တစ္ဆအိုကြီး (1)
Vol. 29 Ch. 281
တစ္ဆေပျောက်ကွယ်သွားသည်ကိုမြင်လျှင် ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်မှ အဖွဲ့ဝင်များမှာလည်း သက်ပြင်းတစ်ချက် ချမိလိုက်ကြသည်။
ကုကျစ်စုန့်ထွက်လာသည့်အချိန်တွင်တော့ ရုံးချုပ်မှလူများက ကုကျစ်စုန့်၏လက်ကို စိတ်လှုပ်ရှားမှုဖြင့် ထပ်ကာထပ်ကာ လက်ဆွဲရင်း ပြောလာခဲ့သည်။
“ကုတောက်ကျန့်၊ ကျွန်တော်တို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး၊ မင်းက တစ်မြို့လုံးက လူတွေရဲ့ အသက်ကို ကယ်လိုက်တာပဲ၊ မင်း ကယ်လိုက်လို့သာ မဟုတ်ရင် ဒီနေရာက လူတွေအားလုံး ခံစားရမှာကို ကျွန်တော် စိုးရိမ်မိတယ်”
ကုကျစ်စုန့် :
“မဟုတ်ပါဘူး၊ ကျွန်မက တာဝန်ယူထားတဲ့အလုပ်ကို အကောင်းဆုံးကြိုးစားခဲ့ရုံတင်ပါ"
ဌာနကလူများက တွေးမိလိုက်ကြသည်မှာ : ဒါ သာမန်ကိစ္စလေးမှမဟုတ်တာ.. ငရဲအဆင့် ထူးခြားကိစ္စကြီးလေ!!
“ကျွန်တော်တို့ ခင်ဗျားရဲ့ကတ်ထဲမှာ ဆုကြေးထည့်ထားပြီးပါပြီ”
ကုကျစ်စုန့်က မြင်ပြီးသွားပြီဆိုသည့်သဘောနှင့် ခေါင်းငြိမ့်လိုက်သည်။
ပမာဏမှာ ထိုအချိန်က ဖိုရမ်တွင်ပြသထားသည်ထက်ပင် သုံးဆများနေသေးသည်။
ယခုချိန်တွင်တော့ နတ်ဘုရားမရေကန်အလောင်းကိစ္စ ရှင်းလင်းပြီးဆုံးသွားပြီဖြစ်ရာ ကြည့်ရှု၍ရနိုင်သည့် အမှုတစ်ခုဖြစ်လာပြီဖြစ်သည်။
ခက်ခဲမှုအဆင့်ကလည်း “ခက်ခဲမှု” မှ “ငရဲအဆင့်” သို့ရောက်ရှိလာလေပြီ။
အမှုပိတ်လိုက်သည်မှာ နာရီဝက်ပင်မကြာသေးခင် လာရောက်ကြည့်ရှုကြသည့်သူများမှာ တစ်ရာကျော်သွားပြီဖြစ်သည်။
အစပိုင်းတွင် နိုင်ငံအနှံ့အပြားရှိ ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်အဖွဲ့ဝင်များက အသစ်စက်စက်အဖွဲ့ဝင်လေးဖြစ်သည့် ကုကျစ်စုန့်အကြောင်းကို သိချင်နေကြသည်။
သူမထံတွင် မည်သည့်စွမ်းဆောင်ရည်တို့ရှိကြောင်းကိုလည်း သိချင်နေကြ၏။
ရလဒ်အနေဖြင့် ခက်ခဲမှုအဆင့်ကို တစ်ချက်နှိပ်ရုံဖြင့် တွေ့ရှိသွားခဲ့ရလေသည်။ ထို့ကြောင့် သိချင်စိတ်များကလည်း အလွန်အမင်း တိုးလာခဲ့ကြ၏။
အဖွဲ့ဝင်များမှာ ရုံးချုပ်က ချဲ့ကား၍ပြောလွန်းနေသည်ဟုပင် အစက ခံစားလိုက်ရသည်။ မည်သို့သောအမှုကများ ငရဲအဆင့်ထိ ခက်ခဲပါ့မည်နည်း။
သို့သော်လည်း ‘တစ်မြို့လုံးမှ နာကျည်းမှုတို့ကို ဖယ်ရှားခြင်း’နှင့် တစ္ဆေစစ်သူကြီးအဆင့်ရှိ တစ္ဆေတစ်ကောင်းကို ကူးပြောင်းပေးသည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ :
လူတိုင်း : “?!!”
လူတိုင်းက ရှုံးနိမ့်သွားသကဲ့သို့ ခံစားရပြီး ဘဝအကြောင်းကို သံသယဖြစ်လာတော့သည်။
ခေါင်းဆောင်များက ဟာလုပ်နေခြင်းမဟုတ်သည်ကို အတည်ပြုပြီးနောက် ကုကျစ်စုန့်၏ အမှန်တကယ်အောင်မြင်မှုများကို မြင်လိုက်ရသောအခါ သူတို့ ချက်ချင်းပင် ရူးသွပ်သွားကြတော့သည်။
သူတို့က ဤအဖြစ်အပျက်ကို လျှင်မြန်စွာပင် ဖြန့်လိုက်ကြပြီး ဂရုထဲတွင် သူငယ်ချင်းများကို ပြောပြလိုက်ကြသည့်အပြင် ဂရိုဂရမ်အောက်မှ မှတ်ချက်နေရာတွင် ပေါက်ကွဲကုန်ကြတော့သည်။
“ငါက အမြင်ကျဉ်းသွားခဲ့ပြီး လျစ်လျူရှုခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်၊ ကုတောက်ကျန့်ရဲ့ အပြုအမူတွေကိုမြင်တုန်းက သူမကို သံသယရှိခဲ့မိတယ်၊ သူမရဲ့သတ္တိကိုမြင်ရတော့.. အဆင်ပြေပါတယ်၊ အခုပဲ ငါ အိမ်ထောင်စုဇယားကို ပြောင်းတော့မယ်၊ ငါ ယုံချန်ကို သွားလို့ရမလား”
“ငါတို့အတွက်တော့ မတူတော့ဘူး၊ ကုတောက်ကျန့်. အလုပ်သင်လေးများ မလိုဘူးလား၊ ဉာဏ်အကောင်းကြီးတော့မဟုတ်ပေမဲ့ လေးလေးနက်နက် လုပ်ကိုင်တတ်တဲ့ လူမျိုးပါ”
“အလုပ်သင် မလိုချင်ဘူးဆိုရင်လည်း နိစ္စဒူဝကိစ္စတွေကို ကူညီပေးဖို့ လက်ထောက်လေးရော မလိုချင်ဘူးလား”
“……”
ကုကျစ်စုန့်က ပရိုဂရမ်၏ မှတ်ချက်များတွင် ထိုသို့ဖြစ်နေကြသည်ကို မသိခဲ့ပါချေ။
သူမက ဝိညာဉ်စားသုံးသံမှိူကို အဆောင်နှင့်ထိန်းထားကာ နတ်ဆိုးစိတ်ဝိညာဉ်များစိမ့်မထွက်လာစေရန် လုပ်လိုက်သည်။ ထို့နောက် သတိကြီးကြီးထားနေကြသော ရုံးချုပ်အဖွဲ့ဝင်များကို ပေးလိုက်လေ၏။
သို့သော်လည်း သူမက အတွေးနွံနစ်နေဆဲပင်။
ဤအမှုတွင် မြူနက်များ၏ သဲလွန်စများမတွေ့ပါသော်လည်း ကုကျစ်စုန့်မှာ တစ်ခုကိုတော့ သေချာနေခဲ့သည်။
တစ်ခုခုတော့ ဆက်နွယ်နေမည်ပင်။
နတ်ဘုရားမရေကန်ထဲတွင် နစ်နေခဲ့သည့်အလောင်းအကြောင်းကို ကျေညက်အောင်စဉ်းစားပြီးသွားချိန်တွင်တော့ သူမ တစ်စုံတစ်ခုကို ထပ်သတိပြုမိလာခဲ့ပြန်သည်။
သူမက အမှောင်ထဲက တစ်စုံတစ်ခုကို အာရုံခံမိခြင်းပင်။
မြူနက်များက သူမကို ပစ်မှတ်ထားနေခြင်းသာမကဘဲ ပူးပေါင်းကြံစည်မှုကြီးတစ်ခုပင် ဖြစ်နေခဲ့သည်။
ထိုခဏတွင် ဌာနမှ ရုပ်လွန်ဆရာသခင်က ရောက်လာခဲ့ပြီး လက်များကိုပွတ်ကာ ခပ်ရှက်ရှက်နှင့် စကားဆိုလာခဲ့သည်။
“ကုတောက်ကျန့်၊ ဒီအဖြစ်အပျက်ပြီးမှပဲ ကျွန်တော်ရဲ့ ဗဟုသုတတွေနဲ့ ရုပ်လွန်ပညာရပ်က အရမ်းအားနည်းလွန်းနေခဲ့တယ်ဆိုတာကို သိလိုက်ရတယ်၊ ခင်ဗျား ကျွန်တော့်ကို အကြံဉာဏ်လေးတချို့လောက်များ ပေးနိုင်မလား
စားသောက်ဂုဏ်ပြုပွဲတွေကို သွားသွားပြန်ပြန်မလုပ်ချင်ဘူးဆိုရင် လိုင်းပေါ်ကတစ်ဆင့် အကြံပေးလဲ ရပါတယ်”
ကုကျစ်စုန့်က တစ်ခဏမျှ ကြောင်အမ်းသွားခဲ့သည်။ ထို့နောက် တွေးကာ ပြောလိုက်၏။
“လိုင်းပေါ်ကပြောတာ အဆင်ပြေပါလိမ့်မယ်၊ ဒါပေမဲ့ မနက်ဖြန်နဲ့ သန်ဘက်ခါအတွက်တော့ မရသေးဘူး၊ ကျွန်မ ပရိုဂရမ်အသစ်တစ်ခုမှာ ပါရဦးမယ်”
နေ့လည်ခင်းတွင် ရေကန်အနီး၌ သူမ အစီအရင်ခင်းကျင်းနေစဉ် သူမ၏လက်ထောက် ရှောင်ကျိုးထံမှ ဖုန်းခေါ်ဆိုမှုများစွာကို ရရှိလိုက်လေသည်။
ဖုန်း၏အခြားတစ်ဖက်မှလူက ငိုနေကာ တစ်ပတ်လောက်ပျောက်သွားခဲ့ခြင်းကြောင့်လည်း အခြားတစ်ဖက်မှ စိတ်ပူနေပုံရ၏။
ရှောင်ကျိုးက နာကျင်စွာ ပြောလိုက်သည်။
“စုန့်ကျဲ ဝိညာဉ်အရေးအခင်းများရဲ့ အစီအစဉ်အဖွဲ့က ဇာတ်ညွှန်းနဲ့ ခုနစ်ခုမြောက်အပိုင်းရဲ့ တည်နေရာကို ပို့လာပြီ၊ အစ်မသာ အရေးမလုပ်ဘဲနေရင် ဒါကို လက်လွှတ်လိုက်ရတော့မှာနော်”
အစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်မှုက သန်ဘက်ခါနံနက်စောစောတွင် စတင်မည်ဖြစ်သည်။ ထို့ကြောင့် ကုကျစ်စုန့်က လေယာဉ်လက်မှတ်ကို ဟူနန်စီရင်စုမှ မနက်ဖြန်ရိုက်ကွင်းသို့သာ တိုက်ရိုက်ဝယ်ထားလိုက်သည်။
သူမ မည်သည့်စားသောက်ပွဲကိုမျှ သွားရန်အချိန်မရှိတော့ပါချေ။
ဌာနမှလူများမှာ အရှုံးမပေးကြသေးဘဲ အပိုင်းခုနစ်ပြီးသည့်နောက် တစ်ချိန်ချိန်တွင် ချိန်းလိုက်သေးသည်။
ထို့နောက် သူမက ဝိညာဉ်စားသုံးသံမှိုကို စိတ်ကျေနပ်သည်အထိ လုံခြုံစွာ ထားခဲ့လိုက်လေတော့သည်။
မနက်ဖြန်ထွက်ခွာမည်ဖြစ်သည့်အတွက် ဂဲလီယိုချန်းက ပူဆွေးသောကရောက်နေသကဲ့သို့ ခံစားနေခဲ့ရသည်။ ထို့ကြောင့် သူမက ကုကျစ်စုန့်ကို မြောင်ရွာသို့ပြန်ခေါ်လာပြီး နှုတ်ဆက်ပွဲလေးလုပ်ပေးခဲ့၏။
ကုကျစ်စုန့်က အနည်းငယ်သောက်ပြီးသော်လည်း စိတ်ကြည်လင်ရှိနေဆဲပင်။ သို့သော်လည်း ကျိဂဲလီယိုချန်းမှာတော့ ချာလည်လိုက်နေပြီဖြစ်၏။ သူမက ကုကျစ်စုန့်၏လက်မောင်းကိုလည်း ဖက်ထားသေးကာ မထွက်ခွာစေသေးချင်ကြောင်း ငိုယို၍ ပြောလာခဲ့သည်။
ကုကျစ်စုန့်က ဝိုင်အနည်းငယ် ထပ်သောက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က သန်မာနေသည်ဖြစ်ရာ လုံးဝမမူးပါချေ။ သူမ ဤကမ္ဘာသို့ရောက်လာကာစတွင် ဤခန္ဓာကိုယ်က အားမကောင်းသေးသောကြောင့် အစပိုင်းတွင် မူးတတ်ခဲ့သည်။
ဟိုတယ်အခန်းသို့ ပြန်ရောက်ပြီးနောက် သူမက ရှိုးပွဲ အပိုင်းခုနစ်၏ ဇာတ်ညွှန်းကို ဖတ်လိုက်သည်။
အကုန်လုံးကို ဖတ်ပြီးနောက်တွင် ရှိုးပွဲ၏ နောက်ဆုံးပါဝင်သူစာရင်းကို မြင်လိုက်ရသည်။
လူငါးယောက်သာ ရှိ၏။
ထိုအချိန်မှသာ ကုကျစ်စုန့်က သူမ နတ်ဘုရားမရေကန်ကိစ္စနှင့် အလွန်ကိုမှပင် အလုပ်များနေခဲ့ပြီး အင်တာနက်ပေါ်မှသတင်းများကို အာရုံမစိုက်ဖြစ်ခဲ့သည်ကို သတိပြုမိလိုက်သည်။
အခြားတစ်ယောက်မှာ နောက်ဆုံးအပိုင်းတွင် ပယ်ခံလိုက်ရပြီးဖြစ်၏။
ထိပ်ဆုံးငါးယောက်စာရင်းမှာ ကြေညာပြီးဖြစ်၏။ သို့သော်လည်း ဖယ်ထုတ်ခံလိုက်ရသည့်သူကိုတော့ သူမ အံ့အသင့်သွားခဲ့သည်။
ရှင်းယိချင်းက အစီအစဉ်၏ အပိုင်းခုနစ်မှ ယှဉ်ပြိုင်သူငါးယောက်တွင် မပါဝင်ခဲ့ပေ။
ယင်းက ကုကျစ်စုန့်ကို အံ့ဩသွားစေ၏။
တိုက်ရိုက်ထုတ်လွှင့်ကတည်းက ရှင်းယိချင်းက ယိယွမ်ဂိုဏ်း၏ တိုက်ရိုက်တပည့်ဟူသော ပုံရိပ်ကြောင့် အင်တာနက်ပေါ်တွင် အလွန်ရေပန်းစားခဲ့သည်ပင်။
ယိယွမ်ဂိုဏ်းက တောက်ဓမ္မကျောင်းတော်တစ်ခုဖြစ်ပြီး ရှားတိုင်းပြည်တွင် နှစ်ပေါင်းရာချီအောင် တည်ရှိနေခဲ့သော ကျောင်းတော်ဖြစ်၏။
ထိုကျောင်းတော်တွင် အလွန်ခိုင်မာသည့်အခြေခံအုတ်မြစ်ရှိပြီး တရားဝင်လက်မှတ်လည်း ရပြီးဖြစ်၏။ အဓိကတာအိုဂိုဏ်းသုံးခုအနက်မှ တစ်ခုလည်းဖြစ်ပေသည်။ အတိတ်တုန်းက ထိုကျောင်းတော်မှာ နိမ့်နိမ့်ချချနေခဲ့ပြီး ထင်ပေါ်အောင် မနေခဲ့ပေ။
ဤနှစ်တွင်မှသာ ‘ဝိညာဉ်ရေးရာ’တွင် ရှင်းယိချင်းက ယှဉ်ပြိုင်သူတစ်ဦးအဖြစ် ပါဝင်လာခဲ့ကာ ထိုတောက်ဓမ္မကျောင်းတော်ကလည်း လူထုရှေ့သို့ ပေါ်ထွက်လာခဲ့သည်။
ရှည်လျားသော သမိုင်းအမွေများနှင့် တရားဝင်လက်မှတ်လည်း ရရှိထားပြီးဖြစ်သောကြောင့် အားကောင်းလှသော ချီးမြှောက်မှုတစ်ခုဖြစ်နေခဲ့သည်။
ထို့အပြင် အင်တာနက်သုံးစွဲသူများက ရှင်းယိချင်းမှာ ကျောင်းတော်သခင်၏ တိုက်ရိုက်တပည့်ဖြစ်ပြီး သူ့၏အရည်အချင်းကို ဖော်ပြရာတွင် လွန်ခဲ့သည့်သုံးနှစ်လောက်က ကျောင်းတော်၏ ခေါင်းလောင်းတီးအခမ်းအနားတွင် သဘာပတိအဖြစ်ပင် ဆောင်ရွက်ခဲ့ကြောင်းကို ထပ်မံရှာဖွေတွေ့ရှိသွားခဲ့ကြသည်။
သူ လူအများရှေ့သို့ထွက်ပြလိုက်သည်နှင့် ရုပ်လွန်နယ်ပယ်မှ ရောင်းရင်းများနှင့် သဘာဝလွန်နယ်ပယ်မှ အွန်လိုင်းဘလော့ဂါများက သူ့ကို ချီးမြှင့်မြှောက်စားခဲ့ကြကာ ဤရာသီ၏ အနိုင်ရသူဖြစ်လာမည်ဟုပင် ခန့်မှန်းခဲ့ကြသည်။
သို့သော် ပရိုဂရမ် စတင်ပြသသည့်အချိန်ကတည်းက အင်တာနက်တစ်ခုလုံး၏ နှစ်သက်ခြင်းကို မခံရသည့် သတင်းဆိုးများ အထွက်နိုင်ဆုံးဖြစ်သော ကံဆိုးသည့်ကြယ်ပွင့်သရုပ်ဆောင် မင်းသမီးကုကျစ်စုန့်က ဤရာသီတွင် အားအကြီးဆုံးဖြစ်လာမည်ကိုတော့ မည်သူကမျှမထင်မှတ်ထားခဲ့ကြပေ။
အစပိုင်းတွင် အင်တာနက်ပေါ်မှ အနက်ရောင်ပရိသတ်များက အတိုင်အဖောက်ညီညီပင် တိုက်ခိုက်လာကြသည်။
“ကုကျစ်စုန့်က တခြားယှဉ်ပြိုင်သူတွေနဲ့ အဆင်မပြေဘူး”
အင်တာနက် သုံးစွဲသူအများအပြားကလည်း ယင်းကို ထောက်ခံလာကြ၏။
ကုကျစ်စုန့်အပေါ် အင်တာနက်ပေါ်မှ ဖြတ်သွားဖြတ်လာများ၏ အထင်အမြင်များက ကြိုက်နှစ်သက်မှုများ ပြည့်လျှံနေသည့်တိုင် ရှင်းယိချက်းကတော့ သူ့ကိုယ်သူအတွက် အားအကောင်းဆုံးသူမဟုတ်လျှင်ပင် တတိယနေရာနှင့် စတုတ္ထနေရာတို့ထက်ပို၍ သန်မာသည့် ယှဉ်ပြိုင်သူတစ်ဦးအနေဖြင့် သူ့ကိုယ်သူ သတ်မှတ်ထားခဲ့သည်ပင်။
ထိုသို့သောသူက ပြီးခဲ့သည့်နောက်ဆုံးအပိုင်းတွင် အပယ်ခံရလိမ့်မည်ဟု ကုကျစ်စုန့် မထင်ထားခဲ့မိချေ။
သူမက ရှင်းယိချင်း၏ အော်ဖစ်ရှယ်အကောင့်ထဲသို့ ဝင်လိုက်ပြီး 'ဝိညာဉ်ရေးရာ’ကို ကြည့်ရန်ပြင်လိုက်သည်။
အစီအစဉ်၏ အပိုင်းခြောက်ကတည်းက ရဲဌာနနှင့် ယှဉ်ပြိုင်သူများက တောင်ပိုင်းစီရင်စုမှ ကုန်သွယ်ဂိုဏ်း၏ အဓိကအမှုကို ဖြေရှင်းရန် ပူးပေါင်းခဲ့ကြသည်။
နောက်ဆက်တွဲရိုက်ကွက်များကိုတော့ အစီအစဉ်က မရိုက်ကူးလိုက်မိခဲ့သော်လည်း အစီအစဉ်တင်ဆက်သူလျို၏ အိတ်ဆောင်လျှို့ဝှက်ကင်မရာကတော့ အကုန်ဖမ်းယူထားမိခဲ့သည်။
ပြကွက်အတော်များများမှာ အချိန်အတော်ကြာယူ၍ တည်းဖြတ်ခဲ့ရသည်။
အစီအစဉ်၏ တရားဝင်ဗားရှင်းက မနေ့ကပင် တင်ဆက်ပြီးခဲ့ပြီ။
တောင်ပိုင်းစီရင်စု၏ အဓိကအမှုဖြေရှင်းပုံအသေးစိတ်ကို ထုတ်လွှင့်ပြီးနောက် ဆက်စပ်နေသည့်အရာများက ရှာဖွေမှုအများဆုံးပေါ် ပြန်ရောက်လာခဲ့လေသည်။
တစ်ချိန်ထဲတွင်ပင် အစီအစဉ်မှ ကြေညာလိုက်သည့် ထိပ်ဆုံးငါးယောက်တို့မှာ :
ကုကျစ်စုန့်၊ ဒေစီ၊ ဟဲမီတူ၊ ပိုင်စစ်၊ ရှီဟေးဟုန် တို့ပင်ဖြစ်ကြသည်။
ရှင်းယိချင်း မပါတော့ပေ။