ကလေးသရဲ(2)
Vol. 30 Ch. 291
အဘိုးဝူက သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီကိစ္စက အတော်လေးကြီးတယ်.. ဒါကြောင့် မင်းတို့လို လူငယ်တွေကို ဘယ်လိုများ ပြောပြနိုင်ပါ့မလဲ.. အဲဒီကလေးက မင်းရဲ့ဒုတိယဦးလေးရဲ့ အရင်ဇနီးက မွေးတဲ့ကလေးပဲ”
“အဲဒီကလေးအကြောင်းကို ပြောရမယ်ဆိုရင် သူက တကယ်ကိုသနားစရာကောင်းလွန်းတယ်.. မွေးလာတဲ့အချိန်တုန်းက ဆေးရုံက သူ့မှာ ရောဂါရှိနေတယ်လို့ ပြောတယ်..
ရောဂါနာမည်က ဘာပါလိမ့်.... မေ့သွားပြန်ပြီ..ထားလိုက်တော့.. အဲ့ကလေးလေးက ဉာဏ်မမီတဲ့ကလေးအနေနဲ့ မွေးလာခဲ့တာ”
“Down syndrome လား”
(Down syndrome : မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်ပြီး ဉာဏ်ရည်မမီသော ရောဂါ)
“ ဘယ်လိုခေါ်လဲတော့ ငါ မမှတ်မိတော့ဘူး.. ငါမှတ်မိတာကတော့ အဲ့ကလေးရဲ့ မျက်နှာနဲ့ ပါးစပ်က ဖောင်းနေတာ.. မျက်လုံးတွေကလည်း နည်းနည်းစောင်းနေတယ်..
အသက် သုံးလေးနှစ်ရောက်တာတောင် စကားမပြောတတ်သေးဘူး အဲဒီတုန်းကဆို မင်းရဲ့ဒုတိယဦးလေးတို့မိသားစုက အမှားတစ်ခုခုလုပ်ခဲ့တာဖြစ်မယ်လို့တောင် ရွာက ပြောကြသေးတယ်
မဟုတ်ရင် ဒီလိုမျိုး လူကောင်းတွေပဲရှိတဲ့ မိသားစုက ဒီလိုကလေးမျိုးကို ဘယ်လိုလုပ်မွေးမလဲ.. ပြီးရင် ဒီကလေးကို တစ်သက်လုံးကျွေးမွေးထားရတော့မှာမလား”
အဘိုးအိုက မှတ်ဉာဏ်များကို ပြန်လည်တူးဆွရင်း ပြောလိုက်သည်။
“မင်းရဲ့ဒုတိယဦးလေးမှာ နေမကောင်းဖြစ်လို့ အကြောတစ်ပိုင်းသေသွားတဲ့ အမေအိုကြီးတစ်ယောက်ရှိတယ်.. သူမက ဒေါသကလဲ ကြီးသေး..
ငါမှတ်မိပါသေးတယ်၊ သူမက ငါ့ကလေးဘဝက တွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတွေထဲမှာ ဒေါသအကြီးဆုံးပဲ”
“ချွေးမလုပ်တဲ့သူက အဲလိုကလေးမျိုး မွေးလိုက်တဲ့အခါကျတော့ သူတို့တစ်မိသားစုလုံး နေ့တိုင်းရန်ဖြစ်စကားများကြတော့တာပဲ. ပြီးတော့ ယောက္ခမနဲ့ ချွေးမကြားက ဆက်ဆံရေးက လုံးဝတင်းမာလာတယ်”
“ရလဒ်အနေနဲ့ မင်း ဒုတိယဦးလေးရဲ့အမေက အရမ်းကိုနေမကောင်းဖြစ်နေခဲ့တာတောင်... ငါလည်း အဲဒီအဘွားကြီးရဲ့ စိတ်ထဲ ဘာတွေတွေးနေခဲ့မှန်းတောင် မသိတော့ပါဘူးကွာ...
မင်းရဲ့ဒုတိယဦးလေးနဲ့ သူ့အမျိုးသမီးတို့ လယ်ထဲသွားကြတုန်းမှာ သူ့မြေးကို ခေါင်းအုံးနဲ့ဖိသတ်ခဲ့တယ်လေ...”
ထိုအချိန်တွင် ထိုအဖြစ်အပျက်က ဟိုးလေးတကျော်ဖြစ်သွားခဲ့၏။
ထိုအဘွားကြီးက ထိုမျှရက်စက်တတ်သည်ဟုလည်း မည်သူမျှ ထင်မထားခဲ့ပါလေ။
ဒုတိယဦးလေး၏ဇနီး အိမ်ပြန်ရောက်လာသောအခါတွင် ခရမ်းရောင်သန်းနေပြီဖြစ်သော ကလေးကိုသာ တွေ့လိုက်ရ၏။
သူမက ကလေးကိုပွေ့ချီရင်း သတိလစ်မတတ် ငိုကြွေးနေခဲ့သည်။
သို့သော်လည်း နေမကောင်းဖြစ်နေသည့် အကြောတစ်ပိုင်းသေ အမေအိုကြီးမှာတော့ လုံးဝနောင်တမရပါချေ။ သူမက ချွေးမ၏မျက်ရည်တို့ကို သုတ်ပေးပြီး ပြောသည်။
“ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့.. ငါ့သားရဲ့ဘဝကို စုံးစုံးမြုပ်အောင်လုပ်နိုင်တဲ့ ရူးနေတဲ့ ဒီကလေးကို ငါ ဒီတိုင်းမထားနိုင်ဘူး”
“သူက ဒီလောက်ထိ ဉာဏ်မမီလို့ နောက်အနာဂတ်မှာ အမွှေးတိုင်တစ်တိုင်တောင် ထွန်းနိုင်မှာမဟုတ်ဘူး.. ညည်းတို့ မလုပ်ရင် သေခါနီးအဘွားကြီးဖြစ်တဲ့ ငါက ဒါ လုပ်ရမယ်
ညည်းတို့နှစ်ယောက်က ငယ်ရွယ်ပြီး ကျန်းမာနေကြသေးတာပဲ.. ကျန်းမာတဲ့ကလေးတွေကို ထပ်မွေးနိုင်ဦးမှာပါ”
ထို့နောက်တွင်တော့ ဒုတိယဦးလေး၏မိန်းမက တူရွင်းတစ်လက်ကို ယူကာ သူမယောက္ခမကို သေအောင်ရိုက်သတ်တော့ရန်ကြံရွယ်ခဲ့သည်ပင်။
သို့သော် ရွာသားများက အမြန်ဝင်ထိန်းလိုက်ကြသောကြောင့်သာ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် သူမက ရဲကိုအကြောင်းကြားကာ ယောက္ခမဖြစ်သူကို ထောင်ထဲထည့်လိုသည်။
ဒုတိယဦးလေးက သူ၏ ဦးလေးနှင့် အဒေါ်များအားလုံးကို ခေါ်၍ သူမကိုတားခဲ့သည်။ သူ့၏အမေမှာ အိုမင်းနေပြီဖြစ်ကာ အရိုးများလည်း မသန်မာတော့သည့်အတွက် ထောင်ထဲထည့်လိုက်ခြင်းက သူမကို သတ်သည်နှင့် အတူတူပင်မဟုတ်ပါလော။
တခြားသောရပ်ဝေးဆွေမျိုးများနှင့် အိမ်နီးချင်းများကလည်း သူမကို တားဆီးကြသည်။
သူမ၏ယောက္ခမက လင်မယားနှစ်ယောက်၏ အနာဂတ်ကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန်ဖြစ်သည်ဟူ၍။
သို့သော်လည်း ဒေါသထွက်နေသော ဒုတိယအဒေါ်မှာ ရဲကိုသာ အကြောင်းကြားနေခဲ့ပြီး သေခါနီးဖြစ်နေသည့် ယောက္ခမကို ဖမ်းဆီးရန် နယ်ခံရဲများနှင့် စစ်ဆေးစေခဲ့သည်ပင်။
နှစ်လအတွင်းတွင်ပင် အဘွားအိုက ကွယ်လွန်သွားပြီး ဒုတိယဦးလေးတို့လင်မယားလည်း ကွာရှင်းလိုက်ကြသည်။
မိသားစုနှစ်ခုက မတည့်ကြတော့ဘဲ ရန်သူများ ဖြစ်သွားကြလေတော့၏။
ထိုအဖြစ်အပျက်က နှစ်ဝက်ကျော်ကြာအောင် မပျောက်သွားသေးသည့်ကိစ္စကြီးတစ်ခုဖြစ်ခဲ့ပြီး စကားစမြည်ပြောကြတိုင်း ထိုအကြောင်းပါလာတတ်သည်။
ထိုအချိန်က အဘိုးဝူမှာ အသက်လေးဆယ်သာရှိသေးပြီး ရွာမှထိုအဖြစ်အပျက်ကို အလုံးစုံ သိလိုက်ရသည်။
အမေဖြစ်သူက စိတ်ကျန်းမာရေးမကောင်းသောကလေး၏အလောင်းကို ခြံပြင်သို့ ခေါ်လာခဲ့သည့်အချိန်တုန်းက သူ အဝေးတစ်နေရာမှ ကြည့်နေခဲ့သည်။
ကလေး၏လက်များက ခရမ်းရောင်နှင့် အမည်းရောင်ရောနေကာ ကြောက်စရာကောင်းလှ၏။
နောက်ထပ် ၁ နှစ် ၂ နှစ်လောက်ထိ ရွာထဲမှလူများက ညအခါတွင် ကလေးငိုသံ၊ရယ်သံများကို ကြားရသည်ဟု ပြောကြသည်။
ထို့နောက်တွင် သူ အလုပ်လုပ်ရန် ရွာမှထွက်ခဲ့သောကြောင်း ထိုအကြောင်းကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့လေသည်။
ဇာတိမြို့လေးကို ပြန်လာသောအချိန်တွင် ထိုသူမှာ နောက်အိမ်ထောင်ပြုပြီးပြီဖြစ်ပြီး ကလေးနှစ်ယောက်လည်း ရှိနေလေပြီ။
မည်သူကမျှလည်း အရင်ကအကြောင်းများကို မပြောကြတော့။
ကုကျစ်စုန့်၏ ဖော်ပြချက်က သူ့မှတ်ဉာဏ်ထဲတွင်ရှိနေသော ဒုတိယဦးလေးတို့မိသားစု၏ အဖြစ်အပျက်ကို ပြန်၍ တူးဆွပေးလိုက်သကဲ့သို့ပင်။
အဘိုးဝူ ပြောပြသည်ကို နားထောင်ပြီးနောက် ရှေးခေတ်အကြွေစေ့များကို ပွတ်သပ်နေသည့်ကုကျစ်စုန့်က ခေါင်းငြိမ့်ကာ ပြောလာသည်။
“ဒါကြောင့် ကလေးက သေသွားပြီးနောက်မှာ အငြိုးတွေပြည့်နေတဲ့ ကလေးသရဲဖြစ်သွားတာပဲ..
သူ့မှာ ဒီလိုသေသွားရလို့ နာကျည်းချက်တွေနဲ့ မလိုလားမှုတွေရှိတယ်.. ဒါပေမဲ့ သူ့ဝိညာဉ်က ပျက်စီးနေတယ်.. ဒါက သူက ဒီလိုဉာဏ်မမီဘဲ မကျန်းမာတဲ့ကလေးအဖြစ် မွေးဖွားလာခဲ့လို့ဖြစ်တာပဲ..
သူ့ရဲ့ စိတ်အသက်က ၃ နှစ်နဲ့ ၅ နှစ်ကြားပဲရှိသေးတယ်.. ဒီနာကျည်းမှုတွေကို ဘယ်လိုဖွင့်ထုတ်ရမယ်ဆိုတာ သူမသိဘူး.. စွန့်ပစ်ခံရတယ်ဆိုတာကိုတောင် သူမသိခဲ့ရှာဘူး”
“ဒီတော့ သူက ရွာထဲမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာပေါ့”
ဤကလေးသရဲက သူ့အဘွားကို လက်စားချေလိုခြင်းဖြစ်မည်ဟု ကုကျစ်စုန့် ကောက်ချက်ချလိုက်သည်။
သို့သော် အဘွားအိုက အစကတည်းက မကျန်းမမာဖြစ်နေခဲ့ပြီးဖြစ်သည်၊ ကလေးကို သူမကိုယ်တိုင်သတ်ပစ်ခဲ့ခြင်းကြောင့် အများ၏ပြစ်တင်ရှုတ်ချမှုကိုလည်း ခံခဲ့ရ၏။
ထိုကလေးသရဲ လက်စားမချေနိုင်သေးခင်တွင်ပင် အဘွားဖြစ်သူက သေဆုံးသွားခဲ့သည်။
လက်စားချေစရာ မရှိတော့သည့် ကလေးသရဲမှာ စိတ်ရှုပ်ထွေးသွားပြီး ခေါင်းမာမာနှင့်ပင် ရွာထဲပတ်သွားနေသော လေလွင့်တစ္ဆေတစ်ကောင်ဖြစ်လာခဲ့သည်။
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က ထိုကလေး၏အဖြစ်ကို ကြားလိုက်ရချိန်တွင် သနားကရုဏာသက်သွားမိသည်။
သို့သော်လည်း သူမ၏သားကို လုပ်ခဲ့သည်တို့ကို ပြန်တွေးမိသောအခါ ဒေါသတို့ တစ်ဖန်ထွက်လာရပြန်သည်။
“ဒါပေမဲ့ ရှောင်ဟယ်နဲ့မှမဆိုင်တာ.. သူက ဘာလို့ကျွန်မရဲ့သားလေးကို ဒုက္ခပေးရတာလဲ”
ကုကျစ်စုန့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ကျွန်မ ဖုန်းရွှေအကြောင်းကို ပြောခဲ့တယ်မလား.. ‘ရေပြင်ညီ’အိမ်က မကောင်းတဲ့အငွေ့အသက်တွေကို စုဆောင်းပြီး သရဲတစ္ဆေတွေကို ဆွဲဆောင်ဖို့ လွယ်တယ်လို့..
ဒီအိမ်က လမ်းအလယ်မှာရှိနေတော့ သရဲတွေအတွက် မျက်စိကျစရာဖြစ်လာတာ.. ဒီတော့ သရဲတွေကို ဆွဲဆောင်မိတယ်ဆိုတာ မဆန်းပါဘူး”
“ပြီးတော့ အခန်းကလည်း ကလေးအိပ်ခန်းလိုပုံမျိုးပဲ.. အိမ်ထဲမှာ အရုပ်တွေအများကြီးနဲ့ အပြင်အဆင်ကလဲ ကောင်းတယ်
ပြီးတော့ တစ်နှစ်ပတ်လုံး ဘယ်သူမှလဲ လာမနေကြဘူး.. ဒီတော့ သူက ဒီအခန်းကို သဘောကျနေပြီး ဒီအိမ်ထဲမှာ နေလိုက်တာ
သူ အဲဒီအခန်းမှာနေနေတာ ၂ နှစ် ၃ နှစ်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်.. အဲထက်ပိုကြာတာလည်းဖြစ်နိုင်တယ်”
ကလေးသရဲ၏ စိတ်ထဲတွင်မူ ထိုအခန်းက သူ့အပိုင်ဖြစ်ပြီးသားပင်။
သို့သော် ဤနှစ်တွင် ရှောင်ဟယ်က ထိုအခန်းတွင် လာနေခဲ့သည်။
ညဘက်သို့ရောက်ပြီးနောက် ကလေးသရဲက အခန်းကို ပြန်ရောက်လာချိန်တွင် သူ့နေရာက အပြင်လူတစ်ယောက်၏ မောင်ပိုင်စီးထားခြင်းခံနေရသည်။ ဤသည်က သူ့အုတ်ဂူကိုတူးပြီး အလောင်းဖော်လိုက်ခြင်းနှင့်ပင် မခြားပါချေ။
ထိုသို့အဖြစ်မျိုးက ကလေးသရဲက စိတ်တိုစေခဲ့သည်။
ထို့ကြောင့် သူက ရှောင်ဟယ်ကို လက်စားချေသည်။ အိပ်မက်ဆိုးများမက်စေပြီး အသက်ရှူရခက်အောင် ညတိုင်း ရှောင်ဟယ်၏ရင်ဘတ်ပေါ် ဖိထားသည်။
လက်စားချေနေစဉ် ရုတ်တရက် သူ၏သေဆုံးမှုဆီမှ နာကျည်းမှုများက ရုတ်ချည်းအားကောင်းလာခဲ့ကာ သူ့နည်းလမ်းများက ပိုပို၍သာ ပြင်းထန်လာတော့သည်။
ထိုသို့ဖြစ်ပြီး တစ်ရက်နှစ်ရက်ကြာပြီးနောက် ရှောင်ဟယ်၏ ယန်မီးတောက်မှာ အားနည်းလာပြီး အသက်စွမ်းအင်နှင့် သူ့ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်တို့ကလဲ စိမ့်ထွက်လာတော့သည်။
ဤသည်က တခြားသောလေလွင့်တစ္ဆေများကို ဆွဲဆောင်မိသလိုဖြစ်နေကာ သူ့ဝိညာဉ်ကို စုပ်ယူပြီး ယန်မီးတောက်ကို ဝါးမျိုချင်လာကြသည်။
ရှောင်ဟယ်မှာ နေ့တိုင်း အားမရှိကာ စားသောက်ချင်စိတ်လည်းမရှိ၊ ပင်ပန်းနွမ်းနယ်လာသောအခါ သူ့ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်များ အများအပြား စိမ့်ထွက်လာတော့သည်။
ဤအခြေအနေကို အခွင့်ကောင်းယူ၍ ကလေးသရဲက ရှောင်ဟယ်၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ကို ဖယ်ထုတ်ကာ သူ့ခန္ဓာကိုယ်ကို ဝင်စီးလိုက်တော့၏။
အစကတည်းက ရှောင်ဟယ်ကို လက်တုံ့ပြန်အနိုင်ကျင့်ချင်နေသော ကလေးသရဲမှာ ရှောင်ဟယ်ကို ဝင်စီးပြီးနောက် အပူချိန်ကိုလည်း ခံစားရသည့်အပြင် သက်ရှိလူတစ်ယောက်အတိုင်း အသက်ရှူနိုင်ပြီး နေရောင်အောက်တွင်နေနိုင်သည်ကို ရှာတွေ့သွားသည်။
သူ့ စိတ်အသက်က နိမ့်နေသည့်တိုင် သရဲတစ်ကောင်အနေနှင့် သူ ဤခန္ဓာကိုယ်ထဲမှ ထွက်မသွားလိုခဲ့ပေ။
သူ ရှောင်ဟယ်၏ခန္ဓာကိုယ်ကို အပိုင်စီးထားချင်သည်။
ရှောင်ဟယ်က ဤနှစ်ရက်အတွင်း တငိုငိုတရယ်ရယ်ဖြစ်နေကာ ရူးသွပ်နေပုံပေါ်သည်။ သို့သော်လည်း အမှန်တော့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေသူမှာ ကလေးသရဲဖြစ်၏။
ရှောင်ဟယ်ကို ဝင်စီးနေသော ကလေးသရဲ၏ဇာတ်ကြောငိးကို အကျဉ်းချုံးရှင်းပြပြီးနောက် ကုကျစ်စုန့်က အကြောင်းအရာကို ပြောင်းလိုက်သည်။
“ရှင်တို့ရဲ့ ကွယ်လွန်သွားတဲ့အိမ်နီးချင်း ဒီကိစ္စထဲမှာမပါဘဲ ဒီကိစ္စတွေအကုန်လုံးက ‘ရေပြင်ညီ’အိမ်ကြောင့်ပဲဖြစ်တာလို့ ကျွန်မပြောနိုင်တာက ကွယ်လွန်သူရဲ့ အသက်ရှိစဉ်က မျက်နှာကို ကျွန်မကြည့်ပြီးပြီမလို့ပဲ”
“သူက ရိုးသားတယ်၊ ကြင်နာတတ်ပြီး နူးညံ့တယ်.. အရမ်းအကောင်းကြီးဖြစ်နေတဲ့ လက္ခဏာမျိုးတော့ မရှိပေမဲ့ပေါ့.. ဒါကြောင့် သူ သေဆုံးသွားပြီးတာတောင် သူက ဆိုးရွားတဲ့သရဲဖြစ်လာမှာမဟုတ်ဘူး”
ကုကျစ်စုန့်က ခဏရပ်ကာ ရှုပ်ထွေးနေသည့်ဟန်ဖြင့် ပြောလာခဲ့သည်။
“ကျွန်မ တွက်ချက်ပြီး ကောက်ချက်ချကြည့်တာကတော့ အဲဒီအဘိုးက ရုတ်တရက်သေဆုံးပြီးတဲ့နောက်မှာ မလိုလားတဲ့စိတ်ဆန္ဒနည်းနည်းရှိခဲ့တာကြောင့်သာ အားနည်းတဲ့တစ္ဆေတစ်ကောင်ဖြစ်ခဲ့တာပဲ”
‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က အဘိုးဝမ်၏ဓာတ်ပုံကို ယူလာခဲ့သည်။
ဤအပြုအမူက ယဉ်ကျေးမနေသော်လည်း ကုကျစ်စုန့်၏ ခန့်မှန်းချက်များကို ပိုချောမွေ့စေပြီး ပိုတိကျစေခဲ့သည်။