ဝင်စားစရာ ကောင်းတဲ့ နတ်ဆိုး တစ်ကောင်လို့ ငါ ခံစားမိတယ်။ သူသာ ကမ္ဘာကို သိမ်းပိုက်ဖို့ ဆန္ဒရှိရင်၊ သူ အောင်မြင်ကောင်း အောင်မြင် နိုင်လောက်တယ်"
ကြက်တူရွေးနှင့် ပိုလီယိုတို့က အရှင်ရှားလော့ခ် ကမ္ဘာကို သိမ်းပိုက်မည်၊ မသိမ်းပိုက်မည်ကို လေးနက်စွာ ဆွေးနွေး နေကြ၏။ ကွန်ပျူတာတွင် အလုပ်,လုပ်နေသော ကြက်ဥခေါင်းက "မင်းတို့ ဘာတွေ ပြောနေကြတာလဲ။ ကမ္ဘာကို သိမ်းပိုက်မယ် ဟုတ်လား။ မဖြစ်နိုင်ဘူး"ဟု ပြောလိုက်သည်။
ကြက်ဥခေါင်းက ချီတုံချတုံ တစ်စက်မျှ မရှိဘဲ ခေါင်းခါရင်း ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ငါ၊ အမှောင်၏ ဘုရင်၊ လျှို့ဝှက် ဆန်းကြယ်သော မီးလျှံများ၏ သခင်၊ ငရဲဘုံ၏ အရှင်သခင်ကသာ ကမ္ဘာကို သိမ်းပိုက်နိုင်မှာ မို့လို့ပဲ..."
ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က တံခါးလက်ကိုင်ကို ဖွင့်လိုက်၏။
"အရှင်ရှားလော့ခ်။ အရှင်ရှားလော့ခ်က လွဲရင်၊ ကမ္ဘာကို သိမ်းပိုက်မယ့် တခြား ဘယ်သတ္တဝါကိုမှ ငါ ထောက်ခံမှာ မဟုတ်ဘူး" ကြွားဝါနေသော ကြက်ဥခေါင်းက ရုတ်တရက် လေသံ ပြောင်းလိုက်သည်။
တံခါးဖွင့် လိုက်သော်လည်း အရှင်ရှားလော့ခ် ဝင်မလာခဲ့ပေ။ ထိုအစား လိပ်ကို သယ်ဆောင်လာသော ဖိုးဉာဏ်ကျယ် ဖြစ်နေသည်။
လိပ်က လွန်ခဲ့သော ဆယ်ရက်က ဝိညာဉ်ကောလိပ်တွင် အရှုပ်အထွေးကြီး တစ်ခု ဖန်တီးခဲ့သော ရှေးဟောင်း နတ်ဘုရားများတပ်မှ တပ်မှူး ဖရန်ဂျီပန်နီ ဖြစ်သည်။
ဝိညာဉ်ကောလိပ်က ဖရန်ဂျီပန်နီကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့၏။ ကျောင်းသားများ၏ ဆယ်ပုံတစ်ပုံ သူတို့၏ ကိုယ်ခန္ဓာများ ဆုံးရှုံးခဲ့ရသည့် အပြင် ဝိညာဉ်ကောလိပ်၏ ကျောင်းအုပ်ကြီးပင် သေဆုံး ခဲ့ရသည်။
ကိုယ်ခန္ဓာများ ဆုံးရှုံးခဲ့သော ကျောင်းသားများ သူတို့၏ ဝိညာဉ် သေတ္တာများကို အသုံးပြု၍ ပြန်လည် ရှင်သန် နိုင်သော်လည်း ကျောင်းအုပ်ကြီး အတွက်မူ ကွဲပြားခြားနား ခဲ့သည်။ သူက ဖရန်ဂျီပန်နီကို ပြန်လည် ရှင်သန်စေခဲ့သည့် အတွက် ဝိညာဉ်ကော်မတီက အပြစ်ရှိသည်ဟု သတ်မှတ်ကာ သေဒဏ် ချမှတ် ခဲ့သည်။ သူ၏ သေဒဏ်စီရင်မှုမှာ မနေ့က ဖြစ်ပွား ခဲ့သည်။
သူ၏ အရိုးများ ပြာဖြစ်အောင် မီးရှို့ ခံခဲ့ရပြီး သူ၏ ဝိညာဉ်သေတ္တာလည်း ပျက်စီး သွားခဲ့သည်။
အလွန် ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့၏။ သူ၏ သေဒဏ်စီရင်မှု နှင့်အတူ ပရော်ဖက်ဆာ ဘေကွန်က ဝိညာဉ်ကောလိပ်၏ ကျောင်းအုပ်ကြီး အသစ် ဖြစ်လာ ခဲ့သည်။
သူတို့၏ ရင်းနှီးသော ဆက်ဆံရေးအရ ရှားလော့ခ်နှင့် ဝိညာဉ်ကောလိပ်တို့ သဘောတူညီချက် အသစ် တစ်ခု လက်မှတ်ရေးထိုး ခဲ့ကြသည်။
သဘောတူညီချက် အသစ်တွင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကို ဘွဲ့နှင်းသဘင် စာမေးပွဲများ အတွက် တိုက်ခိုက်ရေး သမားများအဖြစ် ထည့်သွင်းထား၏။ ယခင် ကျောင်းအုပ်ကြီးက လူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများ ပါဝင်ခြင်းကို မနှစ်မြို့ ခဲ့သော်လည်း ပရော်ဖက်ဆာ ဘေကွန်ကမူ သိပ်စဉ်းစားခြင်း မရှိဘဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပေးခဲ့သည်။
မကြာမီမှာပင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ဝိညာဉ်ကောလိပ်၏ ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ် နိုင်တော့မည် ဖြစ်သည်။
ဖိုးဉာဏ်ကျယ် ဝင်လာပြီး လိပ်ကို ရှားလော့ခ် ဝယ်လာသော ဖန်ရေကန် အသစ်ထဲသို့ ပြောင်းထည့် လိုက်၏။
ဖန်ရေကန်ထဲမှ ရေက အထူးအရည် မဟုတ်ဘဲ သာမန် မြေအောက်ရေသာ ဖြစ်သည်။ ရှားလော့ခ်က သူက လိပ်၏ ဒဏ်ရာများကို စေတနာထား ကုသပေးလျှင်ပင် သူက ရှားလော့ခ်ကို ဆန့်ကျင်ပြီး သူ၏ ခေါင်းကို ဖန်ရေကန်နှင့် ရိုက်ခွဲခြင်း ကဲ့သို့သော အရာများ ပြုလုပ် လိမ့်မည်ဟု တွေ့ရှိ ခဲ့သည်။
ဖန်ရေကန် တစ်လုံးက သိပ်ဈေးမကြီး သော်လည်း ရှားလော့ခ် နာကျင်မှုကို ခံစား နေရသေးသည်။ လိပ်တွင် ငွေမရှိဘဲ ရှားလော့ခ်က သူ့ကို ငွေဖြင့် မရောင်းထုတ် နိုင်ခဲ့ပေ။
ဖိုးဉာဏ်ကျယ်က လိပ်ကို ဖန်ရေကန်ထဲတွင် ထားပြီးနောက် ထွက်ခွာ သွား၏။
"ဘယ်သူ ပြန်လာလဲ ကြည့်လိုက် ကြစို့"
ကြက်တူရွေးက ဖန်ရေကန် ဘေးသို့ ပျံဆင်းလာပြီး လိပ် ဖရန်ဂျီပန်နီကို စိုက်ကြည့်ရင်း လှောင်ပြော လိုက်သည်။
ကြက်ဥခေါင်းနှင့် ပိုလီယိုတို့ ရေကန်ဆီသို့ လျှောက်လာကြပြီး လိပ်ကို ကြည့်နေ ကြ၏။ သူတို့က ဖရန်ဂျီပန်နီ မည်သို့သော ပြစ်ဒဏ်မျိုး ခံစားခဲ့ရသည်ကို သိချင် နေကြသည်။
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်းမှ လွဲ၍ ဖရန်ဂျီပန်နီ၏ ကိုယ်ခန္ဓာ မပျက်စီးဘဲ ရှိနေပုံ ရသည်။
"မင်း မသေဘူးလား။ အရှင်ရှားလော့ခ်က မင်းကို သတ်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ၊ မြောင်" ပိုလီယိုက ဖန်ရေကန်ကို တို့ထိရင်း ပြောလိုက်သည်။
လိပ်က ဖန်ရေကန်ထဲတွင် ရှိနေပြီး အပြင်ဘက်မှ တိရစ္ဆာန် သုံးကောင်ကို ကြည့်နေ၏။ သူက ကြမ်းတမ်း လာပြီး ဝမ်းချုပ်နေ သကဲ့သို့ အမူအရာ ဖြစ်နေသည်။
"မင်း အရှင်ရှားလော့ခ်ရဲ့ မှော်အက္ခရာ မာနာစွမ်းအင်ကို ချိုးဖျက်ဖို့ စဉ်းစား နေတာလား" ကြက်တူရွေးက လိပ်၏ အမူအရာကို အကဲခတ်ရင်း မေးလိုက်သည်။
"အဲ့လိုပုံပဲ၊ မြောင်။ တခြား တစ်ခါကလိုပဲ။ အတူတူပဲ အမူအရာ က၊ မြောင်" ကြက်တူရွေး စကား ကြားပြီးနောက် ပိုလီယိုက ပြောလိုက်သည်။
ပိုလီယိုက ဘေးမှ ကြက်တူရွေးကို ရည်ညွှန်း နေခြင်း ဖြစ်သည်။
ဖရန်ဂျီပန်နီ အတွက်မူ ဤရိုင်းစိုင်းသော သတ္တဝါများက သူ့ကို ရယ်မော နေကြသော်လည်း သူက သူတို့ကို အရေးမစိုက် ခဲ့ပေ။
သာမန် ရှုံးနိမ့်မှု တစ်ခုသာ ဖြစ်သည်။ ဖိုးဉာဏ်ကျယ်၏ စမ်းသပ်မှုများက ကြောက်မက်ဖွယ်ရာ ဖြစ်သော်လည်း သူ့ကို ခြောက်လှန့်နိုင်ခြင်း မရှိခဲ့ပေ။
သူက တစ်ချိန်က ရှေးဟောင်း နတ်ဘုရားများတပ်မှ အမြင့်ဆုံး တပ်မှူး တစ်ယောက်ပင် ဖြစ်ခဲ့၏။ သူက ဖန်ရေကန်ထဲတွင် လိပ်တစ်ကောင် ကဲ့သို့ ထိန်းသိမ်း ခံထားရခြင်းမှာ ရယ်စရာ ကောင်းလှသည်။ သူက အိမ်မွေးလိပ် မဟုတ်ပေ။
သူ လက်လျှော့သွားမည် မဟုတ်ပေ။
...
ရှားလော့ခ် သူ၏ အိမ်မွေးတိရစ္ဆာန်များ၏ ခံစားချက်များကို ဆင်ခြင်သုံးသပ် နေရန် အချိန် မရှိခဲ့ပေ။ သူက သူတို့ကို ပျော်စရာ အတွက် သို့မဟုတ် သူတို့က ချစ်စရာ ကောင်းသည်ဟု ထင်သည့်အတွက် မွေးမြူထားခြင်း မဟုတ်ပေ။ ပိုလီယို၊ ဖီးနစ်နှင့် ဖရန်ဂျီပန်နီတို့ ချစ်စရာ မကောင်းကြပေ။
သူက အချို့ အချိန်များတွင် သူတို့၏ အကူအညီကို လိုအပ်၏။ ကျန်အချိန်များတွင်မူ သူတို့က ထာဝရတိုင်းပြည်တွင် နေထိုင်ပြီး ကောင်းမွန်စွာ စားသောက် အိပ်စက် နိုင်ကြသည်။
သူတို့ အားလုံး ထင်ရှားသော ဇာတ်ကောင်များ ဖြစ်ကြသည်။ အကယ်၍ ရှားလော့ခ်က သူတို့ကို သတ်လိုက်ပါက အလဟဿ ဖြစ်သွား လိမ့်မည်။ သူတို့ ဒန်ဂျင်တွင် နေထိုင်ခြင်းက ပိုကောင်း၏။ သူက သူတို့ကို သင့်တော်သည့်အခါ လက်ပါးစေများ အဖြစ်လည်း အသုံးပြုနိုင်၏။ အရေးအကြီးဆုံးမှာ သူက သူတို့ကို လစာပေးစရာ မလိုခြင်းပင်။ ရှားလော့ခ် ထိုကဲ့သို့သော ကောင်းမွန်သည့် အလုပ်သမားများကို ဘယ်မှာ ရှာနိုင်မည်နည်း။
ယခုအချိန်တွင် ရှားလော့ခ် ပိုလီယို၏ အကူအညီကို လိုအပ် နေသည်။
"မြောင်။ အရှင်ရှားလော့ခ်၊ အရှင် တကယ်ပြောတာလား၊ မြောင်။ အရှင်က ကျွန်တော့်ကို ကုန်သည်မဟာမိတ် အဖွဲ့ရဲ့ ကုန်သည်များ ညစာစားပွဲ အတွက် အရှင့်ရဲ့ ကဖော်အဖြစ် ခေါ်သွားမှာလား၊ မြောင်"
ရှားလော့ခ် ထာဝရတိုင်းပြည်သို့ ပြန်ရောက်လာပြီး သူ၏ အိမ်မွေးတိရစ္ဆာန်များကို ကုန်သည်မဟာမိတ် အဖွဲ့၏ ပွဲဖိတ်ကြားလွှာ အကြောင်း အသိပေး လိုက်၏။ သူက ပိုလီယိုကို ပွဲအတွက် သူ၏ အမျိုးသမီး ကဖော်အဖြစ် ဖြစ်စေ လိုသည်။
ပိုလီယို မယုံနိုင်ခဲ့ပေ။ သူက ကြောင်ထီး တစ်ကောင် ဖြစ်သည်။ သူက ကြောင်ငယ်လေး မဟုတ်လျှင်ပင် သူက နတ်ဆိုး အထီးတစ်ကောင် ဖြစ်နေ သေးသည်။
"ဒါက ဟန်ဆောင်မှု တစ်ခုပါပဲ။ ပွဲက ပါဝင်သူ အားလုံးကို ကဖော် တစ်ယောက် ရှိရမယ်လို့ သတ်မှတ် ထားတယ်။ ဆုံးဖြတ် ပြီးသွားပြီ။ ကျန်အချိန်တွေမှာ မင်း ငါ့ရဲ့ ကဖော်အဖြစ် ကိုယ့်ကိုယ်ကို ပြင်ဆင် ထားရမယ်" ရှားလော့ခ်က ပိုလီယိုကို ပြောလိုက်သည်။
ရှားလော့ခ်က ပိုလီယိုနှင့် စကား ပြောပြီးနောက် ထွက်ခွာ သွား၏။ ပိုလီယိုက အတွေးနက် နေစဉ် ကြက်တူရွေးက သူ့ကို လှောင်ပြောင်ရင်း ပျော်ရွှင်နေသည်။ ဖရန်ဂျီပန်နီက ဖန်ရေကန်ထဲတွင် ဝမ်းချုပ်နေသော အမူအရာနှင့် ရှိနေ သေး၏။ ကြက်ဥခေါင်းမှာမူ သူ၏ ကွန်ပျူတာ ဂိမ်းတွင် နစ်မြောနေပြီး ဘာဖြစ်ခဲ့သည်ကိုပင် မသိပေ။
"အရှင်ရှားလော့ခ်၊ ဒါ အရှင့်ရဲ့ ရွေးချယ်မှုတဲ့လား။ အရှင်က ဟိုမယုံကြည်ရတဲ့ အိပ်မက်နတ်ဆိုးမယ် ဒါမှမဟုတ် ဘုရင်မ ဗစ်တိုးရီးယားကို ရွေးလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ သူတို့ နှစ်ယောက်ကပဲ အရှင့် စာရင်းထဲက အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေပါ" ဘရုက ရှားလော့ခ်ကို သူ၏ စိတ်ထဲမှ ပြောလိုက်သည်။
"အိဗလင်းနဲ့ လီလိုလား။ မေ့လိုက်တော့။ သူတို့ ငါ့ရဲ့ စဉ်းစားမှု ထဲမှာ မရှိဘူး" ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်။ ဒရာမာဇာတ်ရုံက အရှက်ရစရာ ဖြစ်ရပ် ပြီးတဲ့နောက်၊ အရှင် သူတို့ကို နောက်ထပ် ထည့်မစဉ်းစားတော့တာ နားလည် နိုင်ပါတယ်။ ဘယ်သူမှ အာဆူရာ တိုက်ပွဲကွင်းထဲမှာ ရှိမနေ ချင်ကြဘူး၊ ဘေးက,ကြည့်တဲ့ သူအတွက်တော့ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့်ပေါ့။ အရှင် အဲ့ဒီ အတွက် စိတ်မကောင်း ဖြစ်နေရမှာပဲ" ဘရုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှားလော့ခ် သူ့ကို ပြန်တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူက ဝိညာဉ်ကော်မတီနှင့် ကုန်သည်မဟာမိတ် အဖွဲ့မှ ပို့ဆောင် ပေးသော လျော်ကြေးနှင့် ဆုလာဘ် ပစ္စည်းများကို စာရင်းစစ်ဆေး နေသောကြောင့် အလုပ်များ နေသည်။
...
ပိုလီယိုကတော့ ခက်ခဲသော ပြဿနာ တစ်ခုနှင့် ကျန်ရစ် ခဲ့သည်။
သူက အရည်အချင်း ပြည့်ဝသော ကဖော် တစ်ယောက် ဘယ်လို ဖြစ်နိုင်မည်လဲ။
အကယ်၍ အခြား သတ္တဝါများသာ ဖြစ်ပါက ပိုလီယို သူတို့ကို ဆဲဆိုကြိမ်းမောင်း မိလိမ့်မည်။ သူက မိုက်ကယ်အိန်ဂျယ်လို၏ နတ်ဆိုး ၇၂ ကောင်ထဲမှ တစ်ကောင် ဖြစ်ခဲ့သည်။ ယခုမူ သူက အမျိုးသမီးကဖော် အဖြစ် ဟန်ဆောင် ရတော့မည်။ ထိုအရာက သူ့ကို သေစေနိုင်သည်။
ပိုလီယို သူ မည်သို့သော သတ္တဝါမျိုးအဖြစ် ဟန်ဆောင် ရမည်ကို စိတ်ကူး မရခဲ့ပေ။
သူက ချစ်စရာ ကောင်းသော အသွင်၊ ချိုမြိန်သော အသွင်၊ ရင့်ကျက်သော အသွင် သို့မဟုတ် ရှေးဟောင်း နတ်ဘုရားတစ်ပါး၏ အသွင်ကို ရွေးချယ် သင့်သလား။
ပိုလီယိုက အထက်တန်းစား နတ်ဆိုး တစ်ပါး၏ ကျက်သရေ ရှိသော ကဖော်ဖြစ်ဖူးသည့် အတွေ့အကြုံ မရှိပေ။ ကမ္ဘာကို သိမ်းပိုက်လု နီးပါး ဖြစ်ခဲ့သော နတ်ဆိုးကြီး တစ်ပါး၏ လက်အောက်ငယ်သား တစ်ဦး အနေဖြင့် သူက တိုက်ခိုက်ခြင်း နှင့် သတင်း အချက်အလက် စုဆောင်းရန် ဟန်ဆောင်ခြင်း တို့ကိုသာ သိရှိခဲ့၏။ မိုက်ကယ်အိန်ဂျယ်လို၏ အချိန်ကာလတုန်းက သူ ကဖော်တစ်ယောက် ဖြစ်လာပေးရန် မလိုအပ်ခဲ့ပေ။
ယခင်က ဒန်ဂျင်များက တိုက်ပွဲနှင့် သွေးထွက်သံယို မှုများ အတွက် စင်မြင့်များ ဖြစ်ခဲ့ကြ၏။
ညစာစားပွဲ တစ်ခုတွင် ကခြင်း ဟုတ်လား။
လုံးလုံး မရှိခဲ့ပေ။
ပိုလီယို ခေါင်းကိုက် လုမတတ် ဖြစ်နေ၏။ ကြက်ဥခေါင်းက သူ့ကို အကြံဉာဏ် တစ်ခု ပေးလိုက်သည်။ "ခေါင်းပေါ်မှာ အစိမ်းရောင် သင်္ကေတတွေပါတဲ့ ဟိုဂိမ်းမာတွေကို သွားမေး ကြည့်ပါလား။ သူတို့က ရူးသွပ် နေပေမယ့် ဒီလို ပြဿနာမျိုးနဲ့ ပတ်သက်ရင် တစ်ခါတလေ ကောင်းကြတယ်"
ထာဝရတိုင်းပြည်မှ ဟိုဖုတ်ကောင် ဂိမ်းမာများကို မေးမြန်းခြင်း ဟုတ်လား။ ပိုလီယို ထိုအရာက အကြံကောင်း တစ်ခု မဟုတ်ဟု ထင်မြင် ခဲ့သော်လည်း သူ၌ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
အရှင်ရှားလော့ခ်က နူးညံ့ပုံ ရသော်လည်း သူက ကိုင်တွယ်ရ လွယ်ကူသော နတ်ဆိုး တစ်ကောင် မဟုတ်နေပေ၊ အထူးသဖြင့် သူက သူတို့နှင့် တိုက်ခိုက် နေချိန်တွင် ဖြစ်သည်။
ပိုလီယို အိုဂါခံတပ်တွင် အကျဉ်းကျ ခံခဲ့ရဖူး၏။ ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရသည့် မှတ်ဉာဏ်များ သူ၏ စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ်ကြီး ရှိနေသေးသည်။ ကြက်တူရွေး ကရော။ သူက တစ်ချိန်က ဖီးနစ် တစ်ကောင် ဖြစ်ခဲ့ သော်လည်း ယခုမူ သူက တစ်ခါတလေ စိတ်လွတ် သွားတတ်သည့် ကြက်တူရွေး တစ်ကောင် ဖြစ်သွားသည် အထိပင် အရိုက်အနှက် ခံခဲ့ရသည်။
ဖန်ရေကန်ထဲမှ လိပ်က သူ၏ အမူအရာ အရ ထာဝရ ဝမ်းချုပ်နေသော အခြေအနေတွင် ရှိနေ၏။ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာက အုပ်စိုးခဲ့သော ရှေးဟောင်း နတ်ဘုရားများတပ်မှ အမြင့်ဆုံး တပ်မှူး ဖရန်ဂျီပန်နီ ဖြစ်သည်ဟု မည်သူ ယုံကြည်နိုင်မည်လဲ။
အလွန် ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့၏။
အရှင်ရှားလော့ခ်က သူတို့ကို ခြိမ်းခြောက်ရန် ကြမ်းတမ်းသော စကားလုံးများ အသုံးမပြု ခဲ့သော်လည်း သူ၏ လုပ်ရပ်များက စကားလုံးများထက် ပို၍ ထိရောက်ခဲ့သည်။
ယခု အရှင်ရှားလော့ခ်က သူ့ကို ထိုကဲ့သို့သော မစ်ရှင် တစ်ခု ပေးအပ်ခဲ့ပြီး အကယ်၍ သူ ကောင်းမွန်စွာ မလုပ်ဆောင် နိုင်ခဲ့ပါက ပိုလီယို အကျိုးဆက်များကို စဉ်းစားရန်ပင် မဝံ့ရဲခဲ့ပေ။
အကြိမ်များစွာ စဉ်းစားပြီးနောက် သူက ဒန်ဂျင်အရှင် ခန်းမဆောင်မှ ထွက်လာပြီး အုတ်ခဲများ သယ်ဆောင် နေသော အော့ခ် တစ်ဦးကို အော်ခေါ်လိုက်၏။ ပိုလီယိုက သူ့ကို လေးနက်စွာ မေးလိုက်သည်။ "မင်း အရည်အချင်း ပြည့်ဝတဲ့ ကဖော် တစ်ယောက် ဘယ်လို ဖြစ်လာရမလဲ ဆိုတာ သိလား။ ငါ့ကို ပြောပ့၊ ငါ သင့်တော်တဲ့ ဆုလာဘ် တစ်ခု ပေးမယ်၊ မြောင်"
"အိုး၊ ငါ အုတ်ခဲတွေ သယ်နေရင်း ထူးဆန်းတဲ့ တွေ့ကြုံမှု တစ်ခု ရလိုက်တယ်"
ဂိမ်းမာ၏ ပထမဆုံး တုံ့ပြန်မှုမှာ ပိုလီယို၏ မေးခွန်းကို စဉ်းစားပြီး ဖြေဆိုရန် မဟုတ်ခဲ့ပေ။ သူက စိတ်လှုပ်ရှားနေပြီး သူ၏ လက်ထဲမှ အုတ်ခဲများပင် မြေပေါ်သို့ ပြုတ်ကျ သွား၏။
ထိုဂိမ်းမာ စိတ်လှုပ်ရှား နေသော်လည်း သူ၏ စိတ်လှုပ်ရှားမှုမှ ပြန်လည် သက်သာ ကောင်းမွန်လာ၏။ ညဉ့်နက်ပြီး မိုးလင်းလု နီးပါး ဖြစ်နေ သောကြောင့် သူ ကျယ်လောင်စွာ အော်ဟစ်ခြင်း မရှိခဲ့ပေ။ ပတ်ဝန်းကျင်တွင် ဂိမ်းမာ များစွာ မရှိသော်လည်း ဂိမ်းမာ အချို့ သူ့ကို သတိပြုမိပြီး သူ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်များ စတင်ခဲ့သလားဟု မေးမြန်း လိုကြ၏။ သူက ပိုလီယိုကို သယ်ဆောင်ကာ သူ၏ အစည်းအရုံး ခံတပ်ဆီသို့ ပြေးသွားသည်။
"မင်း ဘာပြောလိုက်တာလဲ။ မင်းက ငါ့ကို အရည်အချင်း ပြည့်ဝတဲ့ ကဖော်တစ်ယောက် ဘယ်လို ဖြစ်လာရမလဲဆိုတာ ပြောပြ ခိုင်းတာလား။ ဟုတ်ပါတယ်၊ ငါ အဲ့ဒါကို ဖြေနိုင်ပါတယ်။ ငါ မင်းကိုလည်း ကူညီနိုင်ပါတယ်။ ငါ ဘာဆုတွေရမှာလဲ" ဂိမ်းမာက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"စိတ်မပူပါနဲ့၊ မင်း ငါ့ကို ပြောပြရင် ရက်ရောတဲ့ ဆုလာဘ် တစ်ခု ရလိမ့်မယ်၊ မြောင်"
ပိုလီယိုက ဂိမ်းမာကို ညှို့ယူနိုင်စွမ်း ရှိသော လေသံဖြင့် ပြောဆို လိုက်၏။ နတ်ဆိုး တစ်ကောင် အနေဖြင့် သူက သာမန် သတ္တဝါများကို သူ့ကို ကူညီလာရန် မည်သို့ သွေးဆောင် ဖြားယောင်း ရမည်ကို သိရှိ၏။ သူက ဤအရာကို နှစ်ပေါင်း များစွာ မလုပ်ဆောင် နိုင်ခဲ့သော်လည်း သူက ထိုအရာတွင် ကောင်းမွန် နေသေးသည်။ နတ်ဆိုး တစ်ကောင်ကို ကူညီခြင်းဖြင့် သတ္တဝါ တစ်ကောင်က မည်သို့သော ဆုလာဘ်မျိုး ရရှိနိုင်မည်နည်း။
"ကျေးဇူးပြုပြီး နေပါဦး၊ ကျွန်တော် ရှာဖွေပေးပါ့မယ်" ဂိမ်းမာက အော်ဟစ်ပြီး မြေပေါ်သို့ လဲကျကာ အိပ်ပျော် သွား၏။
ပိုလီယိုက ဂိမ်းမာရှေ့တွင် ထိုင်ချ လိုက်၏။ သူက စိုးရိမ်ကြောင့်ကြခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးနေခြင်း မရှိခဲ့ပေ။
ဂိမ်းမာများ ရံဖန်ရံခါ သတိလစ် သွားတတ်ကြ၏။ သူတို့ ဘာပဲလုပ်လုပ်၊ ဂိမ်းမာများ သူတို့ ဘာသာသူတို့ နိုးထလာခြင်း မရှိလျှင် နိုးထလာမည် မဟုတ်ပေ။
ပိုလီယို အချိန်အကြာကြီး မစောင့်ခဲ့ရဘဲ ဂိမ်းမာ ပြန်ထထိုင် လိုက်၏။
"စောင့်ဆိုင်းရစေတဲ့ အတွက် တောင်းပန်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ကဖော်တစ်ယောက် ဘယ်လို ဖြစ်လာရမလဲဆိုတဲ့ စာအုပ်တွေ ကျွန်တော့်မှာ အများကြီး ရှိပါတယ်။ သူတို့ကို ကြည့်လိုက်ပါ"
ဂိမ်းမာများက "စမတ်ကျသူများ၏ နေထိုင်ပုံ"၊ "ယဉ်ကျေးပြီး ဆွဲဆောင်မှု ရှိသော စကားပြောဆို နည်းပညာများ"၊ "ဝေါ့ဇ်အက၏ အစမှအဆုံး လက်လျှော့ခြင်း အထိ လမ်းညွှန် အပြည့်အစုံ "၊ "ရှားလီ၏ လှည့်ဖြား နည်းလမ်းများ" ကဲ့သို့သော စာအုပ်ခေါင်းစဉ်များ ဆက်တိုက် ရွတ်ဆိုပြလိုက်၏။
ဂိမ်းမာ စကား ပြောပြီးနောက် ပိုလီယို ထွက်ခွာ သွား၏။ ဤစာအုပ်များက ပိုလီယို အတွက် အသုံးမဝင်ခဲ့ပေ။
ဂိမ်းမာက ပိုလီယို ပြန်ထွက်ခွာသွားသည်ကို ကြည့်နေ၏။ သူက ပိုလီယိုကို တားဆီး လိုသော်လည်း သူ ဘာမှ မတတ်နိုင်ပေ။ သူ၏ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် ပျောက်ကွယ်သွားသည့် အတွက် သူ စိတ်ဓာတ်ကျနေပုံ ရသည်။
အသည်းကွဲနေသော ဂိမ်းမာက အရာအားလုံးကို ဖိုရမ်တွင် ဖော်ထုတ်ရန် ဆုံးဖြတ် လိုက်၏။
သူ၏ ပိုစ့်က ဆက်တိုက် တုံ့ပြန်မှုများ ဖြစ်ပေါ်စေပြီး မမျှော်လင့်ထားသော အကျိုးဆက်များ ဖြစ်ပေါ်စေ လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။