ရှေးဟောင်းနတ်ဘုရားလက်စွပ်
Vol. 1 Ch. 80
ကျန်းရီသည် စိတ်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သတင်းကို ကြားရလျှင် ဆွံ့အ သွားရလေသည်။ သူသည် တကယ့်ကို ရှန်ဝူနိုင်ငံတော်၏ ကာကွယ်သူ၊ နံပါတ်တစ် စစ်သည်တော်၏ သားဖြစ်နေခဲ့သည်။
ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် ကျန်းဂိုဏ်း၏ အပယ်ခံ ဖြစ်ခဲ့စဉ်က လော့ကဲအရှင်က ဘယ်မှာနည်း။ သူ့ကို ကျန်းရုဟူ သတိလစ်သွားအောင် ရိုက်ခဲ့စဉ်က လော့ကဲအရှင် ဘယ်မှာနည်း ... ကျန်းရှောင်နူနှင့် သူ တခြားသူများ၏ အနိုင်ကျင့်ခြင်း ခံရစဉ်က လော့ကဲအရှင် ဘယ်မှာနည်း။ သူသေလုနီးပါး ဖြစ်သွားသည့် အချိန်တိုင်းတွင် လော့ကဲအရှင် ဘယ်မှာနည်း။
သူ့အဖေသည် သူ့ဘဝတွင် အခက်ခဲဆုံးသော အချိန်များကို ရင်ဆိုင်ခဲ့ရစဉ်က တစ်ခါမှ ပေါ်မလာခဲ့ဘူးလျှင် သူ့တွင် ထိုအဖေ မရှိပေ။ 'မင်းသား' ဟူသော ဂုဏ်ပုဒ်ကို လိုအပ်ပါသလား။ ဟင့်အင်း ... သူသည် ထိုသို့သော ဂုဏ်ပုဒ်ကို တစ်ခါမှလည်း မလိုချင်ဖူးသလို ထိုစကားလုံးကြောင့်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။
ကျန်းရီသည် ဆက်လက်၍သာ တိတ်ဆိတ်နေရာ ကျန်းယွင်ဟိုင်သည် ဆက်လက် ပြောဆိုလာခဲ့သည်။
"အရှင်ငယ် ... မင်းရဲ့ အဆင့်အတန်းက အနှေးနဲ့အမြန် ပေါ်လာမှာပဲ။ ကျန်းပိုင်လီက သိပ်မကြာခင်မှာပဲ မင်းကို လိုက်ရှာ လာလိမ့်မယ်။ ကြိုတင် ပြင်ဆင်ထားတာက ပိုကောင်းမယ်။ ကျန်းရှောင်နူနဲ့ ငါရဲ့ လုံခြုံမှုကို စိတ်ပူစရာ မလိုဘူး။ ကျန်းရိလျှိုမှာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ကလူတွေကို အမိန့်ပေးနိုင်တဲ့ အာဏာမရှိသေးဘူး။ ငါမင်းကို သိစေချင်တာက သခင်မက ဒီကိစ္စကို ကောင်းကောင်း မဖြေရှင်းခဲ့ပေမဲ့ သူမရဲ့ နှလုံးသားက အရမ်း ကြင်နာတတ်လွန်းတယ်။ သူမက အရမ်းကို ထူးခြားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီးတော့ ကျန်းပိုင်လီကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တယ်။ သခင်မကြောင့်သာ မဟုတ်ရင် ကျန်းပိုင်လီက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ဆိုတဲ့ ရာထူးရတဲ့အထိ မြင့်မားသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျန်းပိုင်လီက သူမကို ဘယ်လို ရာထူး အဆောင်အယောင်မျိုးမှ မပေးခဲ့တဲ့အပြင် သူမ ထွက်သွားတုန်းက လုပ်ကြံဖို့ လူတွေကိုတောင် စေလွှတ်ခဲ့တယ်။ သူမရဲ့ နှလုံးသားက အရမ်းကို နာကြည်း သွားရတယ်။ မဟုတ်ရင် သခင်မက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားမှာ မဟုတ်ဘူး"
"ဘန်း"
ကျန်းရီသည် လက်သီးကို တင်းတင်း ဆုပ်လိုက်၍ ဂူနံရံကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူသည် ကျန်းယွင်ဟိုင်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
"အဘိုး ... ဘာမှ ထပ်ပြောဖို့ မလိုတော့ဘူး။ ကျွန်တော် ဘာလုပ်ရမယ် ဆိုတာ သိပါတယ်။ ကျွန်တော်ကျန်းရီက မိဘမဲ့ဘဲ။ ကျွန်တော့်မှာ အရင်တုန်းကလည်း အဖေမရှိခဲ့သလို နောက်လည်း အဖေရှိလာမှာ မဟုတ်တော့ဘူး။ ပြီးတော့ ကျွန်တော် ခရမ်းရောင် နန်းတော်ရှင်အဆင့်၊ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်နဲ့ ဗာဂျရာ အဆင့်တွေကို ကျော်ဖြတ်မယ်။ ကျွန်တော့်မှာ အင်အား အလုံအလောက် ရှိတဲ့နေ့က ကျန်းပိုင်လီကို ဖမ်းတဲ့နေ့ပဲ။ ပြီးရင် အမေ့ရဲ့ အုတ်ဂူကို ဒူးထောက် တောင်းပန်ဖို့အတွက် သူ့ကို ခေါ်သွားမယ်"
"ကောင်းပြီ ... မင်းသာ ဒါကို တကယ်လုပ်နိုင်မယ် ဆိုရင် သခင်မက တမလွန်မှာ ပြုံးနေလိမ့်မယ်"
ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အထုပ်တစ်ခုကို ထုတ်ယူကာ ကျန်းရီကို ပေးလာခဲ့သည်။
"ဒီမှာ မြေကမ္ဘာအဆင့် ဆေးလုံးတွေနဲ့ မြေကမ္ဘာအဆင့် ကျင့်စဉ်တစ်ခု ဆေးတွေ ကုန်သွားရင် ချမ်ဝမ်ကွမ်ဆီကနေ တစ်ဆင့် ကျွန်တော့်ကို အကြောင်း ကြားခိုင်းလိုက်ပါ။ ဒါပေမဲ့ သူ့ကို သတိထားနေပါ။ ချမ်ဂိုဏ်းက လူတွေ အားလုံးက စီးပွားရေးသမားတွေ ဖြစ်ပြီးတော့ လူတွေကို ကောင်းကောင်း အသုံးချတတ်တယ်။ သူလှည့်စားတာ မခံရပါစေနဲ့။ ပြီးတော့ ကျန့်ဝူရွှမ်းကတော့ မိတ်ဆွေလုပ်ဖို့ သင့်တော်တယ်။ တစ်ခုခု ဆိုးရွားတာသာ ဖြစ်မလာရင် သူက ရှန်ဝူနိုင်ငံတော်ရဲ့ ထူးချွန်တဲ့ စစ်သည်တော်ကောင်း တစ်ယောက် ဖြစ်လာမှာ သေချာတယ်"
ကျန်းရီသည် ပစ္စည်းများကို လက်ခံလိုက်ပြီး ကျန်းယွင်ဟိုင်ကို ကြည့်လိုက်သည်။
"အဖိုးလည်း ဂရုစိုက်ပါ။ ကျွန်တော်က သင်တန်းကျောင်းအတွင်း ရှိနေသရွေ့ ဘယ်သူမှ ကျွန်တော့်ကို သတ်ရဲမှာ မဟုတ်ပါဘူး"
"ကောင်းပြီ ... ငါ့ကို ချမ်ဝမ်ကွမ်က တစ်ဆင့် မကြာမကြာ ဆက်သွယ်၊ ငါအရင် ပြန်တော့မယ်"
ကျန်းယွင်ဟိုင်သည် ကျန်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်ကြည့်လိုက်သည်။ ထို့နောက် သစ်ပင်များ၊ ချုံများအကြား တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။ သူထွက်သွားပြီး မကြာခင်မှာပင် ချမ်ဝမ်ကွမ် ပြန်ရောက်လာခဲ့ပြီး ကျန်းရီကို မသိမသာ ပြောလိုက်သည်။
"အစ်ကိုကြီး ... ပြန်သင့်နေပြီ"
ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သားသည် ဂူအတွင်းမှ ထွက်လာခဲ့သည်။ တရားမဝင် ကျောင်းသား အများစုသည် နတ်ဆိုးသားရဲများကို အမဲလိုက်ပြီးနောက် ပြန်ရောက်နေကြပြီ ဖြစ်သည်။ သူတို့သည် ဆရာကို ဝိုင်းပတ်ကာ အမဲလိုက်၍ ရရှိလာသော ပစ္စည်းများကို ပေးအပ်နေကြလေသည်။
"ဟမ် ... အဲဒါဘာလဲ"
ဆရာသည် ကျောင်းသားများ ပေးလာသော တောဝက် နတ်ဆိုးသားရဲများ၏ ဆူးချွန်များ၊ မြွေနတ်ဆိုး သားရဲများ၏ အဆိပ်အိတ်များ ကဲ့သို့သော ပစ္စည်းများကို စာရင်း ပြုစုနေသည်က်ု ကျန်းရီ တွေ့လိုက်ရသည်။ ဆရာသည် ထိုအရာများကို ရေးချပြီး လက်ကို ဝှေ့ယမ်း လိုက်သောအခါ ထိုပစ္စည်းများ ပျောက်ကွယ် သွားခဲ့သည်။ ကျန်းရီသည် ဆွံ့အစေသော မြင်ကွင်းကြောင့် ချမ်ဝမ်ကွမ်ကို မေးမြန်းလိုက်သည်။
"ဒါက ရှားပါးပစ္စည်း ရှေးဟောင်း နတ်ဘုရားလက်စွပ်ပဲ"
ချမ်ဝမ်ကွမ်၏ မျက်လုံးသေးသေးလေး များသည် တောက်ပလာကာ ရေရွတ် ပြောဆိုလိုက်သည်။
"ဒါက ကျန်းရိလျှိုရဲ့ ရှေးဟောင်း စစ်ရထားလောက် တန်ဖိုးရှိတယ်။ နယ်မြေ တစ်ခုလုံးမှာ ဒီလက်စွပ်တွေက အများဆုံးရှိမှ အခုတစ်ရာလောက်ပဲ ရှိမှာ။ သူက အထဲမှာ ပစ္စည်းတွေ အများကြီးကို သိမ်းဆည်းနိုင်တဲ့ စွမ်းရည် ရှိတယ်။ ငါတို့ဂိုဏ်းမှာ အဲဒီလိုလက်စွပ်မျိုး သုံးခု ရှိတယ်။ ဒါပေမဲ့ ငါက အဲဒါကို ပိုင်ဆိုင်ရဖို့ မထိုက်တန်သေးဘူး။ ဆရာကျောက်သာ ဒီအဖွဲ့ရဲ့ ခေါင်းဆောင် မဟုတ်ရင် သူ အဲဒါကို အသုံးပြုခွင့် ရမှာမဟုတ်ဘူး"
သူတို့ စကားပြော နေစဉ်တွင် လူရှစ်ယောက်ခန့်သည် တောင်ပေါ်မှ အမြန် ပြေးဆင်း လာကြသည်။ ချမ်ဝမ်ကွမ်သည် ထိုသူများကို မျက်စပစ် ပြလိုက်ပြီး ပြောလာခဲ့သည်။
"အစ်ကိုကြီး ... ကျွန်တော့်လူတွေ ရောက်ပြီ၊ သွားယူပြီး ပစ္စည်းတွေကို ပေးဖို့ လုပ်ကြတာပေါ့"
ကျန်းရီသည် ချမ်ဝမ်ကွမ်နောက်မှ လိုက်ကာ လူများထံ ချည်းကပ် သွားလိုက်သည်။ သူတို့နှစ်ယောက်သည် ထိုသူများ အနီးသို့ မရောက်ခင်တည်းက တစ်ညီတစ်ညွတ်တည်း ဆိုလာကြသည်။
"သခင်လေးချမ် ... သခင်လေးကျန်း"
ကျန်းရီသည် မသက်မသာ ခံစားရ၍ လက်ကာ ပြလိုက်သည်။
"ငါ့ကို သခင်လေးလို့ မခေါ်ပါနဲ့၊ ငါက သခင်လေးတစ်ယောက်လည်း မဟုတ်ဘူး။ ငါ့ကို ကျန်းရီလို့ပဲ ခေါ်စမ်းပါ"
ထိုလူများသည် ရှုပ်ထွေး သွားကြသဖြင့် ချမ်ဝမ်ကွမ်သည် သူတို့ကို ရှင်းပြလိုက်သည်။
"သူ့ကို အစ်ကိုကြီးလို့ပဲခေါ် သူက ငါ့အစ်ကိုကြီး ဆိုမှတော့ မင်းတို့ရဲ့ အစ်ကိုကြီးပဲပေါ့"
"အစ်ကိုကြီး"
လူရှစ်ယောက်သည် တစ်ပြိုင်တည်း နှုတ်ဆက်လိုက်ကြသည်။ ကျန်းရီသည် နှာခေါင်းကို အရှက်ပြေ ပွတ်လိုက်သည်။ ထိုသူများသည် သူ့ကို အစ်ကိုကြီးဟု နှုတ်ဆက် လိုက်သောအခါ သူ့ကိုယ်သူ မှောင်ခိုဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဟုပင် ခံစားလိုက်ရသည်။
ထို့နောက် ထိုလူများသည် မြွေစွယ်များ၊ ဆူးချွန်များ၊ ခွာများကို အမြန်ထုတ်ယူကာ သူနှင့် ချမ်ဝမ်ကွမ်ကို ပေးလာကြသည်။ နတ်ဆိုးသားရဲ တစ်ကောင်တွင် အဖိုးတန် ပစ္စည်းအများကြီး မရှိဘဲ တစ်ကောင်လျှင် တစ်ခုမျှသာ ရှိတတ်လေသည်။ ထိုပစ္စည်းများကို ဆေးများ ဖော်စပ်ရန်နှင့် လက်နက်များ၊ ချပ်ဝတ်များ ပြုလုပ်ရန် အသုံးပြု ကြလေသည်။
ပစ္စည်းများ အားလုံးကို အပ်နှံ ပြီးကြသော် ကျောင်းသားများသည် ဆရာနှင့်အတူ သင်တန်းကျောင်းထံ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် အမြန် လျှောက်လာကြသော အခြားအဖွဲ့နှစ်ခု ကိုလည်း တွေ့ရလေသည်။ ထိုသူများသည်လည်း နတ်ဆိုးသားရဲများကို အမဲလိုက် ထွက်ကြသော ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ တရားမဝင် ကျောင်းသားများ ဖြစ်သည်မှာ သေချာသည်။
ကျန်းချီလင်း ... ယွီမိန်အာ …
ကျန်းရီသည် ထိုနှစ်ဦးကို အဝေးတည်းမှ သတိပြုမိသဖြင့် အမြန် ပုန်းကွယ် လိုက်ရသည်။ ချမ်ဝမ်ကွမ်သည် ထိုသူများကို တွေ့လိုက်ရသော် မိတ်ဆွေဟောင်း များကို တွေ့လိုက် ရသကဲ့သို့ ပြုံးလိုက်လေသည်။
အဖွဲ့သုံးခုသည် အလျင်အမြန်ပင် စုစည်းမိ သွားသည်။ ထင်ထားသည့် အတိုင်း ကျန်းချီလင်းသည် ချမ်ဝမ်ကွမ်နှင့် ကျန်းရီကို သတိပြုမိ သွားလေသည်။ သူသည် သူတို့အနားသို့ ကပ်မလာသော်လည်း ကျန်းရီကို ဝါးစားတော့မတတ် စိုက်ကြည့် နေခဲ့သည်။
"သူခိုးလေး"
အနီရောင် ဝတ်စုံကို ဝတ်ထားသော မိန်းကလေး လှလှသည် အနီးသို့ ချည်းကပ် လာခဲ့သည်။ သူမသည် အံကို တင်းတင်းကြိတ်ကာ ကျန်းရီကို သေစေနိုင်လောက်သော အကြည့်များ ပစ်လွှတ်ရင်း စိတ်ထဲမှ ကျိန်စာတိုက် ဆဲရေး နေခဲ့သည်။ ကျန်းရီ၏ နှုတ်ခမ်းထောင့်များသည် တွန့်ကွေး သွားခဲ့ပြီး မကြားချင်ယောင် ဆောင်နေလိုက်သည်။
ချမ်ဝမ်ကွမ်သည် မပျော်မရွှင် ဖြစ်သွားကာ နောက်ကို လှည့်ကြည့်လိုက်သည်။
"မင်း ဘယ်သူ့ကို 'သူခိုးလေး' လို့ ခေါ်နေတာလဲ။ ယွီမိန်အာ ငါမင်းရဲ့ အတွင်းခံ တွေကိုလည်း မခိုးမိပါဘူး"
"နင် ... "
ယွီမိန်အာ၏ မျက်လုံးများသည် မီးများ ပွင့်ထွက် လာမတတ်ပင်၊ သူမ၏ ဂိုဏ်းသည် တော်ဝင်မြို့တော်တွင် ရှိသော်လည်း ချမ်ဂိုဏ်း၏ သြဇာညောင်းမှုကို သိရှိထားလေသည်။ သူမသည် အံကိုကြိတ်ကာ ကျန်းရီကိုသာ စိုက်ကြည့် နေလိုက်သည်။
"ဟက် ... ဟက် ... သူခိုးလေး ... နင်စောင့်ကြည့်နေ ... ငါနင့်ကို အနှေးနဲ့အမြန် ပြန်ပေးဆပ်ရအောင် လုပ်ပေးမယ်"
ယွီမိန်အာသည် သူမ၏ လုံးဝန်းသော တင်ပါးများကို ခါယမ်းကာ ထွက်သွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီအနီးသို့ တိုးလာကာ စူးရှသော အကြည့်များနှင့် မေးမြန်းလိုက်သည်။
"အစ်ကိုကြီး ... ဒီကြက်မလေးက အစ်ကိုကြီးကို မကျေနပ်တာတွေ ရှိနေတယ်နဲ့ တူတယ်၊ သူမကို ဘာမှမပေးဘဲ ကစားခဲ့တာလား"
"သွားစမ်းပါ"
ကျန်းရီသည် ဒေါသနှင့်အတူ ရှက်သွားသောကြောင့် ဖက်တီးကို ရိုက်လိုက်သည်။ သို့သော် ဖက်တီးသည် လျင်မြန် လွန်းသောကြောင့် အနည်းငယ်သာ လျှပ်ထိ သွားခဲ့သည်။ ကျန်းရီသည် ခပ်လှမ်းလှမ်းရှိ ယွီမိန်အာကို တစ်ချက် ခိုးကြည့်လိုက်ပြီး မေးလိုက်သည်။
"ငါက သူမကို တစ်ခါ ရန်စမိ သွားတယ်။ သူမရဲ့ အဆင့်အတန်းက ဘာလဲ၊ ခြိမ်းခြောက်နိုင်စွမ်း ရှိလား"
"သူမကိုယ်တိုင် ဆိုရင်တော့ ခြိမ်းခြောက်နိုင်စွမ်း မရှိဘူး"
ဖက်တီးသည် စိုးရိမ်စွာ ပြောလာခဲ့သည်။
"ယွီဂိုဏ်းက မိန်းကလေးတွေက ဆေးဝါး ဖော်စပ်တဲ့ နေရာမှာ အရည်အချင်း ရှိတယ်။ ယွီမိန်အာ သင်တန်းကျောင်းကို ရောက်လာတာက စုံတွဲကျင့်ကြံဖို့ ပါရမီရှင် တစ်ယောက်ကို ရှာဖွေဖို့ သေချာပေါက် ဖြစ်ရမယ်။ သူမရဲ့ အနာဂတ် စုံတွဲ လေ့ကျင့်ဖက်က အင်အားရော၊ အဆင့်အတန်းရော မြင့်တဲ့သူ ဆိုရင် ဒုက္ခရောက်နိုင်တယ်။ ဒီကြက်မလေးက လှလည်းလှတယ်၊ အင်အားလည်း ရှိတယ်၊ ပြီးတော့ ဒီလိုမျိုး မြှူဆွယ် ဖျားယောင်းတတ်တဲ့ အရည်အချင်းနဲ့ ဆိုရင် ဘယ်ယောက်ျားကို မဆို ဆွဲဆောင်ဖို့ အလွယ်လေးပဲ"
"ဟူး"
ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တွင် နေရာတိုင်း၌ ရန်သူများ ရှိနေသည်ဟု ခံစားနေရသည်။ သို့သော် သူ့စိတ်ထဲတွင်မူ ပိုမို အားကောင်းလာလိုသော ဆန္ဒသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
"ဟီးဟီး ... အစ်ကိုကြီး ... ဒီကြက်မလေးကို ဘာလို့ ကိုယ်တိုင် မကြိုးစားကြည့်တာလဲ"
ချမ်ဝမ်ကွမ်သည် ရယ်မောလိုက်ပြီး ပြောလာခဲ့သည်။
"ဒီကောင်မလေးကိုသာ ကျင့်ကြံဖို့အတွက် အသုံးချရင် ပိုပြီး ကျင့်ကြံနှုန်း မြန်လာပြီး အကျိုးရှိမှာ၊ သူမက ကျွန်တော့် အင်အားနဲ့ဆို ကျွန်တော့်အတွက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အစ်ကိုကြီးကသာ ကိုယ်တိုင် ကြိုးစားလိုက်မယ် ဆိုရင် ဒီကောင်မလေးက အစ်ကိုကြီးကို ပြဿနာ ရှာပါဦးမလား။ အစ်ကိုကြီးသာ လှုပ်ရှားချင်ရင် ကျွန်တော် သေချာပေါက် ထောက်ပံ့ပေးမယ်"
"ကောင်းလိုက်တဲ့ အကြံဉာဏ် "
ကျန်းရီသည် ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဒီကောင်မလေးကို ငါ့ရဲ့အခန်းထဲ ဒီညခေါ်လာဖို့အတွက် မင်းကို ဒုက္ခပေးရတော့မှာပဲ၊ သခင်လေးချမ်"
*****