← Chapters

စစ်ကြေညာခြင်း

Vol. 31 Ch. 463

စစ်ကြေညာခြင်း

Vol. 31 Ch. 463

ယခင်အချိန်ကသာ ဆိုလျှင် ယော့ခ်နယ်စားကြီးသည် ဗစ်တိုးရီးယား မြို့သားများ ရူးသွပ် နေကြသည်ဟု ထင်မှတ် မိပေမည်။ ဗစ်တိုးရီးယားမြို့၌ မြို့သူမြို့သား ထောင်အနည်းငယ် မျှသာ ရှိသော်လည်း ယော့ခ်နယ်မြေကို တိုက်ခိုက် နေခြင်းပင်။ အရင်တစ်ခါတုန်းက ယော့ခ်နယ်စားကြီးက သူရဲကောင်း ၃,၀၀၀ကို ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက်ဖို့ စေလွှတ်ခဲ့ သော်လည်း အားလုံး အပြတ်အသတ် ချေမှုန်း ခံလိုက်ရ၏။ သူရဲကောင်း ရာဂဏန်း အနည်းငယ် နှင့် တပ်မှူးဂျော့ခ်ျတို့သာ လွတ်မြောက် လာနိုင်ခဲ့သည်။ ဂျော့ခ်ျကိုမူ ဗစ်တိုးရီးယား မြို့ဘက်မှ ဆန္ဒအလျောက် ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်၏။

ဂျော့ခ်ျသည် အသုံးဝင်သော သတင်း အချက်အလက် များစွာကို ပြန်လည် ယူဆောင် လာခဲ့သည်။ ဥပမာဆိုရသော် သူ၏ တူတော်မောင် ဂွီနီဗီယာက သူ့အား သစ္စာဖောက်ကာ ဗစ်တိုးရီးယားမြို့ ဘက်သို့ ခိုလှုံ သွားခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ဗစ်တိုးရီးယားမြို့ကို အုပ်ချုပ်သူမှာ မိမိကိုယ်မိမိ ဘုရင်မ ဗစ်တိုးရီးယားဟု ကြေညာထားသူ ဖြစ်နေသည် ကိုလည်း သိခဲ့ရ၏။ ယော့ခ်နယ်စားကြီးသည် သူ့ထံမှ မြေကွက်ကို ဝယ်ယူ သွားသူမှာ ရုပ်ရည် ချောမောသော အမျိုးသား တစ်ဦး ဖြစ်ကြောင်းကို မှတ်မိ နေသေးသည်။

ထိုအချက်များမှာ အရေးမကြီးလှပေ။ အရေးကြီးသော အချက်မှာ ဗစ်တိုးရီးယား မြို့သားများက သူ့ကို တိုက်ခိုက် နေသော်လည်း ယော့ခ်နယ်စားကြီး ထံတွင် အသုံးဝင်သော သူရဲကောင်းများ မရှိခြင်းပင်။

သူ့ အနေဖြင့် လက်အောက်ခံ နယ်စား ပိုင်နက်များတွင် စစ်သား စုဆောင်း ရမည်လော။

အကယ်၍ သူက သေးငယ်သော ဗစ်တိုးရီးယားမြို့လေး တစ်ခုကြောင့် စစ်သား စုဆောင်းနေရပါက လူ အများအပြား ကျေနပ်ကြမည် မဟုတ်ပေ။ သူတို့က သူ့ ကိုပင် အထင်သေးကြ ပေလိမ့်မည်။

သူ ဂရုမစိုက် နိုင်တော့ချေ။ ယော့ခ်နယ်စားကြီးသည် စာများ ရေးသားပြီး အစောင့်များ ထံသို့ ပေးအပ် လိုက်ရာ သူတို့သည် လက်အောက်ခံ နယ်စား ပိုင်နက်များဆီသို့ အလျင်အမြန် မြင်းစီး ထွက်ခွာ သွားကြ၏။

ထိုထောင်လွှားသော ဗစ်တိုးရီးယား မြို့သားများကို သူ အဆုံးသတ် ပစ်ရပေမည်။

...

ဆယ်ဗားနပ်စ်သည် သူမ၏ ဆယ်ဗားနပ်စ် အပြာရောင် လေးတိုကို ကိုင်ဆောင်ရင်း ကျောက်တုံးများ ပေါ်တွင် ပေါ့ပါး ဖျတ်လတ်စွာ ခုန်လွှား သွားသည်။ သူမသည် သင့်တော်သော နေရာ တစ်ခုကို ရှာကာ လေးကို ပြင်လိုက်ပြီး တိုက်ခိုက်နေသော လူအုပ်ကို ချိန်ရွယ်၍ မြားတစ်စင်း လွှတ်လိုက်၏။ မြားသည် လှံရှည် တစ်လက် ကိုင်စွဲ ထားသော ဂနိုမ်း တစ်ဦးကို ထိမှန် သွားသည်။ ထိုဂနိုမ်း၏ အမည်အောက်တွင် ချန်အန်းမြို့ ဟူသော စကားလုံးများ ရှိနေ၏။

အာသာ၏ အဖွဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။

ဆယ်ဗားနပ်စ်သည် နောက်ထပ် ပစ်မှတ် တစ်ခုကို ချိန်ရွယ် လိုက်သည်။ သူမ ဒုတိယမြားကို မလွှတ်မီမှာပင် မြားတစ်စင်းက ဆယ်ဗားနပ်စ် ထံသို့ ပျံဝဲ လာခဲ့သည်။ ထိုလေးသမား၏ လက်ဖြောင့်မှုမှာ ဆယ်ဗားနပ်စ်လောက် မကောင်း လှသောကြောင့် မြားမှာ သူမ အနီးရှိ ကျောက်တုံးကြီး တစ်ခု ပေါ်သို့ ကျရောက် သွား၏။ မြားက ဆယ်ဗားနပ်စ်ကို မထိမှန် ခဲ့သော်လည်း ဂနိုမ်း တစ်ဦး နှင့် အော့ခ် စစ်သည်တော် တစ်ဦးက သူမထံသို့ ပြေးဝင် တိုက်ခိုက် လာသည်။

"ဆယ်ဗားနပ်စ်ကို ဖမ်းကြ၊ ငါ သူ့ကို အရှင် လိုချင်တယ်ကွ။" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြော လိုက်သည်။

ဆယ်ဗားနပ်စ်မှာ ကြောင်သွားတော့သည်။ ထိုဂိမ်းမာများက သူမအပေါ် ဘာလုပ်ရန် ကြံစည် နေသည်ကို သူမ ချက်ချင်း နားလည်လိုက်၏။ သူတို့က သူမအား ပြန်လည် ရှင်သန်ခြင်း မပြုနိုင်ရန် သို့မဟုတ် လှုပ်ရှားသွားလာ၍ မရစေရန် အရှင် ဖမ်းလိုကြခြင်း ဖြစ်ပေသည်။ သူမကို အကျဉ်းချခြင်းဖြင့် သူမ၏ ဂိမ်းကစားမှု အတွေ့အကြုံကို ဖျက်ဆီး လိုကြခြင်း ဖြစ်သည်။ အငတ်ဘေးဖြင့် မသေလျှင်တော့ သူတို့ ပြင်ဆင်ထားသော လှောင်အိမ်ထဲတွင် သူမ နေရပေလိမ့်မည်။

ဤကဲ့သို့သော ကစားနည်းမျိုးကို တားမြစ်ထားခြင်း မရှိသောကြောင့် အချို့ဂိမ်းမာများ ထိုသို့ ပြုလုပ် တတ်ကြသည်။ အကယ်၍ ထိုလုပ်ရပ်များသာ ဖိုရမ်ပေါ်တွင် ပေါ်သွားပါက ပြုလုပ်သူများသည် တခြားဂိမ်းမာများ၏ ရှုတ်ချခြင်းကို ခံရပေမည်။ ချန်အန်းမြို့ ကဲ့သို့သော အစည်းအရုံးကြီး တစ်ခု အတွက်မူ ထိုအရာမှာ အသုံးမဝင် လှချေ။ ချန်အန်းမြို့၏ ဥက္ကဌမှာ ထိုရှုတ်ချမှုများကို ဂရုစိုက်နေမည် မဟုတ်ပေ။

ငွေရှိနေသရွေ့ ပြဿနာ မဟုတ်ချေ။ တစ်ဦးချင်း ခေါင်းမာသော ဂိမ်းမာများမှာ လူနည်းစုသာ ဖြစ်၏။ ငွေသာရှိပါက ဂိမ်းမာများထံမှ အတိုက်အခံများစွာ ရှိလိမ့်မည် မဟုတ်။

ဒါက ဂိမ်း တစ်ခု မျှသာ ဖြစ်သည်။

ဆယ်ဗားနပ်စ်သည် သူတို့၏ ဖမ်းဆီးခြင်းကို မခံလိုချေ။ အာသာ၊ ဆယ်ဗားနပ်စ်နှင့် သူတို့၏ အဖွဲ့သည် မြေပေါ်လောကသို့ သွားရာလမ်းတွင် ချန်အန်းမြို့မှ ဂိမ်းမာများ၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ပရမ်းပတာ ဖြစ်သော တိုက်ပွဲ တစ်ခု အပြီးတွင် ဆယ်ဗားနပ်စ်နှင့် ဂိမ်းမာ အချို့မှာ ချန်အန်းမြို့ အစည်းအရုံးဝင် များကြောင့် အဖွဲ့နှင့် ကွဲသွား ခဲ့ရသည်။ အဝေးတွင် အာသာ တိုက်ခိုက်နေသည်ကို လှမ်းမြင် နေရသော်လည်း သူမထံတွင် အဖွဲ့သားများ၏ အကူအညီ မရှိတော့ပေ။

ဆယ်ဗားနပ်စ်သည် မိမိကိုယ်ကို အဖမ်း မခံနိုင်ကြောင်း သိရှိ နေသည်။ မိမိကိုယ်ကို သတ်သေခြင်းသည်သာ သူမ၏ နောက်ဆုံး ထွက်ပေါက် ဖြစ်ပေ လိမ့်မည်။ သူမ နောက်တွင် ဂိမ်းမာ ဆယ်ဂဏန်းမျှ ရှိနေ၏။ ဆယ်ဗားနပ်စ်သည် သူတို့ အားလုံးကို သတ်နိုင်မည်ဟု မသေချာသော်လည်း ကြိုးစားကြည့်ရန်တော့ ဆုံးဖြတ် ထားသည်။

ဆယ်ဗားနပ်စ်သည် ပုန်းအောင်းရန် နေရာကောင်း တစ်ခု ရှာဖွေရင်း ဆက်လက် ထွက်ပြေး နေခဲ့သည်။ ချန်အန်းမြို့မှ အစည်းအရုံးဝင်များက သူမနောက်သို့ အပူတပြင်း လိုက်နေကြ၏။

ဆယ်ဗားနပ်စ်သည် ပြန့်ပြူးသော ကုန်းပြင်မြင့် တစ်ခုသို့ ရောက်ရှိသောအခါ ထွက်ပြေးခြင်းကို ရပ်တန့် လိုက်သည်။

ဆယ်ဗားနပ်စ်သည် သူမ၏ လေးတိုကို သိမ်းလိုက်ပြီး လေးရှည် တစ်လက်ကို ထုတ်ယူကာ မန္တန် ရွတ်ဖတ် နေခဲ့သည်။ ထိုအရာမှာ သူမ သင်ယူထားသော မာနာမန္တန် တစ်ခု ဖြစ်၏။

လိုက်ဖမ်းသူများက ဆယ်ဗားနပ်စ်၏ လုပ်ရပ်ကိုမြင်ပြီး သူမ မကြာမီ တိုက်ခိုက်တော့မည်ကို သိလိုက် ကြသည်။ သူတို့ မကြောက်ရွံ့ကြပေ။ သူတို့ ကျဆုံးသွားလျှင်ပင် သူတို့၏ အဖွဲ့သားများက သူတို့၏ ပစ္စည်းများကို ပြန်လည် ယူဆောင် ပေးကြ ပေလိမ့်မည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ဆယ်ဗားနပ်စ် ကဲ့သို့သော ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အဆင့်မြင့် အဖွဲ့ဝင်များကို ဖမ်းဆီးရန်ပင်။

ဆယ်ဗားနပ်စ်သည် မန္တန် ရွတ်ဖတ်ခြင်းကို အဆုံးသတ်လိုက်စဉ် မြားပေါ်တွင် မီးလုံး တစ်လုံး ပေါ်ထွက် လာခဲ့သည်။ သူမ လေးညှို့ကို လွှတ်လိုက်ရာ မီးလျှံမြားသည် လိုက်ဖမ်းသူများထံသို့ ပျံသန်းသွား၏။

မီးလျှံမြားသည် လိုက်ဖမ်းသူများ၏ ရှေ့ရှိ မြေပြင်ပေါ်သို့ ကျရောက်ကာ ပြင်းထန်စွာ ပေါက်ကွဲ သွားသည်။ ချန်အန်းမြို့မှ အဖွဲ့ဝင်များသည် ဆယ်ဗားနပ်စ်ထံတွင် ဤမျှ အစွမ်းထက်သော အစွမ်းသွင်း မြားတစ်စင်း ရှိနေ လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြချေ။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးတောက်များက လိုက်ဖမ်းသူများကို ဝါးမြို သွားတော့သည်။

အစွမ်းသွင်းခြင်းမှာ အစွမ်းထက် သော်လည်း မာနာစွမ်းအင် များစွာကို စားသုံး ခဲ့သည်။ ထိုမီးလျှံမြား တစ်စင်းတည်းကပင် သူမ၏ မာနာစွမ်းအင် အားလုံးကို ကုန်ဆုံးသွား စေခဲ့သည်။ ဆယ်ဗားနပ်စ်သည် ထိုအစွမ်းသွင်းပညာကို သင်ယူရန် အတွက် မာနာစွမ်းရည်စာအုပ် ငါးအုပ်ကို အသုံးပြု ခဲ့ရ၏။

မာနာစွမ်းရည် စာအုပ် တစ်အုပ်မှာ အလွန်တရာ ဈေးကြီးလှပြီး ဆယ်ဗားနပ်စ်ကဲ့သို့ ချမ်းသာသော ဂိမ်းမာ တစ်ဦး ပင်လျှင် ထိုမာနာစွမ်းရည် စာအုပ် ငါးအုပ်ကို စုဆောင်းရန် အချိန်ကြာမြင့်စွာ ယူခဲ့ရသည်။ သူမက ငွေပေး ဝယ်ရန် ဆန္ဒ ရှိသော်လည်း ထိုအရာ အတွက် ဈေးကွက် မရှိခဲ့ချေ။ မာနာစွမ်းရည် စာအုပ် တစ်အုပ် လေလံပွဲတွင် ပေါ်လာသည့် အခါတိုင်း ချက်ချင်း ဝယ်ယူခြင်း ခံရလေ့ ရှိသည်။ သူမ အနေဖြင့် သူမ၏ အစည်းအရုံးဝင်များအား သူတို့ မာနာစွမ်းရည်စာအုပ်များကို ရရှိလာသည့်အခါ တိုက်ရိုက် ဝယ်ယူရန် သဘောတူညီမှုများ ပြုလုပ်ထားခဲ့ရ၏။

ဤမျှ ဈေးကြီးသော မာနာစွမ်းရည် တစ်ခုတွင် အစွမ်းထက်သော အကျိုးသက်ရောက်မှု ရှိနေခြင်းမှာ သဘာဝ ကျပေသည်။

လိုက်ဖမ်းသူအားလုံး ဆယ်ဗားနပ်စ်၏ မာနာ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းတော့ မဟုတ်ချေ။ လိုက်ဖမ်းသူ သုံးဦးသာ ချက်ချင်း သေဆုံး သွားခဲ့ပြီး သူတို့၏ ပစ္စည်း ကိရိယာများမှာလည်း ပျက်စီးလု နီးပါး ဖြစ် သွားခဲ့သည်။ ကျန်လိုက်ဖမ်းသူများမှာ မီးလောင် ဒဏ်ရာများသာ ရရှိခဲ့ကြ၏။

ဆယ်ဗားနပ်စ်သည် သူမ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဓားမြောင် တစ်ချောင်း ထုတ်ယူကာ မိမိဘဝကို အဆုံးသတ်ရန် ကြိုးစား တော့သည်။

သူမ၏ လည်ပင်းကို မထိုးစိုက်မီမှာပင် အစွမ်းထက်သော မာနာစွမ်းအား တစ်ခုက သူမကို တားဆီး လိုက်သည်။ လိုက်ဖမ်းသူ တစ်ဦးက သစ်ကိုင်း မှော်တောင်ဝှေး တစ်ချောင်းကို ထုတ်ယူပြီး မာနာစာလိပ် တစ်ခုကို ဆွဲဖြဲ လိုက်သည်ကို သူမ မြင်လိုက်ရ၏။ ထိုမာနာစာလိပ်နှင့် မှော်တောင်ဝှေး၏ အစွမ်းဖြင့် ချုပ်နှောင်ခြင်း ဂါထာ တစ်ခုကို ဆယ်ဗားနပ်စ် အပေါ်သို့ သက်ရောက် စေခဲ့သည်။ မိမိကိုယ်ကို သတ်သေရန် သူမ၏ အစီအစဉ်မှာ ပျက်စီး သွားခဲ့ရသည်။

လိုက်ဖမ်းသူများက ဆယ်ဗားနပ်စ် အပေါ်သို့ ခုန်အုပ် လိုက်ကြပြီး သူတို့၏ ကိုယ်များ အောက်တွင် သူမကို ဖိနှိပ် ထားလိုက်ကြ၏။ ဂိမ်းမာ တစ်ဦးက ပင့်ကူမျှင် ကြိုးတစ်ချောင်း ထုတ်ယူကာ ဆယ်ဗားနပ်စ်ကို ချည်နှောင်ပြီး သယ်ဆောင် သွားတော့သည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အစည်းအရုံးဝင် အချို့က ဆယ်ဗားနပ်စ် ဖမ်းဆီးခံလိုက် ရသည်ကို မြင်၍ ပြေးဝင် လာကြသော်လည်း သူတို့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ချန်အန်းမြို့မှ အစည်းအရုံးဝင်များသည် ဖမ်းဆီးရမိသော ဆယ်ဗားနပ်စ်ကို သယ်ဆောင်၍ ထွက်ပြေးသွား ကြတော့သည်။

အာသာ၏ ဘက်တွင်မူ တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။ အာသာနှင့် သူ၏ အဖွဲ့သားများမှာ ချောင်းမြောင်း တိုက်ခိုက် ခံရသော်လည်း အန္တရာယ် မရှိခဲ့ပေ။ သူတို့သည် သူတို့၏ အားကောင်းသော တိုက်ခိုက်ရေး စွမ်းပကားကို အခြေခံ၍ ဇွဲရှိရှိဖြင့် ပြန်လည် ခုခံ တိုက်ခိုက် ခဲ့ကြသည်။

ချန်အန်းမြို့မှ နောက်ဆုံး အစည်းအရုံးဝင် တစ်ဦး အာသာ၏ အနက်ရောင် ဓားရှည်ဖြင့် အသတ်ခံလိုက် ရသည့်အခါ ဂိမ်းမာ တစ်ဦးက ပြေးဝင်လာပြီး အော်ပြော လိုက်သည်။

"အာသာ။ ဆယ်ဗားနပ်စ်ကို ချန်အန်းမြို့ အဖွဲ့ဝင်တွေ ဖမ်းသွားကြပြီ။"

"နေဦး၊ မင်း ဘာပြောလိုက်တာလဲ။" သွေးစွန်းနေသော ဘောင်းဘီမဝတ်သူက ဦးစွာ ပြန်ပြောသည်။

"ဆယ်ဗားနပ်စ်ကို ချန်အန်းမြို့အဖွဲ့ဝင်တွေ ဖမ်းသွားကြပြီ။" သတင်းပေးသူက အော်ပြော၏။

"ငါတို့ စီနီယာ ဆယ်ဗားနပ်စ်ကို မွန်းစတားတွေ ဖမ်းသွားတယ်လို့ ကြားတယ်။" ဂနိုင်သားက ဤသို့သော ဆိုးရွားသည့် အခြေအနေတွင်ပင် ဟာသဖောက် နိုင်သေးသည်။

တခြားဂိမ်းမာများမှာမူ စိုးရိမ်နေခြင်း မရှိကြပေ။ သူတို့ ဆယ်ဗားနပ်စ်ကို ဖမ်းဆီးမိလျှင်ပင် သူမ၏ ပစ္စည်းများကို ချွတ်ယူပြီး အကျဉ်း ချထားရုံသာ ပြုလုပ် နိုင်ပေမည်။ သူတို့က သူမ၏ အကောင့်ကို ပိတ်ပင်နိုင်ခြင်း မရှိသောကြောင့် စိုးရိမ်ခြင်း မရှိကြခြင်း ဖြစ်၏။ ဆယ်ဗားနပ်စ်ထံတွင် ဝိညာဉ် ချည်နှောင်ခြင်း ပြုလုပ်ထားသော ဒဏ္ဍာရီ ပစ္စည်းများ ရှိသည်။ ဆယ်ဗားနပ်စ် သေဆုံးသွားသည်နှင့် ထိုပစ္စည်းများမှာ သတ်မှတ်ထားသော နေရာသို့ ပြန်ရောက် သွားပေမည်။

ဆယ်ဗားနပ်စ်မှာ ဂိမ်းကစားချိန် ရက်အနည်းငယ် မျှသာ ဆုံးရှုံးသွားခြင်း ဖြစ်၏။ ဆယ်ဗားနပ်စ်က သူမကို စောင့်ကြည့်နေသော အစောင့်ကို လာဘ်ထိုးနိုင်ရန်ပင် အလွန် ဖြစ်နိုင်ချေ ရှိသည်။ သူမ မကြာမီပင် ပြန်လွတ်လာ နိုင်ပေသည်။

အာသာပင်လျှင် စိုးရိမ်ခြင်း မရှိခဲ့ပေ။ ပြိုင်ဘက် ဂိမ်းမာများ၏ ဖမ်းဆီးခြင်း ခံရခြင်းမှာ သာမန် အဖြစ်အပျက် တစ်ခု သာဖြစ်၏။ အွန်လိုင်းဂိမ်းမာ အားလုံး ဖမ်းဆီးခံရသည့် ခံစားချက်ကို နားလည် ကြသည်။ ထိုအရာမှာ ရှက်စရာ မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုအရာက ပျော်စရာပင် ဖြစ်နိုင်သေးသည်။ ဆယ်ဗားနပ်စ် လှောင်အိမ်ထဲတွင် အကျဉ်းကျနေသည့် အခါမှာပင် သူမကို ဖမ်းဆီးထားသူများနှင့် လှောင်ပြောင် ကျီစယ် နိုင်သေး၏။

ဒါက ဂိမ်း တစ်ခု မျှသာ ဖြစ်ပြီး သေရေးရှင်ရေးကိစ္စ မဟုတ်ချေ။ ပျော်ရွှင်နေရန်သာ အရေးကြီးသည်။

ဘောင်းဘီမဝတ်သူက ကျယ်လောင်စွာ အော်ပြော လိုက်သည်။ "ငါတို့ ဆယ်ဗားနပ်စ်ကို လွမ်းနေကြမှာ မဟုတ်ဘူးလား။ သူ့ကို ပြန်ကယ်ရမယ်လေ၊ သူက အဆင့်မြင့် အဖွဲ့ဝင် တစ်ယောက်ပဲ။ ငါတို့ အစည်းအရုံးရဲ့ ဂုဏ်သတင်း ကျဆင်း သွားလိမ့်မယ်ကွ။"

ရင်မွှေးမီးလောင်က ဘောင်းဘီမဝတ်သူကို အံ့ဩတကြီး ကြည့်ကာ သူ၏ ပခုံးကိုပုတ်၍ ပြောလိုက်သည်။ "အမလေး ဘရားသား၊ ငါ မသိခဲ့ဘူးဗျာ။ မင်းက … ငါတို့ အစည်းအရုံး အတွက် ဒီလောက်တောင် စိုးရိမ်တာလား။ မင်းကို ဒုဥက္ကဌအဖြစ် ရွေးချယ်ခဲ့တာ မှန်သွားပြီ။ အစကတော့ ငါ မကျေမနပ် ဖြစ်မိသား၊ အခုတော့ ငါ့ကို လက်ခံသွားစေပြီ။ ငါ အဲ့အချက်ကို ထည့်မစဉ်းစားမိခဲ့ဘူး။"

ဘေးမှ ဂိမ်းမာများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ သူတို့က ဆယ်ဗားနပ်စ်မှာ အဆင့်မြင့် အဖွဲ့ဝင် တစ်ဦး ဖြစ်သည် ဟူသော အချက်ကို ထည့်သွင်း စဉ်းစား မိခြင်း မရှိခဲ့ကြပေ။ အကယ်၍ သူမသာ ချန်အန်းမြို့၏ ဖမ်းဆီးခြင်းကို ခံထားရပါက ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ဂုဏ်သတင်းကို ထိခိုက်စေ လိမ့်မည်။ အကယ်၍ သူမ သူတို့၏ လှည့်ဖြားခြင်းကို ခံရပါက သို့မဟုတ် ဆိုးရွားသောအရာ တစ်ခုခုကို ပြုလုပ်ရန် အတင်းအကျပ် စေခိုင်းခံရပါက သူတို့ ဘယ်လို ဖြေရှင်း ကြမည်နည်း။

ယခင်က မိုးလက်ဖက်ရည်ကြောင့် ထိုအစည်းအရုံး နှစ်ခုမှာ သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။ ချန်အန်းမြို့က လက်စားချေရန် ဤအခွင့်အရေးကို အသုံးချပေ လိမ့်မည်။

ဂိမ်းမာများက ဆယ်ဗားနပ်စ်ကို ကယ်တင် လိုကြပြီး အာသာကလည်း သဘောတူညီစွာ ခေါင်းညိတ် လိုက်သည်။ မူလအစီအစဉ်မှာ ဗစ်တိုးရီးယား မြို့သားများ နှင့်အတူ မြေပေါ်လောက,ကို စူးစမ်း ရှာဖွေရန်နှင့် သူတို့နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် ဖြစ်၏။ သို့သော် ချန်အန်းမြို့မှ အဖွဲ့ဝင်များ၏ ချောင်းမြောင်း တိုက်ခိုက်မှု အတွင်း ဗစ်တိုးရီးယား မြို့သားများမှာပါ အသတ် ခံလိုက်ရသည်။ သူတို့ ယခု ဗစ်တိုးရီးယားမြို့သို့ သွားရောက် လည်ပတ် နိုင်တော့မည် မဟုတ်သော်လည်း ဤအားလပ်ချိန်ကို အသုံးပြု၍ ဆယ်ဗားနပ်စ်ကို ပြန်လည် ကယ်တင် နိုင်ပေသည်။

ဆုံးဖြတ်ချက်ချပြီး ဖြစ်သောကြောင့် အာသာတွင် နှောင့်နှေးလိုစိတ် မရှိတော့ချေ။ သူသည် ချန်အန်းမြို့အပေါ် ချက်ချင်း စစ်ကြေညာ လိုက်တော့သည်။

All Chapters