ကလေးသရဲ (1)
Vol. 29 Ch. 290
ကုကျစ်စုန့်က ထပ်တိုးအိပ်ခန်းကို ကင်မရာမှ တစ်ဆင့်ကြည့်လိုက်လျှင် စခရင်ထဲတွင် ပြည့်နေသော
မီးခိုးငွေ့များကို တွေ့လိုက်ရသည်။
ထိုမီးခိုးငွေ့များမှာ ထူထဲလွန်းသောကြောင် မင်ရည်များအဖြစ်ပင် သိပ်သည်းလာတော့မည့်နှယ် ထင်ရသည်။
ထို့ကြောင့် ဤထပ်တိုးအခန်းထဲတွင် သရဲတစ်ကောင်က အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြောင်း သိနိုင်ပေသည်။
ပိုပြီးဖြစ်နိုင်သည်မှာ ၎င်းက မကောင်းသော ဝိညာဉ်အငွေ့အသက်ပင်ဖြစ်လိမ့်မည်။
ထို့ကြောင့်ပင် လွန်ခဲ့သည့်ရက်အနည်းငယ်က
‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’၏ သားက မသက်မသာဖြစ်နေသည်ဟု အမြဲညည်းနေကာ ဤနေရာကိုလည်း မကြိုက်ဟု ပြောနေခဲ့ခြင်းဖြစ်ပေလိမ့်မည်။
သူက ကလေးတစ်ယောက်စိတ်မကြည်၍ ကဂျီကဂျောင်ကျခြင်းမျိုး မဟုတ်ပါဘဲ အမှန်တကယ်ကို မသက်မသာခံစားနေရသောကြောင့်သာ ဖြစ်၏။
သူက အိပ်မက်ဆိုးများကြောင့် လန့်နိုးတတ်ပြီး အိပ်ရာထဲတွင် သရဲများက တက်ဖိထားသကဲ့သို့ ဖိနှိပ်ထားခြင်းခံခဲ့ရသည်။
ထိုကလေးမှာ ညတိုင်းပင် တစ်ကောင်ထက်ပိုသော တစ္ဆေများနှင့် တစ်ခန်းထဲအတူရှိနေခဲ့လေခြင်းသာဖြစ်သည်...။
အိပ်ရာတစ်ခုထဲတွင် လှဲနေလျက်ပင်...။
အိမ်၏ အများနှင့်မတူသောတည်ဆောက်ပုံနှင့် ရှောင်ဟယ်၏အခန်းထဲမှ အားကောင်းလှသော ယင်စွမ်းအင်တို့ကြောင့် ထိုသို့သော အခန်းတွင်နေခြင်းက သူ သရဲအခြောက်ခံရသည့် အဓိကအချက်ပင်ဖြစ်မည်ကို ကုကျစ်စုန့် သေချာနေခဲ့သည်။
ဤယူဆချက်ကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မှတ်ချက်များက ထပ်ပြီး များလာပြန်သည်။
[ဒါက ‘သရဲများနှင့်လမ်းလျှောက်ခြင်း’ရဲ့ ဗားရှင်းအစစ်လား]
[အဲဒီကလေးက သနားစရာပဲ.. သူ ညဘက် အိပ်တဲ့အချိန် ခေါင်းလှည့်ကြည့်ရင် အခန်းထဲမှာရှိတဲ့ သရဲတွေ.. ဒါမှမဟုတ် သူ့ရဲ့ဘေးကပ်ရပ်ရောက်နေတဲ့ သရဲတွေကို တွေ့ရလောက်လား]
မနက်ခင်းတွင် နိုးထလာကြသည့် ကြည့်ရှုသူများနှင့် လက်ရှိအချိန်ထိ အိပ်ယာထဲမှ မထွက်ကြသေးသည့် ကြည့်ရှုသူများမှာ အိပ်ရာထဲတွင်ပင် လှဲနေရင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။
လက်ရှိတွင် သူတို့၏ နောက်ကျောက စိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အခန်းပတ်လည်ကို လှည့်ပတ်ကြည့်လိုက်မိကြကာ ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ကြလေ၏။
တချို့ကြည့်ရှုသူများမှာတော့ ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြစ်နေကြပြီး အဘိုးဝမ်နှင့် ပတ်သက်၍ တစ်ခုခုလွဲနေသည်ဟု တွေးတောနေကြသည်။
အဆုံးတွင်တော့ ရှောင်ဟယ်မှာ သေသွားပြီးသား အဘိုးအိုတစ်ဦး၏ အိမ်သို့ ညသန်းခေါင်တွင် ခေါ်သွားခံရသည်ဆိုသည်မှာ အလွန်ထူးဆန်းလှပေသည်မဟုတ်ပါလား။
*
မြေအောက်လောကတွင်။
၁၀ ဘီလီယံသော သရဲများက ‘ဝိညာဉ်ရေးရာ’အစီအစဉ်၏ တိုက်က်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစားကြည့်ရှုနေကြသည်။
‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’က တိုးချဲ့ခန်းထဲသို့ ဖုန်းကိုင်၍ ဝင်သွားသည်ကို မြင်ကြသောအခါ သရဲများက တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် မှတ်ချက်များ ပေးကြတော့သည်။
သူတို့ပေးသည့် မှတ်ချက်များက လူသားတို့၏ မှတ်ချက်များနှင့် မတူနေခဲ့ပါချေ။
“ဘုရားရေ.... ဒီအခန်းက သရဲတွေနေဖို့ အကောင်းဆုံးနေရာပဲ.. ညဘက်ဆို ယင်စွမ်းအင်တွေက ပြတင်းပေါက်ကနေ ဒလဟောဝင်လာမှာ.. တော်တော်နေလို့ကောင်းလောက်မယ်”
“ဒီကိစ္စအတွက်ကတော့ ငါတို့သရဲတွေကို အပြစ်သွားတင်လို့ မရဘူးလေ.. ဒီအိမ်က လမ်းလယ်ခေါင်ကြီးမှာ အခုလိုပြင်ဆင်ထားတာပဲကို.. ဘယ်သရဲမဆို သိချင်ပြီး တစ်ချက်လောက်တော့ ဝင်ကြည့်ချင်သွားမှာပဲ”
“တစ်ချက်ကြည့်ရုံနဲ့တင် ကလေးက အဲဒီအခန်းထဲမှာ အိပ်နေတာကို တွေ့ရမှာ.. သူက အားနည်းပြီး ကြောက်တတ်သေးတယ်.. ဘယ်သူကများ ယန်စွမ်းအင်တွေကိုယူဖို့ သူ့အနားကိုမလာချင်ဘဲနေမှာလဲ”
“...ငါဘာပြောရမှန်းတောင် မသိတော့ဘူး.. ဒီကလေးက တကယ်ကို ကျားခံတွင်းဝနား ရောက်သွားတဲ့ သိုးလိုပဲ”
ကုကျစ်စုန့်က အိမ်နှစ်လုံးကို ကြည့်လိုက်ပြီးနောက် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’ကို ဟိုတယ်ကိုပြန်ကာ သူမသား၏ လက်ရှိအခြေအနေကို ဓာတ်ပုံရိုက်ပေးရန် တောင်းဆိုလိုက်သည်။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’လည်း မည်သို့လုပ်ရမည်ကိုပင် မသိတော့ပေ။ ကုကျစ်စု၏စကားကို ကြားလျှင် သူမက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြီး ကင်မရာကို ပိတ်ကာ တည်းခိုနေသော ဟိုတယ်ဆီသို့ အပြေးသွားတော့သည်။
သူမက အခန်းကတ်ကို အတူယူလာသည့်အတွက် အခန်းကို ဝင်ရန်အတွက် ကတ်ဖြတ်ကာ ဝင်သွားလိုက်လျှင် ယောက္ခမဖြစ်သူနှင့် အမျိုးသားတို့က ထိုအခန်းထဲတွင် ထိုင်နေကြကြောင်းကို တွေ့လိုက်ရသည်။
သူမ၏ ခင်ပွန်းသည်က အိပ်ပျော်နေသော သားဖြစ်သူကို စောင့်ကြည့်နေပြီး သူ့မျက်နှာကိုလည်း မကြာခဏထိကြည့်ကာ အဖျားတက်နေသည်လောကို စစ်ကြည့်တတ်သည်။
သို့မဟုတ် အဆောင်စာရွက်များက စွဲမြဲစွာ ကပ်နေသေးသည်လော ဆိုသည်ကို စစ်ဆေးကြည့်နေခဲ့သည်။
သူ့အနေဖြင့် ရှောင်ဟယ်မှ ထိုအဆောင်များကို ချိုးဖျက်ပြီး ခုန်ထွက်ကာ ပရမ်းပတာများဖြစ်သွားစေမည်ကို စိုးရိမ်နေမိပုံရသည်။
သူမ၏ ယောက္ခမကြီးကတော့ စာကြည့်မျက်မှန်ကို တပ်ထားကာ မျက်မှောင်အနည်းငယ်ကြုတ်လျက် ဖုန်းမျက်နှာပြင်ပေါ်မှ စာများကိုဖတ်နေခဲ့သည်။
မကြာခဏဆိုသလို မြေးဖြစ်သူ၏ ယင်စွမ်းအင်များကို သန့်စင်လို သန့်စင်ငြား ဗုဒ္ဓတရားတော်များကိုလည်း သံနေသံထားဖြင့် ရွတ်ဖတ်နေတတ်သည်။
သူတို့က ချွေးစီးတဖြာဖြာနှင့် အခန်းထဲ ရေးကြီးသုတ်ပျာဝင်လာသည့် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’ကို တွေ့လိုက်လျှင် အံ့ဩသွားကြဘေသည်။
“ဘာဖြစ်လို့လဲ.. ဘာလို့ အလောတကြီးဖြစ်နေရတာလဲ.. တောက်ကျန့်နဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လို့လား”
‘ပါးစပ်ဖွင့်၍ အမြဲတမ်းရယ်နေ’က သူမ၏ မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး အလောတကြီးပြောလိုက်သည်။
“အခုလောလောဆယ် ရှင်းပြဖို့ အချိန်မရှိသေးဘူး”
သူမက ရှောင်ဟယ်၏ အနားသို့ သွားလိုက်ပြီး ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်သည်။
သူမက ကင်မရာကို ကောင်လေး၏မျက်နှာပေါ်သို့ ချိန်လိုက်ပြီး ဓာတ်ပုံနှစ်ပုံခန့် ရိုက်တော့မည့်အချိန်တွင် သတိလစ်နေခဲ့သော ရှောင်ဟယ်မှာ မျက်လုံးများ ရုတ်တရက်ဖွင့်လာပြီး လူသတ်ချင်နေသည့်အကြည့်ဖြင့် ကြည့်လာလေသည်။
သူက အံတကြိတ်ကြိတ်လုပ်ရင်း သူ့အမေ၏လက်ကို ကိုက်ရန် ပါးစပ်ဖွင့်လိုက်သည်။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က ရုတ်ခြည်း အပြောင်းအလဲကြောင့် ကြောက်လန့်သွားပြီး အော်ဟစ်လိုက်မိသည်။ သူမ၏ မျက်နှာနှင့် နှုတ်ခမ်းတို့မှာလည်း ဖြူလျော်သွားပြီး နှစ်လှမ်းမျှနောက်ဆုတ်ကာ ကြမ်းပေါ်လဲကျသွားလေသည်။
သူမ၏ လက်ထဲမှ ဖုန်းမှာလည်း ပြုတ်ကျသွားခဲ့သည်။
“မင်း...”
သူမ လဲကျသွားသည်ကိုမြင်လျှင် ကောင်လေးက ထူးဆန်းသည့်တစ်ခုခုကို တွေ့လိုက်ရသည့်အတိုင်း စိတ်ရွှင်လာပုံရကာ စပ်ဖြီးဖြီးနှင့် ကြောက်မက်ဖွယ် ရယ်လိုက်လေတော့သည်။
“ဟီးဟီးဟီး”
ပရိသတ် : “?!!”
ရယ်သံက ကျောစိမ့်စရာကောင်းလွန်းလှသည် ။ ထိုရယ်သံက ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ချိတ်ဆက်ထားသော ဖုန်းထဲသို့ ဝင်သွားပြီး သိန်းချီသည့်အင်တာနက်သုံးစွဲသူများကို ကြောက်ရွံ့သွားစေကာ ချွေးအေးများပင် ထွက်လာစေသည်။
ကံကောင်းစွာဖြင့် မိသားစုက ထိုအခြင်းအရာကို ပြီးခဲ့သည့် နှစ်ရက်အတွင်း ကျင့်သားရနေပြီဖြစ်သည်။
စီးပွာရေးသမားဖြစ်ပုံရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားက မတ်တပ်ရပ်ကာ တခြားအဆောင်စာရွက်တစ်ခုကို ထုတ်၍ ရှောင်ဟယ်၏နဖူးပေါ်သိုး ကပ်လိုက်သည်။ ထို့နောက် ဇနီးဖြစ်သူကို ထူပေးလိုက်သည်။
“ဘာလို့ သူ့ကို အကြောင်းရင်းမရှိ သွားနှိုးနေတာလဲ.. ဒါက..”
ထိုအမျိုးသားက ခေါင်းငုံ့လိုက်ချိန်တွင် ဇနီးဖြစ်သူ၏ ဖုန်းမျက်နှာပြင်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်သွားသည်။
ကုကျစ်စုန့်၏ မျက်နှာကိုမြင်ပြီးနောက် သူ့မျက်လုံးပြူးသွားတော့သည်။
“အဲဒါ ရုပ်လွန်ဆရာသခင်ဆိုပြီး အက်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ အမျိုးသမီးသရုပ်ဆောင်မလား.. မင်း သူမကိုဆက်သွယ်ပြီး အကူအညီတောင်းလိုက်တာလား”
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က ခေါင်းငြိမ့်ကာ တိုက်ရိုက်ထုတ်လွှင့်မှု၏ အပြန်အလှန်ဆက်သွယ်မှုတွင် အရွေးချယ်ခံရကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်သည်။
ထို့နောက် သူမ ရိုက်ထားသည့် ပုံနှစ်ပုံကို ကုကျစ်စုန့်ဆီသို့ သီးသန့်ပို့လိုက်လေသည်။
“ကုတောက်ကျန့်.. ဘယ်လိုနေလဲ”
ပုံများကို လက်ခံရရှိပြီးနောက်
ကုကျစ်စုန့်က ပုံကိုချဲ့ကြည့်ရန် နှိပ်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူမက ကင်မရာကို ပြန်ကြည့်ပြီး ပြောလိုက်လေသည်။
“ကျွန်မ ခုနက ပြောလိုက်သလိုပဲ.. ရှင်တို့သားရဲ့ခန္ဓာကိုယ်ကို ဝင်စီးပြီး ပုန်းနေတဲ့သူက မျက်နှာချင်းဆိုင်အိမ်က အဘိုးမဟုတ်ဘူး”
ဝိညာဉ်၏ မျက်လုံးကိုဖြတ်ထွင်း၍ ရှောင်ဟယ်၏ ခန္ဓာကိုယ်ထဲ ပုန်းနေသူမှာ ကလေးသရဲတစ်ကောင်ဖြစ်ကြောင်း သူမ မြင်လိုက်ရသည်။
သူသည်က အသက်ငါးနှစ်ခြောက်နှစ်အရွယ်သာ ရှိပေဦးမည်။ သူ့ကိုကြည့်ရသည်မှာ ထူးဆန်းပြီး ပုံမှန်ကလေးများထက်လည်း ဝ၏။
သူ့နှာခေါင်းနှင့် မျက်နှာသွင်ပြင်မှာ ဝဖောင်းနေသည်။ သူက ရိုးသားပုံပေါ်သော်လည်း အာဃာတများဖြင့် ပြည့်နေကာ ကြောက်မက်ဖွယ်ပြုံးနေသောကြောင့် ပို၍ပင် အကျည်းတန်နေခဲ့၏။
သရဲလေး၏သွင်ပြင်မှာ မသေဆုံးခင် အေးခဲခဲ့ပုံရသည့်အတွက် ကလေးသရဲ၏အသားအရောင်မှာ ခရမ်းပြာရောင်သန်းနေပြီး မျက်ဆံများလည်း အနည်းငယ်ပြူးထွက်နေသည်။
ကြည့်ရသည်မှာ သာမန်သေဆုံးခြင်းတော့ ဟုတ်ပုံမရချေ။
ရုတ်တရက်သေဆုံးခြင်း သို့မဟုတ် မသေခင် အချို့သောအကြောင်းရင်းများကြောင့် အသတ်ခံလိုက်ရခြင်းနှင့် ပိုတူသည်။
သူ့တွင်ရှိနေသော များပြားလှသည့်အာဃာတများကြောင့် ရှောင်ဟယ်တစ်ယောက် ဝင်ပူးခံရပြီးနောက် ပြင်းပြင်းထန်ထန်တုံ့ပြန်နေခြင်းပင်ဖြစ်၏။
ကုကျစ်စုန့်က ကလေးသရဲ၏ပုံစံကို ပြောပြလိုက်ပြီး မေးသည်။
“ရှင်တို့ရွာထဲမှာ ရုတ်တရက်သေဆုံးသွားတဲ့ ကလေးမျိုး ရှိခဲ့ဖူးလား.. ပုံမှန်မဟုတ်ဘဲ သေဆုံးသွားရတာမျိုးလေ.. ငါးနှစ်ခြောက်နှစ်အရွယ်လောက်ပဲရှိမယ်.. ရောဂါတစ်ခုခုလည်း ရှိလိမ့်မယ်ထင်တယ်”
“ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့ကလေးမျိုးက သရဲဖြစ်လာပြီးနောက်မှာ လူကြီးတစ္ဆေတွေထက် ပိုအငြိုးကြီးကြတယ်”
“ပြီးတော့ ကလေးသရဲတွေက ဆိုးသွမ်းကြပြီး တခြားသရဲတွေထက်စာရင် အိမ်လွမ်းနာကျတာမျိုးလဲ ဖြစ်တတ်တယ်.. သူတို့မသေခင်ရှိခဲ့တဲ့ မိသားစုဝင်တွေရဲသ အနားမှာ ရှိတတ်ကြတယ် .. ဒီတော့ အဲဒီကလေးသရဲက မသေခင် ဒီရွာမှာပဲ နေသွားခဲ့တာဖြစ်လိမ့်မယ်”
ဇနီးမောင်နှံနှစ်ယောက်မှာ အချင်းချင်း ရှုပ်ထွေးစွာပြန်ကြည့်လိုက်ကြပြီး ရွာထဲမှထိုသို့ကလေးအကြောင်း မကြားဖူးကြောင်း ပြောလာသည်။
သို့သော် စာကြည့်မျက်မှန် တပ်ထားသည့် အဘိုးအိုကတော့ ထိုစကားလုံးများနှင့် ပို၍ရင်းနှီးနေခဲ့သည်။
သူ တစ်ခုခုကိုတွေးလိုက်မိပြီး ပြောလာ၏။
“ငါ သိပြီ.. မင်းရဲ့ ဒုတိယဦးလေးရဲ့အိမ်ကို သွားလည်ခဲ့သေးတယ်မလား.. သူ့ရဲ့သားအကြီးဆုံးက ၆ နှစ်အရွယ်မှာ ဆုံးသွားတာ၊ အဲဒီတောက်ကျန့်ပြောသလိုပဲ”
“မင်းကတော့ အဲဒီအချိန်တုန်းက မမွေးသေးတော့ မသိခဲ့လောက်ဘူး”
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’၏ အမျိုးသားက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဒုတိယဦးလေးမှာက ကလေးနှစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား.. တခြားကလေးတစ်ယောက်ရှိနေတာကို ကျွန်တော် မကြားဖူးခဲ့ဘူး”